Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

jeudi 11 avril 2013

ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန်ဝတ္တရားကဘာလဲ?

ဗုဒ္ဓဘာသာသည်ယုံကြည်မှုနှင့်ဆိုင်သောဘာသာတရားတခုမဟုတ်ပါ ဗုဒ္ဓဘာသာသည်သီလ သမာဓိ ပညာတို့အပေါ်တွင်အခြေခံသောဘာသာတရားတခုဖြစ်ပါတယ်။ 

တကမ္ဘာလုံးမှလေးစားမှုကိုထိုက်ထိုက်တန်တန်ရရှိ၏ဘာကြောင့်ရရှိတာလဲဆိုရင်ဗုဒ္ဓဘာသာသည်
အသိပညာဗဟုသုတကျယ်ကျယ်ပြန့်ပြန့်ရရှိရန်ဆင်ခြင်တုံတရားကိုခွင့်ပြုပြီးမျက်ကန်းတစ္ဆေ
ယုံကြည်မှုကိုလက်မခံသောကြောင့်ဖြစ်သည်ဟုဆိုရပေမည်။

တချို့သောဗုဒ္ဓဘာသာဝင်တွေကဘုရားကျောင်း စေတီပုထိုးသို့သွားရောက်ကာပန်း ဆီမီး ရေချမ်း ဆွမ်း အမွှေးတိုင်ပစ္စည်းလေးပါးလှူဒါန်းခြင်းဖြင့်ပင်ဗုဒ္ဓဘာသာတို့ရဲ့တာဝန်ဟာပြီးဆုံးပြီလို့တွေးထင်နေကြတယ်
ဗုဒ္ဓဘာသာတို့ရဲ့ခရီးလမ်းဆုံးပြီလို့ယူဆနေကြတယ်ယင်းတို့ကားဗုဒ္ဓဘာသာတို့ရဲ့ခရီးလမ်းအဆုံးမဟုတ်ပါ။

ဗုဒ္ဓဘာသာဝင်တို့သည်ထိုသို့သောနည်းအားဖြင့်ဘာသာရေးတာဝန်တွေပြီးဆုံးပြီလို့ယူဆကာတနေ့တာ
ကိုကျေနပ်စွာအနားယူကြပေလိမ့်မယ် မြတ်ဘုရားကတော့ဒီမျှလောက်ရိုးစင်းသောအပြုအမူများနဲ့
လူတယောက်သည်ကျေနပ်မနေသင့်ပါ။

ထိုမျှလောက်ပြုလုပ်ကာမျှဖြင့်ဗုဒ္ဓဘာသာဝင်တဦးလို့ခေါ်ဆိုရန်လုံလောက်ပြီဟုလည်းမယူဆသင့်ပါဟု
သင်ပြပေးခဲ့ပါတယ်။

မြတ်ဘုရားရဲ့တရားတော်ဂုဏ်တော်တွေကိုဟောကြားခြင်းဖြင့်လည်းကောင်းမြတ်ဘုရားရဲ့ကြည်ညိုဖွယ်
မျက်နှာတော်ကိုကြည်ညိုနေယုံမျှဖြင့်လည်းကောင်းကျေနပ်နေကြကုန်သောတပည့်တပန်းများကိုမြတ်ဗုဒ္ဓ
အလိုရှိတော်မမူ။
စင်္ကြာဝဠာအနန္တကျယ်ပြန့်စွာလွှမ်းမိုးသောဆင်းရဲဒုက္ခကုန်ဆုံးရာမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရန်ကြိုး
စားနေကြကုန်သောအသိပညာရှင်များနှင့်ဖွဲ့စည်းထားသောယဉ်ကျေးသိမ်မွေ့ပြီးငြိမ်းချမ်းသောလူ့ဘောင်
အဖွဲ့အစည်းကိုမြတ်ဗုဒ္ဓအလိုရှိတော်မူသည်။

ကံမကောင်းစွာနဲ့ဗုဒ္ဓဘာသာတို့သည်ဗုဒ္ဓဘာသာတို့၏ကြီးကျယ်သောအမွေအနှစ်၏အခြေခံကျသည့်
သဘောတရားများကိုမေ့လျော့နေကြတယ်ဗုဒ္ဓဘာသာတို့သည်ဘာသာရေးထုံးတမ်းစဉ်လာများနှင့်
ဝတ်ပြုခြင်းမျှလောက်နဲ့သာလိုက်နာကြသောလူစုထဲမှာသာအကျုံးဝင်သွားသည်မှာအလွန်ပင်ဝမ်းနည်း
စရာကောင်းလှပါတယ်။

မြတ်ဘုရားအားဗုဒ္ဓဘာသာတို့ရှိခိုးကြခြင်းမှာ’အပြစ်လုံးဝကင်းစင်ပြီးပြည့်စုံခြင်း၏စံနမူနာမှန်”ဖြစ်သည်ဟု
ဗုဒ္ဓဘာသာတို့ယူဆသောအလယ်လမ်းစဉ်ကိုရှာဖွေတွေ့ရှိသူနှင့်ဗုဒ္ဓဘာသာတို့ရဲ့ဆရာသမားဖြစ်သူ
မြတ်ဗုဒ္ဓကိုရိုသေမှုနှင့်ကျေးဇူးတင်မှုတို့ကိုဖော်ပြသည့်သင်္ကေတတခုမျှသာဖြစ်ကြောင်းရှင်းလင်းစွာ
သဘောပေါက်ကာသတိတရရှိနေရမည်။

ကမ္ဘာပေါ်မှာမြင့်မြတ်ပြီးပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့်ဘ၀လမ်းစဉ်ကိုလည်းကောင်းယခုဘဝ
နောင်ဘ၀များတွင်ထာဝရတည်မြဲသောချမ်းသာပျော်ရွှင်မှုကိုရရှိရေးအတွက်လည်းကောင်းနည်းလမ်း
ရှာဖွေတွေ့ရှိပြီးဟောဖော်ညွှန်ကြားခဲ့သည်မှာမြတ်ဘုရားပင်မဟုတ်လား?သံသရာမှထွက်မြောက်ခြင်း
ဆင်းရဲမှချုပ်ငြိမ်းခြင်းအခြေနေဖြစ်သောနိဗ္ဗာန်ဟူသောနောက်ဆုံးမြင့်မြတ်သောပန်းတိုင်သို့ပို့ဆောင်
ပေးသောလမ်းစဉ်ကိုရှာဖွေတွေ့ရှိသူမှာမြတ်ဘုရားပင်မဟုတ်လား?။

မြတ်ဘုရားရဲ့ခြေတော်ရင်းမှာဗုဒ္ဓဘာသာတို့မည်မျှကြာကြာမည်မျှအကြိမ်များများရှိခိုးသည်ဖြစ်စေကာမူ
ထိုသို့ပြုမူခြင်းသည်ဗုဒ္ဓဘာသာဝင်တဦးရဲ့ဘ၀လမ်းစဉ်အတိုင်းနေထိုင်ရန်ဗုဒ္ဓဘာသာဝင်တို့အတွက်တခု
တည်းသောနည်းလမ်းမဟုတ်ပေ။ 

ဗုဒ္ဓဘာသာဝင်လမ်းစဉ်မှာထိုမျှလွယ်ကူမှုမရှိချေစစ်မှန်သောဗုဒ္ဓဘာသာဝင်တဦးဖြစ်ဖို့ရန်အတွက်ဗုဒ္ဓရဲ့
အခြေခံတရားတွေကိုလိုက်နာသင့်၏။

ဗုဒ္ဓဘာသာစာပေမှာအကျွမ်းဝင်သောသူများသည်ဗုဒ္ဓဘာသာမှာမြင့်မြတ်သောအခြေခံအကြောင်းတရားများ
မြောက်များစွာရှိသည်ကိုကြင်နာစွာပြောဆိုနေပေလိမ့်မည်ဗုဒ္ဓဘာသာဝင်မဟုတ်သူများစွာတို့သည်
ဗုဒ္ဓဘာသာကိုဖြေင့်မတ်မှန်ကန်သောဘ၀လမ်းစဉ်တရပ်ဖြစ်သည်ကိုလည်းလက်ခံချီးမွန်းကြပေလိမ့်မည်။

ဗုဒ္ဓဘာသာသည်လူသားတို့အားငြိမ်းချမ်းရေးသို့လည်းကောင်းကောင်းသောကိုယ်ကျင့်တရားဖွင့်ဖြိုး
တိုးတက်ရေးသို့လည်းကောင်းအကြောင်းအကျိုးဆင်ခြင်မှုယုတ္တိကျကျစဉ်းစားတွေးခေါ်မှုသို့လည်းကောင်း
ပို့ဆောင်တော်မူသည်မဟုတ်လား? 

ထို့အပြင်..ဗုဒ္ဓတရားတော်သည်လူသားတဦး၏စိတ်မှာပေါ်ပေါက်လာသောမေခွန်းအားလုံး၏မှန်ကန်သော
အဖြေများကိုရရှိနိုင်သည့်အားကိုးရဆုံးမူးရင်းဇာတ်မြစ်မဟုတ်ပါလား?

ဗုဒ္ဓဘာသာသည်ဘ၀၏သဘာဝဆိုင်ရာစစ်မှန်သောတရားများကိုလွယ်လွယ်ရှင်းရှင်းနဲ့မလိမ်မညာရှင်းပြထား
သည့်တခုတည်းသောဘာသာတရားပင်ဖြစ်တယ်။

လူသားတို့၏စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်းနှင့်ပါတ်သက်ပြီးပြောရလျှင်ဗုဒ္ဓဘာသာသည်ပြိုင်ဘက်ကင်း
လို့ပြောဆိုရဲပါတယ်။

တရားဒေသနာများမှာမြတ်ဘုရားသည်မြင့်မြတ်သောဘ၀များကိုလူသားတို့မည်သို့နေထိုင်နိုင်ကြောင်းကို
မြတ်ဘုရားသိင်္ဂါလောဝါဒသုတ်မင်္ဂလသုတ်ဝသလသုတ်စသောသုတ္တန်တော်တော်များများမှာတွေ့နိုင်ပါတယ်။

တကယ်တော့ဗုဒ္ဓဘာသာဝင်တို့ကျင့်ကြံရမည်အစစ်အမှန်ဖြစ်သောဒါနလို့ခေါ်တဲ့လှူဒါန်းမှုသီလလို့ခေါ်တဲ့
ကိုယ့်ကျင့်တရားပညာလို့ခေါ်တဲ့ဝိပဿနာတရားတွေကိုသေချာကျင့်ကြံပြီးဆင်းရဲခြင်းကင်းရာချမ်းသာသုခ
တို့ပြီးပြည့်စုံရာနိဗ္ဗာန်ကိုရောက်အောင်ကျင့်ကြံအားထုတ်ဖို့ပါပဲ ဒါမှလည်းမြတ်ဘုရားအလိုရှိတော်မူသည့်တပည့်ကောင်းများဖြစ်လာကြမည်မဟုတ်လား?
                                    
                                            ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။

lundi 8 avril 2013

dimanche 7 avril 2013

Character is power

                                          
စာရေးသူဒီခေါင်းစဉ်လေးကိုကြားရစဉ်ကတည်းကဆောင်းပါးလေးတပုဒ်ရေးချင်နေတာ..သို့သော်..
မရေးဖြစ်ခဲ့ပါ ဒီစကားလေးဟာတန်ဖိုးသိပ်ရှိတယ် character ဆိုတာပါဠိလိုဆိုရရင်သီလပါပဲ သီလဆိုတာကတော့လူတယောက်ရဲ့ပြုမူပြောဆိုကျင့်ကြံနေထိုင်ပုံဟုခေါ်ဆိုရသောကိုယ့်ကျင့်တရားကို
သီလလို့ခေါ်ဆိုပါတယ်။

powerဆိုတာကတော့လူဆိုရင်တော့ရာထူးစည်းစိမ်အာဏာဂုဏ်သတင်းကျော်စောမှုတွေကိုခေါ်ဆိုတာပါ ဘုန်းကြီးဆိုရင်တော့ဘုန်းကြီးတာကိုဆိုတာပေါ့။

လူတယောက်၏တန်ဖိုးဟာကိုယ်ကျင့်တရားပါပဲကိုယ့်ကျင့်တရားကောင်းရင်ပါဝါတက်တာပါပဲ
ကိုယ်ကျင့်တရားမကောင်းရင်ပါဝါကျတာပါပဲဒါကြောင့်ပါဝါတက်ချင်ရင်ကိုယ်ကျင့်တရားကောင်းအောင်နေဖို့
လိုပါတယ်။

 လောကမှာခြေထောက်နဲ့တူတဲ့ကိုယ်ကျင့်တရားမျက်စိနဲ့တူတဲ့ပညာတရားဆိုတာရှိပါတယ်၊ခြေထောက်နဲ့တူတဲ့
ကိုယ်ကျင့်တရားမရှိရင်ပညာနဲ့တူတဲ့မျက်စိရှိနေသော်လည်းကိုယ်လိုချင်တဲ့ပန်းတိုင်ကိုမသွားနိုင်ဘူးမရောက်နိုင်ဘူးပေါ့။

ခြေထောက်နဲ့တူတဲ့ကိုယ်ကျင့်တရားရှိနေသော်လည်းမျက်စိနဲ့တူတဲ့ပညာမရှိရင်လည်းဘာမှမမြင်နိုင်ပါဘူး ပညာရှိပြီးကိုယ့်ကျင့်တရားမကောင်းရင်လည်းဘယ်လောက်ချမ်းသာချမ်းသာအဲဒီပုဂ္ဂိုလ်မအောင်မြင်နိုင်ဘူး။

အောင်မြင်မှုရချင်ရင်ကိုယ်ကျင့်တရားကောင်းအောင်နေကြ ဒီနေရာမှာကြားညှပ်ပြီးပြောချင်တယ် လူကြီးလူကောင်းတဲ့ဘာကိုလူကြီးလူကောင်းလို့ခေါ်တာလဲအသက်ကြီးလို့ခေါ်တာလား?ပိုက်ဆံရှိလို့ခေါ်တာလား? ပညာတတ်လို့ခေါ်တာလား?

စာရေးသူကတော့ပြောချင်ပါတယ်လူကောင်းဆိုတာကကိုယ်ကျင့်တရားကောင်းသူကိုလူကောင်းလို့ခေါ်ပါတယ်
အသက်လည်းကြီးတယ်ကိုယ်ကျင့်တရားလည်းကောင်းတယ်ဆိုရင်အဲဒီပုဂ္ဂိုလ်ဟာလူကြီးလူကောင်းပေါ့။

နောက်..လူတော်လူကောင်းကိုယ့်အပေါ်တော်တဲ့သူ..ကိုယ့်အပေါ်ကောင်းတဲ့သူကိုလူတော်လူကောင်းလို့
ခေါ်တာလား? မြတ်ဘုရားကတော့ကိုယ်ကျင့်တရားကောင်းပြီးတတ်သိပညာရှိတဲ့သူကိုလူတော်လူကောင်းလို့ခေါ်တာပါ

 နောက်သူယုတ်မာနဲ့သူတော်ကောင်း..ကိုယ်ကျင့်တရားညံ့သူကိုယ်ကျင့်တရားပျက်စီးသူကိုသူယုတ်မာလို့ခေါ်တယ်
ကိုယ်ကျင့်တရားကောင်းသူတတ်သိပညာရှိတဲ့သူကိုတော့သူတော်ကောင်းလို့ခေါ်တယ်။ 

သူယုတ်မာနဲ့သူတော်ကောင်းခွဲခြားပေးတာကလည်းကိုယ်ကျင့်တရားပဲလေ
ကိုယ်ကျင့်တရားသည်လူ၏အရေးကြီးဆုံးသောအရာဖြစ်တယ်၊ဒါကြောင့်အနောက်တိုင်းပညာရှင်တွေက
                              when wealth is lost,nothing is lost.
                              when health is lost,something is lost.
                              when character is lost,everything is lost.

ဒီနေရာမှာပါဠိစာပေလေးနည်းနည်းဝင်ချင်တယ် နစခုဒ္ဒ မာစရေကိဉ္စိ တော်ပြီဒီလောက်ပါပဲ ဒီစာတန်းလေးနဲ့ဗုဒ္ဓဘာသာတွေအတွက်အဆန်းဖြစ်မည်မထင် မေတ္တာသုတ်မှာတွေ့ရပါတယ် အဓိပ္ပါယ်လေးက မကောင်းမှုကိုနည်းနည်းလေးမှမပြုမိပါစေနဲ့တဲ့ မိမိရဲ့ကာယကံမှု ၀စီကံမှု မနောကံမှုကိုထိန်းသိမ်းဖို့ပါပဲ။

ကိုယ်ကလုပ်ချင်တယ်ဆိုရင်လုပ်ရမည့်အချိန်လား ပြောတော့မည်ဆိုရင်ပြောရမည်အချိန်လားနေရာလား ကြံစည်တော့မည်ဆိုရင်လည်းကြံစည်ရမည့်နေရာလားအချိန်လားဆိုတာသိရပါ့မယ်။

ဒီလိုထိန်းသိမ်းလိုက်တာဟာ ကိုယ်ကျင့်တရားပါပဲ နိုင်ငံတိုးတက်ချင်တယ်ဆိုရင် လူမျိုးရေးတိုးတက်ချင်တယ်ဆိုရင်ဘာသာတရားတိုးတက်ချင်တယ်ဆိုရင်လူတိုင်းကိုယ်ကျင့်တရားကောင်းဖို့
လိုပါတယ်။ 

ဒီနေရာမှာပုံပြင်လေးတခုဝင်ချင်တယ်တခါတုံးကလက္ခဏာဖတ်လုပ်ပြီးလှည့်လာကာလုပ်ကိုင်စားသောက်နေသော
သူတယောက်၇ှိတယ်သူဟာလက္ခဏာဖတ်တာသိပ်ပြီးကျွမ်းကျင်တယ်။ 

လမ်းမှာခြေရာတခုတွေ့တယ်ခြေရာကိုကြည့်တော့မင်ရဲ့လက္ခဏာဖြစ်နေတယ် သူကလည်းသူရဲ့ပညာကိုယုံတော့ခြေရာနောက်ကိုလိုက်တယ်တဖြေးဖြေးနဲ့လိုက်ရင်းတောထဲရောက်သွားတယ်

တောထဲရောက်တော့သူလိုက်နေတဲ့သူကိုတွေ့ပါပြီ ခြုံထဲမှာလက်ကြားညှပ်ကာကျင်ငယ်စွန့်နေတဲ့သူ လက္ခဏာဖတ်တဲ့ဆရာကသူ့ကိုသေသေချာချာကြည့်တယ်ကျင်ငယ်စွန့်သူကခင်ဗျားဘာကြည့်တာလဲ?
ကျွန်တော်ကျင်ငယ်စွန့်တာကြည့်တာလား? 

လက္ခဏာဖတ်တဲ့ဆရာကမဟုတ်ရပါဘူး ဆရာကြီးကိုမေးဆရာရှိလို့ပါ ဘာမေးမှာလည်းမေးဆိုတော့ဆရာကြီးဘာလုပ်စားလဲ ကျွန်တော်ဇာတ်ထောင်စားတယ် ဟုတ်ပါပြီ ဇာတ်ထဲမှာဘယ်အခန်းကပါလဲ ဘုရင်အခန်းကပါတယ်။

 အော်.. ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ပြောပြီးထွက်လာခဲ့တယ် လက္ခဏာဖတ်တဲ့ဆရာကတွေးတယ်ဒီလိုလက်ကြားညှပ်ပြီးကျင်ငယ်စွန့်မကောင်းသောအမူအကျင့်လေးကြောင့်
သူဟာတိုင်းပြည်အုပ်ချုပ်ရမည့်အစားဘာမှမဟုတ်တဲ့ဇာတ်ထဲမှာမင်းဖြစ်နေရတာပါလားလို့တွေးလိုက်မိတယ်။

ကျန်တဲ့ငါးပါးသီလထားလိုက်ပါအုံးဒီလိုမကောင်းတဲ့အမူအရာလေးကတောင်မင်းအဖြစ်ကလွဲချော်ရတယ်
ဒါကြောင့်မကောင်းမှုကိုနည်းနည်းလေးမှမလုပ်မိစေနဲ့လို့မြတ်ဘုရားမ့်တာကိုးလို့တွေးလိုက်မိတယ်။

 ရှေးပညာရှိတွေကတော့လူရဲ့တန်ဖိုးဟာကိုယ်ကျင့်တရား ကိုယ်ကျင့်တရားသည်လူ၏အသက် ထို့ကြောင့်ကိုယ်ကျင့်တရားကိုအသက်ထက်သမျှတန်ဖိုးထားစောင့်ထိန်းကြတဲ့။ 

ကိုယ်ကမကောင်းမှုပြုမိတော့မယ်ဆိုရင် နစခုဒ္ဒ မာစရေကိဉ္စိ ဆိုတဲ့ပါဠိလေးကိုသတိရလိုက်ပါ မိမိရဲ့ ကာယကံ ၀စီကံမှု မနောကံမှုကိုထိန်းသိမ်းပြီး လူဆိုရင်လဲ အာဏာပါဝါ စည်းစိမ်ဂုဏ်ထူးတွေတိုးတက်အောင်ဘုန်းကြီးဆိုရင်လဲဘုန်းကြီးအောင်လုပ်ပြီး လူမျိုးရေးအတွက် ဘာသာရေးအတွက်နိုင်ငံရေးအတွက်လုပ်ဆောင်နိုင်ကြပါစေ။

                 သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ တောင်းတိုင်းတတိုင်း ရနိုင်တယ်

                 ပဒေသာပင် အိမ်မှာပေါက်သလိုကောက်ယူသုံးလို့ရနိုင်တယ်။

                ကိုယ်ကျင့်ကောင်းကျိုး ချက်ချင်းတိုး အားကိုးလောက်ပေတယ်။

                 အဲဒါကြောင့် ကိုယ်ကျင့်သီလ ဒီဘ၀ တည်မြဲကြမယ်ကွယ်။
                                                                                 ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။

jeudi 4 avril 2013

သင်္ကြန်အကြောင်း တစေ့တစောင်း လေ့လာကြည့်ခြင်း

သင်္ကြန်ပွဲတော်"သည် မြန်မာပြည်အပါအ၀င်အရှေ့တောင်အာရှဒေသ၏ ပွဲတော်တခု
ဖြစ်သည်။ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ 
သက္ကတဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက်မြန်မာပြန်တော့ "သင်္ကြန်"ဟု ဖြစ်လာသည်။

   ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့်လည်သည်။ ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီအစ အဿဝနီနက္ခတ် ပထမပတ်သို့ စတင်ဝင်ရောက်သည်။ 
 
ယင်းသို့ ရာသီခွင်တပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ ကူးပြောင်းသောကြောင့်"သင်္ကြန်"ကျသည်ဟု ခေါ်လေသည်။

          ကွဲပြားသောယူဆချက်လည်း ရှိသေး၏။ တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိသည်။ သိကြားမင်းလူ့ပြည်ဆင်းချိန်
သည် "သင်္ကြန်ကျချိန်"ဖြစ်သည်။သိကြားမင်းမဆင်းမီ တရက်အလိုသိကြားမင်းကိုကြိုဆိုသော
နေ့ဖြစ်သောကြောင့် "သင်္ကြန်အကြိုနေ့" ခေါ်သည်ဟုလည်း အချို့ ယူဆကြသေး၏။

          အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူသိနိုင်သောနည်းမှာ လွန်ခဲ့
သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ
နှစ်၏ သင်္ကြန်အကျနေ့ပင် ဖြစ်သည်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့
ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု
ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါသည်။

          သင်္ကြန်အခါတော်သည် ​​ဧပြီလအတွင်းကျရောက်လေ့ရှိသည်။ မြန်မာနှစ် ၁၁၀၁ တွင်
ဧပြီလ ၁၀ ရက်နေ့မှာ သင်္ကြန်ကျခဲ့သည်။ ၁၁၆၂ တွင် ဧပြီလ ၁၁ ရက်၊ ၁၂၂၀ တွင် ဧပြီလ ၁၂ ရက်၊ ၁၂၆၃ တွင် ဧပြီလ ၁၃ ရက်၊ ၁၃၀၁ ခုလောက်မှ စ၍ ဧပြီလ ၁၄ ရက် သင်္ကြန်ကျ
သည်။ ယခုနှစ် ၁၃၇၂ ခုနှစ်တွင်လည်း ဧပြီလ ၁၄ တွင် သင်္ကြန်ကျပါမည်။

          တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး
ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ကူးပြောင်းသည်ဟု ဆိုနိုင်သည်။ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်းတို့မှာ"သာမညကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား-စူဠသင်္ကြန်" တို့သာဖြစ်နေသည့်အတွက် လူတို့က အလေးအနက်ထားကာ အသိအမှတ်မပြုခဲ့ကြချေ-------။  
 
 ဂြိုဟ်အပေါင်းတို့၏မိခင် တနင်္ဂနွေဂြိုဟ်ကိုသာ အလေးဂရုပြု
ကာ နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြသောကြောင့် တနင်္ဂနွေဂြိုဟ်ပြောင်းရွှေ့ကူးပြောင်းခြင်းကို
သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊  "သင်္ကြန်ကြီး-မဟာသင်္ကြန်"ဟုလည်းကောင်း အလေး
အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော်ဆင်နွှဲကျင်းပကြပါသည်။ ထို့ကြောင့် ဧပြီလအစပိုင်း
သို့မဟုတ်အဆုံးပိုင်းရက်များတွင်ဖြစ်စေ၊မေလ၊ဇွန်လ၊ဇူလိုင်လများတွင်ဖြစ်စေကျင်းပလေ့ရှိကြသော အနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများသည်  "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ
"စူဠသင်္ကြန်ပွဲ"များသာဖြစ်သည်ကိုသတိပြုစေလိုပါသည်။ ထို့ပြင်ရှေးမြန်မာတို့သည်စူဠသင်္ကြန်
ပွဲများကို ပြုလုပ်ကျင်းပလေ့မရှိသောကြောင့် အနောက်ရောက်ရွှေမြန်မာတို့၏ပွဲကို"မြန်မာ့ရိုးရာ
ဓလေ့သင်္ကြန်ပွဲ" ဟုလည်း ဆင်ခြင်ပေးရန် ခက်ခဲပါသည်။ "ရေသဘင်ပွဲတော် " Water Festival
ဟု ဆိုသော် သင့်မြတ်ဖွယ် ရှိပါသည်။

          "မဟာသင်္ကြန်" နှင့် တွဲဖက်၍  "အတာ" ဟူသော ဝေါဟာရ၊  "အတာစား "ဟူသော ဝေါဟာရတို့ကို တွေ့ရပါသည်။ "အတာ"ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ"ဖြစ်လာသည်ဟုလည်း ကြံဆကြသည်။ 
 
ယင်းအလိုအားဖြင့် "အတာ"ဟူသည် " နောက်ဆုံးကာလ၊ အကျပိုင်းကာလ"
ကို ဆိုလိုသည်။ "အတာရက်"မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တနှစ်၏နောက်ဆုံးရက်ပင်
ဖြစ်သည်။  သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ်
လာသည်။
 
 ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၆ ရက်၊  သောကြာနေ့၊ မြန်မာစံတော်ချိန် ၁ နာရီ ၃၂ မိနစ်၊ ၅၄ စက္ကန့်တွင် သင်္ကြန်တက်ခဲ့၏။ အတာသင့်သော သောကြာသားသမီးတို့သည် အတာတက်
မည့် အချိန်အတိအကျတွင် "အတာစား" ရပါသည်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင် ဆက်ကပ်ပူဇော်ခြင်းကို ဆိုလိုပါသည်။ 
 
၂၀၁၀ပြည့်နှစ်၏
သင်္ကြန်စာတွင် အတာစားပုံကို ဤသို့ တွေ့ရပေသည်။
"အတာသင့်သော သောကြာသားသမီးတို့သည် အတာတက်သောအချိန်၌ ရတနာ ၇ ပါးဖြင့်
ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊ တရား၊သံဃာရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊
ဗြဟ္မာသိကြား၊ စတုလောကပါလ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့အား မိမိတို့ ဆန္ဒရှိသော
ဝတ္ထုပစ္စည်းတို့ဖြင့် လှူဒါန်းပူဇော်ပသ၍ တိထီမြေခံ အင်္ဂါ၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့မျက်နှာမူပြီးလျှင် အတာစားကုန်ရာသည်။"

          အတာစားလိုက်သည့်အတွက် သောကြာသားသမီးများသည် တနှစ်လုံး လိုအင်ဆန္ဒ
ပြည့်ဝလာနိုင်သည်။အနှောင့်အယှက်ကင်းသည်။ကောင်းကျိုးချမ်းသာမင်္ဂလာသုခအပေါင်းတို့ ပြည့်ဝလာနိုင်ကြောင်း ၂၀၁၀ သင်္ကြန်စာတွင် ဖော်ပြပါအတိုင်း တွေ့ရ၏။
 
"အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရား ဟောကြားတော်မူ
သည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသောသူတို့
သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာသည်။"
 
  (သင်္ကြန်စာတွင် အတာစားသည့်အတွက် ကောင်းကျိုးပြုပုံများကို မြတ်စွာဘုရားရှင်က ကောသလမင်းကြီးအား ကိုယ်တော်တိုင် ဟောတော်မူခဲ့လေဟန် ရေးသားထားသော်လည်း ကောသလသံယုတ်စသော ခိုင်ခံ့သော နိကာယ်ပါဠိတော်ကြီးများ၌ မလာရှိကြောင်း သိရပါ
သည်။) 
 
မင်္ဂလသုတ်တော်နှင့်အညီ ရတနာသုံးပါး၊ မိဘဘိုးဘွားဆရာသမား၊ သူတော်ကောင်း
များကို ရိုသေခြင်း၊ ပေးလှူခြင်းစသည်တို့မှာ ကုသိုလ်နှင့်တွဲနေသော မင်္ဂလာတရားတော်များ ဖြစ်သည့်အတွက် အပြစ်ကင်း၍ ပြုသင့်ပြုထိုက်သော အရာများဖြစ်ပါသည်။

          "အတာအိုး"အကြောင်း ဆက်လက်တင်ပြပါမည်။ အတာအိုးကို သင်္ကြန်ကို စောင့်ကြို
သည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရသည်။  ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်
စေ ရေပြည့်အိုးမှာ ထည့်ကြသည်။ နံပတ် ၇ မှာ တနင်္ဂနွေစသော ၇ ရက်ကို ကိုယ်စားပြုသည်
ဟု သိရပါသည်။ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦးဝင်းထရံစသည်တို့၌ ထိုးစိုက်ကာ ဆုတောင်းဆုယူပြုလေ့ရှိကြပေ
သည်။ယခုအခါ အတာအိုးထားခြင်းဓလေ့သည် မြန်မာလူမှုနယ်ပယ်၌ကွယ်ပျောက်စပြုလာ
ချေပြီ----------။

          သင်္ကြန်ကျပြီးနောက် ဦးခေါင်းဆေးမင်္ဂလာပြုကြရပါသည်။ ၂၀၁၀ သင်္ကြန်စာတွင် "သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် (၂၄) မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာ ပြုရာ၏၊ ဤကားအများနှင့်ဆိုင်သော သာမညအခါပေတည်း။"ဟု ဆို
ထားသည်။

          သင်္ကြန်သည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိသည်။ ဗသျှူ
သင်္ကြန်ဖြစ်ကသင်္ကြန်မ၀င်မီ ဦးခေါင်းဆေးကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ
ဦးခေါင်းဆေးကြရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ
သည်။ (သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်းဆေးကြရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။) သင်္ကြန် အမျိုးအစား ၁၂ မျိုးဟုလည်း သုတေသနသရုပ်ပြအဘိဓာန်မှာ တွေ့ရ၏။

          ရှေးမြန်မာတို့သည် မိမိတို့၏ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက်မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြသည်။  နိမိတ်ယူခြင်းပြုခဲ့ကြသည်။ 
 
ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြသည်။  ဆရာမောင်ထင်ကသူ၏ မြန်မာ
ဆယ့်နှစ်လများစာအုပ်တွင် "သို့သော် လူကြီးများကား သင်္ကြန်နှစ်သစ်ကူးအခါတော်တွင် ကိုယ်နုတ်နှလုံးသုံးပါးစုံစင်ကြယ်စေသည်ဟူသော အထိမ်းအမှတ်ဖြင့် ဦးခေါင်းကို ဆေးကြ
လျှော်ကြသည်။ 
 
 မြန်မာမင်းတို့လက်ထက်တွင်မူ ဘုရင်မင်းမြတ်တို့ကိုယ်တိုင် ဦးခေါင်းဆေး
မင်္ဂလာကို ကြီးမှုး၍ ကျင်းပသည်။ ထိုဦးခေါင်းဆေးမင်္ဂလာနှင့်စပ်လျဉ်း၍ လူငယ်တို့က လူကြီး
တို့၏ ဦးခေါင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးလျှော်ပေး၍ ကုသိုလ်ယူကြသည်။"ဟု ရေးသား
ခဲ့သည်။ နေ့နံအလိုက် ဦးခေါင်းဆေးမင်္ဂလာပြုနည်းများကို သင်္ကြန်စာတွင် အသေးစိတ်လေ့
လာနိုင်ပါသည်။

          ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို 
 
သင်္ကြန်စာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဆိုအပ်သောတနင်္ဂနွေဂြိုဟ်မင်း
သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့်တဘဂဂဏပြည့်၍ မိန်ရာသီအ၀သာန်န၀င်းမှ မိဿ
ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည်ရှိသော်။ ​က္ကူဓ၊ ဤလူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ်
အပ်ကုန်သော။ မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦး
ခေါင်းဆေးကုန်သောသူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့
သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏အဘို့ဖြစ်ကုန်သော။
သတသဟဿာနိ၊ တသိန်းသောအကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"

          သင်္ကြန်ကျပြီဆိုလျှင် ဘာကြောင့် ရေကစားကြသနည်း-----။ ရှေးခေတ်က ဘယ်လို ရေကစားကြသနည်း------။
ဝေဒပညာရှုထောင့်မှ ဤသို့ ဆိုကြသည်။ သင်္ကြန်ကျချိန်သည် အာပေါဓာတ် မိုးနက္ခတ် ရေ
ရာသီ ငါးကြင်းရုပ်အမှတ်အသားရှိသော မိန်ရာသီမှ ဆိတ်ရုပ်သဏ္ဍာန် ပူသောသဘောရှိသော မိဿရာသီသို့ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်းဝင်လာခြင်းဖြစ်သည်။ ကူးပြောင်းသောရာသီအိမ်
အလျောက် သင်္ကြန်ရေတို့ဖြင့် ကြိုဆိုပက်ဖျန်းကြခြင်းဖြင့် ရှေးအခေါ် "ရေဖျန်းသဘင်"ဖြစ်ပေါ်
လာခဲ့ပါသည်။

          ရှေးမြန်မာမင်းများလက်ထက်က ရေဖျန်းသဘင်ကို နံနက် နှင့် ညနေအချိန်များတွင်
သာ ကျင်းပစေခဲ့သည်။ ငွေဖလားတွင် ရေကြည်ရေအေး သို့မဟုတ်အမွေးနံ့သာထုံရည်များကို
အပြည့်ဖြည့်၍ သပြေခက်ဖြင့် ယဉ်ကျေးစွာ တဦးကို တဦးရေပက်ခြင်း၊ ရေကစားခြင်းပြုခဲ့ကြ
သည်။ ဆရာမောင်ထင်ကမူ ဂွမ်းဆွတ်၍ ရေလောင်းကြသည်ဟု ဆိုထားပေ၏။
 
"သင်္ကြန်ရေက်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်။ ရေသည် မေတ္တာ
ဓာတ်ကို တင်စားသည်။ ရေကစားကြသည်မှာ ' ရေလိုအေး၍ ပန်းလိုလန်းပါစေ'ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်း ဖြစ်သည်။ ရှေးက ဤအနက်အဓိပ္ပါယ်ကို ၀ိသေသထူးစေခြင်းငှါ
"ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်သော" အမွှေးအကြိုင်တို့ကို ဖလားတွင်ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်။ "   (ဆရာမောင်ထင်)

          ယနေ့ခေတ်တွင် သင်္ကြန်ရေလောင်းခြင်းကို ထေရ၀ါဒဗုဒ္ဓဘာသာအတွက် အရေးပါ
သောပွဲတော်တခု ဖြစ်လေဟန် ဟောပြောလာသည်ကို တွေ့ရ၏။ "သင်္ကြန်ရေထိလျှင် ပြုထား
သမျှ အကုသိုလ်တွေ ကင်းစင်သွားကြောင်း "   အမေရိကန်နိုင်ငံ၊  မြို့တော်တခုရှိ မြန်မာဗုဒ္ဓ
ဘာသာအသင်း၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူ ဆရာဝန်တဦးက အင်္ဂလိပ်ဘာသာဖြင့်ဟော
ပြောသည်ကို စိတ်ပျက်ဖွယ် ကြားနာရဖူး၏။ အမှန်အားဖြင့် သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာ
သာနှင့် ပတ်သက်ဆက်နွယ်ခြင်း အလျဉ်းမရှိပါချေ--------။ သင်္ကြန်ပွဲလူစည်ကားရေးအတွက်
ဗုဒ္ဓဘာသာကို ခုတုံးလုပ်အလွဲအသုံးချတာမျိုး မလုပ်သင့်ကြောင်း သတိပြုသင့်ပေသည်။

          မြန်မာသမိုင်းတွင် ပုဂံဘုရင် နရသီဟပတေ့ ခေါ် တရုတ်ပြေးမင်းလက်ထက်အေဒီ၁၃ ရာစုတွင် ကျင်းပခဲ့သော ရေဖျန်းသဘင်မှာ ရှေးအကျဆုံးဖြစ်သလို အကြမ်းတမ်းဆုံးပွဲလည်း ဖြစ်ခဲ့၏။

          ပုဂံဘုရင်နရသီဟပတေ့သည် တရုတ်ဆွန်မင်းဆက်ဘုရင်တို့၏ ဟန်ကျိုးနန်းတော်
တည်ဆောက်ပုံနှင့် ရေချိုးကန်စီစဉ်ထားပုံကို အလွန်သဘောကျသည်။ အချိန်မရွေး ရေသ
ဘင်ပွဲဆင်နွဲနိုင်ရန် စက်တော်ခေါ်ရာခန်းမဆောင်မှ ဧရာဝတီမြစ်ကမ်းပါးရှိ ရေချိုးကန်အထိ
တိုက်ရိုက်သွားရောက်နိုင်သည့်  လုံခြုံရေးဥမင်တံတိုင်းကို တည်ဆောက်စေသည်။ ရှင်ဘုရင်
မြို့ပြင်ထွက်ကြောင်း လူသူလေးပါးတို့အကြား သတင်းမပေါက်ကြားစေရန် ရည်ရွယ်ပြီး တည်
ဆောက်ခြင်းဖြစ်သည်။

          နေအပူပြင်းဆုံးအချိန် တန်ခူးလတွင် ပုဂံဘုရင်သည် ရေသဘင်ပွဲကို မိဖုရား၊မောင်းမမိ
ဿံအမျိုးသမီးပရိသတ်များနှင့်သာ တပျော်တပါး ဆင်နွှဲလေသည်။ ဘုရင်သည် သူအလွန်ချစ်
မြတ်နိုးသော မိဖုရားစောလုံကို ကျီစယ်လိုသောကြောင့် မိဖုရား၏ဦးခေါင်းပါမကျန်တကိုယ်လုံး
ရွှဲရွှဲစိုအောင် ရေပက်စေသည်။
 
 ရေပက်ကြမ်းသော ဘုရင်ကို မိဖုရားစိတ်ခုသည့်အတွက် ပွဲတော်စာတွင် အဆိပ်ထည့်ကာ လုပ်ကြံသော်လည်း ကံကောင်းထောက်မပြီး ပွဲတော်မတည်မီအစာတွင် အဆိပ်ထည့်ထားကြောင်း ဘုရင်သိသွားသည်။ လုပ်ကြံသူမိဖုရားစောလုံကို ဘုရင်က သေဒဏ်ပေးသည်။ ဤသို့ဖြင့် ပုဂံဘုရင်၏ ရွှင်မြူးဖွယ်ရေသဘင်ပွဲသည် ၀မ်းနည်းပူဆွေးဖွယ်ဖြစ်ရပ်နှင့် နိဂုံးချုပ်ခဲ့ရသည်။

          ပုဂံဘုရင်သည် မိဖုရားစောလုံသေဆုံးပြီးနောက်ပိုင်း နောင်တရကာစိတ်ဓာတ်ချောက်
ခြားပြီး   "စောလုံ လာလှည့်၊ စောလုံ  စောင့်ခလှဲ့၊ စောလုံကို ကျုပ်တောင်းပန်ရမယ်"ဟု မကြာခဏ မြည်တမ်းယောင်ယမ်းသည်ဟူ၏။

          "ကျီစားသန်၍ ရန်များ"ခဲ့ရသည့် ပုဂံဘုရင်နှင့်မိဖုရားစောလုံဖြစ်ရပ်ကို ပမာပြု၍ ရေက
စားသောအခါ တဦးနှင့်တဦး အလွန်အကျွံ ပြောင်လှောင်ကျီစယ်ခြင်းမပြုလုပ်ရန်၊ ယဉ်ကျေး
သိမ်မွေ့စွာ ရေကစားကြရန် လူကြီးမိဘများက သတိပေးဆုံးမကြလေသည်။

          သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များ
ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြထားကြလေသည်--------။
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။             (၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။    (၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။      (၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။             (၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။  (၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။

          သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များ
ဖြစ်သောကြောင့် ဒါန၊ သီလ၊ ဘာဝနာအလုပ်များကို ဆောင်ထားရမည့်အရာအနေဖြင့် သက်
ဆိုင်ရာဘာသာဝင်များ ပြုလုပ်ကြပေသည်။ "အခွင့်သာခိုက် လုံ့လစိုက်"သည့်အနေဖြင့်ဆောင်
သင့်သည်ကို ဆောင်၊ ရှောင်သင့်သည်ကို ရှောင်၍  ဗုဒ္ဓ၏မင်္ဂလာတရားတော်နှင့်အညီ  မြန်မာ
နှစ်သစ်ဦးကို ကြိုဆိုလေ့ ပြုမြဲဖြစ်ပါသည်။

          ယခင်နှင့် ယခုမြန်မာ့ရိုးရာမဟာသင်္ကြန်၏ "အရွေ့"ကား အလွန်မြန်ဆန်ကြောင်း သင်္ကြန်အကြောင်းလေ့လာရင်း တွေ့မြင်ရပါသည်။ ခေတ်ရေစီးကြောင်းကား အရှိန်ပြင်းပြင်း စီးဆင်းနေသည်။ မူလသင်္ကြန်၏သင်္ကေတ၊ နိမိတ်ပုံတို့သည် ယခုအခါ ရေစီးကြောင်းထဲ ဘယ်
လောက် မျောပါစီးဆင်းသွားခဲ့ပြီလဲ၊ ဘယ်လောက်ကျန်နေသေးသလဲ ဟုလေ့လာမိသလောက်
စေ့ငုဆန်းစစ်နေမိပါသည်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။

mercredi 3 avril 2013

                                        အဂုင်္တ္ထိုလ်   ကေသမုတ္တိသုတ်လာ။
                          
                                ကိုးကွယ်သင့်သောဘာသာရဲ့အင်္ဂါ(၇)ချက်။

                                        (၁)အပြစ်ကင်းရမည်။

                                       (၂)ကောင်းကျိုးရှိရမည်။

                                     (၃)ပညာရှိတို့ကဲ့ရဲ့မှုမှလွတ်ရမည်။

                                    (၄)အခြားဘာသာကိုဖျက်ဆီးခြင်း ရှုတ်ချခြင်းမှကင်းရမည်။

                                   (၅)အခြားဘာသာများတရားသဖြင့်တိုးတက်ကြီးပွားအောင်ပြုလုပ်ခြင်းဖြင့်
                                     ခွင့်ပြုရမည်။

                                   (၆)မကောင်းမှုကိုမပြုမိအောင်စောင့်ထိန်းပေးနိုင်ရမည်။
      
                                    (၇)စိတ်ကိုကိလေသာမှစင်ကြယ်အောင်ညွှန်ပြနိုင်စွမ်းရှိရမည်။
                                                                        ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။