Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 5 août 2013

ဒုဂ္ဂတိဘုံဘဝသို့ရောက်မည့်အကြောင်းတရားငါးပါး



ယုံကြည်မှုသဒ္ဓါတရားမရှိသောသူ

ဟိရီ ရှက်မှုမရှိသောသူ (မကောင်းမှုပြုလုပ်ရာတွင်)

ကြောက်လန့်မှု သြတ္တပ္ပမရှိသောသူ (မကောင်းမှုပြုလုပ်ရာတွင်)

ပျင်းရိခြင်းရှိသောသူ (ကောင်းမှုပြုရာတွင်)

ပညာမဲ့သောသူ
 
ထိုငါးပါးကိုမြတ်ဘုရား သေခဗလဝဂ် ဒုက္ခသုတ်မှာဟောထားပါတယ်။။

ဓမ္မစမ်းရေ..

vendredi 2 août 2013

မိဘတို့ကသားသမီးများအပေါ်မျှော်လင့်ကြသောအရာငါးပါး




၁..ငါတို့မွေးမြူထားသော သားသမီးတို့သည် ငါတို့အားပြန်လည်လုပ်ကျွေးပေလိမ့်မည်


၂..ငါတို့၏အမှုကိစ္စကိုပြုလုပ်ပေးလိမ့်မည်


၃..အမျိုးဆက်သည်ရှည်မြင့်စွာတည်ပေလိမ့်မည်


၎..အမွေခံဖြစ်ပေလိမ့်မည်


၅..ဘဝတပါးသို့ပြောင်းသွားသောငါတို့အားအာရုံမှားခဲ့လို့မကောင်းသောဘုံဋ္ဌာနသို့ရောက်ခဲ့သော် ကုသိုလ်ပြု၍ အမျှပေးဝေကြလိမ့်မည်။ ဟူသော မျှော်လင့်ချက်ငါးပါးကိုမိဘတိုင်းထားရှိကြပါတယ်။


ထိုအကြောင်းတရားငါးပါးကို သုမနဝဂ် ပုတ္တသုတ်မှာမြတ်ဘုရားဟောကြားထားပါတယ် အားလုံးမိဘတို့မျှော်လင့်ချက်ငါးပါးကိုဖြည့်ဆည်းနိုင်ကြပါစေ… ဓမ္မစမ်းရေ..

jeudi 1 août 2013

"ဗုဒ္ဓဘာသာ ငါးမျိုး"




ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရား တောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟုဟောတော်မူ ထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့…
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
------------------------------------------------
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။
အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင်
သားသမီးကလည်း ခရစ်ယာန် မိဘက အစ္စလာမ်ဆိုရင်
သားသမီးကလည်း အစ္စလာမ်။

ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက
ဗုဒ္ဓဘာသာ ဖြစ်လာရတယ်။
ဘုရားရှင် ဘာလို့ ပွင့်မှန်း မသိ။
ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ
ဘာပြော မှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချ နေမှန်းကို
မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။
လုပ်တော့ လုပ်နေ တာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
-----------------------------
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့
ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ
ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ် တယ်ဆိုပြီး
ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။
ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင်
ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့
လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ် ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။
အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။
အိမ်နေရာ ပြောင်းမယ်ဆိုရင် တောင်မှ
ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊
ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ၊
ဘွားတော်ပုံတွေ တင်ထားတာတွေ၊
ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ
ကိုးကွယ်တာ တွေ၊ ဗေဒင်တွေ ယုံကြည်ပြီး
ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ
လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ
(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
--------------------------------------------------------------------
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့
ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊
ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့
ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။

ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ ၊
အစလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ
ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊
လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊
ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။
ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။

ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။
ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေ ကို မြတ်စွာဘုရားက
သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့
လိမ်စားနေတဲ့ သူတွေက လိမ်လို့ ကောင်းနေပါတယ်။
ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကို လည်း လောင်းလှူရသေး သာသနာတော်ကိုလည်း
သင်္ကန်း ဆွမ်းကျောင်းဆေး ၊ ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။
ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ။
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊
ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
-----------------------------
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို
အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာကို တကယ်သက်ဝင်
ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း
မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း
ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။

သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာ
သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ
ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ
ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံ သွားကြပါတယ်။
နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။
"အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအားကိုးကွယ်ပါ၏"
ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။
မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို
ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ
လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။

ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင် တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ
ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာရဲ့  ကျေးဇူးပါ။
ဘုရားရှင်ဟော တော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာ တရားတွေ
ဒီတရား တွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေကစောင့်ရှောက် ထားတာပါ။
သံဃာာတော်ကို ယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည် တဲ့ "သမ္မာသဒ္ဓါ ယုံကြည်မှု"။

မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။
အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ
"မိစ္ဆာသဒ္ဓါ"။

လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာ ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဗုဒ္ဓရဲ့ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့၊
အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့
ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။

အနှစ်သာရမရှိတာကို မရှိ ဘူးလို့ သိတယ်။
အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။
မှန်တာ ကို မှန်တယ်လို့ သိတယ်။
သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊
အမှန်လမ်းကို ဆောင်တာ သည့် သမ္မာသဒ္ဓါ ရှိတဲ့
သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
--------------------------------
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့
ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။

တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။
ထိုသို့ သိတာကို ပညာဟု ခေါ်ပါ တယ်။

သစ္စာလေးပါးတရားတော်ကို အသေအချာ
ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေ ကို သိတဲ့ဗုဒ္ဓဘာသာ ၊
ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။
ပညာဓိက ဗုဒ္ဓဘာသာပါ။

ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ်
လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို
သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။
ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။

သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင်
အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ
လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။

သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ
ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။

ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ
"အထက်တန်းစား ဗုဒ္ဓဘာသာ" ပါ။

(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို
အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ်
ဓမရံသီရိပ်သာ ပဓာန နာယက ကမ္မဋ္ဌာနစရိယ
နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တသုနန္ဒ
ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့်
သစ္စာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း
ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ် တွင်ထပ်ပြီး
လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ…။)

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ် ဝတည်းပြည့်စုံပါစေ။
ဓမ္မစမ်းရေ...

mardi 30 juillet 2013

သူယုတ်မာနဲ့ သူတော်ကောင်းခွဲခြားနိုင်ဖို့



မြတ်ဗုဒ္ဓဝဇ္ဇီတိုင်းဘဏ္ဍာ့ရွာမှာသီတင်းသုံးတော်မူခိုက်ရဟန်းတွေကို
သူယုတ်မာနဲ့သူတော်ကောင်းခွဲခြားနိုင်ဖို့မြတ်ဗုဒ္ဓကခုလိုလေးမိန့်တော်မူခဲ့ပါတယ်။

ရဟန်းတို့ တရား လေးမျိုးတို့နှင့်ပြည့်စုံသော သူကို သူယုတ်ဟု သိအပ်၏။

အဘယ်လေးမျိုးတို့နည်း ဟူမူ-
၁..ရဟန်းတို့ ဤလောက၌ သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးသည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၂...ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၃...ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၎...ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း၊

ရဟန်းတို့..ဤတရားလေးမျိုးတို့နှင့်ပြည့်စုံသူကိုသူယုတ်ဟုသိအပ်၏။


ရဟန်းတို့..အောက်ဖော်ပြပါဤတရားလေးမျိုးတို့နှင့်ပြည့်စုံသူကိုသူတော်ကောင်းဟုသိအပ်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁...ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု။ မမေးသော်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှု ဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး၏ ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း''ဟုသိရမည့်အကြောင်းတည်း။

၂...ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည် ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး၏ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း''ဟု သိရမည့် အကြောင်းတည်း။

၃...ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

၎...ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိအပ်၏။
ရဟန်းတို့ ချွေးမကို အကြင် ညဥ့်၌သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း ခေါ်ဆောင်လာခဲ့၏၊ ထို ခေါ်ဆောင်လာသော ညဥ့်နေ့၌သာလျှင် ထို ချွေးမအား ယောက္ခမမိန်းမသူ၌ လည်းကောင်း၊ ယောက္ခမ ယောက်ျားသူ၌လည်းကောင်း၊ လင်၌လည်းကောင်း၊ အယုတ်သဖြင့် ကျွန်အမှုလုပ် ယောက်ျားတို့၌ လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏၊ ထို ချွေးမသည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ယောက္ခမမိန်းမသူကိုလည်းကောင်း၊ ယောက္ခမ ယောက်ျားသူကို လည်းကောင်း၊ လင်ကိုလည်းကောင်း ''ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း'' ဟု ဆိုသကဲ့သို့၊

ဤအတူ သာလျှင်...

ဤသာသနာတော်၌ အချို့သောရဟန်းသည် အကြင် ညဥ့်၌သော် လည်းကောင်း၊ အကြင် နေ့၌သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏၊ ထို ဝင်ရောက်ရဟန်းပြုသော ညဥ့်နေ့၌သာလျှင် ထိုရဟန်းသစ်အား ရဟန်းတို့၌ လည်းကောင်း၊ ရဟန်းမိန်းမတို့၌လည်းကောင်း၊ ဥပါသကာ ယောက်ျားတို့၌ လည်းကောင်း၊ ဥပါသိကာ မိန်းမတို့၌ လည်းကောင်း၊ အယုတ်သဖြင့် အရံစောင့် သာမဏေတို့၌ လည်းကောင်း လွန်ကဲသော အရှက် အကြောက်သည် ရှေးရှုတည်၏၊ ထိုရဟန်းသစ်သည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ဆရာကို လည်းကောင်း၊ ဥပဇ္ဈာယ်ကိုလည်းကောင်း၊ ''ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း'' ဟု ဆို၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ ''ရောက်လာခါစ ချွေးမနှင့် တူသော စိတ်ဖြင့် နေအံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု မိန့်တော်မူ၏။ ဓမ္မစမ်းရေ..

၃ - သပ္ပုရိသသုတ်၊ မှ၊ အပဏ္ဏကဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

ဂုဏ်တော်ကိုးပါးနဲ့ပုတီးစိပ်သူတွေအတွက်

ဘုရားဂုဏ်တော်ကိုးပါးနှင့်ပုတီးစိပ်သူတွေအတွက် ဂုဏ်တော်တပါးချင်းဆီရဲ့အကျိုးရလာဒ်ကလေးတွေရဲ့အကြောင်းသိရအောင်ရှင်းပြလိုပါတယ်။ 

ဥပုသ်ဝါတွင်းကာလဆိုတော့ဗုဒ္ဓဘာသာဝင်တွေအဓိဋ္ဌာန်ပုတီးလေးတွေစိပ်တတ်တော့
အကျိုးရလာဘ်သိထားတော့ပိုပြီးပြည့်စုံတာပေါ့။

ဘုရားဂုဏ်တော်ကကိုးပါးဆိုတော့ တချို့ကပျင်းမယ်လေ ဘယ်ဂုဏ်တော်စိပ်ရင်ကိုယ်နဲ့သင့်တော်မယ်ဆိုတာရွေးချယ်လိုသူတွေအတွက်သင့်လျှော်မယ်ထင်ပါတယ်။

ကဲရှင်းကြစို့
အရဟံ ဂုဏ်တော် ..ကိုပွားသူတွေအတွက်ကတော့လာဘ်လာဘပေါများလိုသူတွေအတွက်ပဲဖြစ်ပါတယ် (အရဟံ မပြတ်ပွား လာဘ်ပွား၍ တိုးသလေ)ဒါကြောင့်လာဘ်လာဘပေါများချင်သူတိုင်း အရဟံဂုဏ်တော်ကိုစိပ်ပါ။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်..ပွားသူတွေအတွက်ကတော့ ကျောင်းသားတွေနဲ့သင့်လျော်ပါတယ် ဘာကြောင့်လဲဆိုရင်ဥာဏ်ပညာကြီးမားတယ်ဆိုတဲ့အကျိုးရနေလို့ပါ( သမ္မုဒ္ဓေ ပွားလေရာ ထက်မြက်လေ ဥာဏ်ပွား)ဆိုထားတာကိုး

ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ပွားသူတွေအတွက်ကတော့ မိမိကြံစည်ထားတာတွေအားလုံးပြီးစီးသူချင်များပွားနိုင်ပါတယ် ဘာကြောင့်လဲဆိုရင် ( ဝိဇ္ဇာစ သမ္ပန္နာ ကြံဖန်ရာ ပြီးချက်ကများ) ဒါကြောင့် မိမိကြံစည်ထားတာတွေအောင်မြင်ပြီးမြောက်ချင်သူတွေကတော့ စိပ်ပါ..

သုဂတဂုဏ်တော်ကိုပွားများသူတွေအတွက်ကတော့ ဘယ်နေရာသွားသွားကိုယ်ကအနိုင်ချည်းပဲအနိုင်ရပါတယ် (သုဂတပွားလေရာ ကိုယ်ကသာနိုင်သား)ဆိုထားတာကိုး။

လောကဝိဒူ ဂုဏ်တော်ပွားများသူတွေအတွက်တော့ ဂုဏ်ဒြပ်တွေပွားများပါတယ်တဲ့(လောကမှာဘက်စုံပွားပါလို့ ဒြပ်ဂုဏ်ပွားနှစ်ဖြာ)

အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်ပွားများသူတွေအတွက်ကတော့ ဘယ်နေရာမှာဘာအကြောင်းနဲ့ယှဉ်ပြိုင်ချင်ယှဉ်ပြိုင်ချင် ကိုယ်ကသာနိုင်တယ်တဲ့ နောက်ပြီး လူဆိုးသူခိုးတွေရဲ့ဘေးအန္တရာယ်မဖြစ်နိုင်ဘူးတဲ့( အနုတ္တရော ဆိုးသူကင်းတာပ ပြိုင်ဘက်ကင်းဖြစ်ရမျန်စွာ)

သတ္ထာဒေဝမနုဿာနဂုဏ်တော်ပွားသူတွေအတွက်ကတော့ မိမိရဲ့ကဘာအန္တရာယ်ကြုံကြုံ မိတ်ဆွေတွေကကူညီကြပါလိမ့်မယ်တဲ့(သတ္ထာပေါင်း ပေါင်းအာဏာ ပေါင်းသဟာကူညီကြလို့)ဆိုပြီးရှေးပညာရှင်တွေကစပ်ဆိုထားတယ်လေ..

ဗုဒ္ဓေါ ဂုဏ်တော်ပွားသူတွေအတွက်ကတော့ သူတပါးကမိမိကို ကောင်းတာကြံနေတာလား မကောင်းတာကြံနေတာလားဆိုတာသိနေတတ်တယ်တဲ့ ခြုံပြောရရင် သူတပါးစိတ်ကိုစိတ်ထားကိုသိနေတဲ့သဘောပေါ့( ဗုဒ္ဓေါပ သူ့စိတ်မူ သိလိမ့်ဟု)တဲ့လေ

ဘဂဝါဂုဏ်တော်ပွားများသူတွေအတွက်ကတော့ မိမိကို သူတပါးကပုန်မကန်နိုင်ဘူးတဲ့ ဘုန်းကံကြီးမားတယ်တဲ့ (ဘဂဝါကားဘုန်းလျှံဆူသည် ပုန်ကံသူမရှိဘူးတဲ့လေး)လို့စပ်ဆိုထားပြန်ကိုး။

တခုချင်းစီရဲ့အကျိုးရလာဘ်ကိုလိုချင်သူများဂုဏ်တော်တခုချင်းစီစိပ်နိုင်ကြပါတယ် အကုန်လုံးရဲ့အကျိုးရလာဘ်ကိုလိုချင်သူတွေကတော့ကိုးပါးလုံးစိပ်နိုင်ကြပါပြီ အားလုံးမြတ်ဘုရားရဲ့ဂုဏ်တော်ကိုနာနာပွားနိုင်ကြပါစေ…ဓမ္မစမ်းရေ...