Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 20 janvier 2014

လောကပါလ



လောကမှာလောကပါလလို့ခေါ်တဲ့တရားနှစ်ပါးရှိတယ် ဒီတရားနှစ်ပါးဟာ တကယ့်တန်ဖိုးရှိတဲ့တရားနှစ်ပါးပဲ ဒီတရားနှစ်ပါးမရှိရင် လောကကြီးဟာပျက်စီးတာပဲ ဒါကြောင့်မို့ လောကပါလလောကကိုစောင့်ရှောက်တဲ့တရားလို့ခေါ်တာပေါ့။

မြတ်ဘုရားကတော့လူဟာ လောကပါလတရားနှစ်ပါးမရှိရင်တိရစ္ဆာန်နဲ့အတူတူပါပဲ ဒီတရားနှစ်ပါးဟာလောကကြီးကိုကာကွယ်စောင့်ရှောက်တဲ့တရားနှစ်ပါးပဲဒါကြောင့်စာရေးသူပြောချင်တာကမိမိရဲ့ဂုဏ်သိက္ခာကိုဘ၀အတွက်ရိက္ခာဖြစ်တဲ့ငွေကျေးဥစ္စာနဲ့ဘယ်သောအခါမှ
မလဲမိပါစေနဲ့ ရလာတဲ့တခဏတာဘ၀လေးကို အကျိုးရှိရှိ အသုံးချတတ်ဖို့တိုက်တွန်းလိုပါတယ်။


ဒီတရားနှစ်ပါးကဘာလဲဆိုတော့ ဟိရိနှင့်သြတ္တပ္ပတရားနှစ်ပါးပါပဲ ဟိရီနဲ့သြတ္တပ္ပကို လောကလူတွေတင် အလေးထားကြသည်မဟုတ် နတ်တွေလည်းအလေးထားကြတယ်။

ဒီတရားနှစ်ပါးအကြောင်းကို ဣတိဝုတ်၊ သုက္ကဓမ္မသုတ်မှာ ဒီလိုပြောထားပါတယ်။ ဟိရိ အတ္တာဓိပတေယျ အဇ္ဈတ္တသမုဋ္ဌာန (ကိုယ့်ကိုယ်ကို ရှက်ခြင်း)၊ သြတ္တပ္ပ လောကာဓိပတေယျ ဗဟိဒ္ဓါသမုဋ္ဌာန (ပတ်ဝန်းကျင်ကို ရှက်ခြင်း)ဆိုပြီးပြောထားပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုရှက်တာဟာ ဟိရိ၊ ပတ်ဝန်းကျင်ကို ရှက်တာဟာ သြတ္တပ္ပ ပါ။

နတ်တို့လည်းလောကပါလတရားနှစ်ပါးကိုလေးစားပုံကိုဒေဝဓမ္မဇာတ်တော်မှာဟောထားတာလေးရှိတယ် ကဲ စာရှု့သူတို့ဖတ်ကြည့်ကြပါအုံးလား။

ငါးရာငါးဆယ်ဇာတ်ထဲမှာ ဒေဝဓမ္မဇာတ်ဆိုတာ ရှိတယ်၊ ဟိရီ, သြတ္တပ္ပကို ‘ဒေဝဓမ္မ’ - နတ်တို့ တန်ဖိုးထားတဲ့တရားလို့ ဒီလိုနာမည်ပေးတယ်၊ အဲဒီ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းတယ်၊ ဘုရားအလောင်းက အဲဒီတုန်းက မဟိသာသကုမာရ လို့ခေါ်တယ်၊ သူ့ရဲ့ ညီငယ် ၂-ယောက်မှာ တစ်ယောက်က စန္ဒကုမာရ, တစ်ယောက်က သူရိယကုမာရဆိုပြီး ညီအစ်ကို ၃-ယောက်၊ အကြောင်းတစ်ခုကြောင့် တောထဲ ရောက်သွားကြတယ်။

တောထဲရောက်တဲ့ အခါကျတော့ မောမော ပန်းပန်းနဲ့ ရေသောက်ချင်တာ တောထဲ အိုင်တွေမှာ ရေရှာခိုင်းတာပေါ့၊ အငယ်ဆုံး သူရိယကုမာရကို လွှတ်လိုက်တယ်၊ “ကဲ သွား၊ မင်းလည်းရေသောက်၊ တို့အတွက်လည်း ရေခပ်ခဲ့” ဆိုပြီးတော့ ရေသွားရှာခိုင်းတာ။


တောထဲဆိုတာက အလွန် အန္တရာယ်များတာ၊ ရေကန်ကြီးတခု တွေ့တယ်၊ အိုရေတွေက ကြည်စိမ်းနေတာပဲ၊ သူရိယကုမာရဆိုတာ လူကလည်း ခပ်ငယ်ငယ်၊ ဆင်ခြင်ဉာဏ်ကလည်း သိပ်မရှိဘူး၊ ရေမြင်လိုက်တာနဲ့ မောမောပန်းပန်း အိုက်တာနဲ့ ရေကန်ထဲကို ဆင်းဖို့ကြိုးစားတာ၊

ရေကန်ထဲလည်း ဆင်းလိုက်ရော လက်မည်းကြီးနဲ့ ဖမ်းဆွဲထားလိုက်တာ၊ ဘီလူးလက်ထဲ ရောက်သွားတာ၊ အဲဒီရေကန်ကြီးကရက္ခသ စောင့်ရှောက်တဲ့ ရေကန်ကြီး ဖြစ်တယ်၊ ဗမာတွေက ရက္ခိုသ်လို့ခေါ်တယ်၊ ရက္ခိုသ်ရဲ့ အဓိပ္ပါယ်က ရိက္ခတွာ အသတိ စောင့်ပြီး စားတာ၊ ဒီနေရှာမှာ ဘီလူးက စောင့်နေတာ၊ စောင့်နေပြီး ဒီထဲဝင်လာရင်တော့ ဖမ်းစားတာ၊ ပင့်ကူလိုပဲ ဘီလူးက အဲဒီမင်းသားလေးကို ဖမ်းထားလိုက်ရော၊ သူ့ရေကန်ထဲ ဆင်းတဲ့လူကို သူက ဖမ်းခွင့်ရှိတယ်။

ဖမ်းပြီးတော့ သူစားနိုင်ခွင့်က ဘာတုန်းဆိုရင် သူ့မေးခွန်းကို ဖြေရမယ်၊ သူက ဘာမေးတုန်းဆိုတော့ “မင်း ဒေဝဓမ္မဆိုတာ သိလား” ဆိုတဲ့ မေးခွန်းကို မေးတာ၊ ဒေဝဓမ္မဆိုတာ ဘာလဲ၊ နတ်တွေ တန်ဖိုးထားတဲ့ တရားဆိုတာ ဘာလဲလို့ မေးတာ၊ မေးတော့ ဘာမှ မသိဘူး၊ ကြောက်ကြောက်လန့်လန့်နဲ့ ဖြေတာပေါ့၊ ဒေဝဓမ္မ ဆိုတာ “နေ,လ ခေါ်တာပါ” လို့ဆိုတော့ “ဟာ ဒီကောင်မသိဘူး၊ ဖြီးတယ်” ဆိုပြီတော့ လှောင့်ချိုင့်ထဲ ထည့်ထားလိုက်တယ်။

အဲဒီလိုနဲ့ သူရိယကုမာရ ပြန်ရောက်မလာတဲ့အခါ တစ်စုံတစ်ခုဖြစ်နေပြီလား မသိဘူး၊ မင်း ညီငယ်နောက် လိုက်သွား ဆိုတော့ စန္ဒကုမာရ လိုက်လာပြန်ရော၊ လိုက်လာတော့ သူကလည်း မောမောပန်းပန်းနဲ့ ရေဆာလှပြီ၊ သူကလည်းပဲ ဆင်ခြင်ဉာဏ် သိပ်မရှိဘူး၊ ရေ အရင်ချိုးလိုက်ဦးမယ် ဆိုပြီးတော့ ရေချိုးဖို့ ရေကန်ထဲ အဆင်းမှာ ခုနက လက်မည်းကြီးနဲ့ ဖမ်းထားလိုက်ပြန်ရော၊

သူ့ကို ဖမ်ထားပြီး ခုနက မေးခွန်းမေးတာပဲ “မင်း ဒေဝဓမ္မဆိုတာ သိလား” ဆိုတော့ “ဒေဝဓမ္မဆိုတာ အရပ်လေးမျက်နှာကို ပြောတာပါ” လို့ ရမ်းဖြေတာ၊ ညီငယ် နှစ်ယောက်စလုံးဟာ အဖြေ မမှန်ဘူး၊ မမှန်တော့ ဖမ်းထားတာ ခံလိုက်ကြရတယ်။

အဲဒီကျတော့ ဘုရားအလောင်း ကိုယ်တိုင် လိုက်လာတယ်၊ ဘုရားအလောင်းဆိုတာ စဉ်းစားဉာဏ် အလွန်ရှိတာနော်၊ ဘုရားရှင်ဖြစ်မှသတ္တဝါတွေအတွက်စဉ်းစားတာမဟုတ်ဘူး၊စဥ်းစားတဲ့ အလေ့အထဆိုတာ လုပ်ပေးရတယ်၊ ဉာဏ်ရည် ဉာဏ်သွေး ဆိုတာ စဉ်းစားမှထက်တာ၊

ဘုရားအလောင်းတွေဆိုတာ အမြဲတမ်း စဉ်းစားဉာဏ်ရှိတယ်၊ လိုက်လာပြီး ရေကန်မြင်တဲ့အခါ စဉ်းစားတယ်၊ ငါ့ညီ ၂-ယောက်လည်း ဒီလမ်းက သွားတာပဲ၊ လှည့်ပြီး အကဲခတ်တယ်၊ ခြေရာကို ဂရုစိုက်ကြည့်တယ်၊ ဘယ်ခြေရာပဲဖြစ်ဖြစ် ဒီကန်ဘက်ကိုသွားတဲ့ ခြေရာက အဆင်းခြေရာပဲ ရှိတယ်၊ အတက်ခြေရာ မရှိဘူးဆိုတာ သူ သတိထားမယ်တယ်။

ဒါမျိုးကိုစဉ်းစားဉာဏ်လို့ ခေါ်တယ်နော်၊အရာဝတ္ထုသေးသေးလေးဆိုပြီးမစဉ်းစားပဲမနေနဲ့ အဲဒီသေးသေးလေးကလည်း ပြဿနာကြီးကြီးတွေအတွက်အဖြေရတတ်တယ်။

ဘုရားလောင်းမှာ အရာခပ်သိမ်းမှာ စဉ်းစားတက်တယ်၊ တွေးခေါ်တက်တယ်၊ ခြေရာတွေ အကုန်လုံး အဆင်းခြေရာချည့်ပဲ၊ ပြန်တက်တဲ့ ခြေရာမရှိဘူး၊ ဧကန်တော့ ဒါဘီလူးစောင့်တဲ့ ရေကန်ဖြစ်မယ်၊ ဆင်းရင်တော့ လူဆင်းဆင်း၊ နွားဆင်းဆင်း ဘာကောင် ဆင်းဆင်း၊ အစားခံရမှာပဲ၊ ဘီလူးက သူ့ရေကန်ထဲ ဆင်းသမျှအကုန် ဖမ်းတာနော်။

အဲဒီတော့ ငါ့ညီငယ် ၂-ယောက်လည်း ဒီကောင်ဖမ်းတာဖြစ်မယ်ပေါ့၊ စဉ်းစားတယ်၊ မဆင်းဘူး၊ လှည့်ပတ်ပြီး ကြည့်တယ်၊ အကဲခတ်တယ်၊ ဒါပေမယ့် လက်ထဲမှာတော့ ဓားကိုမြဲမြဲ ဆုပ်ထားတယ်၊ အဲဒီလိုကြည့်ပြီး မဆင်းတော့ ဘီလူးက ဘာမှလုပ်လို့ မရဘူး၊ လုပ်မရတော့ သူက လာပြီးတော့ စည်းရုံးတာ၊ နောက်ကနေ ခြေသံပေးတယ်၊ လှည့်ကြည့်တော့ လူတစ်ယောက် အသွင်ဆောင်တယ်၊

ဟာ ခင်ဗျား ခရီးသွားနဲ့တူတယ်၊ ချွေးတွေ သံတွေနဲ့ပါလား၊ ဒီမယ်ဗျာ ရေကန်ကြီးက ရေတွေ အေးစိမ့်လို့ပဲ ချိုးပါလား၊ သူက ဆွဲဆောင်တယ်၊ သိပ်အေးတာပဲ၊ ရေကလည်း ရေချိုဗျ၊ ချိုးပါလား သောက်ပါလား ဆိုတော့ ဘုရားလောင်းက ပြောတဲ့အကောင်ကို ကြည့်တယ်၊ ဘီလူး ဆိုတဲ့ကောင်က နဖူးမောက်သတဲ့၊ နှာရောင်က နည်းနည်းကောက်သတဲ့၊ ဖနောင့်ကြည့်တော့ တိုတိုလေးတဲ့၊ အဲဒါကို အကဲခတ်တာ။

ဒီလိုအကဲခတ်ဖို့ဆိုတာလဲ လောကဗဟုသုတတွေရှိဖို့လိုတယ် ပညာဥာဏ်တွေရှိဖို့လိုတယ် ရှိပြီးသားပညာတွေအသုံးချတတ်ဖို့လိုတယ် ပညာသာတတ်ပြီးပြင်ပဗဟုသုတမရှိရင်လည်း လောကက နေလို့မရပြန်ဘူး။

လူမြင်ရင်လည်း အကဲခတ်မိပါစေနော်၊ ဒီလူရဲ့ အင်္ဂါလက္ခဏာကို အကဲခတ်တယ်၊ ဒီကောင်တော့ ဒီရေကန်စောင့်တဲ့ ဘီလူး ဖြစ်လောက်တယ်ဆိုပြီး ဓားကိုဆွဲထုတ်ပြီး “မင်း ဒီထဲစောင့်တဲ့ ဘီလူးမဟုတ်လား” လို့ မေးတော့ ဟိုက မလိမ်ရဲဘူး၊ ဟုတ်ပါတယ်၊ ငါ့ညီနှစ်ယောက် မင်း ဖမ်းထားတာ မဟုတ်လား” လို့ ဆိုတော့ “ဟုတ်ပါတယ်”၊

ဒါဖြင့် ဆင်းတဲ့လူတိုင်းမင်းစားနိုင်သလားလို့ ဆိုတော့ မဟုတ်ဘူးတဲ့၊ သူ့ကို ဝေဿဝဏ်နတ်မင်းကြီးက အပိုင်စား ပေးထားတာ ၊ ဆင်းတဲ့လူတိုင်းကိုတော့ မစားရဘူး၊

ဒေဝဒမ္မတရားကို မသိတဲ့သူကိုမှ စားခွင့်ပေးထားတာ၊ ဒါဖြင့် မင်းက ဒေဝဓမ္မဆိုတဲ့ တရားအဖြေကို သိချင်တယ်ပေါ့” လို့ဆိုတော့ သိချင်တယ်၊ မင်း ငါ ဟောပေးမယ်ပေါ့၊ ငါ ဟောမယ်၊ ငါအဖြေသိတယ်လို့ ပြောတော့ ကောင်းပြီ၊ အဲဒါကို သိပ်သိချင်တော့ ဟောမယ်ဆိုရင် ဟောပါဆိုတော့ “ဒီအတိုင်းတော့ မဟောနိုင်ဘူး၊ ငါ့မှာ ချွေးတွေနဲ့ ငါအရင် ရေချိုးရဦးမယ်”၊

ဘုရားလောင်းကလည်း အကြပ်ကိုင်တယ်၊ သူ ရေချိုးဖို့က အရေးကြီးတယ်လေ၊ ငါ ရေလည်း ဆာလှပြီ၊ အခု မဟောနိုင်သေးဘူး၊ ရေလည်း ချိုးချင်သေးတယ်ပေါ့၊ ဒီပုံနဲ့ ငါ မဟောနိုင်ဘူးဆိုတော့ ဟိုကရေတွေ ဘာတွေ လုပ်ပေးရတာပေါ့၊ တရားပလ္လင်တွေ ဘာတွေ ဆင်ပေးပြီးတော့မှ အဲဒီမှာ ဘုရားလောင်းက တရားဟောတယ်။

“ဟိရီ သြတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဟိရီနဲ့ သြတ္တပ္ပဆိုတာ ဒေဝဓမ္မပဲ၊ တခြားဟာကို ပြောတာ မဟုတ်ဘူး၊ သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ ပညာရှိ သူတော်ကောင်တွေက ပြောကြတယ်၊ ဟောဒီ ဟိရီနဲ့ သြတ္တပ္ပကို ဒေဝဓမ္မလို့ ခေါ်တာ၊ တခြားဟာ ခေါ်တာမဟုတ်ဘူးလို့ ဟောလိုက်တယ်။

အဲဒီမှာ ဘီလူးဟာ အဖြေမှန်ရပြီဆိုပြီးတော့ ဝမ်းသာသွားတယ်၊ တရားနာရတော့ သူ ဝမ်းသာတာပေါ့၊ ဝမ်းသာတော့ ဓမ္မပူဇာအနေနဲ့ ညီနှစ်ယောက်ထဲ တစ်ယောက်ပေးမယ်၊ လွှတ်ပေးမယ်၊ နှစ်ယောက်လုံးတော့ မပေးနိုင်ဘူး၊ ဘီလူးကလည်း ဈေးဆစ်သေးတယ်နော်။

ဓမ္မပူဇာအနေနဲ့ ညီနှစ်ယောက်ထဲက တစ်ယောက်ကို ပေးမယ်၊ ဘယ်သူ့ကို ယူမတုန်းဆိုတော့ ဘုရားအလောင်းက စဉ်းစားတယ်၊ ဘုရားအလောင်းဆိုတာ ဘာလုပ်လုပ် မစဉ်းစားဘဲ ဘာမှ မလုပ်ဘူး၊ အဲဒီတော့ ညီနှစ်ယောက်ထဲက တစ်ယောက်က အရင်း၊ စန္ဒကုမာရက အမေတူ, အဖေတူ၊ သူရိယကုမာရ ဆိုတာ အဖေသာ တူတာ၊ အမေကွဲတယ်၊ အဖေတူ အမေကွဲ၊ ဒါကြောင့် သူက ဘယ်သူ့ ရွေးမလဲဆိုတော့ အဖေတူ အမေကွဲဖြစ်တဲ့ သူရိယကုမာရလေးကို ရွေးလိုက်တယ်။

“အငယ် ကောင်လေးကိုပေး၊ ဓမ္မပူဇာ အနေနဲ့” ဆိုတော့ ဘီလူးကြီက “ဟား ဟား ဟားဟား” နဲ့ ရယ်ပြီး “ခင်ဗျား ဒေဝဓမ္မတော့ သိတယ်၊ ဒါပေမယ့် ခင်ဗျား မလိုက်နာဘူး၊ လောကကျင့်ဝတ်ကို ခင်ဗျား မလိုက်နာဘူး” တဲ့။ အဲဒီခေတ်က လောကကျင့်ဝတ်က ဘာတုံးဆိုရင် အကြီးကို ဦးစားပေးရတယ်၊ အငယ်ကို ဦးစားမပေးရဘူး၊ “ယေ ဝဎုာ မပစာယန္တိ၊ နရာဓမ္မဿ ကောဝိဒါ။”

အကြီးကို ဦးစားပေးပါတဲ့၊ ထုံးတမ်းစဉ်လာရှိတယ်၊ အကြီးနဲ့ အငယ်မှာ ခင်ဗျားက အငယ်ကို ဦစားပေးတယ် ဆိုတော့ ခင်ဗျားက လောကကျင့်ထုံးကို မလိုက်နာဘူတဲ့၊ ဒေဝဓမ္မတော့ သိပါတယ်၊ ခင်ဗျား ဒီဘက်တော့ လိုတယ်ပေါ့။

အဲဒီကျတော့မှ ဘုရားအလောင်းက “ငါ သိတယ်၊ ငါ မလိုက်နာတာ မဟုတ်ဘူး၊ ငါတို့ တောထဲထွက်လာရတာ သူ့ကြောင့်မို့ ထွက်လာရတာ၊ သူ ပြဿနာကောင်၊ ဘာဖြစ်လို့တုန်းဆိုတော့ သူ့အမေက သူ့ကို ဘုရင်မြှောက်ဖို့ အတင်းပြောလို့ တို့အဖေကနေ မင်းတို့ တောထဲ ရှောင်နေကြဦးဆိုလို့ တို့တတွေ ထွက်လာခဲ့တာ၊ ဒီကောင်က ပြဿနာကောင်ဖြစ်လို့ တောထဲမှာ ဘီလူး စားသွားတယ်လို့ ငါတို့ပြောရင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး၊ ဒီကောင်ကို ဖျောက်ခဲ့တာလို့ပဲ ထင်ကြမှာ၊

ဘာဖြစ်လို့တုန်းဆိုတော့ အဖေတူ အမေကွဲ ကောင်းလေးတွေ ခေါ်သွားပြီး သတ်ပစ်ခဲ့ကြပြီးတော့ ဘီလူးစားတယ်လို့ လိမ်ပြောတယ်လို့ ငါတို့ အဲဒီလို အစွပ်စွဲခံရမှာ၊ ဒီပြဿနာကို ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ငါ ဒေဝဓမ္မကို သိတယ်၊ ငါ မလိုက်နာလို့ မဟုတ်ဘူး၊ ဒီလို ပြဿနာရှိလို့ ငါ အငယ်ကောင်ကို ရွေးတာ” လို့ ဖြေတော့ ဘီလူးကြီးက သဘောကျပြီး ဒါဆိုရင် ဓမ္မပူဇာအနေနဲ့ နှစ်ယောက်လုံးပဲ ပေးပါတယ်ဆိုပြီး လွှတ်လိုက်တယ်။

လောကပါလတရားနှစ်ပါးကိုပြောပြလိုက်ရုံနဲ့တင် ညီငယ်နှစ်ယောက် အသက်ချမ်းသာခွင့်ရကြရတယ် နတ်တို့ကသူတို့လေးစားတဲ့တရားဓမ္မဖြစ်လို့ ဒေဝဓမ္မလို့ခေါ်ကြတာလေ။

ဟိရီ သြတ္တပ္ပတို့ရဲ့ သဘော

ဒါကြောင့် ဟိရီဆိုတာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကြည့်ပြီးတော့ ကိုယ့်ရဲ့ အရွယ်ကို ကြည့်တယ်၊ ဟိရီဖြစ်ဖို့ အကြောင်းတွေကို စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို စဉ်းစားပြီးတော့ ဟိရီဖြစ်နေတယ်၊ ဘယ်လို ဟိရီဖြစ်သလဲဆိုတော့ အော် ငါ့အရွယ်နဲ့ ဒါ မလုပ်ထိုက်ဘူး၊ ဟောဒါ စဉ်းစားတာ၊ ငါ့လို ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမလုပ်သင့်ဘူး၊ ငါ့လို အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်လျက်နဲ့ အဲဒီလို မလုပ်ထုက်ဘူး၊ ငါ့လို စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဒါ မလုပ်ထိုက်ဘူး ဆိုပြီးတော့ ကိုယ့်ရဲ့ အရည်အသွေး တစ်မျိုးမျိုးကို အာရုံပြုပြီး ဟိရီကို တိုးပွားစေရမယ်တဲ့၊ မကောင်းတာ မလုပ်ဖို့ ရှောင်ကြဉ်တဲ့ သဘောတရားတစ်ခုပဲ။

သြတ္တပ္ပကျတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စဉ်းစားတာ၊ ဒါကြောင့်မို့ ဟိရီက ‘အဇ္ဈတ္တသမုဋ္ဌာန’ ကိုယ့်ကိုယ်ကို လေးစားပြီး ဟိရိသြတ္တပ္ပကျတော့ ‘ဗဟိဒ္ဓသမုဋ္ဌာန’ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကြည့်ပြီတော့ သြတ္တပ္ပဖြစ်ရတယ်၊ နှစ်ခုလုံးကတော့ မကောင်းမှု မလုပ်တာချင်း အတူတူပဲ၊ သို့သော် စဉ်းစားပုံချင်း ကွာတယ်ပေါ့။

မစင်လူးနေတဲ့ သံပူတုံး

စာရေးသူအဋ္ဌကထာတွေမှာခုလိုလေး ဥပမာပေးထားတာကိုတွေ့ရှိရတယ်၊ သံတုံးကြီး တစ်ဖက်ကို ရဲနေအောင် မီးဖုတ်ထားတယ်၊ တစ်ဖက်ကတော့ မစင်အညစ်အကြေး လူးနေတယ်၊ အဲဒီ နှစ်ခုမှာ ဟိုဖက်က မီရဲရဲ ဖြစ်နေတယ်၊ ကိုင်ရင် လောင်မယ်၊ အခြားတစ်ဖက်ကို ကိုင်ရင် မစင်လူးမယ်၊ လောင်မယ်နဲ့ မစင်လူးမယ်ပေါ့၊ ဘယ်ဟာ ကိုင်မတုန်း၊ မစင်လူးမှာ ကြောက်တော့ ဟိုဖက်ကိုလည်း မကိုင်ဘူး၊ လောင်မှာ ကြောက်တော့ ဒီဖက်ကိုလည်း မကိုင်ဘူး၊ မကိုင်ဘဲနဲ့ ရှောင်ကြဉ်တာ၊

အဲဒီတော့ ဟိရီဆိုတာ မစင်လူးမှာ ကြောက်တာနဲ့ အတူတူပဲ၊ သြတ္တပ္ပဆိုတာ လောင်မှာ ကြောက်တာနဲ့ အတူတူပဲ။ နောက်ဆုံးမှာ မကောင်းမှုအလုပ်ကို မလုပ်ဖြစ်တာ အဓိကပဲလို့ ဆိုတယ်၊ ဒါကြောင့်မို့ ဒီ ဟိရီ,သြတ္တပ၌ တရားနှစ်ခုဟာ ကိုယ့်သန္တာန်မှာ မရှိသေးရင် ရှိအောင်လုပ်ရမယ်။

ဟိရီ, သြတ္တပ္ပ မရှိတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အရှက်မဲ့တဲ့ ပုဂ္ဂိုလ်ဘဝရောက်ပြီး အဟိရိက၊ အနောတ္တပ္ပတွေ လွှမ်းမိုးခံရတယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုပြီး အရပ်ထဲလုပ်ချင်ရ လုပ်တာတို့၊ ပြောချင်ရာ ပြောတာတို့၊ ဖြစ်ကုန်တတက်တယ်၊ ဒါကြောင့်မို့ ဟိရီ, သြတ္တပ္ပဆိုတာ လူတော် လူကောင်းဖြစ်ဖို့ အတွက် ရေးကြီးတယ်လို့ ဒီလို ပြောတယ်။

အဲဒီတရားနှစ်ခုသည် စိတ်ကို ဖြူစင်စေတက်တဲ့ တရားနှစ်ခုဖြစ်တယ်၊ အဟိရိက အနောတ္တပ္ပတဲ့ တရားနှစ်ခုကို ဖယ်ရှားပစ်နိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့်မို့ စိတ်ဖြူစင်မှုရဲ့ အင်အားစုထဲမှာလည်းပဲ ရှေ့တန်းကရှိတဲ့ တရားနှစ်ခုလို့ ပြောရမယ်။

နေရာတိုင်းမှာ စည်းဆိုတာရှိမှသင့်မယ်လေ စည်းမရှိရင်ကမ်းတတ်တယ် ဘုရားရှင်ကတော့သူ့တပည့်သားတွေအတွက်စည်းကမ်းတွေချမှတ်ထားခဲ့တယ် အဲဒီတရားကတော့လောကကြီးလှပစေဖို့ လောကပါလတရားနှစ်ပါးပါပဲ။

စာရှု့သူတို့လည်းလောကကြီးစည်းကမ်းတွေကိုမဖောက်ဖျက်ပဲသာယာလှပစေဖို့ထိန်းသိမ်းကြရမယ်လေ….ဓမ္မစမ်းရေ..

dimanche 19 janvier 2014

အကျဉ်းထောင်



မြတ်စွာဘုရားကတော့’ဘ၀ဆိုတာအကျဉ်းထောင်တဲ့’။ သိပ်မှန်တဲ့ စကားပေါ့။ ဟုတ်ပါတယ်၊ ဘ၀ရှိရင် တို့တစ်တွေ အိုရမယ် ၊နာရမယ်၊ သေရမယ်။ ဘ၀ရှိနေသရွေ့ ဒုက္ခတွေ ရှိနေမယ်။ ဘ၀ငြိမ်းမှ ဒုက္ခငြိမ်းမှာဖြစ်ပါတယ်။

ဘ၀ငြိမ်းမှလွတ်လပ်ရေးအစစ်အမှန်ကိုရရှိမှာဖြစ်ပါတယ်။ဘ၀ငြိမ်းရင်ခန္ဓာသစ်များဖြစ်စရာမရှိတော့ဘဲအိုခြင်း၊
နာခြင်း၊သေခြင်းဆင်းရဲတွေမှလွတ်မြောက်တာမှတကယ့်ဘဝအကျဉ်းထောင်မှလွတ်မြောက်မှာဖြစ်တယ်
လို့မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။

လွတ်လပ်ခြင်းနှစ်မျိုး

လွတ်လပ်မှုကို (၁) တဒင်္ဂလွတမြောက်မှု (၂) ထာဝရလွတ်မြောက်မှု ဆိုပြီး နှစ်မျိုးပြောနိုင်ပါတယ်။ လောကဆင်းရဲဒုက္ခမှလွတ်လပတယ်ဆိုတာ တဒင်္ဂခဏ လွတ်မြောက်တာပါ၊ သံသရာ လွတ်လပ်မြောက်တယ် ဆိုတာကတော့ ထာဝရ လွတ်မြောက်တာပါ။

လောကလူသား တွေဟာ တစ်ဦးအပေါ်တစ်ဦး၊ တစ်နိုင်ငံအပေါ် တစ်နိုင်ငံ သြဇာပေးမှု၊ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှု၊ ညှင်းပန်းနှိပ်စက် မှုပြုနိုင်တာက အလွန်ဆုံး တဒင်္ဂခဏ၊ တစ်ဘ၀ပါပဲ။

ဒါကြောင့် လောကလူသားအချင်းချင်း သြဇာပေးမှု၊ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှု၊ ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်တာဟာ တဒင်္ဂခဏလွတ်မြောက်မှုသာဖြစ်ပါတယ်။

သံသရာမှာ ဘ၀တွေ အဆက်မပြတ် ထပ်တလဲလဲဖြစ်ပေါ်နေပြီး အိုရ၊ နာရ၊ သေရတဲ့ဆင်းရဲတွေမှ လွတ်လပ်ပြီးဒုက္ခဇာတ်သိမ်းအေးငြိမ်းသွားတာကိုတော့ ထာဝရလွတ်မြောက်မှုလို့ ခေါ်ပါတယ်။ ဒါကမှ တကယ့်လွတ်မြောက်မှုအစစ်ပါ။

တကယ့်တော့လူတွေဟာလွတ်မြောက်မှုအစစ်ကိုမေ့နေကြတယ်တဒင်္ဂလွတ်မြောက်မှုကိုပဲရှာကြံနေကြ
တယ်လိုချင်မှုတွေရှိနေသမျှတော့အစစ်ကိုတောကဘယ်သောအခါမှရရှိလိမ့်မယ်မထင်ကြပါနဲ့။

ဒီစကားလေးနဲ့ပါတ်သက်ပြီးအယောဃရဇာတ်တော်လေးကိုပြောပြချင်ပါတယ်….ရှေးတုန်းက ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ် မင်းလုပ်နေတဲ့အခါ အဲ့ဒီ ဗြဟ္မဒတ်မင်းကြီးရဲ့ မိဖုရားခေါင်ကြီးဟာ သားတော်လေးတစ်ပါး ဖွားမြင်လာတယ်။

ထိုအခါ ၎င်းမိဖုရားကြီးနဲ့ လွန်ခဲ့တဲ့အတိတ်ဘ၀တုန်းက ရန်သူ၊ ရန်ဖက်ဖြစ်တဲ့ အမျိုးသမီးတစ်ဦးက’ရှင့်သားကိုစားနိုင်တဲ့ကိုယ်ဖြစ်ရပါလို၏’လို့ဆုတောင်းခဲ့တယ်။သူဆုတောင်းတဲ့အတိုင်း ဒီဘ၀မှာကျတော့ ဘီလူးမလာဖြစ်နေတယ်။

ဒါနဲ့ မိဖုရားကြီးမီးဖွားပြီးသောအခါ နန်းတော်ထဲဝင် ကလေးကို အတင်းဆွဲယူပြီး ကိုက်ဖြတ်စားသွားတယ်တဲ့။ နောက်ဒုတိယသားရတနာလေး မွေးဖွားလာပြန်တော့လဲ ဒီလိုပဲ နန်းတော်ထဲဝင် အတင်းဆွဲလုပြီးကိုက်ဖြတ်စားသွားပြန်သတဲ့။

ဒါနဲ့ ရှင်ဘုရင်က နောင်သားရတနာလေး မွေးဖွားလာတဲ့အခါ ဘီလူးမအန္တရယ်က လွတ်အောင်ဆိုပြီး သံလှောင်အိမ်ကြီးကို တည်ဆောက်ထားပါတယ်။

အဲ့ဒီ သံလှောင်အိမ်ကြီးထဲမှာပဲ မိဖုရားကို ၀င်ရောက်မီးဖွားစေပြီး ထိုဖွားလာမည့်ကလေး ၁၆-နှစ် မပြည့်မချင်း သံလှောင်အိမ်ကြီး ထဲမှာပဲထားပြီး အဋ္ဌာရသ ၁၈-ရပ်သောအတတ်ပညာတွေကို သင်ပေးဖို့ စီမံချက် တွေချပြီး စီမံထားပါတယ်။

ဒီလိုနဲ့ တတိယသားရတနာလေး မွေးဖွားလာပြန်ပါတယ်။ ဒီသားရတနာလေးကို ၄င်းသံလှောင်အိမ် ကြီးထဲမှာပဲ မွေးဖွားစေပြီး ၁၈-ရပ်သော ပညာတွေကိုလဲ သံလှောင်အိမ်ကြီး ထဲမှာပဲ သင်ပေးကြပါတယ်။

ဒီလိုနဲ့ သားတော်လေး ၁၆-နှစ်လောက် အရွယ်မြောက်လာတဲ့အခါ ရှင်ဘုရင်ကြီးက’’ အင်း၊ ငါ့သားတော်လေး အရွယ်ရောက်လို့ လူလားမြောက်နေပြီ၊ အဋ္ဌာရသ ၁၈-ရပ်သော ပညာတွေလဲတတ်ပြီ၊ ဘီလူးမအန္တရာယ်ကလဲ ကင်းပြီ၊ ဒီတော့ ဒီနေ့ပဲ အဘိသိက်ခံပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ထီးနန်းအပ်မယ်’ လို့ ကြံပြီး သားတော်လေးကို သံလှောင်အိမ်ကြီး ထဲကထုတ်ပြီး သူအုပ်ချုပ်ရမည့်မြို့ကြီးကို ကြည့်ရှုဖို့ရန်အတွက် ဆင်ဖြူတော်ပေါ်တင်ကာ မြို့တော်လှည့်လည်ပွဲလုပ်သတဲ့။

ဒီတော့ သံလှောင်အိမ်ထဲ ၁၆-နှစ် တိုင်တိုင် နေခဲ့ရတဲ့မင်းသားလေးအဖို့ နှစ်သက်စရာ၊ တွယ်တာစရာ၊ မြတ်နိုးစရာ၊ စွဲမက်စရာ ပတ်ဝန်းကျင် အလှအပတွေကို မြင်ရတော့ လူငယ်သဘာဝ အလျောက် ကြည်နူး သွားတာပေါ့။

ဒါနဲ့ နန်းတော်ပြန်ရောက်တော့ ခမည်းတော်ရှင်ဘုရင်ကြီးကို ’ ခမည်းတော်မင်းကြီး၊ သားတော်ကို ဘာဖြစ်လို့ဒီလိုနှစ်သက်စရာ၊ တွယ်တာစရာ၊ မြတ်နိုးစရာ၊ စွဲမက်စရာ ပတ်ဝန်းကျင် အလှအပ တွေထဲမှာ မထားဘဲ အင်မတန်မှ မွန်းကြပ်လှတဲ့ သံလှောင်အိမ်ကြီးထဲမှာပဲ ထားရတာလဲ’ လို့ မေးလိုက်ပါတယ်။ အဲ့ဒီအခါ ခမည်းတော်မင်းကြီးက အကြောင်းစုံရှင်းပြရပါတယ်။

မင်းသားလေးကတွေးတယ်ခမည်းတော်မင်းကြီးရဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ မင်းသားလေးရဲ့စိတ်ထဲမှာ အတွေးလေး တစ်ခုဝင်လာတယ်’ အော်၊ ဖြစ်မှဖြစ်ရလေ ငါ့ဘ၀၊ အင်မတန် ကျဉ်းမြောင်း လှတဲ့ မိခင်ရဲ့ ၀မ်းကြာတိုက်ထဲမှာ ကိုးလကျော် ဆယ်လနီးပါး နေခဲ့ရရုံတင်မကဘဲ ၁၆-နှစ်တိုင်တိုင် သံလှောင်အိမ်ကြီး ထဲနေခဲ့ရတယ်။

ဒီလို သံလှောင်အိမ်ကြီးထဲမှာနေလို့ ပကတိ ဘီလူးမဘေးက ကင်းလွတ်ခဲ့တာတော့မှန်ပါရဲ့၊ အို၊ နာ၊ သေဆိုတဲ့ ဘေးကြီးသုံးမျိုးကတော့ မလွတ်မြေက်သေးပါလား’’လို့ ဒီလို အတွေးလေး ၀င်လာပါတယ်။

တန်ဘိုးရှိတဲ့အတွေးလေး၊ မှန်ကန်တဲ့အတွေးလေးပါပဲ။ ဒါ သိပ်အရေးကြီးပါတယ်။ တန်ဘိုးရှိတဲ့ အတွေးမျိုးမှ တန်ဘိုးရှိတဲ့စကား ထွက်လာပါတယ်။ တန်ဘိုးရှိတဲ့ စကားထွက်မှ တန်ဘိုးရှိတဲ့ အလုပ် လုပ်နိုင်ပါတယ်။ တန်ဘိုးရှိတဲ့အလုပ် လုပ်မှ ချမ်းသာမှာဖြစ်ပါတယ်။

ဒါကြောင့် အတွေးမှန်က အပြောမှန်မယ်၊ အပြောမှန်မှ အလုပ်မှန်မယ်၊ အလုပ်မှန်မှ ချမ်းသာ ကောင်းကျိုးရမယ်။ ဆန့်ကျက်ဘက်အနေအားဖြင့် အတွေးမှားရင် အပြောမှားမယ်၊ အပြောမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင်တော့ ဒုက္ခတွေများမယ်ဆိုတာစာရှု့သူတို့ နားလည်ထားရမယ်လေ။

မိဘတွေထံခွင့်ပန်

ယက္ခိနီယာ ပမုတ္တောပိ၊ ယက္ခေဟိ တု အမုတ္တကော၊
တသ္မာဟံ ပဗ္ဗဇ္ဇိဿာမိ၊ မုတ္တတ္တံ ယက္ခပီဠိတော။

ခမည်းတော်မင်းကြီး၊ အသားတော်သည်၊ဘီလူးမဘေးမှ၊ ခမည်းတော်တို့၏ အစောက်အရှာက်ဖြင့် လွတ်မြောက်ခဲ့ရပါသော်လည်း၊အိုခြင်း၊ နာခြင်း၊ သေခြင်းတည်းဟူသော တကယ့်ဘီလူးကြီး သုံးကောင်ဘေးမှကား၊မလွတ်မြောက်နိုင်သေးပါ။

ထို့ကြောင့်၊ သားတော်သည်၊အိုခြင်း၊ နာခြင်း၊ သေခြင်းတည်းဟူသော တကယ့်ဘီလူးကြီး သုံးကောင် နှိပ်စက်တဲ့ ဘေးမှ၊ ကင်းဝေးလွတ်မြောက်ခြင်းငှာရသေ့ရဟန်းပြုပါတော့အံ့။ မင်းသားလေးက သူ့ခမည်းတော် မင်းတရားကြီးကို ပြောတဲ့စကားပါ။

သူ့ခမည်းတော်မင်းကြီးထံ ရသေ့ရဟန်းပြုခွင့် တောင်းလိုက်ခြင်းဖြစ်ပါတယ်။ ဒီမင်းသားလေးဟာ စာရှု့သူစာရေသူတို့ရဲ့ ဂေါတမဘုရား အလောင်းတော်လေးပါ။

စာရှု့သူစာရေးသူတိုရဲ့ ဘုရားအလောင်းတော်ဟာ ဘုရားမဖြစ်ခင် ထဲက တန်ဘိုးရှိတဲ့ အတွေးမျိုးကို တွေးခဲ့တယ်၊ တန်ဘိုးရှိတဲ့ စကားမျိုးကို ပြောခဲ့တယ်၊ တန်ဘိုးရှိတဲ့အလုပ်မျိုးကို လုပ်ခဲ့တယ်။ သတ္တ၀ါတွေ ချမ်းသာဖို့အတွက် တန်ဘိုးရှိတဲ့ အလုပ်တွေကို လုပ်ခဲ့တယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏သြ၀ါဒကဒီလို

ကျေးဇူးတော်ရှင် တောင်မြို့၊ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မိန့်ခဲ့တယ်’’ ဘုန်းကြီးက ဗုဒ္ဓမြတ်စွာကို ဘုရားဖြစ်မှ ကြည်ညိုတာမဟုတ်ပါဘူး၊ အလောင်းတော် ဘ၀ကတည်းက ကြည်ညိုတာပါ’’တဲ့။ သိပ်ပြီး အတုယူစရာ၊ လိုက်နာစရာ၊ မှတ်သားစရာကောင်းလှတဲ့ ပညာရှိသူတော်ကောင်းတွေရဲ့စကားပေါ့။

ဒါကြောင့် အခုလို မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေကို ဖတ်ကြရ ရေးကြရတာဟာ အထူး ၀မ်းမြောက်စရာ ကောင်းပါတယ်။ တိုတောင်းလှတဲ့ လူ့ဘ၀လေးမှာ တရားအသိရှိကြပါမှ တို့တစ်တွေ ချမ်းသာမယ်။

အခုလို တန်ဘိုးရှိတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေကို နာယူပြီး တိုတောင်းလှတဲ့ လူ့ဘ၀လေးကို တန်ဘိုးရှိစွာ ဖြတ်သန်းနိုင်ဖို့ တန်ဘိုးရှိတဲ့အတွေးမျိုးတွေး၊ တန်ဘိုးရှိတဲ့ စကားမျိုးကို ပြော၊

တန်ဘိုးရှိတဲ့အလုပ်တွေကို လုပ်ကြကာ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ၍ သံသရာမှာ ဘ၀တွေ အဆက်မပြတ် ထပ်တလဲလဲဖြစ်ပေါ်နေပြီး အိုရ၊ နာရ၊ သေရတဲ့ ဆင်းရဲတွေမှ လွတ်မြောက်ပြီးဒုက္ခဇာတ်သိမ်းချုပ်ပြတ်ငြိမ်းသွားကာထာဝရလွတ်မြောက်မှုလို့ခေါ်ရတဲ့
ဘဝအကျဉ်းထောာင်ကနေလွတ်မြောက်အောင်ကြိုးစားကြစို့လား?.....

ဓမ္မစမ်းရေ

vendredi 17 janvier 2014

သုခလေးဖြာ


(၁) ဗုဒ္ဓုပ္ပါဒသုခ

(၂) သဒ္ဓမ္မဒေသနာသုခ

(၃) သာမဂ္ဂီသုခ

(၄) တပေါသုခ

သုခလေးပါးကို မြတ်စွာဘုရား အစဉ်အတိုင်း ဟောကြားခဲ့တယ်၊

၁။ ဗုဒ္ဓုပ္ပါဒသုခ

မြတ်စွာဘုရားတို့ရဲ့ ပွင့်ထွန်း ဖြစ်ပေါ်တော်မူရခြင်းသည် ချမ်းသာသုခရကြောင်း
ဧကန်အမှန် ဖြစ်သောကြောင့် ချမ်းသာသုခလို့ပဲ ဆိုရပါတယ်။ ဤတွင် ဘုရားပွင့်
တော်မူခြင်းအတွက် သုခဘယ်လောက်ကြီးတယ်ဆိုတာ အကယ်၍သာ ဘုရားမ
ပွင့်ရင် ဒီ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ ပယ်ရမဲ့တရား၊ ပွားရမဲ့တရား၊ ဘာမျှ မ
သိတော့ဘူး။

အခုတော့ မြတ်စွာဘုရား ဖြစ်ထွန်းပွင့်တော်မူလာလို့ ဒီတရားက ပယ်ရမဲ့တရား
ဒီတရားက ပွားများရမယ့် တရားဆိုတာ လူနတ်ဗြဟ္မာ သတ္တဝါတွေ အချုပ်အား
ဖြင့် ပိုင်းပိုင်းခြားခြား သိကြတယ်။ သိတဲ့အတွက် ပယ်ရမယ့်တရား ပယ်လို့၊ ပွား
ရမယ့်တရား ပွားကြလို့ အောက်ထစ်တန်းစား လူ့ချမ်းသာ နတ်ချမ်းသာ၊ ထိုအ
ထက်တက်လို့ရှိရင် နိဗ္ဗာန်ချမ်းသာကို အရဟတ္တဖိုလ်ပေါက် ချမ်းသာသုခ ရောက်
ကြရတယ်။ဗုဒ္ဓုပ္ပါဒသုခသည် ဘုရားရှင်ဘက်က ပေးရမယ့်သုခ ဖြစ်ပါတယ်။

၂။ သဒ္ဓမ္မဒေသနာသုခ

မြတ်စွာဘုရားသည် အကယ်၍ ဖြစ်ထွန်းပွင့်ပေါ်ရုံသာ ပွင့်ပေါ်၍ ကိုယ်တော်တစ်
ကိုယ်တည်း ချမ်းသာရေး အလေးပေးပြီး လေးဆယ့်ငါးဝါ တရားမဟောဘဲ အ
ကယ်၍များ ဖလသမာပတ်ကို နေ့ရောညရော ဝင်စားပြီးတော့ တရားမဟောပဲ
ကိုယ်တော်သက်တော်စေ့လို့ ပရိနိဗ္ဗာန် စံသွားရင် ဘယ်သူသိမလဲ။ ဒီတရား ပယ်
ရမဲ့တရား ပွားရမယ့်တရား ဘာမှ သိမှာ မဟုတ်ဘူး။

မြတ်စွာဘုရား လေးဆယ့်ငါးဝါ ကာလကြာအောင် ပယ်ရမယ့်တရား ပွားရမယ့်တ
ရားများကို နည်းအမျိုးမျိုးဖြင့် ဟောကြားပြသတော်မူခဲ့တယ်။ အဲဒီလို ဟောကြား
ပြသတော်မူခဲ့လို့ပဲ ပယ်ရန် ပွားရန် တရားများကို သိပြီးတော့ ပယ်ကြ ပွားကြလို့
ချမ်းသာသုခ ရကြတာပဲ။သဒ္ဓမ္မဒေသနာသုခလဲပဲ မြတ်စွာဘုရားဘက်က ပေးရမယ့်သုခ ဖြစ်ပါတယ်။

၃။ သာမဂ္ဂီသုခ

မြတ်စွာဘုရား ဟောကြားတဲ့ သဒ္ဓမ္မဒေသနာသုခကိုရမှ သာဝကတို့သည် ဘုရား
ရဲ့အဆုံးအမ ဓမ္မဒေသနာကို ရကြသဖြင့် ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြတယ်။

သူ, မတရား၊ ငါ, တရားတယ်၊ သူကားလွဲစင်၊ ငါမှန်ထင်တည့်၊ ဆန့်ကျင်စကား
တစ်ယောက်နဲ့တယောက် အငြင်းပွားနေလျှင်၊ အငြင်းပွားနေမှုကို ကြောက်ဖွယ်
မအေး ဘေးအနေနဲ့ရှုကြ။ အငြင်းမပွားဘဲနဲ့ ညီညွတ်ခြင်းကို ချမ်းသာအေးမြတဲ့
ခေမတရားအနေနဲ့ ချစ်သားချစ်သမီးတို့ ရှုကြ။ အဲဒီလို ရှုကြမြင်ပြီးလျှင် ကိုယ်စီ
နှစ်ရပ် ညီညွတ်ကြလေ၊ အချင်းချင်းမေတ္တာ ရှေ့သွား ပြုပြီးတော့ ပြေပြေပြစ်ပြစ်
စကား ပြောကြလေ။

အဲဒီသြဝါဒတွေ ငါဘုရားတစ်ဆူတည်း၏ သြဝါဒ မဟုတ်ဘူး။ ဧသာဗုဒ္ဓါနုသာသနီ
= ဤသြဝါဒ အနုသာသနီတွေကို အဆူဆူသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါ
ဒအနုသာသနီ ဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားဘက်က သဒ္ဓမ္မဒေသနာသုခ လမ်း
ညွှန်းပေးချက်အရ ဝိဝါဒဟာဘေးပဲ၊ မညီညွတ်ခြင်းဘေး၊ ညီညီတ်ခြင်းသည် ငြိမ်း
အေးတယ်လို့ သိရတယ်။ သိလို့မို့လို့ ညီညွတ်ကြတယ်။

အသီးသီး အသင်းအပင်းဖွဲ့စည်းပြီးတော့ ညီညီညွတိညွတ် ရှိကြတာကိုပင် ပထမချမ်းသာသုခ၊ သာဝကတွေဘက်က ပြုလုပ်ရမယ့် သုခဖြစ်တယ်။ သူတော်စင်တွေအနေဖြင့် အစဉ်အလိုက်
ဂါရဝမင်္ဂလာတရား ရှေ့ထားပြီးတော့ တစ်ဦးနဲ့တစ်ဦး ကိုယ်ရောစိတ်ရော ညီညီ
ညွတ်ညွတ် ရှိနေခြင်းသည် မိမိတို့ဘက်က သာမဂ္ဂီသုခကို ပထမရယူလိုက်ခြင်း
ဖြစ်ပါတယ်။

ပရဟိတအဖွဲ့အစည်းတခုမှာ လူတွေဘယ်လောက်များများ များချင်သလောက်များပါစေ အဖွဲ့ဝင်တွေအားလုံးရဲ့စိတ်ထဲမှာ ကိုယ်သာကွဲတာ စိတ်ထားချင်းကတူတူပဲ သူလည်းငါ့လို ပရဟိတစိတ်ရှိသူပဲ ဘယ်တော့အခါမှကိုယ်ကျိုးမမျှော်တဲ့သူပဲ သူဂုဏ်ကိုကိုယ်ကြည့် ကိုယ်ဂုဏ်ကိုသူကြည့်ပြီးအချင်းချင်းညီညွတ်ခြင်းဟာ သာမဂ္ဂီသုခပါပဲ။

၎။ တပေါသုခ

ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြတဲ့ သာဝကတို့ရဲ့ ရှင်အပေါင်း၊ ရဟန်းအပေါင်း၊ လူ
အပေါင်း၊ ရှင်လူအပေါင်း ဆိုတဲ့လူ, သံဃာ ညီညွတ်ရုံသာ ညီညွတ်၍ မငြင်းခုံသာ
ရုံ မငြင်းခုံဘဲ၊ အလုပ်မလုပ်ကြရင် တပေါသုခ မရနိုင်ဘူး။

အဲဒီလို သာမဂ္ဂီသုခရအောင် ကြိုးစားကြပါ။ တပေါသုခရအောင် အချင်းချင်းစိတ်ဝမ်းကွဲနေသော အဖွဲ့အစည်းကို ပြောရင် မဖြစ်ပါဘူး၊ ပြောရင် ဒုက္ကထာ= နားဆင်းရဲတဲ့ စကားပင် ဖြစ်ပါတယ်။

အဲဒီလို အချင်း
ချင်း စိတ်ဝမ်းကွဲပြီးတော့ ဘာမှအလုပ်မလုပ်ဘဲနဲ့ ကိလေသာကို ပူပန်စေတတ်တဲ့
အလုပ်ကို မလုပ်ဘဲနဲ့၊ ကုသိုလ်တရားတွေကို လျော့ပါးသွားစေတတ်တဲ့ ဝိဝါဒအ
လုပ်တွေ၊ ဆန့်ကျင်ဘက် အလုပ်တွေကိုသာ လုပ်နေတဲ့ အဖွဲ့အစည်းကို သွားပြော
ရင်လဲပဲ၊ တပေါသုခ လုပ်ကြပါ ပြောရင်လဲပဲ သူတို့ နားဆင်းရဲတဲ့ စကားပဲ၊ နားဆင်း
ရဲမှုပဲ ဖြစ်ရမယ်။

သမ္မာပယောဂ ရှေ့သွားပြုပြီးတော့၊ မြတ်စွာဘုရားရဲ့ အဆုံးအမသြဝါဒ သာသနာ
ကို သမ္မာပယောဂဖြင့် ကြိုးစားပြုစုလိုက်နာ ကျင့်သုံးတဲ့အတွက် ကျင့်သုံးသ
လောက် လောဘတွေ၊ ဒေါသ၊ မောဟတွေ ခေါင်းပါး။ ဒေသနာတည်းဟူသော အ
မြိုက်နည်းဖြင့် လောဘ၊ ဒေါသ၊ မောဟတွေကို ပြန်ပြီးတော့ လောင်မြိုက်ပေးလိုက်
တယ်။

အဲဒီလို ပေးလိုက်တဲ့အတွက် သူတော်ကောင်းတွေမှာ တပေါကမ္မ၊ ကိလေ
သာတို့ကို ပူပန်စေတတ်တဲ့ ကောင်းမှုကုသိုလ်အမှုကို ပြုကြအားထုတ်ကြတဲ့အ
တွက် လောဘတည်းဟူသော အပူတွေငြိမ်းပြီးတော့ အလောဘ၊ အဒေါသ၊ အ
မောဟနဲ့ ယှဉ်တဲ့ အအေးဓါတ်၊ ချမ်းသာသုခ ဓါတ်ကိုကိုယ်စီကိုယ်ငှ ရကြတယ်။

မြတ်စွားဘုရားသည် ဗုဒ္ဓုပ္ပါဒသုခ၊ သဒ္ဓမ္မဒေသနာသုခ၊ သာမဂ္ဂီသုခ၊ တပေါသုခ - သုခလေးပါး မြတ်စွာဘုရား ဟောကြားခဲ့တယ်၊

ယင်းသုခလေးပါးတွင် ရှေ့နှစ်ပါး ဗုဒ္ဓုပ္ပါဒသုခနှင့်သဒ္ဓမ္မဒေသနာသုခကား ဆရာဖြစ်
တဲ့ မြတ်စွာဘုရားနဲ့ဆိုင်ရာ သုခဖြစ်ပါတယ်။ နောက်နှစ်ပါးဖြစ်တဲ့ သာမဂ္ဂီသုခ နှင့်
တပေါသုခကား တပည့်သာဝကတို့ ပြုလုပ်ရမယ့် သုခဖြစ်ပါတယ်။

မြတ်ဘုရားကတော့တာဝန်ကျေပွန်နိုင်ပြီး လေးသင်္ချေနဲ့ကမ္ဘာတသိန်း ဘုရားဖြစ်ဖို့ပါရမီတွေဖြည့်ကျင့်ခဲ့တယ် ဖြည့်ကျင့်ခဲ့လို့ ဗုဒ္ဓုပ္ပါဒသုခဆိုတာကိုစာရှု့သူ စာရေးသူတို့အပါဝင်သတ္တဝါခပင်းရရှိကြရတယ်။

မြတ်ဘုရားပွင့်ထွန်းပေါ်ပေါက်ပြီးတော့လည်းတရားရေအေးတိုက်ကျွေးခြင်းလို့ခေါ်တဲ့

သဒ္ဓမ္မဒေသနာသုခကိုလည်းမြတ်ဘုရားလေးဆယ့်ငါးဝါပါတ်လုံး ဒီဟာကား ကုသိုလ် ဒီဟာကားအကုသိုလ်ဆိုတာခွဲခြားသိနိုင်ပြီ။

မြတ်စွာဘုရား တာဝန်ပေးထားခဲ့တဲ့အတိုင်း နောက်နှစ်ပါးဖြစ်တဲ့ သာမဂ္ဂီသုခ၊တပေါသုခ၊ ဒီသုခနှစ်ပါးကို ဘုရားအလိုကြ တာဝန်ကိုယ်စီယူကြကာ ကိုယ့်တာဝန်ကိုကိုယ်ကျေဖို့လိုပါတယ်
ကိုယ့်တာဝန်ကိုကိုယ်သိတတ်စွာ ပွားများကြိုးကုတ် အားထုတ်နိုင်ကြပါစေ။

(မင်းကွန်းဆရာတော်တရားတော်ကိုမှီးငြမ်းပြီးရေးသားသည်)။ ဓမ္မစမ်းရေ ....

mercredi 15 janvier 2014

ဓမ္မစမ်းရေ အတွေးစာစုများ

ညအခါမှာသာယာမှုတွေရှိတယ် ဘယ်သူ့ကြောင့်လဲ

လမင်းကြီးကြောင့်ပေါ့

ပန်းကလေးတွေ လှချင်တိုင်းလှနေကြတယ် ဘယ်သူ့ကြောင့်လဲ

ဥယျဉ်မှုးကြောင့်ပေါ့

မိမိဘဝဒီအချိန်ထိသာယာလှပနေတယ်

ဘယ်သူ့ကြောင့်လဲ?..


ကိုယ်ကျင့်သီလကြောင့် ပညာတောက်ပြောင်စေတယ်

ပညာကြောင့်လည်း ကိုယ်ကျင့်သီလကောင်းစေတယ်

ဥပမာပြောရရင်..

ဘယ်ဘက်လက်က ညာဘက်လက်ကို ညာဘက်လက်က ဘယ်ဘက်လက်ကို

ဘယ်ခြေထောက်က ညာဘက်ခြေထောက်ကို ညာခြေထောက်က

ဘယ်ဘက်ခြေထောက်ကို တောက်ပြောင်အောင်ဆေးကျောသလိုပါပဲ။


 ပညာရှိသူတော်ကောင်းတွေစကားကို

နာကြားလျှင် အသိဥာဏ်ပညာရတယ်

မလိုအပ်ပဲစကားများများပြောတဲ့သူဟာ

နောင်တရတတ်တယ်တဲ့။


 ယနေ့ခောတ် မြန်မာပြည်မှာသာမက

ကမ္ဘာမှာပါနာမည်အကြီးနေတဲ့

လူတွေဟာ အပြောကောင်းသောကြောင့်

နာမည်ကြီးထင်ရှားနေတာမဟုတ်ပါဘူး

သူတို့ရဲ့ ချွေးတွေ သွေးတွေ ကိုယ်ကျင့်သီလတွေနဲ့ရင်းပြီး

လုပ်ခဲ့တဲ့ 'အလုပ်ကြောင့်ပါပဲ။


 ရေပွတ်ပမာ ခဏသာမျှကြာတဲ့ ရလာတဲ့ဘဝတခုမှာ

ငယ်ငယ်ကကြားဘူးတဲ့သူချင်းထဲလို

ရေပေါ်မှာအရုပ်ရေးသလိုပဲကွယ်ဆိုတဲ့ ပုံစံတော့မဖြစ်စေကြပါနဲ့

ရေရာတဲ့ဘဝတခုဖြစ်လာဖို့အတွက်

ဒါနပန်း သီလပန်း ဘာဝနာပန်း ဆင်မြန်းဖို့လိုတယ်။


 လူတွေ ရုပ်ကိုအလှပြင်တာ ဘယ်သူ့အတွက်လဲ

ကိုယ့်အတွက်ပဲမဟုတ်လား

မိမိရဲ့စိတ်ကိလေသာအညစ်ကြေးတွေကိုစင်ကြယ်အောင်ဆေးပြီး

မိမိတပါးသူအတွက်အလှဆင်ကြည့်လိုက်ကြရအောင်၊

စိတ်ကိုစင်ကြယ်အလှဆင်တာက မိမိသူတပါးနှစ်ဦးသားအတွက်တန်ဖိုးရှိတာပါ။


ဓမ္မစမ်းရေ...

ဘယ်လိုလဲ

ယနေ့ခောတ်လူငယ် လူကြီးတိုင်းကတော့ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတာချဉ်းပဲ။ စာရေးသူ အပါအ၀င်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေး အခြေအနေ အလုပ်အကိုင် နေ့ရပ်ဒေသတွေသာ ကွာခြားချင် ကွာခြားမယ်။ နောက်ဆုံးမှာ လူတိုင်းရဲ့ ဦးတည်ချက်ကတော့ အောင်မြင်ဖို့ ၊ ကြီးပွားဖို့ ၊ ချမ်းသာဖို့ပါပဲ။

နောက်ဆုံး လူသားတွေရယ်လို့ ဖြစ်လာရင် တိုးတက်အောင်မြင်ဖို့ လုပ်တာကိုပင် လူသားတွေရဲ့ သမိုင်းပေး တာဝန်တစ်ခုလို့တောင် ပြောဆိုကြတယ်။

အဲဒီတော့ မချမ်းသာချင်ကြတဲ့ လူရယ်လို့ မရှိလောက်အောင်ပါပဲ။ မအောင် မြင်ချင်ကြတဲ့ လူရယ်လို့ မရှိပါဘူး။ ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အလွှာအသီးသီးက လူတွေကို တစ်ယောက်ခြင်း တစ်ယောက်ချင်း လိုက်မေးကြည့်ပါလား။

အနုပညာလောကလူတွေကော မအောင်မြင်ချင်ဘူးလား?
စာတွေရေးနေတဲ့သူတွေကောမအောင်မြင်ချင်ဘူးလား?

သီချင်းဆိုနေတဲ့သူတွေကော မအောင်မြင်ချင်ဘူးလား?

ဈေးသည်တွေကော ဈေးရောင်းမကောင်းချင်ဘူးလား?

စာသင်နေတဲ့ဆရာဆရာမတွေကော တဆင့်ပြီးတဆင့်မမြင့်ချင်ဘူးလား?

ဦးဘောဂကြီးတွေကော ဆက်ပြီးမကြီးပွားမတိုးတက်ချင်ဘူးလား?

အစိုးရ၀န်ထမ်းတွေကော မအောင်မြင်ချင်ဘူးလား?

လယ်သမားတွေကော ကိုယ့်လယ်ယာမြေကရတဲ့စပါးသီးနှံတွေမကောင်းချင်ကြဘူးလား?

အောက်ထစ်ဆုံး ကုန်ထမ်းသမား အမှိုက်ကောက် သမားကော ဒီဘဝကနေရုန်းမထွက်ချင်ကြဘူးလား?

အားလုံးနီးပါးဖြေကြားမှာက ချမ်းသာချင်ပါတယ် အောင်မြင်ချင်ပါတယ်လို့ဖြေကြမှာပါပဲ ဘာလို့လဲ သူလည်းပုထုဇဉ် ငါလည်းပုထုဇဉ်ကိုးဗျ မျှော်မှန်းချက်ကတော့မတူညီနိုင်ပါဘူး မျော်မှန်းချက်ချင်းသာမတူညီမယ် သို့သော် ချမ်းသာချင်တာခြင်းတော့တူကြပါတယ်၊

ဒါကြောင့်လူငယ်တွေလူကြီးတွေချမ်းသာလေးမျိုးရှိတယ်ဆိုတဲ့အကြောင်းမြတ်ဘုရားအနာထပိဏ်ကို

ဟောကြားထားတာလေးကိုစာရေးသူပြောပြချင်ပါတယ်။

တနေ့သောအချိန်အခါမှာ အနာထပိဏ်က မြတ်ဘုရားနားချဉ်းကပ်ပြီး လူတွေကလောကီချမ်းသာကိုပိုလိုချင်ကြတယ်လောကီချမ်းသာဘယ်နှစ်မျိုးရှိလဲဆိုတာကိုမေးလျှောက်တယ်။

အနာထပိဏ်သဋ္ဌေးအားမြတ်ဘုရားကမိန့်ခဲ့တာလေးကတော့ ဒါယကာ ကာမဂုဏ်ခံစားသော လူသည် သင့်လျော်သောအချိန်အခါကိုစွဲ၍ ရအပ်သော ချမ်းသာတို့သည် လေးမျိုးရှိတယ်၊ ဘာတွေလည်းဆိုတော့ ၁..အတ္ထိသုခ ရှိမှုချမ်းသာ
၂..ဘောဂသုခ သုံးဆောင်မှုချမ်းသာ
၃..အာနဏျသုခ ကြွေးမြီမရှိမှုချမ်းသာ
၎..အနဝဇ္ဈသုခ အပြစ်မရှိမှုချမ်းသာတို့ပဲ။

အနာထပိဏ်ကပြန်မေးတယ် ရှိမှုချမ်းသာဆိုတာဘာလဲဘုရား? ဒါယကာ လောကမှာအမျိုးကောင်းသားအား လက်ရုံးအားကိုးဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်ယှဉ်အပ်ကုန်သော တရားသဖြင့်ရအပ်ကုန်သော ထကြွလုံးလမှုဖြင့်ရအပ်ကုန်သော စည်းစိမ်ဥစ္စာကိုဆိုလိုတယ်။

ထိုအမျိုးကောင်းသားဟာလက်ရုံးအားကိုးဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်ယှဉ်အပ်ကုန်သော တရားသဖြင့်ရအပ်ကုန်သော ထကြွလုံးလမှုဖြင့်ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့သည် ငါ့မှာရှိ၏ဟုချမ်းသာမှုကိုရ၏ ဝမ်းမြောက်မှုကိုရ၏ ထိုသို့သောချမ်းသာကို အတ္ထိသုခချမ်းသာလို့ခေါ်တယ်။

လောကလူတွေနားလည်အောင်ပြောရမည်ဆိုလျှင် ကိုယ့်အားကို ကိုးပြီး ကိုယ့်လုံးလဝီရိယအားကြောင့်ရလာတဲ့ချမ်းသာသုခကိုဆိုလိုတဲ့သဘောပါ။

သုံးဆောင်မှုချမ်းသာဆိုတာကကောဘုရား?ဟုဆက်လက်မေးလျှောက်ပါတယ်၊ ဒါယကာ လောကမှာအမျိုးကောင်းသားတို့သည်လက်ရုံးအားကိုးဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေ

အပ်ကုန်သော တရားနှင့်ယှဉ်အပ်ကုန်သော တရားသဖြင့်ရအပ်ကုန်သော ထကြွလုံးလမှုဖြင့်ရအပ်ကုန်သော စည်းစိမ်ဥစ္စာသုံးဆောင်ခံစား၏။

ယင်းလုပ်အားတို့ဖြင့်ရအပ်သောစည်းစိမ်းဥစ္စာတို့ဖြင့်ကောင်းမှုကိုပြု၏၊
ငါသည်ငါ့လုပ်အားဖြင့်ရအပ်သောစည်းစိမ်ဥစ္စာတို့ဖြင့်ကောင်းမှုပြုနိုင်တယ်သီလစောင့်ထိန်းရ၏

ဘာဝနာပွားများနိုင်၏ဟုနှလုံးသွင်းကာဝမ်းမြောက်ရ၏ချမ်းသာရ၏ထိုသို့သောချမ်းသာကိုသုံးဆောင်မှု
ချမ်းသာဘောဂသုခပေါ့ဟုမြတ်ဘုရားရှင်းပြတော်မူပါတယ်။

အနာထပိဏ်ကိုကြွေးမြီးမရှိမှုချမ်းသာကိုဆက်လက်ရှင်းပြတော်မူပါတယ် ဒါယကာ လောကမှာ အမျိုးကောင်းသားသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တစုံတယောက်သောသူအား ကြွေးမြီးမပေးဆပ်အပ်။

နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တစုံတယောက်သောသူအား တစုံတခုသောကြွေးမြီးကိုမပေးဆပ်ရသဖြင့် ချမ်းသာမှုကိုရ၏ဝမ်းမြောက်ရ၏၊လောကလူတွေကြွေးမြီကြောင့်ဆင်းရဲဒုက္ခရောက်ကြတာစာရှု့သူတို့

အသိပင်မဟုတ်လားဒါကြောင့်မြတ်ဘုရားကကြွေးမြီမရှိခြင်းဟာလည်း ချမ်းသာမှုတခုပဲဟုဟောကြားထားတာပါ။

ဒါယကာအပြစ်မရှိမှုချမ်းသာဆိုတာကတော့ လောကမှာ အရိယာတပည့်သည် အပြစ်မရှိသော ကာယကံ ဝစီကံ မနောကံ နှင့်ပြည့်စုံ၏ ထိုတပည့်ဟာ ငါဟာ အပြစ်မရှိသော ကာယကံ ဝစီကံ မနောကံနှင့်ပြည့်စုံတယ်ဟုနှလုံးသွင်းကာ ချမ်းသာသုခကိုရ၏ ဝမ်းမြောက်မှုကိုရ၏ ထိုသို့သောချမ်းကို အနဝဇ္ဈသုခ အပြစ်မရှိသောချမ်းလို့ခေါ်တယ်လို့အနာထပိဏ်ကိုဟောကြားခဲ့တယ်။

လောကလူတွေကတော့မြတ်ဘုရားမြတ်ဘုရားဟောကြားခဲ့တဲ့အတိုင်းသုခလေးပါးနှင့် ပြည့်စုံတဲ့

သူရှားမယ်ထင်ပါတယ်သို့သော် မြတ်ဘုရားဟောကြားခဲ့တဲ့သုခလေးပါးနဲ့မကိုက်ညီရင်တောင်
အနီးစပ်ဆုံးဖြစ်တဲ့သူအဖြစ်နဲ့ကြိုးစားကြမယ်။
 

သုခလေးပါးရအောင်အောက်ကနည်းလမ်းလေးကို လိုက်နာကြနော်

၁ ခိုးဖို့ကြိုးစားရမယ်

၂ လုဖို့ကြိုးစားရမယ်

၃ သက်ဖို့ကြိုးစားရမယ်

ခိုးရဲရမယ်ဆိုတာ သူများပစ္စည်းကိုခိုးခိုင်းတာမဟုတ်ဘူးနော်......ဘုရား ရှစ်ခိုးရမယ်လို့ပြောတာ
လုရဲရမယ်ဆိုတာက စက္ကန့်တိုင်း မိနစ်တိုင်း တန်ဖိုးရှိတဲ့ အချိန်ကိုပြောတာ အချိန်ကိုလုနိုင်ရမယ်အချိန်ကပြန်လုသွားတဲ့အဖြစ်မျိုးကို မဖြစ်ပါစေနဲ့
သတ်ဖို့ကြိုးစားရမယ် ဆိုတာကိုယ့်ရဲ့ ခန္ဓာ ကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့စိတ် လောဘစိတ် ဒေါသစိတ်၊မောဟစိတ်၊ကို ထိန်းချုပ်နိုင်ဖို့ကိုဆိုလိုတာပါ ဒီစိတ်တွေထိန်းချုပ်နိုင်ရင်သင်ဟာ လူချမ်းသာ တစ်ယောက်ဖြစ်ပါပြီ။

ခိုးရဲတဲ့ လုရဲတဲ့ သတ်ရဲတဲ့လောကလူတွေဟာ သုံးဆောင်မှုချမ်းသာကိုခံစားလျှက် ကြွေးမြီမရှိသောချမ်းသာ နောက် ရှိမှုချမ်းသာကိုလည်းသိပြီးပညာဖြင့်ရှု့အပ်၏ အထူသဖြင့်ပညာဥာဏ်ကြီးမားသော ပညာရှိပုဂ္ဂိုလ်တို့သည် သုံးဆောင်မှုနှစ်မျိုးကိုသိ၏ ထိုချမ်းသာသုံးမျိုးတို့သည် အပြစ်မရှိသောချမ်းးသာသုခပင်မဟုတ်လား?

ကဲ..စာရှု့သူတို့ကိုမေးလိုက်ချင်ပါတယ် အပြစ်ကင်းစင်တဲ့သုခလေးပါးကိုပြည့်စုံအောင်လုပ်ကြမယ်မဟုတ်လား ? ဘယ်လိုလဲ....

ဓမ္မစမ်းရေ..

lundi 13 janvier 2014

မိတ်ကောင်းရှာဖွေ သင်ယူလေ




မိတ်ကောင်းဆွေကောင်း  ဆိုရာမှာ အပေါ်ယံပေါင်းပြီး သာရင်ပေါင်း  မသာရင်မပေါင်းဘူး ဆိုတဲ့ ၊ ကိုယ်နဲ့ပေါင်းသင်းနေတဲ့ ရေပေါ်ဆီ မိတ်ဆွေမျိုးတွေကို ဆိုလိုတာ မဟုတ်ပါဘူး...။  ကိုယ်မြင့်မားတဲ့အချိန်မှာ ဘေးကနေ မုဒိတာ ပွားများပြီး ကိုယ့်အကျိုးစီး
ပွားကို ထိမ်းသိမ်းပေးတဲ့ သူ...။  

ကိုယ်နိမ့်ပါးပျက်ဆီးကျရှုံးနေတဲ့ အချိန်မှာ ကိုယ့်ကို မေတ္တာစေတနာအပြည့်ဖြင့်အူလှိုက်သည်းလှိုက် ထပ်တူမျှနာကျင်ပေးတဲ့သူတွေကိုသာ  မိတ်ကောင်းဆွေကောင်းလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်....။

အချိုးအကွေ့ဒုက္ခသုခပေါင်းများစွာရှိနေတဲ့  လူ့ဘ၀မှာ ရှင်သန်နေရတဲ့ လူတစ်ဦးအတွက် အမှန်တကယ် မိတ်ကောင်းဆွေကောင်း ရှိဖို့လိုအပ်လှပါတယ်...။ ဒီအကြောင်းနဲ့ပါတ်သက်ပြီး မြတ်ဘုရားက ကုရုင်္ဂ ဇာတ်မှာ ခုလိုလေးဟောထားပါတယ်

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ်- ဘုရားလောင်းသည် ကုရုင်္ဂသမင်ဖြစ်၏။ ခေါက်ရှာငှက်၊ လိပ်တို့နှင့် မိတ်ဆွေဖြစ်ကြ၏။ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ကြ၏။

တစ်နေ့၌ ကုရုင်္ဂသမင်သည် ညဦးတွင် သောက်ရေဆင်းသောက်ရာမှ မုဆိုးတစ်ယောက်ထောင်သော ကျော့ကွင်း၌မိ၏။ ကုရုင်္ဂသည် အသံကို မြည်လေ၏။ ခေါက်ရှာငှက်နှင့် လိပ်တို့သည် ငါတို့မိတ်ဆွေ သမင်၏ အသံတည်းဟု ပြေးလာကြ၏။ မိတ်ဆွေ သမင်၏ ဒုက္ခကို တွေ့ကြလျှင် အသက်ကိုကယ်ရန် တိုင်ပင်ကြ၏။

ခေါက်ရှာငှက်က-
`အဆွေလိပ် သင့်မှာ သွားရှိ၏။ သားရေကျော့ကွင်းကို ကိုက်၍ ဖြတ်ပါ။ ငါက မုဆိုး ရုတ်တရက်မလာနိုင်အောင် လုပ်မည်´ဟု ပြော၏။

လိပ်သည် သားရေကျော့ကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ်ပြီး ခေါက်ရှာငှက်သည် မုဆိုးနေရာ ရွာသို့သွားကာ သစ်ပင်တွင် စောင့်နေ၏။
အရုဏ်တက်ချိန်တွင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာ၏။ သစ်ပင်ပေါ်က ခေါက်ရှာငှက်သည် မုဆိုးထွက်လာသည်နှင့် အတောင်နှစ်ဘက်ကိုခါပြီး မျက်နှာကို ဆီး၍ရိုက်၏။

မုဆိုးသည် စောစောစီးစီး နိမိတ်မကောင်းဟု အိမ်ပြန်ပြီး တစ်ရေးအိပ်လိုက်၏။
မိုးလင်းလျှင် နောက်တစ်ဖန် မုဆိုးသည် လှံကိုထမ်း၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် မျက်နှာကိုဆီး၍ အဆောင်ဖြင့် ရိုက်ပြန်၏။ မုဆိုးသည် နိမိတ်မကောင်းဟုဆိုကာ ပြန်၍ အိပ်ပြန်၏။

မိုးစင်စင်လင်းလျှင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် ရှေ့မှ အမြန်ပြေးသွားပြီး မုဆိုးလာပြီဟု ပြော၏။

ကိုယ်စားအဖမ်းခံခြင်း...


လိပ်သည် သားရေကျော့ကွင်းကို ကိုက်ဖြတ်ရာ တစ်လွန်းမျှသာ ကျန်တော့၏။ သွားတို့မှာ ကြွေကျမတတ်ဖြစ်၍ ခံတွင်း၌ သွေးအလိမ်းလိမ်း ကပ်လျက်ရှိ၏။

ကုရုင်္ဂသမင်သည် မုဆိုးလာနေသည်ကိုမြင်လျှင် သားရေကျော့ကွင်းကို အတင်းရုန်းဖြတ်၍ တောသို့ ၀င်ပြေးလေ၏။ ခေါက်ရှာငှက်သည် သစ်ပင်ဖျားမှ ကြည့်နေ၏။ လိပ်သည် ပင်ပန်းလွန်းသဖြင့် မပြေးနိုင်ဘဲ ထိုနေရာတွင်ပင် ၀ပ်၍ နေ၏။

မုဆိုးသည် သမင်လွတ်သွားရာ နေရာတွင် လိပ်ကိုမြင်၍ လိပ်ကိုကောက်ယူကာ အိတ်ထဲ၌ ထည့်ပြီး သစ်ငုတ်တစ်ခုမှာ ချိတ်ထား၏။

မိတ်ဆွေသုံးဦးအကြံဖြစ်ခြင်း...
သမင်သည် မနီးမဝေးမှ ပြန်၍ကြည့်၏။ လိပ်ကိုကောက်ယူထည့်ထားသည်ကိုမြင်၏။ ငါ့ကျေးဇူးရှင်ကို ကယ်ရမည်ဟု မပြေးနိုင်ဟန်နှင့် မုဆိုးကို ကိုယ်ယောင်ပြ၏။

မုဆိုးသည် သမင်ခြေနာနေပြီ မပြေးနိုင်ဟု လှံကိုကိုင်၍ လိုက်၏။ သမင်သည် မုဆိုးကို သွေးဆောင်ခေါ်ကာ ဝေးတော့မှ အမြန် ပြေးပြီး ခြေရာဖျောက်၏။ တစ်ဖန် တစ်ဖက်လမ်းမှ လျင်မြန်စွာပြေး၍ လွယ်အိတ်ကို ချိုဖြင့်ချိတ်ယူကာ မြေသို့ချ၍ လိပ်ကိုလွတ်စေ၏။

သမင်သည် ခေါက်ရှာငှက်နှင့် လိပ်တို့အား... `မိတ်ဆွေကောင်းတို့ သင်တို့ကြောင့် ငါ့မှာ အသက်ရှင်ခွင့်ရပေသည်။ သင်တို့အား ငါ၏ အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသည်။ ယခု မုဆိုးလာ၍ ဖမ်းတော့မည်။ အဆွေလိပ်လည်း ရေထဲသို့ဆင်းလော့၊ အဆွေ ခေါက်ရှာငှက်သည်လည်း အခြားသစ်ပင်သို့ ပြေးဝင်၍ နေလော့´ဟု တိုင်ပင်၍ ခြေရာဖျောက်လိုက်ကြ၏။

 ဒီဇာတ်တော်ထဲကလို တယောက်နဲ့တယောက်ကျေးဇူးသိတတ်ပြီးရိုင်းပင်းဖို့လိုအပ်ပါတယ်၊ တကယ်တော့ လူ့ဘ၀ ဖြတ်သန်းခြင်းခရီးစဉ်ထဲမှာ ရှင်သန်နေကြတဲ့ ကျွန်တော် တို့တတွေဟာ လှုပ်ရှားရုန်းကန် လူ့ဘ၀အမှန်  ဆိုတဲ့ စကားစဉ်လေးအတိုင်း လူ့ဘ၀ကို အရှုံးမပေးစတမ်း ရှင်သန်လှုပ်ရှားနေကြရမှာ မှန်သော်လည်း...... မိမိတစ်ဦးတည်းဖြေရှင်းမရသော လူ့ဘ၀အခက်အခဲတွေနဲ့  ကြုံတွေ့လာရတဲ့ အခါ အကူအညီ ဧကန်မလွဲ လိုအပ်တတ်ကြပါတယ်...။

ဒီလိုအကူညီကလည်း ကိုယ်တယောက်ထဲမလုပ်နိုင်ပါဘူး ကိုယ်ဘယ်လောက်ပဲတော်တော် တယောက်သောမိတ်ဆွေရဲ့အကူညီကတော့လိုအပ်တာအမှန်ပါပဲ ဒါကြောင့် မိတ်ဆွေကောင်းကိုမှီပြီးလောကီလောကုတ်နှစ်ဖြာသောအကျိုးစီးပွားလုပ်နိုင်ရမယ်။

ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ လူ့ပြည်ရပ်ရွာမှာလည်း လူတို့သည် တဦးနှင့်တဦး ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ တဦးနှင့်တဦးမိတ်ဆွေကောင်းပီသစွာ ကျင့်ကြံရပါတယ်…ဓမ္မစမ်းရေ

dimanche 12 janvier 2014

မုဒြာအကြောင်းသိကောင်းစရာ


တနေ့ကညီငယ်တပါးက မုဒြာအကြောင်းမေးလို့ဖြေပေးလိုက်ပါတယ် ခုလည်းfacebook ပရိတ်တွေလည်းမသိဖို့များပါတယ် မုဒြာကရှစ်မျိုး၇ှိပါတယ်။

၁…အဘယမုဒြာ

အဘယမုဒြာဆိုတာကတော့လက်ယာလက်ငါးချောင်းထောင်၍သတ္တဝါအပေါင်းတို့အားဘေးမဲ့ပေးရန် မြတ်ဘုရားသည်စိုးရိမ်ခြင်းပူပန်ခြင်းတို့ဖြင့်နှိပ်စက်ခံနေရသောကိလေသာညွှန်အတွင်းရှိသတ္တဝါအပေါင်းတို့ကိုသောကမျိုးစုံမှလွတ်မြောက်စေသောနည်းလမ်းရှိ၍မကြောက်လန့်ကြနှင့်ဟုညွှန်ပြသရုပ်ဖော်သောအားဖြင့်လက်ယာလက်ငါးချောင်းထောင်၍ဘေးမဲ့ပေးဟန်ကို အဘယမုဒြာဟုခေါ်ပါတယ်။

၂..ဘူမိဖဿ မုဒြာ

ဘူမိဖဿမုဒြာဆိုတာက လက်မြေထိ၍သက်သေပေးရန် မြတ်ဘုရားသည် ဗောဓိပင်အောက်၌ တရားအားထုတ်ပြီးနောက်သဗ္ဗညုတဥာဏ်ကိုရရှိတော်မူသည်ထိုအခါမာရ်နတ်သားသည်မြတ်ဘုရား၏ပလ္လင်တော်ကို လုယက်ဖို့ရန်ကြံစည်အားထုတ်တော်မူပါတယ် ထိုသောအခါ မြတ်ဘုရားသည် ဒါနပါရမီတော်တရားကိုဆင်ခြင်တော်မူပြီး သဗ္ဗညုတဥာဏ်ရရှိပုံကိုမဟာပထဝီမြေကြီးအား သက်သောအရာထား၍မြတ်ဘုရား၏လက်တော်သည် မြေကြီးကိုညွှန်ပြလက်နဲ့ထိတော်မူသည်ကိုအကြောင်းပြု၍ ဘူမိဖဿမုဒြာဟုခေါ်ပါတယ်။

၃…ဈာနမုဒြာ

ဈာနမုဒြာဆိုတာကတော့လက်နှစ်ဖက်ထပ်၍ဈာန်ဝင်စားတော်မူတာကိုဆိုလိုတာပါ မြတ်ဘုရားသည် ဈန်ဝင်စားနေခြင်းကိုလက်နှစ်ဖက်ထိကပ်၍မျက်လုံးတော်မှိတ်ပြီးတည်ငြိမ်စွာ ဈန်ဝင်စားနေတာကိုဈာနမုဒြာလို့ခေါ်ပါတယ်။

၎..ဓမ္မစက္ကမုဒြာ

ဓမ္မစက္ကမုဒြာဆိုတာကတော့ မြတ်ဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်ဝါဆိုလပြည့် စနေနေ့၌ပထမဦးဆုံးတရားဦးဖြစ်သော ဓမ္မစက္ကတရားကိုဟောကြားတော်မူပါတယ် တရားစက်ဝန်းသဏ္ဍာန်သရုပ်ဖော်၍ လက်တော်နှစ်ဖက်ကကိုင်၍ လှည့်လည်တော်မူဟန်ကို သရုပ်ဖော်ထားသည့်အတွက်ကြောင့် ဓမ္မစက္ကမုဒြာဟုခေါ်ဆိုတာပါ။

၅..ဝိတက္ကမုဒြာ

ဝိတက္ကမုဒြာဆိုတာကတော့အိနြေ္ဒနုရင့်ချိန်ကို ချင့်ချိန်၍ လက်ညှိုးလက်မ အဝိုင်းပြုဟန်ပါ မြတ်ဘုရားသည် သတ္တဝါအမျိုးမျိုးကို လည်းကောင်းနှင့်လျှော်ညီသည့်စရိုက်အနေထားတိုင်းတရားဟောတော်မူပါတယ်၊ ယင်းကိုသရုပ်ဖော်သောအားဖြင့် လက်ယာလက်မြှောက်ထားပြီး လက်ညှိုတော်နှင့် လက်မတော်တို့ကိုထိစေ၍အဝိုင်းအသွင်ဖော်ပြထားတာကိုတော့ ဝိတက္ကမုဒြာလို့ခေါ်ပါတယ်။

၆..ဒေသစာရီမုဒြာ

ဒေသစာရီမုဒြာဆိုတာကတော့ မြတ်ဘုရားဒေသစာရီကြွချီတော်မူပြီးသတ္တဝါအပေါင်းအားတရားလှည့်လည်ဟောကြားတာကိုပေါ်လွင်စေတဲ့အမူအရာတခုပါ၊မြတ်ဘုရားသည် လက်နှစ်ဖြင့်သင်္ကန်းစကိုကိုင်၍ သတ္တဝါအပေါင်းအား တရားလှည့်လည်ဟောကြားတာကိုသရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။

၇..မဟာကရုဏာမုဒြာ

မဟာကရုဏာမုဒြာဆိုတာကတော့ လက်တော်တဖက်သည် ရင်ဘက်၌ကပ်လျှက် သနားကြင်နာနေသည့်ဟန်ပန်အမူအရာတခုပါ၊ မြတ်ဘုရား၏လက်ယာလက်သည် ရင်ဘက်၌ကပ်လျှက် သနားကြင်နာသည့်ဟန်ဖြင့်ရပ်ကြည့်နေသောပုံဖြစ်ပါတယ်၊ သတ္တဝါအပေါင်းအားရင်ဝယ်သားကဲ့သို့ ကြီးမြတ်လှစွာ မဟာကရုဏာတော်ကြီးမားပုံကို သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။

၈..ဝရဒမုဒြာ

ဝရဒမုဒြာဆိုတာကတော့လက်ယာလက်လေးချောင်းထောင်၍ ဆုပေးနေဟန်ဖြစ်ပါတယ်၊မြတ်ဘုရားသည် သတ္တဝါအပေါင်းအားမွန်မြတ်သောဆုကိုပေးနေဟန်၊လက်ယာလက်လေးချောင်ထောင်၍ လိုအပ်သောဆုရကြပါစေဟူသောစိတ်စေတနာဖြင့်ထားရှိသည့်မြတ်ဘုရားကိုဖော်ပြတားတာပါ။

ကဲအားလုံးစုံပါပြီ သူငယ်ချင်းမိတ်ဆွေများအားလုံး facebook မိတ်ဆွေများအားလုံးတရားဓမ္မကိုတကယ်သိ တကယ်မှတ်နိုင်ကြစေဖို့ အချိန်ကိုအကုန်ကျခံ အပင်ပန်းခံကာရေးသားရခြင်းဖြစ်ပါတယ် စေတနာကိုလေးစားသောအားဖြင့် တချို့သောသူတွေသိရှိစေနိုင်ပြန်လည်မျှဝေကြပါလို့တိုက်တွန်းရင်း…ဓမ္မစမ်းရေ…