Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 8 février 2015

ဘယ်ရောက်နေပြီလဲ?
--------------------

ကမ္ဘာကြီးမှာ
ကျွန်တော်တို့ တကယ်လိုအပ်နေတာက
ငြိမ်းချမ်းခြင်း၊ တဦးနဲ့တဦးချစ်ခင်ခြင်းမေတ္တာ
လူတွေအတွက်အစာရေစာပြည့်စုံကြွယ်ဝမှုတွေပါ၊

ကမ္ဘာကြီးမှာ
ကျွန်တော်တို့ တကယ်လိုအပ်နေတာက
တောတောင်တွေစိမ်းလန်းစိုပြည်မှု ၊
လူတွေရဲ့စိတ်နေစိတ်ထားမွန်မြတ်သန့်စင်မှု
ပျော်ရွှင်ချမ်းမြေ့မှုတွေပါ၊

ဒါပေမယ့်....
ကမ္ဘာကြီးမှာဖြစ်နေတာက
တဦးနဲ့တဦးပြိုင်ဆိုင်မှုတွေနဲ့ ၊
မာနတွေပြိုင် အတ္တတွေပြိုင်
ဝါဒတွေပြိုင် အင်အားတွေပြိုင်နဲ့ပေါ့၊

ကမ္ဘာကြီးမှာ စစ်မှန်တဲ့
ငြိမ်းချမ်းမှုကိုဖော်ဆောင်ပေးနိုင်တဲ့
စစ်မှန်တဲ့သူတော်ကောင်းတရားတွေ
ဘယ်ရောက်ကုန်ပြီလဲ?
စစ်နဲ့ငြိမ်းချမ်းရေးကို
စတင်ရေးခဲ့တဲ့ တော်စတွိုင်းတယောက်ကော
ဘယ်ရောက်နေပြီလဲ?

(ဓမ္မစမ်းရေ)

မိန်းကလေးများ ယောင်္ကျားလေးဘဝကို လိုချင်လျှင်



မကြာခဏဆိုသလို ယောင်္ကျားလေးဘဝလိုချင်လို့မေးတတ်တဲ့ ဒကာမတယောက်ရှိတယ် ဘာတွေရှောင်ကြဉ်ပြီး ဘာတွေလိုက်နာရမလဲတဲ့။

ခဏခဏမေးတော့ ပြောဖို့စဉ်းစားရတယ်ခုတော့ရေးချမိပြီသူလဲလိုက်နာကျင့်ကြံလို့ရတာပေါ့
ဆိုပြီးရေးချဖြစ်တာ အစကတော့ ရခဲ့တဲ့မိမိဘဝကိုမကျေနပ်ဘူး မိမိဘဝကိုအကောင်းဆုံးတော့မတည်ဆောက်ဘဲနဲ့ဆိုပြီးတမင်ညစ်ပါတ်ပြီးမရေးတာ။

တကယ်တော့ မိန်းကလေးတွေလဲ ဆုထူးဆုမြတ်တွေပန်ချင်ရှာမှာပေါ့ မိန်းကလေးဘဝနဲ့ပန်လို့မရတဲ့ဆုတွေလဲရှိနေတာကို ဒါကြောင့်သူလဲပန်ချင်ရှာမှာပဲဆိုပြီး
ခုတော့ရေးလိုက်ပါတော့မယ်...

မိန်းကလေးများ ယောက်ျားလေးဘဝကို ရလိုလျှင်
-----------
မိန်းကလေးများသာ သီးခြားခံစားရသည့်အာဝေဏိက ဒုက္ခများ ရှိ၏။
ယင်းတို့ကားဥတုပန်းပွင့်ရခြင်း ကိုယ်ဝန်ဆောင်ရခြင်းအသက်နှင့်ရင်းပြီး မီးဖွားရခြင်း
သျောင်နောက်ဆုံထုံးပါဟူသော စကားအတိုင်းခင်ပွန်းနောက်သို့ လိုက်ရခြင်း
ယောက်ျားတို့၏ကာမသို့အလိုလိုက်ရခြင်းတို့ ဖြစ်ပါသည်။


ထို့ကြောင့်...ယောက်ျားလေးဘဝသို့ရောက်လိုလျှင်

၁။မိန်းမဘဝကို စက်ဆုပ်ရမယ်

၂။ဥပုသ်သီတင်းသီလ စောင့်ထိန်းရမယ်

၃။ကာမေသုမိစ္ဆာစာရမှ ရှောင်ကြည်ရမယ်

၎။ယောက်ျားဖြစ်လိုတဲ့ဆန္ဒ အားကြီးရမယ်

၅။ကုသိုလ်ပြုတဲ့အခါတိုင်း ယောက်ျားလေးဘဝ
 ကို ရလိုပါကြောင်း ဆုတောင်းပြီး ကုသိုလ်ပြုရမယ်

၆။(အိမ်ထောင်ရှိပါက)မိမိလင်ယောက်ျားကို
နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။


အထက်ဖော်ပြပါ အချက်တွေကိုတသွေမသိမ်းလိုက်နာလျှင် 
မိမိဖြစ်ချင်တဲ့ယောင်္ကျားလေးဘဝကိုဧကန်မုချဖြစ်ပါတယ်။

(ဓမ္မစမ်းရေ)

jeudi 5 février 2015

ခေါင်းဆောင်ကောင်းရှိဖို့လိုတယ်



လောကမှာ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ခေါင်းဆောင်ကသိပ်အရေးကြီးတယ် ခေါင်းဆောင်ကောင်းရှိမှ နိုင်ငံ လူမျိုး ဘာသာ သာသနာ တိုးတက်ကြီးပွားမှာ ခုတော့ ခေါင်းဆောင်ကောင်းကရှားပြီး မိမိတို့ကောင်းစားရေးကိုသာရှေ့ရှုနေကြသူတွေပေါများလှတဲ့ခောတ်အခါဖြစ်နေတယ်။

ဒါကြောင့် မိမိတို့မိသားစု မိမိတို့ပါတ်ဝန်းကျင်ကိုတကယ် ကြင်နာတယ် လေးစားတယ်ဆိုရင် မိမိကိုယ်တိုင်လဲ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားဖို့လိုနေပြီ လူတိုင်းဟာ ခေါင်းဆောင်တွေကြီးပါပဲ မိမိမိသားစုကိုသော်လည်းကောင်း မိမိပါတ်ဝန်းကျင်ကိုသော်လည်းကောင်း မိမိ ကိုယ်ကိုမိမိသော်လည်းကောင်းခေါင်းဆောင်နေကြရတာပါ။

လူတိုင်းကခေါင်းဆောင်ဖြစ်နေပေမဲ့ ခေါင်းဆောင်ကောင်းတယောက်ပေါ်ထွက်လာဖို့
ကျတော့ခက်နေပြန်ရော ဘာကြောင့်လဲ မိမိရဲ့အတ္တကိုရှေ့တန်းတင်နေချင်ကြလို့ပါပဲ မိမိရဲ့အတ္တကို ရှေ့တန်းတင်နေသမျှတော့ ခေါင်းဆောင်ကောင်းတယောက်ပေါ်ထွက်ဖို့ဆိုတာ ဘုရားပွင့်တာထက်တောင်ခက်ခဲနေလိမ့်အုံးမယ်။

လောကကြီးထွားဖို့ တိုးတက်ဖို့အတွက် ခေါင်းဆောင်ကသိပ်အရေးပါတယ် ခေါင်းဆောင်မကောင်းရင် အရာရာပျက်စီးတတ်တယ်ဆိုတာကို မြတ်ဘုရားကခုလိုမိန့်ထားတာတွေ့ရပါတယ်။

ရဟန်းတို့ ဘုရင်မင်းတို့ တရားမစောင့်သောအခါမှူးမတ်တို့သည်လည်း တရားမစောင့်ကုန်။
မှူးမတ်တို့တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်တို့သည်လည်း တရားမစောင့်ကုန်။

ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံးဇနပုဒ် နေသူတို့လည်း တရားမစောင့်ကုန်။
နိဂုံး ဇနပုဒ်နေသူတို့ တရားမစောင့်သောအခါ နေလတို့သည် မညီမညွှတ်လှည့်လည်ကုန်၏။

နေလတို့ မညီမညွှတ်လှည့်လည်သောအခါ နက္ခတ်တာရာအပေါင်းတို့ မညီမညွှတ်လှည့်လည်ကုန်၏။
နက္ခတ်တာရာအပေါင်းတို့ မညီမညွတ်လှည့်လည်သောအခါ ညဥ့်နေ့တို့သည် မညီမညွှတ်ဖြစ်ကုန်၏။

ညဥ့်နေ့တို့ မညီမညွတ်ဖြစ်ကုန်သော် လနှင့် လခွဲတို့သည် မညီမညွတ်ဖြစ်ကုန်၏။
လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု၊ နှစ်တို့သည် မညီမညွတ်ဖြစ်ကုန်၏။

ဥတု နှစ်တို့ မညီမညွတ်ဖြစ်ကုန်သော် လေတို့သည်မညီမညွတ်တိုက်ကုန်၏။ လမ်းမှန်မတိုက်ကုန်။
လေတို့မညီမညွတ် လမ်းမှန်မတိုက်သောအခါ နတ်တို့အမျက်ထွက်ကုန်၏။

နတ်တို့အမျက်ထွက်ကုန်သော် မိုးကောင်းစွာမရွာသွန်း။မိုးကောင်းစွာမရွာသွန်းသော် ကောက်တို့သည် အမှည့်
မညီညွတ်ကုန်။ရဟန်းတို့ အမှည့်မညီညွတ်သော ကောက်တို့ကိုစားသုံးသူတို့သည် အသက်တိုကုန်၏။ အဆင်း
မလှကုန်။ အားနည်းကုန်၏။ အနာများကုန်၏။ ပျက်စီးကြကုန်၏လို့မိန့်ထားခဲ့ တယ်။
ခုမြတ်ဘုရားဟောခဲ့တဲ့အတိုင်းလောကကြီးက ဖြစ်နေပြီလေ လူတွေအနာရောဂါတွေထုပြောလာတယ် သက်တမ်းတွေတိုလာတယ် အခြေခံအကြောင်းတရားလိုက်ရှာကြည့်တော့ ခေါင်းဆောင်မကောင်းလို့ပါပဲ။

နိုင်ငံကမ္ဘာတလောကလုံးတိုးတက်စေဖို့ချမ်းသာစေဖို့အတွက်ဆိုရင်ခေါင်းဆောင်ကောင်းကလိုတာ
အသေချာပါပဲဒါကြောင့်မိမိကိုယ်တိုင်လည်းခေါင်းဆောင်တယောက်မို့မိမိတို့မိသားစုပါတ်ဝန်းကျင်မိမိတို့
ဘဝကိုကောင်းစားအောင်မိမိတို့လိုချင်လှတဲ့ဆန္ဒကိုလျော့ချ အတ္တကိုဘေးဖယ် ကြင်နာမှုတွေလက်ဝယ်ထား မေတ္တာတရားကိုရှေးရှု ယောနိသော မနသိကာရကိုရှေးတန်းတင်ကာ လောကကိုဆက်ဆံမယ်ဆိုရင် သင်လဲခေါင်းဆောင်းကောင်းတယောက်ဖြစ်မှာအသေချာပါပဲ။

တစတစ ကြိုးစားရာကနေ တလောကလုံးကိုအကျိုးပြုနိုင်တာမို့ ဒီနေ့ကစလို့ သင်ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင်  ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ ကိုယ့်နေထိုင်ရာကမ္ဘာလောကကြီးအေးချမ်းပြီပေါ့။


(ဓမ္မစမ်းရေ)

အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်

mercredi 4 février 2015

ရှေ့ဆောင်အရေးကြီးတယ်

ရဟန်းတို့ ဘုရင်မင်းတို့ တရားမစောင့်သောအခါ
မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်။

မှူးမတ်တို့တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်
တို့သည်လည်း တရားမစောင့်ကုန်။

ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံး
ဇနပုဒ် နေသူတို့လည်း တရားမစောင့်ကုန်။

နိဂုံး ဇနပုဒ်နေသူတို့ တရားမစောင့်သောအခါ နေလ
တို့သည် မညီမညွှတ်လှည့်လည်ကုန်၏။

နေလတို့ မညီမညွှတ်လှည့်လည်သောအခါ နက္ခတ်
တာရာအပေါင်းတို့ မညီမညွှတ်လှည့်လည်ကုန်၏။

နက္ခတ်တာရာအပေါင်းတို့ မညီမညွတ်လှည့်လည်
သောအခါ ညဥ့်နေ့တို့သည် မညီမညွှတ်ဖြစ်ကုန်၏။

ညဥ့်နေ့တို့ မညီမညွတ်ဖြစ်ကုန်သော် လနှင့် လခွဲတို့
သည် မညီမညွတ်ဖြစ်ကုန်၏။

လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု၊ နှစ်
တို့သည် မညီမညွတ်ဖြစ်ကုန်၏။

ဥတု နှစ်တို့ မညီမညွတ်ဖြစ်ကုန်သော် လေတို့သည်
မညီမညွတ်တိုက်ကုန်၏။ လမ်းမှန်မတိုက်ကုန်။

လေတို့မညီမညွတ် လမ်းမှန်မတိုက်သောအခါ နတ်တို့
အမျက်ထွက်ကုန်၏။

နတ်တို့အမျက်ထွက်ကုန်သော် မိုးကောင်းစွာမရွာသွန်း။

မိုးကောင်းစွာမရွာသွန်းသော် ကောက်တို့သည် အမှည့်
မညီညွတ်ကုန်။

ရဟန်းတို့ အမှည့်မညီညွတ်သော ကောက်တို့ကို
စားသုံးသူတို့သည် အသက်တိုကုန်၏။ အဆင်း
မလှကုန်။ အားနည်းကုန်၏။ အနာများကုန်၏။





(ဓမ္မစမ်းရေ)

အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်

lundi 26 janvier 2015

သိကြားမင်းကြီးပြောတဲ့ရည်းစားစကား



လာကလူငယ်တွေချစ်သူတယောက်ရဖို့အတွက်မုန့်တွေဝယ်ကျွေးရချစ်သူပြောတဲ့စကားဆိုအမေ့စကား
ထက်တန်ဖိုးထားတတ်ကြတယ်၊ဖုန်းဘေတွေထည့်ပေးရ တချို့ချမ်းသာတဲ့သူတွေဆို ကားတွေ တိုက်တွေဖုန်းတွေတောင်ဝယ်ပေးကြတယ်။

မိန်းကလေးတွေကလဲ ချစ်သူတယောက်ရဲ့ယုယကြင်နာမှု အလိုလိုက်မှုလေးတွေကိုတန်ဖိုးထားတတ်ကြတယ် အဲဒီတော့ ချစ်သူဘဝဟာသာယာလှတာပေါ့ တယောက်ကလဲအလိုလိုက် တယောက်ကကြင်နာဆိုတော့ ချစ်သူတို့ရဲ့ဘဝနိဗ္ဗာန်ကြီးပေါ့။

ဒီဟာလေးနဲ့ပါတ်သက်ပြီးသိကြားမင်းကြီးကတော့ခုလိုလေးရည်းစားစကားပြောတာကို လောကလူငယ်တွေ
သိစေဖို့ရေးကြည့်မိတယ်၊တစ်ခါတုန်းကသိကြားမင်းတစ်ပါးဟာလူ့ပြည်ကို ဆင်းပြီးတော့ လုလင်ပျိုလိုအယောင်ဆောင်ကာ ပြသာဒ်ထက် တိုက်ခန်းမှာ နေသော မင်းသမီးလေးတစ်ယောက်ဆီသွားပါတယ်။

လုလင်ပျိုဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာကာ မင်းသမီးကို လူပျိုစကား စပြောပါတယ်။ "ငါကနတ်သားတစ်ယောက်ပါ ၊ သင်က ငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့ ရွှေအပြည့်ပေးပါ့မယ်။"

ဒီတော့ မင်းသမီးက "သင်ဟာ နတ်သားမကလို့  ဘာဘဲ ဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းဟောင်းမင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့" လို့  နှင်လွှတ်လိုက်ပါတယ်။

ဒုတိယ ညကျတော့ လုလင်ပျို နတ်သားက ငွေခွက်နဲ့  ရောက်လာပြန်ပါတယ်။ ဒါပေမဲ့ မင်းသမီးက ချက်ချင်းဘဲ ပြန်လွှတ်ပါတယ်။ တတိယ ညကျတော့ ကြေးခွက်နဲ့  ချစ်ရေးဆိုလာ ပြန်ပါတယ်။

ဒီမှာတင် မင်းသမီးက စဉ်းစားပြီး လုလင်ကိုပြန်မေးကြည့်ပါတယ်။
"အသင်ယောက်ျား...ယောက်ျားတွေဟာ မိန်းမကို ချစ်ရေးဆိုရင် ပစ္စည်းဥစ္စာကို တိုးပြီးတိုးပြီးပေးကြတယ်။ 


သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့ လျှော့ပေးရတာလဲ။" လို့ မေးပါတယ်။
ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။" မင်းသမီးရဲ့  အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ အိုလာတာပဲ။
 

ဒါကြောင့် ငါကပစ္စည်းကို လျှော့ လျှော့ပေးတာပါ။ မင်းသမီးရယ်၊ တစ်ရက်တစ်ည ကုန်လွန်တာကိုထားပါဦး။
အသင့်ကို ငါကြည့်နေဆဲ မှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့  အိုအိုလာနေပြီ၊ တစ်နေ့ ထက်တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ။"
လို့ ရှင်းပြလိုက် ပါတယ်။


ဒီတော့ မင်းသမီးလေးက မှန်ကန်တဲ့စကားကိုပြောတတ်တဲ့သူမို့လက်ခံလိုက်တယ်တဲ့ ၊ဒါပေမဲ့အဝိဇ္ဇာအမှောင်ထုကြီးပိတ်ဖုံးထားတဲ့တဏှာအားကြီးတဲ့ပုထုဇဉ်တွေအဖို့ခုလိုလေးတွေးကောတွေး
မိပါရဲ့လား?တွေးမိမယ်မထင်ပါ။

အရမ်းလှတာပဲ တနေ့ထက်တနေ့ပိုလှလာတယ်လို့ဆန်းကျင်ဘက်တွေးနေမိတတ်ပါတယ် တကယ်တော့လူ့ဘဝဟာ တနေ့ထက်တနေ့ နာရီတိုင်းမိနစ်တိုင်းပြောင်းလွဲနေတာပါ ဒါလေးကိုသတိထားပြီးမိမိကိုယ်ကိုကို ဆုံးမတတ်ဖို့ပါပဲ။

(ဓမ္မစမ်းရေ)

vendredi 26 décembre 2014

ယသော်ဓရာအလွမ်း


သမုဒယ အနှောင်အဖွဲ့ကြားက
လူ့ဘဝကို ရှောင်လွဲချင်ခဲ့သူ
မောင်တော်ထားရစ်လို့
ရင်ကွဲကာ ကျန်သူဖြစ်ပေမယ့်
ရန်သူအစစ်တွေဖြစ်တဲ့
အချစ်မီးကိုယှဉ်ပြိုင်ကာ
ငိုမိဟန်ဖြစ်တဲ့စိတ်ကိုထိန်းရင်း
အတိတ်ကိုလည်း မလွမ်းသာ...
လွမ်းတတ်ပါသော်လည်း
တဏှာကမ်းတဖက်ကို
သူ တကယ်ဖြတ်ခဲ့ပြီမို့
ခေါ်ချင်သော်လည်းမခေါ်သာ
မျှော်လင့်ပြန်ရင်လည်းမဖြစ်
မောင်တော်ရောက်နေ အဝေးရပ်မှာမို့
ဆွေးလျက်သာ ဖြေရ နိုး
ဝေဒနာ တစ်ရေးနိုးမှာဖြင့်
ပြန်လို့ကာမှေးစက်ရင်း
သံသရာရှေးရေးအတွက်
ကံကြမ္မာ ဆေးစက်ကျရာကိုသာ
ပေးဆပ်ကြရမှာမို့
အဖေါ်မပါ တကိုယ်တည်း
လွမ်းလျှက်ပါမောင်တော်ရယ်။

(ဓမ္မစမ်းရေ)

lundi 22 décembre 2014

အမေ့မေတ္တာ

*အမေ့မေတ္တာ နေမင်းကြီးလို
 ပမာနှိုင်းဆို မပြုလိုဘူး
 ထိုနေမင်းကြီးဟာ ညမှာရောက်ရင်ပျောက်တတ်လို့။
*အမေ့မေတ္တာ သော်တာလလို
  ပမာနှိုင်းဆိုမပြုလိုဘူး၊
  ထိုလ သော်တာ တိမ်လွာတွေကြား ပျောက်တတ်လို့ ။
*အမေ့မေတ္တာ မြင့်မိုရ်တောင်လို
 ပမာနှိုင်းဆို မပြုလိုဘူး
 ထိုသည့်မြင့်မိုရ် ဂဏန်းသင်္ချာ ရှိနေလို့။
*အမေ့မေတ္တာ ပင်လယ်ပြင်လို
 ပမာနှိုင်းဆို မပြုလိုဘူး၊
 ထိုပင်လယ်ဟာ ကမ်းရှိလို့။
*အမေ့မေတ္တာ ပန်းရွှေကြာလို
  ပမာနှိုင်းဆို မပြုလိုဘူး
  ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။

*အမေ့မေတ္တာ စမ်းရေပြာလို
  ပမာနှိုင်းဆို မပြုလိုဘူး…
  ထိုစမ်းရေပြာ နွေမှာရောက်ရင် ခမ်းတတ်လို့ ။

*ဘယ်ရာနဲ့ယှဉ် အမေ့မေတ္တာ
 တုနှိုင်းမမှီ သာလွန်သည်မို့
 နှိုင်းယှဉ်ဖွယ်ရာ မရှိပါသည်
 သြော်..
 အမေ့မေတ္တာ အတိုင်းဆမရှိပါတကား။

 (ဓမ္မစမ်းရေ)



မိသားစု ဆိုတာ



မိသားစုဆိုတာ
တစ်ယောက်တိုးတက်ဖို့
တစ်ယောက် အနစ်နာခံရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရသလိုမျိုးပေါ့။

မိသားစုဆိုတာ
တက်ညီလက်ညီ
ခြေကုန်ထုတ်ကာခောတ်နဲ့အညီလုပ်ရှားရမယ်
လည်ပါတ်နေတဲ့ စက်ယန္တရားပမာပေါ့။

လဲကျတော့မည့်အဖေ့နေရာကို
ငါ့ဝင်နိုင်ရမယ်၊
ယိမ်းယိုင်နဲ့တော့မည့်အမေရဲ့ နေရာကို
ညီမလေး သို့မဟုတ် အမ၀င်နိုင်ရမည်။

မိသားစုမှာ မလင်းတဲ့မီးဆိုတာမရှိစေနဲ့
မိသားစုမှာ မလုံခြုံတဲ့ထရံမရှိစေနဲ့
တယောက်မှောင်ရင် တယောက်ကအလင်းရဖို့
ဖေးမလို့ကူညီနိုင်ရမည်၊


(ဓမ္မစမ်းရေ)
 

mercredi 10 décembre 2014

သမုဒယနွံ


သမုဒယနွံဆိုတဲ့ခေါင်းစဉ်ကိုစဉ်းစားမိတာကြာပြီ ရေးမယ်ဆိုပြီပေါ့ မရေးဖြစ်ဘူး ခုတော့ချရေးကြည့်မိတယ် သမုဒယဆိုတာကတော့သံယောဇဉ်ပေါ့နော် ရိုးရိုးလေးဖွင့်ကြည့်လိုက်မိတာပါ။

အဲဒီထဲမှာက မိဘ သားသမီး ဆရာတပည့် စီးပွားရေးသံယောဇဉ် ပညာရေးသံယောဇဉ် လူမှုရေးသံယောဇဉ်စသည်တို့ပေါ့ မြောက်များစွာသောသမုဒယအနှောင်အဖွဲ့နွံထဲမှာ နစ်နေခဲ့ကြရတာ တသက်လုံးဆိုတာထက် တသံသရာလုံးလို့ပြောလိုက်ရင် ဓမ္မစမ်းရေလွန်သွားမလားပဲ။

များပြားလှတဲ့သမုဒယသံယောဇဉ်တွေထဲကမိဘနဲ့သားသမီးသံယောဇဉ်အကြောင်းလေးဖွဲ့နွဲ့
ကာရေးကြည့်ချင်စိတ်ပေါ်ပေါက်ခဲ့မိပါတယ် တခါတုံးကပေါ့….

ဓမ္မစမ်းရေပညာရေစို့သောက်စို့ခဲ့သောသဲကုန်းမြို့ကလေးမှာအပျိုကြီးတယောက်ရှိခဲ့တယ်သူ့မှာ
အိမ်ထောင်ကျပြီးသားတူမလေးတယောက်နဲ့တူတူနေထိုင်တယ်အပျိုကြီးကစီးပွားကလည်း၇ှာစရာမ
လိုတော့တရားနာတရားထိုင်အလုပ်ကိုပုံမှန်လုပ်ဖြစ်တယ် သူနဲ့အတူဓမ္မမိတ်ဆွေတွေကောပေါ့ တနေ့တာကိုတရားဓမ္မနဲ့ပဲကုန်လွန်စေခဲ့တယ် တရားနဲ့ပဲပျော်ရွှင်စွာနေထိုင်ခဲ့တယ်။

တူမလေးကလည်းနိုင်ငံဝန်ထမ်းပေါ့နိုင်ငံတာဝန်ထမ်းဆောင်ရင်းတူမလေးမှာချစ်စရာအလွန်ကောင်းသော
သားကလေးတယောက်ထွန်းကားခဲ့ပါတယ်။

သားကလေးမွေးပြီဆိုကတည်းကအပျိုကြီးလက်ထဲမှာအစစရာရာအကုန်လုံးအပျိုကြီးကပဲတာဝန်ယူပြီးကလေး
ကိုမွေးစားခဲ့ပါတယ်၊ဒီလိုနဲ့ပဲအပျိုကြီးကသားလေးကိုသံယောဇဉ်တွေဖြစ်ကာအရိပ်တကြည့်ကြည့်နဲ့ပေါ့
သားကလေးကလဲတဖြေးဖြေးနဲ့စကားကလဲမပီကလာပြောတတ်လာတော့ပိုပြီးသံယောဇဉ်တွယ်လာတယ်။
မပီကလာအသံကလဲထွက်လာတာကမေမေကြီးကြီးတဲ့သံယောဇဉ်ဖြစ်လောက်တဲ့ချစ်စရာကောင်းတဲ့အသံ၊ဒါကြောင့်မို့ပိုပြီးသားလေးနဲ့ပဲအချိန်တွေကိုကုန်မှန်းမသိကုန်ခဲ့ရတယ်လေ၊သားလေးကိုချစ်တော့တရားလည်းမေ့နေပြီ၊သားလေးကတဖြေးဖြေးနဲ့ငါးနှစ်သားအရွယ်ရောက်ခဲ့ပြီဒီတော့မေမေကြီးမေမေကြီးနဲ့ခေါ်တဲ့အသံကလဲအပျိုကြီးနှလုံးသားထဲမှာစွဲနေခဲ့ပြီလေ။

ဒါကြောင့်သားလေးစီးဖို့ဆိုပြီးစက်ဘီးသားလေးတစီးဝယ်ပေးခဲ့တယ်ဒီလိုနဲ့တနေ့မှာတော့သားလေး
စက်ဘီးမှောက်လို့တဲ့ဘေးကလူတွေပြောတော့အပျိုကြီးခဗျာရင်ထဲမှာဘာတွေဖြစ်မလဲစဉ်းစားတာကြည့်ပေါ့
သားလေးကလက်ကလေးခေါက်သွားတယ်ဆေးရုံပို့တယ်သားလေးကမေမေကြီးလက်ကနာတယ်
ဆိုတော့ရင်မှာပွေ့ထားတာအကြင်နာတွေတသီကြီးပိုနေလို့ပေါ့။

ဒီလိုနဲ့တရားနဲ့ဝေးနေလိုက်တာကလည်းဘယ်လောက်ကြာမြင့်ခဲ့ပြီဆိုတာအပျိုကြီးမေ့နေလေပြီ၊
ဒီကြားထဲတူမကကလေးတယောက်ထပ်ကာမွေးတော့သံယောဇဉ်သမုဒယကြိုးကပိုလို့ပင်တိုးခဲ့လေပြီ။

တနေ့မှာတော့ဓမ္မမိတ်ဆွေတွေကမနက်ဖြန်မိုးကုတ်ရိပ်သာမှာတရားစခန်းရှိတယ်လိုက်အုံးမလားဆိုတော့
ငါ့မှာကလေးတွေနဲ့မဖြစ်ပါဘူးနောက်တော့အားရင်လိုက်ပါ့မယ်ခုတော့မအားလို့မလိုက်နိုင်သေးပါဘူး
လို့ပြောလိုက်တယ်ဓမ္မမိတ်ဆွေတွေကလည်း”ညည်းနယ်”သူ့မိဘတွေရှိတာပဲအချိန်ရှိတုံးလိုက်ခဲ့ပါ
ဆိုတော့မဖြစ်ပါဘူးအေသားလေးကငါရှိမှမဖြစ်ပါဘူးနောက်တော့လိုက်မှာပေါ့လို့ပြောကာနေရစ်ခဲ့မိတယ်။

အဲဒီနေ့ညနေမှာပဲ အပျိုကြီးကရေပုန်းကလေးနဲ့ရေသယ်ရင်း ခြေတွေလက်တွေထုံလာတယ် ညရောက်တော့ အပျိုကြီးလေဖြတ်ပါတော့တယ် အပျိုကြီးခဗျာဘာမှမလုပ်နိုင်၇ှာတော့ဘူး ကလေးတွေကမေမေကြီးအသံလည်းကြားပေမဲ့အရင်လိုမထွေးပွေ့နိုင်ရှာတော့ပေ။

အပျိုကြီးလေဖြတ်တော့ကလေးတွေမေမေကြီးအသံကလည်းတဖြေးဖြေးနဲ့ပျောက်ကွယ်ခဲ့လေပြီ အဲဒီတော့မှအပျိုကြီးစဉ်းစားခန်းဝင်လေပြီလေဖြတ်တဲ့နေ့ကဓမ္မမိတ်ဆွေတွေခေါ်တော့လိုက်သွားလိုက်ရင်
ငါလေဖြတ်မှာမဟုတ်ဘူးခုတော့ငါတရားမေ့လို့ဒီလိုဖြစ်တာငါဟာသမုဒယနွံထဲကိုနစ်နေမိတာကြာခဲ့လေပြီ ငါမှားပါကောလားဟုတွေးတောကာမျက်ရည်တွေဖြိုင်ဖြိုင်ယိုစီးကာကျခဲ့လေပြီ….

ဒီလိုမျိုးအဖြစ်တွေဓမ္မစမ်းရေပရိတ်သတ်ထဲမှာပုံသဏ္ဍာန်မတူပေမဲ့သမုဒယနွံနစ်နေတဲ့သူတွေ
အများကြီးရှိမယ်ထင်ပါတယ်၊ဒါကြောင့်မို့သံယောဇဉ်ဆိုတဲ့ကြိုးတချောင်းဟာတသက်လုံးမဟုတ်ဘူး၊
တသံသရာလုံးကိုတောင်ရစ်နှောင်နိုင်တဲ့ကြိုးပဲ၊ ဒီကြိုးကိုမဖြတ်ရင်တော့ဘဝဟာနှမြောစရာဖြစ်ခဲ့ရအုံးမှာပဲ။

ဒါကြောင့်တိုက်တွန်းမိပါတယ်ဘာကြောင့်ညာကြောင့်အနှောက်မတွယ်ဘဲ ကိုယ်တွက်ကိုရေး ကြံပေးကြဖို့အခုကောင်းမှနောင်ကောင်းမယ်ဆိုတာစဉ်းစားမိဖို့နေ့ရက်တွေမရွှေ့ပဲရတဲ့အချိန်ကိုတန်ဖိုးရှိစွာ
အသုံးချတတ်ဖို့တိုက်တွန်းလိုပါတယ်။

ကဲနောက်ဆုံးအနေနဲ့ သံယောဇဉ်ဆိုတာ အမြှောက်တွေနဲ့ပစ်ကာဖြိုခွင်းလို့မရဘူး သတိတည်းဟူသောလက်နက်နဲ့ပစ်ကာဖြိုခွင်းမှရနိုင်ပါတယ် သတိထားကာနေကြပါလို့တိုက်တွန်းရင်း…….

သမုဒယသံယောဇဉ်ဆိုတာ… ဖြတ်ဖို့ခက်တဲ့ ပင်လယ်ပြင်ကြီး

သမုဒယသံယောဇဉ်ဆိုတာ… ကောင်းကင်ပြင်လို

သမုဒယသံယောဇဉ်ဆိုတာ… ပင့်ကူတစ်ကောင်ရဲ့ အသိုက်

သမုဒယသံယောဇဉ်ဆိုတာ… စွန်တစ်ခုရဲ့ရစ်ဘီးလို

သမုဒယသံယောဇဉ်ဆိုတာ… အိမ်တစ်လုံးရဲ့အမိုးအကာ

သမုဒယသံယောဇဉ်ဆိုတာ… ဦးခေါင်းတစ်လုံးရဲ့ဆံချည်ဆံထွေး

သမုဒယသံယောဇဉ်ဆိုတာ… ချစ်ခြင်းရဲ့နှလုံးသားရပ်ဝန်း

သမုဒယသံယောဇဉ်ဆိုတာ… အမှားပုစ္ဆာရဲ့နောင်တ တရား

သမုဒယသံယောဇဉ်ဆိုတာ… အဝိဇ္ဇာတို့အမိုက်မှောင်

သမုဒယသံယောဇဉ်ဆိုတာ… သေခြင်းတရားရဲ့ဆန့်ကျင်ဘက်

သံယောဇဉ်ဆိုတာ……..

ဓမ္မစမ်းရေ..