Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 15 février 2014

ဓမ္မစမ်းရေ အတွေးစာစုများ



*လေအဟုန်မှာ

ပျံသန်းနေတဲ့ငှက်

လှောင်အိမ်ထဲကငှက်

တန်ဖိုးချင်းမတူပါဘူး

လေအဟုန်မှာပျံသန်းနေတဲ့ငှက်ငယ်ဟ

လေအဟုန်ရဲ့အနိမ့်အမြင့်ကိုမှန်းဆနိုင်တယ်

အတွေ့ကြုံကောင်းတွေရှိတယ်

လှောင်အိမ်ထဲကငှက်ကတော့

အချိန်မှန်မှန်စားရမယ်

သင်အဲဒီလိုဘဝမျိုးကိုရလာရင်

ဘယ်အရာကိုယူမလဲ?


*လူဆိုတာ…..

လူတိုင်းကိုအကောင်းမြင်တတ်ရမယ်

အကောင်းမြင်မှအမြင်ကောင်းမယ်

အတ္တမကြီးရဘူး

ကိုယ့်ကျင့်သီလကောင်းရမယ်။


* လူဆိုတာ ရွှေတွေ စိန်တွေအတတ်ပညာတွေ

ရာထူးတွေ အာဏာတွေနဲ့အလှဆင်လို့

ယဉ်ကျေးတာမဟုတ်ဘူး

ကိုယ်ကျင့်သီလတွေနဲ့အလှဆင်လို့

ယဉ်ကျေးတာပါ…


* ဘယ်တော့မှမကုန်မခမ်းတော့တဲ့ပင်လယ်ရေပြင်ကြီးလို

အပေါ်မှာလူတွေအမြဲမော့ကြည့်ရတဲ့ကောင်းကင်ကြီးလို

အမြဲရှင်သန်စီးဆင်းနေတဲ့ မြစ်ဧရာလို

အပြောင်းလွဲတဲ့မေတ္တာတရားတွေနဲ့ လူသားတွေကိုပေးနိုင်အောင်

တို့တတွေကြိုးစာကြပါစို့…


*
မိမိရဲ့ဦးခေါင်းကို ဘာနဲ့အလှဆင်မလဲ

ဆံပင်ကိုအမျိုးမျိုးလုပ်ဆောင်ပြီးအလှဆင်မလား?

ဒါမှမဟုတ် ရတနာသုံးပါးနဲ့အလှဆင်မလား?

မိမိရဲ့နားကိုဘာနဲ့အလှဆင်မလဲ

စိန်ရွှေရတနာတွေနဲ့လား ဒါမှမဟုတ် တရားတော်ကိုနာကြားခြင်းနဲ့လား

မိမိရဲပါးစပ် နှတ်ခမ်းကို ဘာနဲ့အလှဆင်မလဲ

အများသူငါမကြိုက်တဲ့စကားတွေနဲ့အလှဆင်မလား?

ချစ်ဖွယ်သောစကားကိုပြောဆိုခြင်းဖြင့်အလှဆင်မလား?

မိမိရဲ့ခန္ဓာကိုယ်ကိုဘာနဲ့အလှဆင်မလဲ

အဖိုးတန်ပစ္စည်းတွေနဲ့လား?

ဒါမှမဟုတ် ကောင်းမွန်သောကိုယ်ကျင့်သီလတွေနဲ့လား၊?

အကောင်းဆုံးဖြစ်အောင်မိမိကိုယ်ကိုအလှဆင်ကြရအောင်...


*
လမင်းကြီးက ညအခါရောက်မှသာလျှင်

လူတွေကို အေးမြမှုကိုပေးစွမ်းနိုင်တာပါ

မိဘတွေ ဆရာတွေကတော့ နေ့ရောညပါ

အေးမြမှုတွေ ပေးနေတာပါ။


*
နွားငယ် ချိုပေါက်လာတော့

ပြန်တိုတယ်ဆိုတာမရှိဘူး

ရှည်မြဲရှည်လာတတ်တယ်

လူတွေမှာလဲ

လူတွေကြီးလာလေ

လောဘတွေ တဏှာရာဂတွေ

ကြီးကြီးလာတယ် မလျော့သွားဘူး

မသေမချင်းလိုချင်မှုတွေက ရှည်နေကြတယ်

ကိုယ့်ကိုကို ပြန်စမ်းကြည့်ကြအုံး.."ဓမ္မစမ်းရေ...

vendredi 14 février 2014

လူတို့သွားနေကြလမ်း


ဒကာတော်တယောက်မနေ့ကမေးပါတယ်မရဏသုံးမျိုးကိုရှင်းပြဖို့ ဒါနဲ့သေချာစာကိုကြည့်ပြီး ရေးကြည့်မိပါတယ် သို့သော်သူမေးသော သမ္ဖုလ္လမရဏဆိုတာတော့စာရေးသူပဲညံ့သလားတော့မသိဘူး သေချာမတွေ့ဘူး ဒါနဲ့စာရေးသူသိတဲ့မရဏသုံးမျိုးကိုပဲရှင်းပြလိုက်ပါတယ် တချိန်ချိန်မှာတွေ့ရင်ရှင်းပြပါ့မယ်ဟုရှေးဦးစွာ တောင်းပန်ချင်ပါတယ်။

ဒကာတော်မေးတော့မြန်မာပြည်မှာ ဘုရားရှင်ရဲ့ဗုဒ္ဓဝင်ပြခန်းထဲမှာကလေးတယောက်ကမေးခဲ့တာကိုသွားသတိရမိတယ် ဘုရားရှင်ပရိနိဗ္ဗာန်စံကို ကလေးကမြင်တော့ ဘုရားဘာဖြစ်တာလဲတဲ့ပရိနိဗ္ဗာန်စံတာလို့ပြောတာနားမလည်ဘူး။

ဒါကြောင့်ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတာကို ကလေးနားလည်အောင် ဘုရားသေတာလို့ ဖြေလိုက်ရ ပေမယ့် တိကျတဲ့ အဖြေမှန် မဟုတ်ပါဘူး။ အဘိဓမ္မာသဘောအရကြည့်ရင် သတ္တဝါတစ်ဦး တစ်ယောက် သေဆုံးတဲ့အခါ လက်ရှိဘဝရဲ့ နောက်ဆုံးစိတ်ဖြစ်တဲ့ စုတိစိတ် ဖြစ်ချုပ်ပြီးတာနဲ့ ဆက်တိုက် ကာလမခြားဘဲ နောက်ဘဝအသစ်ရဲ့အစ ပဋိသန္ဓေစိတ် ဖြစ်ပေါ်လာပါတယ်။

ဘဝဟောင်း စုတိစိတ်နဲ့ ဘဝသစ် ပဋိသန္ဓေစိတ်တို့ဟာ ဖြစ်စဉ်တစ်ဆက်တည်းပါ။ သေခြင်းရဲ့ နောက်ဆက်တွဲ အဖြစ် မွေးဖွားခြင်း လာရပါတယ်။ ဒီလိုနဲ့ သတ္တဝါတွေ ဘဝသံသရာ လည်ကြရတာပါ။

ဘုရားရဟန္တာတို့ရဲ့ စုတိစိတ်နောက်မှာတော့ ပဋိသန္ဓေစိတ် မရှိတော့ပါဘူး။ ဘုရားရဟန္တာ အရိယာသူတော်မြတ်တွေဟာ လက်ရှိဘဝ လက်ရှိခန္ဓာ ချုပ်ငြိမ်းပြီးရင် နောက်ထပ်ဘဝဒုက္ခ ခန္ဓာအသစ် မရရှိတော့ပါဘူး။ လုံးဝ ငြိမ်းအေးသွားပါတယ်။

ဒါကြောင့် သာမန်သတ္တဝါတွေရဲ့ သေဆုံးခြင်းနဲ့ သံသရာဝဋ်မြစ်ကို တူးဖြို ဖြတ်တောက်ပြီးဖြစ်တဲ့ ဘုရားရဟန္တာအရှင်မြတ်တို့ရဲ့ ပရိနိဗ္ဗာန်ဟာ မတူပါဘူး။

လောကမှာ သူသူငါငါ နားလည်လက်ခံထားတဲ့ သေဆုံးမှုကို သမ္မုတိမရဏလို့ ခေါ်ပါတယ်။

သတ္တဝါတို့ရဲ့ ခန္ဓာအစဉ် ခဏမစဲ ဖြစ်ချုပ်ပြောင်းလဲနေတာကို ခဏိကာမရဏ လို့ခေါ်ပါတယ်။ ဘုရားရဟန္တာ အရှင်သူမြတ်တို့ ပရိနိဗ္ဗာန် စံတော်မူတာကိုတော့ သမုစ္ဆေဒမရဏလို့ ခေါ်ပါတယ်။

ဒီလိုသတ်မှတ်ချက် ရှိနေတော့ ဘုရားရှင်ရဲ့ ပရိနိဗ္ဗာန်ကို နောက်ဆုံးသေခြင်းလို့ ခေါ်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ သမုစ္ဆေဒမရဏပေါ့။
ဘယ်ဘုံမှာ မှ မနေပါဘူး။

ဘယ်ဘုံမှာမှလည်း သေမင်းဆိုတာ မရှိပါဘူး။ ဒီဘ၀အတွင်းမှာ စောစောကပြောခဲ့တဲ့ ရုပ်နဲ့ နာမ် အဟောင်းပျက်သွားပြီး အသစ်ပြန်မဖြစ်တော့တာကိုပဲ သေတယ်၊ သေမင်းခေါ်သွားတယ်ဆိုပြီး တင်စားပြောကြတာပါ။

နောက်ထပ်သေခြင်းဟာ သုံးမျိုးကိုဥပမာတခုအနေနဲ့ပြောပြရရင်

ဦးခွေးသေပြီ ဒေါ်ကြွက်နီသေပြီဆိုတဲ့ လောကက သတ်မှတ်တဲ့ သေခြင်းကတော့ သမုတိမရဏ လို့ခေါ်ပါတယ်။

ပရမတ်သဘောရုပ်နာမ်တွေ တရစပ်ပျက်နေတာကိုတော့ ခဏိကမရဏ လို့ခေါ်ပါတယ်။

ဘုရားရှင်တို့ ရဟန္တာတို့ရဲ့ ရုပ်နာမ်ချုပ်ငြိမ်းသွားခြင်းကိုတော့ သမုစ္ဆေဒမရဏ လို့ခေါ်ပါတယ်။ သေခြင်းတရားကို အပြီးအပိုင် သတ်လိုက်ခြင်းမျိုးပေါ့။ဓမ္မစမ်းရေ..

နေ့တိုင်းဖြစ်ရင်ဖြင့်


ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။

ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။

ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။

ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။

တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။

ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုပ်ခဲ့သည်။

နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။

ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။

စာရေးသူကတော့သူတို့တွေဘယ်လိုအကြောင်းကြောင့်ချစ်သူများနေ့ကိုသတ်မှတ်ပေးကြသော်လည်း
ချစ်သူသမီးရည်းစားတွေအတွက်သာမဟုတ်ဘဲမိဘတွေနဲ့သားသမီးတွေဆရာနဲ့တပည့်တွေ တနိုင်ငံနဲ့တနိုင်ငံဘာသာတခုနဲ့တခုလူမျိုးတွေအချင်းချင်းမိတ်ဆွေသူငယ်ချင်းတွေအတွက်ပါနေ့တိုင်း
ချစ်သူများနေ့ကိုဖြစ်စေချင်ပါတယ်။

ဒါမှသာလျှင်ကမ္ဘာမြေကြီးကသာယာလှပပေမည်မဟုတ်လားဒီနေ့တရက်တည်းမကျင်းပစေချင်ဘူးနေ့တိုင်း
လူတွေလူသားတိုင်းချစ်ခြင်းမေတ္တာတွေနဲ့ချစ်ခင်သင့်တယ်။

စာရှု့သူတို့ကကမ္ဘာမြေကြီးကိုအမုန်းမရှိ ချစ်ခြင်းမေတ္တာတွေနဲ့မတည်ဆောက်စေချင်ဘူးလား ချစ်ခင်ခြင်းမေတ္တာတရားဟာ ရန်သူကိုလည်းမိတ်ဆွေဖြစ်စေပါတယ် မုန်းနေသူကိုလည်းချစ်နေသူဖြစ်အောင်ဖန်တီးနိုင်ပါတယ်။

ဒါပေမဲ့အချစ်ဆိုတာကို ကစားစရာအသွင် အထင်မှားပြီး ကစားနေတဲ့သူတွေအတွက် သတိထားစရာ တရားအဆုံးမတော်လေးကတော့ ပိယတော ဇာယတေ ဘယံ တဲ့ ..အချစ်ကြောင့် ဘေးဟူသမျှ သောကဟူသမျှ တို့ ဖြစ်တည်လာရတာပါ ၊

အချစ်များလေ ဘေးများလေ ဒုက္ခများလေ သောကများလေ ဆိုတာ ဘုရားဟော တရားတော်တွေမှာ အထင်အရှားပါပဲ။ ဒါကိုမှ မယုံသေးဘူး လက်တွေ့ကြုံမှ ယုံကြမယ်ဆိုရင်တော့ အဆိပ်သောက်ရင် သေတတ်တယ်ဆိုတာ မယုံလို့လက်တွေ့စမ်းကြည့်သူနဲ့ တူပါလိမ့်မယ် လို့ သတိစကား ဆိုပါရစေ။

အချစ်ဆိုတာတကယ်တော့သမုဒယနှောင်ဖွဲ့တရားလေးပါပဲသမုဒယအနှောင်အဖွဲ့ကဒုက္ခဖြစ်ကြောင်း
တရားပါပဲ တဏှာရာဂနဲ့မချစ်ကြပဲ တကယ့်စစ်မှန်သေမေတ္တာတရားတွေ ကရုဏာတရားတွေ မုဒိတာတရားတွေ ဥပေက္ခာတရားတွေနဲ့ ညီအောင်နေပြီးနေ့တိုင်းချစ်ခင်ကြရအောင်….ဓမ္မစမ်းရေ…

အကောင်းဆုံးလူမှုရေး



လူမှုရေးလုပ်ဆောင်ချင်သူတွေအကောင်းဆုံးနည်းလမ်းကတော့စာရေးသူပြောချင်ပါတယ် 
 ပေးကမ်းစွန့်ကြဲခြင်းပါပဲယနေ့ခောတ်လူငယ်တွေကောလူကြီးတွေပါ ပေးကမ်းလှူဒါန်း
နေကြတာတွေ့ရတယ် ဒါနအားကြီးကြတယ် ဝမ်းမြောက်စရာပင်။

သို့သော်..ဒါနရဲ့သဘောကိုသေချာနားလည်စေချင်တယ် မြတ်ဘုရားကတော့ ပေကမ်းခြင်းဟာ
 ပေးတဲ့သူကော အပေးခံရသူပါ စိတ်နှလုံးကိုကြည်နူးဝမ်းမြောက်စေတယ် မိုက်ရိုင်းသောသူကို လိမ္မာစေတယ် မိမိစကားနားမထောင်သူကို နားထောင်စေတယ်။

မုန်းသူကို ချစ်စေတယ် ရန်သူကမိတ်ဆွေဖြစ်လာတတ်တယ် ပေးကမ်းခြင်းဟာ မေတ္တာတရား၏ ရုပ်သွင်ဖြစ်တယ် မေတ္တာတရားရှိမှ ပေကမ်းနိုင်တယ် ပေးကမ်းနိုင်မှ မေတ္တာတရားကြီးထွားလာမှာပါ ဒါကြောင့်ပေးကမ်းခြင်းဟာ ပေးသူနဲ့ယူသူနှစ်ဦးစလုံးရဲ့ချစ်ခြင်းဖွဲ့ခြင်းတရားဆိုရင် လွန်လေမလား?။

နောက်ပြီး…ဒီလိုလေးတွေလည်းမြင်တတ်ကြတယ်အလှူဟာ သံသရာရှည်ကြောင်း တဲ့ တကယ်တော့ဒါနပြုလို့သံသရာရှည်တာမဟုတ်ပါဘူး အဲဒီပေးကမ်းခြင်းကိုစွဲငြိတဲ့စိတ်ကြောင့်ပါပဲ။

နောက်ပြီးပေးကမ်းမှုနည်းတဲ့သူနဲ့များတဲ့သူဟာလည်းခုလိုလေးကွာခြားတတ်ပါတယ်..တခါက ရဟန်းနှစ်ပါးရှိတယ်။ တစ်ပါးက "မိမိအားလှူတန်းသော ဆွမ်းကို မိမိတန်သလောက်သာ လက်ခံ၍ ရောင်ရဲခြင်းကို ကျင့်ရာ၏" ဟူ၍ ရောင်ရဲခြင်းအကျင့်ကို ကျင့်ကြံတော်မူတယ်။

နောက်တစ်ပါးက "မိမိအားလှူတန်းသောဆွမ်းအား အခြားသောရဟန်းများကို ဝေမျှလှူတန်းခြင်းအားဖြင့်ဒါနအမူကိုလည်း ကျင့်ရာ၏" ဟူ၍ လှူတန်းခြင်းဒါနကို အမြဲပြု၍ကျင့်ကြံတော်မူ၏။

ရဟန်းနှစ်ပါးဟာ နှစ်ခုစလုံးဟာ မြတ်သော အမူချည်းဖြစ်နေ၍၊တစ်ယောက်အယူကိုတစ်ယောက် ပြန်လည်မချေပနိုင်ကြပဲ၊ စုတိသောအခါ၊ နှစ်ယောက်စလုံး နတ်ပြည်မှာဖြစ်ကြ၍၊ လှူတန်းခြင်းကို ပြုလုပ်ခဲ့တဲ့ ရဟန်းဟာ၊ မလှူတန်းခဲ့တဲ့ရဟန်းထက် ပိုပြီး အဆောင်အရောင် အခြွေအရံ ပိုများတဲ့ နတ်သားဖြစ်ခဲ့ပါတယ်။

နတ်ပြည်မှ စုတေတော့ လှူတန်းမူကို ပြုခဲ့တဲ့ ရဟန်းဟာမင်းရဲ့ သားတော်ဖြစ်ပြီး၊ လှူတန်းမူ မပြုခဲ့တဲ့ ရဟန်းကတော့ မင်းအစေခံရဲ့ သားဖြစ်ကြပြီး၊ တခန်းထဲ အတူတူ အိပ်စက်စေခြင်းခံရချိန်မှာ..မင်းရဲ့ သားတော်ကထီးဖြူအောက်မှာလဲလျောင်းနေရာကနေ.."
သူငယ်ချင်းမင်းရဟန်းဘ၀က...ငါပြောတာနားမထောင်ခဲ့လို့ ခုတော့ ထီးဖြူအောက်မနေရတော့ဘူး"လို့ ပြောပါတယ်။

အဲဒီမှာ "အမယ်...မင်းပြောတဲ့ ထီးဖြူဆိုတာလည်းဓာတ်ကြီးလေးပါးပါပဲကွာ" လို့ ပြန်ပြောပါတယ်။အဲဒီလို မွေးကင်းစ ကလေးနှစ်ယောက် အပြန်အလှန်ပြောနေကြတာကိုဘုရင့်သမီး အမတော်ကကြားတော့" ဘုရား..ဘုရား ကလေးနှစ်ယောက် ခုမှမွေးကင်းစ ရှိသေးတယ်။

ဓာတ်တွေဘာတွေပြောနေကြပါလား။ သူများကြားသွားမှ ရူးနေကြတယ်ထင်ဦးမယ်။ မဖြစ်ချေဘူး"ဆိုပြီး၊အဲဒီအကြောင်းကိုမြတ်စွာဘုရားစီသွားလျှောက်ထားတော့မှ...
ဗုဒ္ဓကအတိတ်ဇာတ်ကြောင်းနဲ့ တကွ လှူတန်းခြင်းရဲ့ အကျိုးများကို ခုလိုဟောပြောတော်မူခဲ့ပါတယ်...

လျှူတန်းခြင်း၏ အကျိုးများ

ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊

သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ဂုဏ်သတင်းေးကျာ်ကြားခြင်း၊

ပရိသတ်အလယ်၌ ရဲရင့်ခြင်း

သေလွန်သောအခါ၌သုဂတိသို့ ရောက်ရှိခြင်း

ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း

ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသောအကျိုးကျေးဇူးများခံစားရ၏။

လှူတန်းခြင်း(၃)မျိုး

မိမိ၏ပိုင်ဆိုင်သောပစ္စည်းဒါန၊

မိမိတတ်ထားသောလောကီအတတ်ပညာကိုသင်ကြားပေးလှူခြင်းဒါန၊

မိမိသိထားသောလောကုတ္တရာဆိုင်ရာဓမ္မအသိကိုပေးလှူခြင်းဒါန၊

ဗုဒ္ဓအလိုကျဒါနပြုနည်း....

၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊

၂။အလှူခံပုဂ္ဂိုလ်အားရိုရိုသေသေလှူခြင်း၊

၃။အလှူခံပုဂ္ဂိုလ်၏လိုအပ်မှုကိုလှူခြင်း၊

၎။လှူပြီးဝတ္ထုကို မနှမျှောခြင်း၊

၅။မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။

ဒီလိုလေးညီမျှပြီဆိုရင် ပေးကမ်းတတ်ပြီဆိုရင်ဘဝအတွက်လုံလောက်သောအကောင်းဆုံး
လူမှုရေးကိုပိုင်ဆိုင်ထားသောသူဖြစ်နေပါပြီလှူမှုရေးတွေလုပ်နေတာမှန်ပေမဲ့မေတ္တာစစ်
မေတ္တာမှန်ကိုရအောင်ယူတတ်အောင်မြတ်ဗုဒ္ဓအလိုတော်ကျပေးကမ်းစွန့်ကြဲပြီးအကောင်းဆုံး
လူမှုရေးတွေလုပ်ဆောင်နိုင်ကြပါစေ....ဓမ္မစမ်းရေ...

vendredi 7 février 2014

ဓမ္မစမ်းရေ အတွေးစာစုများ

*ဆေးကောင်းမယ်ဆိုရင် အနာရောဂါကပျောက်ပါတယ်

အဲဒီဆေးဘယ်ကရလာတာလဲဆိုတာသိစရာမလိုပါဘူး

ဘယ်ကလာတာလည်းဆိုတာသိစရာမလိုပါဘူ

အဓိက က ဆေးကောင်းဖို့ပါပဲ..

တချို့ကမေးကြတယ် ဗုဒ္ဓဘာသာဟာ philosophy လားတဲ့

အဲဒါတွေမလိုပါဘူး ဘာပဲဖြစ်ဖြစ် ယုံကြည်မှုရှိဖို့လိုပါတယ်။




*အောင်မြင်မှုရဖို့အတွက် အခက်ခဲတွေရှိမယ်

အခက်ခဲအများကြီးတွေ့မယ်

အခက်ခဲအများကြီးတွေ့လေ

ကိုယ့်အဖို့အရည်သွေးတက်လေပါပဲ

ဒါကြောင့်အခက်ခဲတေါကိုကြောက်မနေပါနဲ့။


*ဝေဖန်တာ မနာလိုတာ ကဲ့ရဲ့တာ ပြစ်တင်တာ ရှုံ့ချတာ ဟာ

ဘယ်သူတွေ လုပ်တဲ့အလုပ်လည်းဗျာ

ခုကြည့်နေရတာတော့ ဘေးကနေပြီး ဝေဖန် ပြစ်တင်ရှုံ့ချ

နေတာချည်းပဲတွေ့နေမြင်နေရတယ်

ဒီအလုပ်ကတော့ လူတိုင်းလုပ်တတ်ပေမဲ့

ပညာရှိသူတော်ကောင်းတွေကတော့ လုပ်မည်မထင်။


 *အုတ်ကြားမြက်တဲ့ အုတ်ကြားမြက်ဆိုတာ

ကိုယ့်ဘဝကို ကိုယ်တည်ထောင်တာ

ဘဝကိုအရှုံးမပေးတာ ဘဝမှာရလာတဲ့အခက်ခဲကို

ရုန်းထွက်ရဲတာဘာအထင်သေးနေကြတာလဲ

သူ့လိုသတ္တိရှိအောင် အတုယူရမှာ...


* ပြောလိုက်တဲ့စကား လုပ်လိုက်တဲ့အလုပ် တွေးလိုက်တဲ့အတွေး

အရင်ဆုံးစဉ်းစား အမိနိုင်ငံအတွက် အမိဘာသာသာသနာအတွက်

နောက်ဆုံး မိမိ မိသားစု ပါတ်ဝန်းကျင် အတွက် ထိခိုက်မှုရှိသလား

ရှိနေရင် မတွေးနဲ့ မပြောနဲ့ မကြံနဲ့ ငါဆိုတဲ့အတ္တကိုရှေးတန်းတင်တာမဟုတ်ဘူးနော်

ကိုယ်ကြောင့်တပါးသူတွေထိခိုက်ဆုံးရှုံးမှာစိုးလို့ပါ....ဓမ္မစမ်းရေ..

mercredi 5 février 2014

ခဏသာလူ့ဘဝ



လူတွေဟာခဏသာလူ့ဘဝလေးကို သူတို့နေရတာအကြာကြီးလို့ထင်မှတ်နေကြတယ် အချိန်တိုင်းမိနစ်တိုင်းပြောင်းလွှဲနေတာသတိမထားမိကြဘူး၊ခဏရဲ့သဘောတရားကိုနားမလည်ကြဘူး၊ ခဏရဲ့သဘောကိုဆရာပါရဂူကခုလိုလေးရေးဖွဲ့ထားသေးတယ်။

‘ခဏိက’ သို့မဟုတ် ‘ခဏဘင်္ဂုရ’ ၏ အနက် အဓိပ္ပာယ်သည် ‘တခဏသာ ခံစားခြင်း’ လို့အဓိပ္ပါယ်ရတယ်။ ခဏိက သဘောကို နားလည်ခြင်းသည် တစ်ခဏပြီး တစ်ခဏ ( သို့မဟုတ် ) ခဏတိုင်း၊ ခဏတိုင်း နေခြင်း၊ အသက်ရှင် နေထိုင်ခြင်း ဖြစ်သည်။

မိမိတို့ လက်ထဲ၌ ပစ္စုပ္ပန် တခဏမှ တစ်ပါး အခြား မရှိ ဟု ဆိုလိုသည်။ ယင်း အချက်ကို နားလည်သည် နှင့် တစ်ပြိုင်နက် – ‘မည်သူ့ ထံတွင်မှ ခဏ နှစ်ခု တပြိုင်တည်း ရှိမနေကြောင်း’ ထပ်ဆင့် သဘောပေါက်ပြီး ဖြစ်လိမ့်မည်။

ခဏတစ်ခဏဆိုသည်မှာရောက်လာပြီးနောက်ထွက်ခွာသွားသည့်သဘောပါပဲ။ ခဏကြာတော့အခြားတစ်ခဏရောက်လာပြန်သည်။ ကိုယ့်ဆီယင်းခဏတစ်ခဏသာနေခွင့်ရှိသည်။

ယင်း တခဏ အတွင်း မည်သို့ မည်ပုံ နေထိုင် မည်နည်း။ ယင်း နေနည်း ထိုင်နည်းသည် ဘဝနေနည်း ထိုင်နည်း အတတ်ပညာ ပင် ဖြစ်သည်။ ပိုင်ဆိုင်သော ခဏ တစ်ခဏ ကို ချန်ရစ်၍ အခြား တစ်ခဏသို့ ကူးသွားခြင်းသည် သာမာန် ဘဝ နေနည်း ဖြစ်သည်။ ပိုင်ဆိုင်သည့် ခဏ တစ်ခဏ ၏ နက်ရှိုင်းရာ သို့ ဆင်း သွားခြင်း သည်သာ ဝိသေသ ထူးခြားသည့် ဘဝနေနည်း ဖြစ်သည်။

လောကီ လူ့ဘဝ အများနေထိုင်ကြသည့် အနက်အဓိပ္ပာယ်မှာ ယခု ပစ္စုပ္ပန် ခဏကို နောက် တစ်ခဏ အတွက် စွန့်လွှတ်ပစ်လိုက်ခြင်း ဖြစ်သည်။ နောက် ခဏကို အခြား အခြား ခဏ များ အတွက် စွန့်လွှတ် ပစ်လိုက် ခြင်း ဖြစ်သည်။

ယနေ့ကို မနက်ဖြန် အတွက် လွှတ်ပစ် သည်။ နက်ဖြန်ကို သန်ဘက်ခါ အတွက် လွှတ်ပစ်လိုက်သည်။ လောကီ လူ့ဘဝသည် ဤသို့ဖြင့် နေ့စဉ် နေ့တိုင်း လစ်ဟာလျက် အလဟဿ ဖြစ်လျက် ရှိကြသည်။ အမြဲတမ်း ရွှေ့ဆိုင်း ရပ်တန့် ပစ်ကြ သည်။

သိမြင်မှု ရှိကြသူများ၏ ဘဝမှာမူ ယခု ပစ္စက္ခ တစ်ခဏ ၌ပင် ကိစ္စ ပြီးလျက် ရှိနေကြသည်။
‘လက်ထဲ၌ ဤခဏသာ ရှိသည်။ အခြား ခဏ မရှိ’ ဟု ‘ခဏိက’ သဘောကို နားလည်သောသူ အတွက် ယခု ပစ္စုပ္ပန် ခဏသည် နောက်ဆုံး ခဏ ဖြစ်ဖို့ ရှိသည်။ နက်ဖြန် အတွက် နောက်ဆံ တင်းနေ လိမ့်မည် မဟုတ်ပေ။ ၎င်းသည် ယနေ့အတွက် အသက်ရှင်နေသည်။

နက်ဖြန် အသက်ရှင်ခြင်း မရှင်ခြင်းသည် ၎င်းနှင့် မသက်ဆိုင်ပေ။ ၎င်းအနေဖြင့် စိတ်ကူး ထဲတွင်ပင် ထည့်သွင်းထား လိမ့်မည် မဟုတ်ပေ။ – နက်ဖြန်မှ ချစ်မည်။ နက်ဖြန်မှ လုပ်မည်။ နက်ဖြန်အတွက် အားခဲလိုက် ဦးမည် ဟု သောင်မတင် ရေမကျ သဘောမျိုး ရှိနေလိမ့်မည် မဟုတ်။ လုပ်ရန် ကိစ္စ အဝဝသည် ယနေ့ ယခု ခဏ၌ပင် ပြီးပြတ်သည်။

တကယ် စင်စစ် ဘဝသည် တစ်ခဏပြီး တစ်ခဏ ကုန်ဆုံး ကျော်လွန်လျက် ရှိ၏။ ကုန်ဆုံး ၊ ကျော်လွန်၍ ‘ပြီးပြီ’ ဟု – ‘ခဏိက’ သဘော၊ ‘ခဏ ဘင်္ဂုရ’ သဘောကို သိမြင် သဘောပေါက် သောအခါ တခဏတာ၏ နက်ရှိုင်းရာသို့ သက်ဆင်း သွားနိုင်စွမ်း ရှိလာပေ လိမ့်မည်။ တခဏတာသည်လည်း မိမိ၏ အတွင်း အဇ္ဈတ္တ နက်ရှိုင်းရာ၌ ခိုင်မာမှု ရှိနေရမည်လေ။

တကယ်ခဏသာလူ့ဘဝဆိုတာကိုသက်သေသာဓကတခုအနေနဲ့ပြရရင်ဘုရားရှင်လက်ထက်က သက်တမ်းအလွန်ရှည်တဲ့ ဝရုဏ နဲ့ ဝါရဏ ဆိုတဲ့ နတ်ကြီးနှစ်ပါး ရှိသတဲ့။ ဂေါတမဘုရားအလောင်း ပဋိသန္ဓေနေတော့မယ်လို့ သတင်းကြားကတည်းက ဗုဒ္ဓဂုဏ်ကို အာရုံပြုပူဇော်ဖို့ နတ်ပန်းကုံးကြီး လုပ်ကြတယ်။

ဘုရားပရိနိဗ္ဗာန် စံခါနီးလို့တောင် သူတို့ရဲ့ ပန်းကုံးကြီးကလုပ်လို့ မပြီးသေးဘူးဆိုပဲ။ဘုရားပရိနိဗ္ဗာန် စံတော့မယ့်အကြောင်းကြားရတော့ နတ်နှစ်ပါး တအံ့တသြ ပြောကြတယ်၊ ဟာဘုရားကလည်း မြန်လိုက်တာခုပဲ ပဋိသန္ဓေနေတယ်၊ခုပဲ ဖွားမြင်တယ်၊ခုပဲ တောထွက်တယ်၊ခုပဲ ဘုရားဖြစ်တယ်၊

ခုပဲ တရားဦးဟောတယ်၊ခုပဲ ရေမီးအစုံအစုံတန်းခိုးပြတယ်၊ခုပဲ တာသတိံသာနတ်ပြည်ကို တက်တရားဟောပြီး ခုပဲနတ်ပြည်ကပြန်ဆင်းတယ်၊ခုပဲ အာယုသင်္ခါရ လွှတ်တယ်၊ ခုပဲ ပရိနိဗ္ဗာန်စံတော့မယ် ဆိုပဲ၊

မြန်လှချည်လား၊ ဘုရားကနေ့ချင်းပြန်ကြွလာတာပါလား၊ မနက်ဖြန် ယာဂုဆွမ်းဘုဉ်းပေးချိန်ထိတော့ နေဖို့ကောင်းသေးတယ်။” လို့ပြောကြတယ်။

ဟုတ်ပါတယ်တာဝတိံသာနတ်သက် (၁)ရက်တောင်မပြည့်တဲ့ဘုရားရှင်ရဲ့ သက်တော်(၈၀)၊စတုမဟာရာဇ်နတ်သက်(၁)ရက်တောင်မပြည့်တဲ့ ဝါတော်(၄၅)ဝါ။ဘုရားသက်(၄၅)နှစ်)ဆိုတာ နတ်သက်နဲ့တွက်ကြည့်ရင် တကယ့်ခဏလေးပါပဲ။

ဒါကြောင့်မို့…လူတွေဟာတခဏမှာပဲချစ်ကြသည်။

လူတွေဟာခဏလေးမှာပဲမုန်းကြသည်။

လူတွေဟာခဏအတွင်းမှာပဲရန်ဖြစ်ကြသည်။

လူတွေဟာတခဏလေးမှာပဲကျေးဇူးကန်းကြသည်။

လူတွေဟာတခဏမှာကြွေးဟောင်းဆပ်ပြီးကြွေးသစ်တွေချကြသည်။

လူတွေဟာတခဏမှာအငြိုးထားအဓိပ္ပာယ်မဲ့စွာဘဝကိုနေထိုင်သွားကြသည်။

လူတွေဟာတခဏမှာမတရားတာတွေလုပ်ကြသည်။

လူတွေဟာ ခဏလေးမှာပဲတရားတာတွေလုပ်ကြတယ်။

လူတွေဟာတခဏမှာလောဘကြီးကြသည်။ဒေါသထွက်ကြသည်။မောဟတွေနဲ့တင်နေကြသည်။

ထိုနေရတဲ့ဘဝရဲ့ခဏသာလေးကိုဘယ်လိုအကျိုးရှိအောင်ဘယ်လိုနေမလဲ နောင်တမလွန်ဘဝဆိုတာ

ကုန်ဆုံးသွားပြီလားကုန်ဆုံးပြီးအေးချမ်းမယ်ဆိုရင်တော့သိပ်ကောင်းပါတယ် မကုန်ဆုံးသေးဘူးဆိုရင်တော့ခုဘဝရဲ့ထွက်သက်မှာသင့်အတွက်အဖြေတခုလို့ထင်ပါတယ်။

ထိုခဏလေးမှာသင့်ဘဝအိမ်ကိုဘာတွေနဲ့တည်ဆောက်မလဲအမုန်းနဲ့လားအာဃာတတွေနဲ့လား 

 ဒေါသတရားတွေနဲ့လား မေတ္တာတွေနဲ့လား ကုသိုလ်စိတ်တွေနဲ့ ဘာပဲဖြစ်ဖြစ်အကျိုးရှိအောင် ဘဝတခုအတွက် တန်ဖိုးရှိမှန်းသိအောင်ကြိုးစားဖို့သင့်ပြီနော်။

ဓမ္မစမ်းရေ..

dimanche 2 février 2014

လိမ်ညာပြောကြ လူ့ဘဝ



ဗုဒ္ဓဘာသာ ဝင်တိုင်း သိကြပါတယ်၊ထိုသိသောစကားကား လိမ်ညာပြောဆိုသော မုသားစကားပါပဲ၊ သို့သော် အလေးနက်ထား စောင့်ထိန်းသူ နည်းနည်း လာပါတယ် အသေးအမွှားလေးပဲ ဘာမှမဖြစ်ဟုဆိုကာ လိမ်ပြောလိုက်ကြပါတယ်။ ဂရုမထားမိ။ သတိထား မကျင့်ကြပါ။

မုသား ပြောဆိုမှု ၊ အများဆုံးကျူးလွန်လေ့ရှိပါတယ်။ လွယ်လွယ်ကူကူ ကျူးလွန်ဖြစ်တဲ့အတွက် အများဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်လည်း ရှောင်နိုင်ဖို့ ကြိုးစားဆဲပါ။

မသိသာသောလိမ်လယ်မှုဆိုတတ်သောစကားလေးများကတော့ငါမအားသေးဘူး၊ အရေးကြီးအလုပ်ရှိတယ် ၊ငါသွားစရာရှိလို့ နောက်မှ တွေ့ကြတာပေါ့ ငါမင်းကိုသတိရနေတာ လူတွေ့တော့၊

ဖုန်းလာနေရင် အရေးကြီးတဲ့သူမဟုတ်ရင် ငါမရှိဘူး ပြောလိုက်ကွာ ဒီလူတွေ ငါ့ကားနဲ့လိုက်ပို့ရင် ဆီကုန်လိမ့်မယ်ကွာ၊ ကားပျက်နေတယ်သာ ပြောလိုက်တော့။

အလုပ်မဆင်းနိုင်ဘူးဆိုရင်လည်း နေမကောင်းဘူးပြောလိုက်ပါ၊ ခွင့်ပေးပါ ပြောလိုက်တော့ လူကြီးကတကယ်နေမကောင်းတယ်ထင်လို့ငွေတောင်ပေးလိုက်သေးတယ်၊စကားလေးတွေကတော့
ချောနေတာပါပဲ။

ဒီစကားတွေကကျင့်ကြံအားထုတ်ရန် ခက်ခဲနေပါသလား? သတိလေးအမြဲကပ်၍ တဖြည်းဖြည်း ကြိုးစားသွားရင် ကျင့်လို့ ရသွားနိုင်ပါတယ်။ သိကြသူများကတောင် မကျင့်ပါက မသိသူများ အတွက်ဆို ပြောစရာဘယ်မှာရှိတော့အံ့နည်း။

အသိသည် အသိသာ အကျင့်မဟုတ် ဆိုသည်ထက် သိ၍ ကျင့်သည် ဆိုတာမျိုး ဖြစ်သင့်ပါပြီ။
လိမ်ပြောတတ်သူသည် အမှန်ပြောသည့် တိုင်အောင် ယုံကြည်ခြင်းမခံရတတ်ပါ" ဆိုတဲ့စကားက သက်သေအဖြစ်ကြားဖူးကြပါလိမ့်မယ်။

အမှန်တရားကို လိမ်ပြောရန် မလိုအပ်လှပါ။ အမှန်တိုင်းပြော၍ သေဒဏ်ချခံရတဲ့အမှုမှာ သေဒဏ်ချခံရခြင်းမရှိဘဲ ရွှေစလွယ် ချီးမြှင့်ခံရကြောင်း ဆရာတော်တစ်ပါး၏ သြဝါဒကို နည်းနည်းလေးပြောပြချင်ပါတယ်။

ရှေးရှေးတုန်းက ဘုရင်တစ်ပါးဟာ သူစားမယ့်အစား ပွဲတော်အုပ်ကို လှူပြီးမှ စားလေ့ရှိသတဲ့။ တစ်နေ့သော် ရဟန်းတစ်ပါး နန်းတော်ကို ဆွမ်းခံကြွလာတာကို တွေ့၍ ဆွမ်းလှူပါတယ်။

ပြီးတော့ သူလှူလိုက်တဲ့ ဆွမ်းအတွက် ပီတိဇောအဟုန်ပြင်းတာကြောင့် ရဲမက်အစောင့်ဗိုလ်ပါနှစ်ယောက်အား ရဟန်းနောက် လိုက်ကြည့်ရန်နဲ့ သူ၏အလှူမှာ မည်မျှ အကျိုးကြီးကြောင်းပြန်လည်လျှောက်တင်ရန် မိန့်ကြားလိုက်ပါတယ်။

အစောင့်နှစ်ယောက်ကလည်း ရဟန်းနောက်တစ်ကောက်ကောက် လိုက်ရှာပါတယ်။ မြို့ကိုလွန်သွားပြီး မြို့အထွက် ဇရပ်တစ်ခုကိုရောက်ပါတယ်။ ရဟန်းမှာ ဇရပ်ပေါ်အရောက်၌ သင်္ကန်းကို ခွာ လူဝတ်လဲပြီး ဇရပ်ပေါ်ရှိ မိသားစုနှင့်အတူ ဆွမ်းခံရလာသော ဆွမ်းများကို စားသောက်ကြတယ်။

ရဟန်းအသွင်ဆောင်ထားတဲ့ လူဝတ်ကြောင်တစ်ယောက်သာဖြစ်တယ် ဆိုတာကို တွေ့သွားတဲ့ အစောင့်နှစ်ယောက် နန်းတော်ကို ပြန်လာပါတယ်။

ပထမအစောင့်က ဘုရင်ကြီးအား "ဘုန်းဘုရား ဆွမ်းလှူလိုက်သော ရဟန်းမှာ ရဟန်းအတု ဖြစ်ပါတယ် ဘုရား။ မြို့အစွန်၌ မိသားစုနှင့် ပါလာသော စားသောက်ဖွယ်ရာများကို စားသောက်နေကြောင်းပါ ဘုရား"လို့ အမှန်အတိုင်း လျှောက်တင် လိုက်ပါတယ်။

အဲလိုလျှောက်တင်တဲ့ အစောင့်ကို ဘုရင်က သူလှူလိုက်သော ရဟန်းအား ဤသို့ပြောရကောင်းလား ဆိုပြီး သေဒဏ်ပေးလိုက်ပါတယ်။

ဒုတိယအစောင့်ကတော့ "ဘုန်းတော် ကြီးမြတ်လှပါသော အရှင်မြတ်ဘုရား အရှင်မင်းမြတ် ဆွမ်းအလှူပြုလိုက်သော ရဟန်းသည် ဤမြို့အလွန်၌ ဇရပ်တခုပေါ်အရောက် ရဟန်းအသွင် ပျောက်သွားပါတယ်ဘုရား" လို့ လျှောက်တင် လိုက်လို့ ရွှေစလွယ် ချီးမြှင့်ခြင်း ခံရပါတယ်။

ဒီဥပမာကို ကြည့်ပြီးတော့ ကျွန်ုပ်တို့သည်လည်း အမှန်တရားကို ရွှေစလွယ်ရအောင် ပြောတတ်ဖို့ အလွန် အရေးကြီးပါတယ်။ လိမ်ပြောမှရမယ့် အခြေအနေမှာ လိမ်မပြောဘဲ သတိကပ်ပြီးတော့ ရွှေစလွယ် ရအောင် ပြောဆိုတတ်ဖို့ လိုပါတယ်။

ဘာပဲဖြစ်နေနေ ငါးပါးအကျိုးမခံဘူးဟု သန္ဓိဋ္ဌာန်ချ ကြိုးစားကြမှသာ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါမယ်။ ကံသုံးပါးနှင့် ငါးပါးသီလကို မဖြစ်မနေ ခါးဝတ်ပုဆိုးကဲ့သို့စောင့်ထိန်းကြဖို့ အလေးအနက်ထားဖို့လိုပါတယ်။

တချို့ကလွယ်လွယ်ပြောကြတယ် မုသားမပါ လင်္ကာမချောတဲ့ ...ဒီစကားဟာ မိုက်မဲတဲ့သူတွေနှင့်အပေါင်းပါများ ဖြစ်ရန် ပါရမီဖြည့်နေသူများ၏ ဆင်ခြေစကား လို့ပြောရင် ရနိုင်မလား။

ဒီဆုတ်ယုတ်နေတဲ့ ခေတ်ကတော့ ပြန်လှည့်လို့ မရနိုင်တော့ပါ မြစ်တွေ ပြောင်းပြန် စီးဆင်းလို့ မရဆိုတဲ့ဥပမာရှိပေမဲ့ (ဂင်္ဂါမြစ်မပါ)ကိုယ်သိတဲ့ ဓမ္မ ကိုယ်ကိုယ်တိုင် ကျင့်လို့ရပါတယ်။ သူတပါးအား ပြောပြ လမ်းညွန်ပေးနေရုံနှင့် မလုံလောက်လှပါဘူး ကိုယ်တိုင်ကျင့်မှကိုယ်တိုင်ရတဲ့။

တန်ဖိုးထားတတ်မှ တန်ဖိုးရပါလိမ့်မယ်။ တန်ဖိုးထားရင် ထားသလောက် တန်ဖိုးတက်လာပါလိမ့်မယ်။ ဆုတ်ယုတ်နေတဲ့ ခေတ်ကို အဆင်း ဘီးတပ်ပေးနေသလို ဖြစ်နေပါတယ်။ အကြောင်းကောင်းမှအကျိုးကောင်းမည် မဟုတ်ပါလား။

အနှိုင်းမဲ့ ဖြူစင်မြင့်မြတ် အေးချမ်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာ အရာအားလုံး ကောင်းဖို့ အရေးကြီးသည်ကို မှန်ကန်စွာ နှလုံးသွင်း၍ မွန်မြတ်သန့်စင်သော အထက်တန်းကျ ကျလူတန်ဖိုးရှိတွေဖြစ်ဖို့လိုနေပြီ ဘာမှမဟုတ်တဲ့စကားလေးကြောင့်သင့်ဘဝမနှောက်နှေးပါစေနဲ့။

ခုလိုဘာမဟုတ်တဲ့စကားလေးကိုပြောလိုက်လို့ဘာမှမဖြစ်ဘူးလို့တော့မထင်လိုက်ပါနဲ့ ဝစီဘေဒထိတိုင်းရှတဲ့သင့်ရဲ့စကားသင့်ဆီပြန်လာရင်သင်အတွက်အခက်ကြီးခက်နေလိမ့်မယ်၊ကိုယ်
ပြောလိုက်တဲ့မုသားစကားကြောင့်အောက်မှာဖော်ပြထားသည့်အတိုင်းအကျိုးရရှိနိုင်မှာဖြစ်ပါတယ်။

မုသားလိမ်ညာပြောဆိုသူတို့အပြစ် (ဆယ့်ငါးပါး)

ရုပ်ရည်အဆင်းမလှမပဖြစ်ခြင်း

သွားမညီခြင်း

သာယာသောအသံမရှိခြင်း

ဝလွန်းဆူလွန်းခြင်း

ပိန်လွန်းသေးလွန်းခြင်း

အလွန်အရပ်ပုခြင်း

အလွန်အရပ်ရှည်ခြင်း

အသားရေကြမ်းတမ်းခြင်း

ပါးစပ်ပုတ်ခြင်း

ဆွံ့အခြင်း

တပါးသူယုံကြည်မှုကိုမရခြင်း

စကားမပီခြင်း

မိုက်မဲတွေဝေခြင်း

အသိဥာဏ်နည်းပါးခြင်း

ပွဲအလယ်ဝယ်ကြောက်တတ်ခြင်းတို့ပဲဖြစ်ပါတယ်။

သတ္တပုတ္တခါဒကဝတ္ထုမှာလည်းမုသားစကားကြောင့် ညစဉ်ညတိုင်း ကလေးခုနှစ်ယောက်မွေးပြီးကိုယ်သားကိုပြန်စားရတဲ့သာဓကတွေလည်းရှိပါတယ်။

နောက်ဆုံးစကားအနေနဲ့…စာရေးသူဆရာပြောပြခဲ့တဲ့စကားလေးနဲ့အဆုံးသတ်ချင်ပါတယ်..
တချို့ကသီလစောင့်ထိန်းကြတယ် ကိုယ်စောင့်သီလကအမြတ်လား အယုတ်လား သေချာစဉ်းစားပါသီလစောင့်ထိန်းရင်းမုသားစကားတွေပြောနေကြတယ်။

အေး..

ဟီနသီလဆိုရင်တော့အောက်သွား

မဇ္ဈိမသီလဆိုရင်တော့ နတ်ပြည်သွား

ပဏီတသီလဆိုရင်တော့ နိဗ္ဗာန်သွားတဲ့။

ကိုယ့်လမ်းကိုရွေး ကိုယ့်လမ်းကိုဖောက်ကြပေါ့တဲ့။ ကဲ့စာရှု့သူတို့ကိုလည်းပြောချင်ပါတယ် အယုတ်လား အလတ်လား အမြတ်လား ကြိုက်တာရွေးဖောက်….

Train yourself, “I will not tell a deliberate lie even in jest”. ဟာသ သဘောမျိုးနဲ့တောင် ချွတ်ယွင်းသောစကားကိုမပြောဆိုအပ် မိမိကိုယ်တိုင်ကျင့်ရမည်တဲ့။

.....ဓမ္မစမ်းရေ