Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 27 décembre 2013

နိဗ္ဗာန်သည် ဘယ်အရပ်၌တည်ရှိပါသနည်း



အထက်ပါခေါင်းစဉ်နှင့်ပါတ်သက်ပြီး မေးခဲ့ဖူးပါတယ် တခါက မိလိန္ဒမင်းကြီးက အရှင်နာဂသေနအားမေးလျှောက်ဖူးတယ် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အထက်အရပ် အောက်အရပ် ဖီလာအရပ်တို့တွင်မည်သည့်အရပ်၌နိဗ္ဗာန်တည်ရှိသနည်း?

အရှင်နာဂသေနက မင်းကြီးအား ဖြေကြားခဲ့ပုံမှာပညာသားပါလှသည် မင်းကြီးအရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အထက်အရပ် အောကအရပ် ဖီလာအရပ်တို့တွင် နိဗ္ဗာန်တည်ရှိသည့်နေရာမရှိပါ။

ယင်းနောက် မိလိန္ဒမင်းကြီးကအကယ်၍ နိဗ္ဗာန်သည် မည့်သည့်အရပ်တွင်မျှမရှိခဲလျှင်နိဗ္ဗာန်ဟူသည်မရှိသည်သာမကနိဗ္ဗာန်ကိုသိမြင်ပြီးသူများသည်လည်း

မှားယွင်းစွာသိမြင်ခြင်းသာဖြစ်ကြောင်းငြင်းဆိုသည်။

ထို့အပြင်မိလိန္ဒမင်းက အကယ်၍ကမ္ဘာပေါ်တွင်ကောက်ပဲသီးနှံထွက်သည့်လယ်မြေများ အသီးသီးသည့်သစ်ပင်များ ကျောက်မျက်ရတနာတွင်းများရှိခဲ့လျှင် ထိုအရာများထွက်သည့်နေရတခုရှိရမည်သာဖြစ်တယ်။

ထို့အတူ အကယ်၍နိဗ္ဗာန်ရှိသည်ဆိုလျှင်နိဗ္ဗာန်အတွက်နေရာတခုရှိရမည်၊သို့မဟုတ်ဘဲနိဗ္ဗာန်ဖြစ်ပေါ်

ရန်နေရာမရှိဆိုဘိမူထိုးထွင်းသိမြင်ရသောနိဗ္ဗာန်ဟူသည်မရှိဟုငြင်းချက်ထုတ်သည်၊

မင်းကြီးရဲ့ငြင်းဆိုချက်ကို အရှင်မြတ်ကခုလိုလေးဖြေရှင်းပေးလိုက်ပါတယ်။ မင်းကြီးနိဗ္ဗာန်ကိုသိုမှီးထားရန်နေရာမရှိပါ သို့ပေမဲ့ နိဗ္ဗာန်တည်ရှိပါ၏ ယောနိသောမနသိကာရဖြင့်မှန်ကန်စွာကျင့်ကြံအားထုတ်သောသူမြင်နိုင်ပါ၏..

ဥပမာ မီးကိုထိန်းသိမ်းထားမည့်နေရာမရှိသော်လည်း မီးသည်တည်ရှိပါ၏ လူတယောက်တုတ်ချောင်းနှစ်ခုကိုပွတ်တိုက်မိပါကမီးကိုရရှိပါ၏၊

ထို့အတူနိဗ္ဗာန်ကိုထိန်းသိမ်းထားမည့်နေရာမရှိသော်လည်းယောနိသောမနသိကာရဖြင့်မှန်ကန်စွာ

ကျင့်ကြံအားထုတ်သောသူသည်နိဗ္ဗာန်သည်တည်ရှိပါ၏။

နိဗ္ဗာန်ကိုအသွင်အပြင်ပုံသဏ္ဍာန်အားဖြင့်ဖော်ပြရန်မရှိ သက်တမ်းအရွယ်အစားလိုက်ဖော်ပြရန်မရှိ နိဗ္ဗာန်တန်ဖိုးနဲ့ပါတ်သက်ပြီးတော့ဟောကြားထားတာတော့အတိအကျရှိခဲ့ပါတယ်။

ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘံ
ဧတ္ထ အာပေါစပထဝီ တေဇော ဝါယော နဂါဓတိ
ဧတ္ထ ဒီဃဉ္စ ရဿဉ္စ အနုံ ထူလံ သုဘာသုဘံ
ဧတ္ထ နာမဉ္စ ရူပဉ္စ အသေသံ ဥပရုဇ္ဈတိ
ဝိညာဏဿ နိရောဓေန ဧတ္ထေတံ ဥပရုဇ္ဈတိ။

မကောင်းသော အပိုင်းအခြားမရှိသော ထက်ဝန်းကျင်ဆိပ်ကမ်းရှိသော ဥာဏ်အထူးဖြင့်သိအပ်သောနိဗ္ဗာန်သည်ရှိ၏ နိဗ္ဗာန်၌မြေ ရေလေ မီးမတည်ပေ နိဗ္ဗာန်၌ အ၇ှည် အတို အငယ်အကြီး အကောင်းအဆိုး မရှိ နိဗ္ဗာန်၌ ရုပ်နာမ်ချုပ်၏ နိဗ္ဗာန်၌ ဝိညာဉ်ချုပ်ခြင်းကြောင့် ရုပ်နာမ်ချုပ်၏။

ဥပမာတခုပြောပြရလျှင် မျက်စိမကောင်းတဲ့မမြင်တဲ့သူသည် နေနဲ့လ ကိုမမြင်နိုင်သကဲ့ပင် မျက်မမြင်မမြင်နိုင်လို့ နေ နှင့်လ အမှန်တကယ်မရှိဘူးလို့မဆိုနိုင်ပေ နေ နှင်လ ထင်၇ှားရှိပါလျှက် မျက်မမြင်ပုဂ္ဂိုလ် ကုသိုလ်ကံမကောင်း၍သာမမြင်နိုင်ခြင်းဖြစ်ပါတယ်။

အလားတူပင်လောကီပုဂ္ဂိုလ်တို့သည် လောကုတ္တရာပညာဥာဏ်မရှိခြင်းကြောင့် နိဗ္ဗာန်ကိုမမြင်နိုင်ခြင်းဖြစ်ပေတယ် ထို့ကြောင်းကို သဂြိုလ်ကျမ်းမှာ “နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ စတုမဂ္ဂဥာဏေန သစ္ဆိကာတဗ္ဗံ “ နိဗ္ဗာန်ကိုလောကုတ္တရာ မဂ်ဥာဏ်ဖြင့်သာတွေ့မြင်အပ်ပါတယ်။

ဓမ္မစမ်းရေ…

jeudi 26 décembre 2013

ဓမ္မစမ်းရေအတွေးစာစုများ

*သင် အောင်မြင်ကြီးပွားလာချိန်မှာ တကယ်ထိန်းချုပ်ရမှာက ကိုယ်ကျင့်တရားပဲ

ကိုယ်ကျင့်တရားမထိန်းချုပ်ဘဲ မာနနဲ့ရောယှက်နေမယ်ဆိုရင် တော့

သင့်ဘဝကတော့ဘယ်လောက်ပဲအောင်မြင်နေပါစေ ကျရှုံးနေပြီဆိုတာ

သတိပြုလိုက်စမ်းပါ။ 


* ဆင်းရဲတဲ့နိုင်ငံ ဆင်းရဲတဲ့ လူမျိုး ဆင်းရဲတဲ့ မိသားစု

ဆင်းရဲတဲ့ပါတ်ဝန်းကျင်အတွက်

အရင်းအနှီးဟာ ကိုယ်ကျင့်တရားပဲ

အရင်အနှီးကောင်းမှ အတိုးအပွားဖြစ်တဲ့ ပညာ ဥစ္စာရမယ်

ဒါကြောင့်...ကိုယ့်မှာရှိတဲ့ အရင်းအနှီးကိုအလကားလုပ်မပြစ်ကြပါနှင့်။

  
*ဘဝမှာဘယ်လောက်ပဲ ဆင်းရဲနေပါစေ

ဘယ်လောက်ပဲ ကျရှုံးနေပါစေ

ဘယ်လောက်ပဲ အောင်နိုင်နေပါစေ

ဘယ်လောက်ပဲ ကျော်ကြားနေပါစေ

ကိုယ်ကျင့်တရားနဲ့တူတဲ့ သီလကိုတော့ အသက်နဲ့လဲပြီး ကာကွယ်ဖို့လိုတယ်

ဒါမှသာလျှင် သင့်အနာဂါတ် ကောင်းမွန်နေလိမ့်မယ်။

  
*လူ့ဘဝသစ်ပင် ရှင်သန်ကြီးထွားစေဖို့

ကိုယ်ကျင့်တရားဆိုတဲ့ သန့်ရှင်းကြည်လင်တဲ့

ရေနဲ့လောင်ပြီး ပြုပြင်ကြပါစို့။


* ကြီးပွားတိုးတက်လိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊

ကျော်ကြားထင်၇ှားလိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊

လူချစ်လူခင်ပေါလိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊၊

လူတော်လူကောင်းဖြစ်လိုလျှင် ကိုယ်ကျင့်တရား စောင့်ထိန်းပါ၊

ကမ္ဘာကျော်ပုဂ္ဂိုလ်ထူးဖြစ်လိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊

ဖြစ်လိုလျှင်....


* လောကရဲ့ အလှပဆုံး အဆင်းရနံ့

အမြင့်မြတ်ဆုံး ကိုယ်ကျင့်သိက္ခာ

ကမ္ဘာ့အငြိမ်းချမ်းဆုံးသော အရာကို ပေးနိုင်တာက...သီလပဲ

ဒါကြောင့်...တို့တတွေ အလှပဆုံးသောရနံ့ကို နှစ်သက်ပါသလား?

ငြိမ်းချမ်းမှုကိုလိုလားပါသလား?


  
*ဘဝကို ပျော်ရွှင်စရာ စိတ်မြေ့စရာလေးတွေနဲ့ တည်ဆောက်နိုင်ရင် ဘဝဟာနေချင်စရာပါပဲ

သို့သော် ....အမုန်းတရား အာဃာတ ရန်ငြိုးတွေနဲ့နေမယ်ဆိုရင်တော့ ဘဝကပျင်းစရာကြီးဟု

သင်ပြောလာမှာ သေချာပါတယ်။


* သြော်.. လောကလူတွေ အကောင်းဘယ်လောက်လုပ်လုပ်

သမိုင်းကြောင်းမကောင်းခဲ့တော့ အကောင်းကိုမမြင်ကြဘူး၊

ဒါကြောင့်...လူတွေ သမိုင်းကြောင်းကောင်းအောင်နေဖို့လိုပါတယ်

သမိုင်းကြောင်းကောင်းအောင်ကြိုးစားကြပါ.

  
*လူတွေက ဘာနဲ့တူသလဲဆိုရင် အချိန်တန်ရင် အရည်ပျော်တတ်တဲ့ ဖယောင်းတိုင်နဲ့တူတယ်

လူတွေဟာအချိန်တန်ရင် ကိုယ့်လုပ်တဲ့အမှုမှာမူတည်ပြီးသွားကြမှာပဲ

အချိန်မတန်ခင် ဖယောင်းတိုင်ဟာ လူတွေအတွက် အလင်းတန်းပေးခဲ့သလို

တို့တတွေ လူတွေအတွက် အလင်းတန်းပေးနိုင်ခဲ့ပြီလား?

  
*မျက်စိကောင်းလျှက်နဲ့ မမြင်ရသူထက်

မျက်စိမမြင်ရလို့ မျက်စိမြင်လာအောင်

အထူးတလည် လုပ်ဆောင်သောသူက

သာပြီး တော်တယ် မြတ်ပါတယ်၊ 


* မီးကလည်း မလင်း

လကလည်း မသာ

ခြေထောက်တော့ခိုက်မိတော့မှာပဲ၊

ပညာကလည်း မရှိ

ပစ္စည်းဥစ္စာကလည်း မပါ

ကိုယ်ကျင့်သီလကလည်း မွဲ

ထိုပုဂ္ဂိုလ်တော့...လူစင်မှီမှာမဟုတ်တော့ပါဘူး၊

  
*ဆားမပါတဲ့ဟင်း စားလို့မကောင်းဘူး

တက်မပါတဲ့လှေ ခရီးမရောက်ဘူး

ကိုယ့်ကျင့်သီလမကောင်းတဲ့သူ လူမပီသဘူး

ဒါကြောင့်..

လူပီသအောင် ကိုယ်ကျင့်သီလကောင်းအောင်စောင့်ထိန်းဖို့လိုတယ်။


* လောကလူတွေဟာ

ကိုယ့်အကြောင်းကိုသိအောင်အရင်မကြိုးစားကြဘဲ

တပါးသူအကြောင်းကိုသိအောင်ကြိုးစားနေကြတယ်

ကိုယ့်အကြောင်းကိုသိအောင်ကြိုးစားကြပါ

ဒါမှသာလျှင်...ကိုယ့်အတွက်တန်ဖိုးရှိလိမ့်မယ်။

  
*တချို့ကပညာတတ်တွေကိုအားကျကြတယ်

တကယ်တော့လောကမှာ အသိတရားတွေနဲ့

လောကကိုပေးဆပ် မိမိကိုယ်ကိုကိုယ်ကျင့်သီလကောင်းအောင်

နေထိုင်နိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ လူတော်ပါ လူ့သူတော်ကောင်းပါ။ ဓမ္မစမ်းရေ..


lundi 9 décembre 2013

ဒုက္ခဆိုတာကြောက်စရာလား?

                          
ဘဝရဲ့အစ အလယ် အဆုံးလူတွေမှာဒုက္ခတရားတွေချည်းပါပဲ အငိုနဲ့စ အငိုနဲ့ဆုံး သံသရာတလျှောက်ငိုခဲ့ရတဲ့မျက်ရည်ဟာ သမုဒ္ဒရာရေထက်မနည်းဘူးဟုမြတ်ဘုရားဟောကြားခဲ့တယ်။

ဒုက္ခဆိုတဲ့အနက်အဓိပ္ပါယ်ကိုဆင်းရဲခြင်းလို့ဘာသာပြန်ရင်မလုံလောက်ပါဘူး ဒုက္ခဆိုတဲ့စကားလုံးနှစ်ခုဟာ တည်မြဲခြင်းမရှိ ဖောက်ပြန်ပျက်စီးခြင်းသဘော အထင်ကြီးစရာမရှိ သာယာဖွယ်ကင်း စက်ဆုတ်ခြင်း ထိန့်လန့်စရာ လုံးဝရန်သူအစစ်ဆိုတဲ့အဓိပ္ပါယ်ပြန်ရင်တောင်မလုံလောက်နိုင်ဘူး ဒုက္ခရဲ့အဓိပ္ပါယ် (၂၅)မျိုးလောက်ရှိနေတာကိုး။

စာပေမှာတော့...
ဒုက္ခ ဒုက္ခ
ဝိပရိဏာမ ဒုက္ခ
သင်္ခါရဒုက္ခ ဆိုပြီးသုံးခုပြထားတယ်။
ပထမ ဒုက္ခနဲ့ ဒုတိယ ဝိပရိဏာမ ဒုက္ခတွေကတော့သိလွယ်တဲ့ ပညတ်ဒုက္ခတွေပါ သင်္ခါရဒုက္ခကတော့ ရုပ်နာမ် တရားတွေကို သင်္ခါရနယ်ပယ်ထဲ ထဲထဲဝင်ဝင်သိမြင်နိုင်တဲ့သူဟာအင်မတန်နည်းပါးပါတယ်။

ပညတ်ဒုက္ခတွေကိုသိနေရုံနဲ့အရိယာမဖြစ်နိုင်ဘူး ပရမတ်လို့ခေါ်တဲ့ သင်္ခါရဒုက္ခတွေကိုသိနိုင်ပါမှဘဝကိုတကယ်စက်ဆုတ်ပြီး နိဗ္ဗိဒါ ဥာဏ်ကိုဖြစ်စေပြီးနိဗ္ဗာန်ရောက်နိုင်မှာပါ။

ဒီတော့ဒုက္ခကိုသိတယ်ဆိုတာ သင်္ခါရဒုက္ခသိမှ ဒုက္ခကိုတကယ်သိတယ်ခေါ်နိုင်မှာပါ ရိုးရိုးသာမာန်သိနေရုံနဲ့တော့သိတယ်မခေါ်နိုင်ပါဘူး ဒီအကြောင်းနဲ့စပ်ပြီးကြားဖူးထားတာလေးရှိတယ်။

 တခါတုံးကရွာတရွာရဲ့တဘက်ကမ်းမှာအင်မတန်သာယာလှပတဲ့တော
အုပ်တခုရှိပါတယ်သစ်ပင်တောတောင်တွေကစိမ်းစိမ်းစိုစိုကျေးငှက်ကလေးတွေကလည်းအလွန်ပေါ
ရှဉ့်ကျားမလေးတွေကလည်းဆော့ကစားကမ္ဘာ့မျက်လုံးအလှပိုင်ရှင်ဖြစ်တဲ့သမင်မလေးတွေကလည်း
အန္တရာယ်မရှိတဲ့တောထဲမှာနေရတော့အလွန်ပျော်စရာပေါ့။

တောအုပ်ရဲ့အလယ်မှာစမ်းချောင်းကလေးကလည်းစီးဆင်းသံတွေနဲ့အတူသာယာလှပတဲ့မြင်ကွင်း..
.တောရဆောက်တည်တဲ့ရဟန်းတပါးရဲ့အကျင့်သီလသိက္ခာတွေနဲ့အလှဆင်ထားတော့ဂနိုင်တောကြီးက
လှချင်တိုင်းလှနေလေရဲ့။

တောရဆောက်တည်တဲ့ရဟန်းမှာပြုစုလုပ်ကျွေးနေတဲ့ကပ္ပိယကြီးလည်းရှိတယ် ရဟန်းကနေ့စဉ်နေ့တိုင်းတရားဘာဝနာအားထုတ်နေသတဲ့ ကြုံတွေ့လာတဲ့သင်္ခါရတရားအာရုံတိုင်းကိုရဟန်းက ငြီးငွေ့စွာနဲ့ ဒုက္ခ ဒုက္ခ မြင်ရင်လည်း ဒုက္ခ ကြားရင်လည်းဒုက္ခ စားရင်လည်း ဒုက္ခ နေရာတိုင်းမှာဒုက္ခလို့ချည်းညည်းညူသတဲ့။

ကပ္ပိယကြီးကလည်းရဟန်းဒုက္ခလို့ငြီးနေတာကိုတရားသဘောနဲ့မတွေးဘဲဘာမြန်းဒုက္ခရောက်နေလဲမသိဟု
အမြဲတွေးနေသတဲ့တနေ့တော့မြို့ကဒကာတွေရဟန်းကိုဖူးမြော်ရင်းကောင်းမွန်သောအစားစာတွေ
ဆက်ကပ်ကြတယ် အင်းဒုက္ခတွေစားရပေအုံးမည်ဟုညည်းညူသတဲ့။

အဲဒီအနားမှာလိုရာကိစ္စကိုပြုစုပေးနေတဲ့ကပ္ပိယကြီးက ဒီလောက်ကောင်းမွန်တာစားနေတာတောင်ငြီးနေသေးတယ် တို့မြန်းဒီလိုဒုက္ခအမြဲတွေ့ချင်လိုက်တာဟုစိတ်ကူးနေသတဲ့။

ကျောင်းအနီးမှာနေတဲ့မျောက်ကြီးကလည်းဒုက္ခဆိုတဲ့စကားကိုနေ့တိုင်းကြားနေရတော့စိတ်ဝင်စားနေသတဲ့ ဒါနဲ့ခရီးသွားလူတယောက်ကိုမေးမြန်းသတဲ့ဟေးဆရာ..ဒုက္ခဆိုတာဘာလဲဗျသိသလားဒုက္ခကဘယ်လို
အမျိုးစားလဲကောင်းတဲ့အရာဝတ္ထုလားပြောစမ်းပါဒုက္ခရှိရင်လည်းပေးစမ်းပါခရီးသွားကလည်း
ဒုက္ခဆိုတာမကောင်းဘူးမကြိုက်ပါနဲ့လို့ပြောလဲမရဘူးစိတ်ဝင်းစားနေလေရဲ့။

ဒါနဲ့ခရီးသွားကလည်းတောကျောင်းကိုသွားမေးချေ ဒါနဲ့မျောက်ကလေးကလည်းတောရကျောင်းကိုသွားသတဲ့ ကျောင်းသွားတော့ရဟန်းကမရှိတဲ့အချိန်မို့ ကပ္ပိယကြီးနဲ့တိုးသတဲ့ ကပ္ပိယကြီးကလည်း ဘာကိစ္စရှိလို့လဲဆိုတော့ဒုက္ခဆိုတာသိချင်လို့ ဒုက္ခအကြောင်းပြောပြ ဒုက္ခရှိရင်ပေးစမ်းပါ။

ကပ္ပိယကြီးလည်းဒုက္ခဆိုတာမကောင်း မလိုချင်ပါနဲ့ပြောလည်းမရ အကြိမ်ကြိမ်တောင်းနေတာနဲ့ ဒါဖြင့်ရင် မနက်ဖြန်ကျောင်းကိုလာခဲ့ မနက်ဖြန်လာရင်ဒုက္ခထုတ်ကိုပေးမယ်ဆိုတော့မနက်ဖြန်ဆိုတာတွေးပြီးပြန်သွားသတဲ့။

ကပ္ပိယကြီးကလည်းမျောက်ပြန်သွားတာနဲ့ဂုန်နီအိပ်ထဲကိုတောခွေးတကောင်ထည့်ပြီးထုတ်ထားလိုက်တယ် မနက်မိုးလင်းတာနဲ့ ဒုက္ခလိုချင်တဲ့မျောက်ကအစောကြီးထလာလေရဲ့။

ကပ္ပိယကြီး ဘယ်မလဲဒုက္ခ ကျပ်ကိုပေးတော့ ကပ္ပိယကြီးကလည်းကျောင်းအောက်မှာထုတ်ထားအထုပ်ကိုမလာပြီးမျောက်ကိုခုချက်ချင်းဖြေမကြည့်ရဘူး လွင်တီးခေါင်တခုရောက်မှဖွင့်ကြည့်ရမယ်လို့ပြောပြီး ပေးလိုက်တယ် အဲဒီအချိန်မှာမင်းလိုချင်တဲ့ဒုက္ခ တွေ့ချင်နေတဲ့ဒုက္ခ တွေ့လိမ့်မယ်။

မျောက်ကြီးကလည်းသူတွေ့ချင်နေတဲ့ဒုက္ခကိုတွေ့ရတော့မှာမို့ပေးလိုက်တဲ့အထုပ်ကိုထမ်းကာ
လွင်တီးခေါင်ကိုအမြန်ရောက်အောင်သွားသတဲ့ လွင်တီးခေါင်လည်းရောက်ရောဖွင့်ကြည့်လိုက်တဲ့အခါ ညကအစာမစားရတဲ့တောခွေးကြီးကဒေါသတထောင်းထောင်းထပြီး မျောက်ကိုလိုက်ကိုက်တော့တာပဲ
 မျောက်ကလည်းသစ်ပင်မရှိတဲ့လွင်တီးခေါင်မှာမို့တောစပ်ရောက်အောင်မနည်းပြေး သစ်ပင်ပေါ်မနည်းတက်လိုက်ရတယ်တဲ့။

အမလေး မောလိုက်တာ ဒုက္ခဆိုတဲ့အကောင်က မျက်လုံးပြူးပြူး အစွယ်ကားကားနဲ့အတော်ဆိုးတာပဲ ဒုက္ခဆိုတဲ့အကောင်ကိုကြောက်ပါပြီဟုညည်းညူသတဲ့။

တကယ်တော့ရဟန်းပြောတဲ့ဒုက္ခဆိုတဲ့အကြောင်းအရာကို ကပ္ပိယကြီးကမသိဘူး ကပ္ပိယကြီးသိတဲ့ ဒုက္ခအကြောင်းကိုမျောက်ကလိုက်မမှီဘူး တကယ်တော့ ပုံပြင်ထဲမှာတင်မဟုတ်ဘူး လောကအလယ်မှာလဲ ဒုက္ခရဲ့အဓိပ္ပါယ်ကိုကိုယ့်သဘောနဲ့ကိုသိနေကြတာပါပဲ။

ဒုက္ခဆိုတာကြောက်စရာမဟုတ် စိတ်ဝင်စားစရာပါ ဒုက္ခ၇ှိမှသုခရှိမယ် ဒုက္ခမရှိရင်သုခမလာရောက်နိုင် မြတ်ဘုရားက သစ္စာလေးပါးကိုဟောတဲ့အခါမှာ ဒုက္ခကိုပယ်ဖို့မဟုတ် သိဖို့သာဖြစ်တယ်။

ဒုက္ခဆိုတာ ရဲ့ရင်သူတွေအတွက်အတွေ့အကြုံကောင်းတခုပါ အတွေ့ကြုံကောင်းတခု၇ှိမှ အလုပ်တခုလုပ်တဲ့အခါမှာအဆင်ပြေပါတယ်၊ ဒါကြောင့် ဒုက္ခကိုချစ်စရာအဖြစ်လက်ခံပြီး အတွေ့အကြုံကောင်းတွေရအောင်ယူပါ။

တကယ့်ပရမတ်သဘောဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ သင်္ခါရဒုက္ခကိုသိနိုင်ဖို့ကြိုးစားဖို့လိုပါတယ်ဒါမှသာလျှင်လိုပန်းတိုင်ရောက်မည်မဟုတ်လား?
ဓမ္မစမ်းရေ။



jeudi 5 décembre 2013

နိဗ္ဗာန်ရောက်ချင်ရင် ငါ့ကိုမချစ်နဲ့



တခါတုံးကရွာတရွာမှာအလွန်ချမ်းသာတဲ့လူတယောက်ရှိတယ်သူဟာဘာသာရေးကိုအလွန်လေးစားတယ်

သူမှာတဦးတည်းသောသမီးလေးကိုလည်းအလေးထားစေတယ်တနေ့တော့သူဟာရွာမှာဘုန်းတော်ကြီး
ကျောင်းတကျောင်းဆောက်လုပ်ပြီးစာပေတတ်တဲ့သံဃာတော်တပါးပင့်ပြီးလှူဒါန်းထားတယ်။
ကျောင်းတင်မဟုတ်ဘဲ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးလှူဒါန်းတဲ့ဒကာကြီးမိသားစုပေါ့ သမီးပျိုလေးကလည်း ၁၇ နှစ် ဝိပဿနာသတိပဋ္ဌာန်တရားတွေကိုလည်းတရိုတသေလိုက်စားတယ်။

ကျောင်းကိုလည်းနေ့စဉ်နေ့တိုင်းသွားပြီးဆွမ်းပို့တာကိုသူပဲတာဝန်ယူထားပြီးအပျက်မကွက်ပို့တယ်

မသိတဲ့တရားတွေလည်းဘုန်းတော်ကြီးဆီမေးပေါ့ဒီလိုနဲ့သမီးလေးဟာကျောင်းကိုသွားပြီးဆွမ်းတွေပို့
တရားဓမ္မတွေမေးနဲ့အရွယ်နဲ့မလိုက်တရားဘာဝနာတွေစိတ်ဝင်စားနေတာပေါ့။

တနေ့တော့ဘုန်းကြီးကိုသမီးလေးကမေးတယ် အရှင်ဘုရားဒီကျောင်းကဘယ်သူ့ကျောင်းလည်းဘုရား? နင့်အဖေကငါ့ကိုလှူထားတာငါ့ကျောင်းပေါ့ဟ..လို့ဖြေလိုက်တယ်။

နောက်တနေ့လည်းကျောင်းဒကာသမီးလေးကမေးပြန်တယ်အရှင်ဘုရား ဒီသင်္ကန်းက ဘယ်သူ့သင်္ကန်းလဲဘုရား? ရပ်ရွာရှိဒကာဒကာမတွေကငါ့ကိုလှူထားတော့ငါ့သင်္ကန်းပေါ့ဟ
သပိတ်ကရော ငါဆွမ်းခံဖို့လှူထားတာ ငါ့သပိတ်ပေါ့ဟ ဒါဖြင့်ရင်ကျောင်းဝိုင်းထဲမှာပေါက်နေတဲ့သစ်ပင်တွေကရော ငါ့ကျောင်းဝိုင်းထဲကသစ်ပင်တွေ ငါ့သစ်ပင်တွေပေါ့ဟ မေးတိုင်း ငါ့ဥစ္စာ ငါ့ပစ္စည်းရယ်လို့ တငါငါနဲ့ပြောနေတဲ့ဘုန်းကြီးကို ကျောင်းဒကာသမီးလေးမေးလိုက်တယ်။

ဒါဆိုရင် ဘုန်းကြီးကောဘာကြောင့်ဝတ်တာလဲဘုရား? နိဗ္ဗာန်ရောက်ချင်လို့ အေးချမ်းချင်လို့ ပူနေတဲ့ကိလေသာမီးတွေကြောက်လို့ လို့ဖြေလိုက်တယ် ဒါဖြင့်ရင် ဘုန်းကြီးကိုကျောင်းဒကာသမီးက နိဗ္ဗာန်ရောက်ချင်ရင် အေးချမ်းချင်ရင် ငါ့ကိုမချစ်နဲ့ပေါ့လို့ပြောထားခဲ့လိုက်တယ်။

ဘုန်းကြီးကတော့ကျောင်းဒကာသမီးပြောတဲ့စကားတွေတွေးရင်ကျန်နေခဲ့တယ်..ဘုန်းကြီးကဘယ်လိုတွေး

သလဲဆိုတော့ သြော်.. ငါ့ကိုတရားပြခဲ့တယ် နိဗ္ဗာန်ရချင်ရင် ငါ့ဥစ္စာ ငါ့ပစ္စည်းရယ်လို့ အစွဲသက္ကာယဒိဋ္ဌိတွေဖြုတ်ပစ်ဖို့ပဲ။

တကယ်တော့ ငါစွဲဟာ လောကီမှာရော လောကုတ္တရာမှာနည်းလေကောင်းလေပဲ ငါရဲ့နှလုံးသားမှာငါစွဲတွေများနေလို့ နေရာပြည့် အချိန်ပြည့် အသိဥာဏ်ကောင်းတွေကို သူတို့တွေကစိုးမိုးထားတယ်။

ငါစွဲတွေဖျောက်ငါ့နှလုံးသားမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မဝိဟာရတရားလေးနဲ့

အစားထိုးနေလိုက်တာနှင့်အမျှငါ့နှလုံးသားမှာသူတော်ကောင်းတရားတွေ ပေါက်ဖွားရှင်သန်ဖို့နေရာတွေ
ပေါ်လာမှာမြေကြီးလက်ခက်မလွဲပဲဟုတွေးပြီးနေလေရဲ့။

အဲဒီလိုတွေးပြီးကတည်းကဘုန်းတော်ကြီးဟာတရားနဲ့ပဲပျော်နေပါတော့တယ် စကားပြောတော့လည်းတရားဓမ္မနဲ့ပဲ စားတာလဲတရားဓမ္မနဲ့ သွားတာလဲတရားဓမ္မနဲ့ပဲနေတော့တယ်တဲ့ နောက်ဆုံးဘုန်းတော်ကြီးဟာ တရားဘာဝနာမှာပဲပျော်မွေ့ နိဗ္ဗာန်ရောက်ဖို့ကြိုးစာနေတော့တယ် ငါ့ကိုမချစ်တော့ဘူး။

ခုလည်းပြောထားခဲ့တဲ့ပုံပြင်ထဲကလိုပဲလောကလူတွေနဲစာရေးသူအပါဝင် ငါစွဲတွေဖြုတ် ငါ့ဥစ္စာ ငါ့ပစ္စည်းလို့တွေးနေကြတဲ့သူတွေ ငါ့ကိုချစ်နေရင်တော့ ဝေးရအုံးမည်ပေါ့နိဗ္ဗာန်နဲ့ ငါစွဲတွေမဖြုတ်သမျှကမ္ဘာကြီးငြိမ်းချမ်းဖို့ဝေးရပေတော့မပေါ့မဝေးရလေအောင် ကမ္ဘာကြီးငြိမ်းချမ်းရလေအောင် ငါစွဲတွေကိုအတတ်နိုင်ဆုံးဖြုတ်ကြရအောင်လား…….ဓမ္မစမ်းရေ။

vendredi 29 novembre 2013

ကျော်ဖြတ် အခက်ခဲ



ဒီနေ့တပည့်လေးတယောက်ပြန်ခါနီးမို့လာကန်တော့ရင်းမေးခွန်းတခုမေးသွားတယ်
လူ့လောကကြီးဟာအခက်ခဲဆိုတာရှိတယ်၊အခက်ခဲရှိမှအခက်ခဲကြားမှအောင်မြင်အောင်လုပ်မှ

အဲဒီပုဂ္ဂိုလ်တော်တယ်လို့ကြားဖူးတယ်အခက်ခဲမရှိဘဲအောင်မြင်တဲ့ပုဂ္ဂိုလ်လောကမှာတယောက်မှ
မရှိဘူးလား?
အခက်ခဲမရှိဘဲအောင်မြင်တဲ့ပုဂ္ဂိုလ်ဆိုလို့ဘဝသေနေတဲ့သူပဲလောကမှာရှိလိမ့်မယ်လူတိုင်းမှာ

ကိုယ်စီအခက်ခဲဆိုတာရှိတယ်လူတွေလိုချင်မှုဆိုတဲ့တဏှာရှိနေသမျှတော့ဒုက္ခတူတဲ့အခက်ခဲဆိုတာ
ရှိနေအုံးမှာပဲအခက်ခဲတွေတွေ့နေအုံးမှာပဲ။

မင်းအခက်ခဲတွေကိုကြောက်နေလား လူဘဝရလာပြီးမင်းကြောက်နေရင် မင်းသေလိုက်ပေါ့ သေလိုက်ရင်အခက်ခဲမတွေ့ရတော့ဘူးဟု စိတ်တိုတိုနဲ့ပြောလိုက်မိသေးတယ်။

ဘုရားလောင်းဇနကမင်းသားဟာဘာကြောင့်သူရဲကောင်းဖြစ်ရတာလဲ?မသိဘူးဘုရားတဲ့သဘောင်္ပျက်ခြင်း

ဆိုတဲ့အခက်ခဲနဲ့တွေ့လို့အဲဒီအခက်ခဲကိုကျော်ဖြတ်လို့သူဟာဝီရိယဆိုတဲ့အားထုတ်မှုအပိုင်းမှာသမိုင်း
တင်စံထားထိုက်တဲ့သူရဲကောင်းဖြစ်ရတယ်လေ။

မင်းတို့သိတဲ့အနီးစပ်ဆုံးသူကိုပြောရရင်ဗိုလ်ချုပ်အောင်ဆန်းကောဘာကြောင့် မြန်မာ့သမိုင်းမှာ

သူရဲကောင်းအာဇာနည်ဘွဲ့ကိုရခဲ့တာလဲ?ဂျပန်တို့အင်္ဂလိပ်တို့နဲ့တွေ့ပြီးအခက်ခဲနဲ့ကြုံလို့ပေါ့
သူတို့ကတို့နိုင်ငံကိုလာရောက်ပြီးမသိမ်းပိုက်ဘူးဆိုရင်ဗိုလ်ချုပ်ကောလွတ်လပ်ရေးလုပ်ပိုင်
ခွင့်လို့ခေါ်တဲ့အားထုတ်မှုကောရပါ့မလား?

လွတ်လပ်ရေးလုပ်ပိုင်ခွင့်အားထုတ်မှုမရဘူးဆိုရင်သူလဲသူရဲကောင်းအာဇာနည်ဘွဲ့မရနိုင်ဘူး

ခုလိုအခက်ခဲတွေကြောင့်မြန်မာ့သမိုင်းမှာသူရဲကောင်းအာဇာနည်ဆိုတဲ့ဘွဲ့ကို
ယနေ့တိုင်ထင်ရှာနေတာပေါ့။

ဥပမာပြောရရင်တော့ကွာမှိုပွင့်လေးတွေဟာနူးညံ့တယ်၊သို့သော်ကြမ်းတမ်းတဲ့ 

 မြေကြီးထဲကမွေးဖွားထွက်ပေါ်လာပြီဆိုကတည်းက မြေကြီးဆိုတဲ့အခက်ခဲကိုခေါင်းပေါ်
ရွက်ပြီးမွေးဖွားလာသလိုလူတွေဟာလည်းဒုက္ခမျိုးစုံအခက်ခဲမျိုးစုံကိုခေါင်းပေါ်တင်ပြီးလူ့ဘဝကို
ရှင်သန်နေရမှာပဲ။

ဒါကြောင့်… မင်း ကျော်ကြားချင်သလား?

မင်း အောင်မြင်ချင်သလား?

မင်း ထင်ရှားချင်သလား? ကျော်ဖြတ်…အခက်ခဲတွေ။

ဓမ္မစမ်းရေ။

mardi 26 novembre 2013

မြန်မာတွေ မြန်မာလိုလေးသိစေချင်တယ်



စာရေးသူကစပြီးမြန်မာလိုတခါတလေမေ့နေတတ်ပါတယ် ခုခောတ်လူငယ်တွေဘယ်ခုနှစ်ဘယ်လဘယ်ရက်ဘယ်နေ့ဆိုတာတခါတလေတပါးသူကမေးလိုက်ရင်
လက်တမ်းမဖြေတတ်ဘူးဖြစ်နေတယ် ခရစ်နှစ်မေးလိုက်ရင်ချက်ချင်းဖြေဆိုတတ်ကြတယ်။

စာရေးသူတို့ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့မင်္ဂလာပွဲဖိတ်စာလေးကမြန်မာဆန်မှန်းသိသာတယ် ၁၃၀၄ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁ ရက် တနင်္လာနေ့  မင်္ဂလာထမင်းစားပွဲဖိတ်ကြားစာတဲ့ ချစ်စရာမြန်မာဓလေ့ကိုဖော်ကျူးထားတယ်။

ခုခောတ်ကတော့ လူငယ်ကအစလူကြီးအဆုံးအင်္ဂလိပ်လေးပြောလိုက်ရင်သူတို့ကိုသူတို့တော်လှပြီ တတ်လှပြီထင်နေတတ်ကြတယ်ဒီဘက်ကကိုယ့်မြန်မာအစဉ်အလာတွေရိုးရာအမွေအနှစ်တွေပျောက်ဆုံး
နေတာသတိမထားမိကြဘူးဖြစ်နေတယ်။

ဒါလေးတော့သတိထားမိဖို့တော့အမြဲတမ်းသတိရှိစေချင်ပါတယ် တလောကသီတဂူဆရာတော်ကြီးကလည်းမိန့်ထားတာတွေ့ရတယ် တရားပွဲတွေမှာမြန်မာသက္ကရာဇ်ရိုက်ပြီးဖိတ်ထားတဲ့စာလွှာလေးမှာတွေ့တော့ဝမ်းသာပီတိဖြစ်မိကြောင်း ခုခောတ်ကခုလိုလေးမြန်မာဆန်ဆန်ရိုက်နှိပ်ပြီးဖိတ်ထားတာနည်းလာပြီ အင်္ဂလိပ်လိုချည်းပဲရိုက်နေကြတယ်ဒီအစဉ်လာကိုထိန်းထားပါတဲ့သိပ်ကောင်းတယ်ဆိုပြီး
ချီးကျူးထောမနာပြုခဲ့တယ်။

မန္တလေးလိုနေရာမျိုး ရန်ကုန်လိုနေရာမျိုးမှာဆိုရင် ကွန်ပျူတာသင်တန်း ရေကူးသင်တန်း လုပ်ငန်းကိုင်ငန်းလုပ်ငန်းကြော်ငြာတွေမှာမြန်မာလိုမရိုက်တော့ပါဘူး ၂၀၁၃ ဒီဇင်ဘာ ဘယ်နှစ်ရက် ၂ ရက်မန်းဒေးစသဖြင့်သုံးနေကြပါပြီသုံးတာအပြစ်ဆိုတာမဟုတ်ပါ ခောတ်လူငယ်တွေ
မြန်မာသက္ကရာဇ်ဆိုတာရှိတယ်သဘောလေးတောင်မသိမှာစိုးရိမ်မိလို့ပါ။

၁၃၇၅ခု တန်ဆောင်မုန်းလပြည့်ကျော်ငါးရက် တနင်္ဂနွေနေ့ ကိုကျော် ရဟန်းခံရှင်ပြုလေ အောင်မင်္ဂလာကြားကျောင်းမှာတရွာလုံးမီးခိုးတိတ်ကျွေးမှာဒါဟာ
မကွေးဘက်ကပြောသောလေသံ နတ်တော်လဆန်း ၈ရက်ကနေ ၁၂ ရက်ကြားအားလားဆရာဒါကတော့မြင်းခြံဘက်ကပြောသောလေသံ သာယာဖွယ်ကောင်းလိုက်ပါဘိ။

မြန်မာ နှစ်လ ရာသီ နေ့ရက်များကိုခောတ်လူငယ်တွေသိရှိဖို့ရန်ဆရာတင်မိုးရေးထားတဲ့ကဗျာလေးရှိပါတယ်၊
တနင်္ဂနွေ တနင်္လာ
လေတွေ မိုးတွေလာ
အင်္ဂါ ဗုဒ္ဓဟူး
လေပြည်တဖြူးဖြူး
ကြာသာပတေး သောကြာ
လမင်းထိန်ထိန်သာ၊
စနေတခုတည်း
မိုးတွေရေတွေရွှဲ။

လအလိုက်ရွာတတ်သောမိုးကိုလည်းခောတ်လူငယ်တွေမိတ်ဆက်ပေးလိုက်ချင်မိပြန်တယ်
တန်ခူးမည်မှတ်
ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး၊
ကဆုန်အတွင်း
မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့၊
နယုန်မိုးသေး မြက်သားမွေး
ဝါဆိုလပြောင်း
မိကျောင်းဖွေးဖွေး
မိုးအေးအေး၊
ဝါခေါင်တကြောင်း
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ကာမိုးမရွာ
ရွာပါသော်လည်း မိုးမသည်း၊
တော်သလင်းတိမ်ညို
စဖိုသည်ဆင်းရဲမိုးမစဲ၊
သီတင်းကျွတ်တွင်
ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး၊
တန်ဆောင်မုန်းတွင်
ဆီးနှင်းတပြိုက်
မိုးတစ်လိုက်၊
နတ်တော်ရောက်ငြား
မိုးသားမငြိမ် ဆရာတိမ်၊
ပြာသိုချမ်းပြင်း
ဆီးနှင်းရောယှက် နှံဖုံးလျှက်၊
တပိုးတွဲနွဲ၍ ရွာခြင်း
သံမိုးကြွင်း၊
တပေါင်းလည်းကူး
မိုးသားကြူး။

လအလိုက် ရာသီလေးတွေဖော်ပြထားတာလေးကထိရောက်လှပပေတယ် ကိုယ့်နေ့ ကိုယ့်ရက် ကိုယ့်လ ကိုယ့်နှစ် ကိုယ့်မိုး ကိုယ့်ဆောင်း ကိုယ့်နွေအကြောင်းကို ကိုယ့်နိုင်ငံကလူငယ်လူကြီးမသိသင့်ပေဘူးလား?မြန်မာစာသည်တို့စာ မြန်မာစကားသည် တို့စကား မြန်မာပြည်ဟာ တို့ပြည် လို့ပြောနေကြတဲ့ ကိုရွှေမြန်မာတို့ရေ နှစ် လ ရက် နေ့ လေးတွေမေးရင်ဖြင့် သိအောင်ကြိုးစားကြပါအုံးလို့သတိပေးလိုက်ချင်ပါဘိ။ဓမ္မစမ်းရေ..



mercredi 13 novembre 2013

တို့တတွေ လောကကိုဘယ်လိုပေးဆပ်ကြမလဲ?



ပန်းခရေကတော့

လန်းတဲ့အခါမှာကော

နွမ်းတဲ့အခါမှာကော

လောကလူတွေကို

သူရဲ့ရနံ့နဲ့ပေးဆပ်ခဲ့တယ်။

သစ်ပင်တွေကတော့

ရှင်သန်တဲ့အချိန်မှာ

အေးမြတဲ့အရိပ်အာဝါသ

သေဆုံးတဲ့အချိန်အခါမှာ

ထင်းအဖြစ်နဲ့

လူတွေအတွက်အသုံးတော်ခံခဲ့တယ်။

မင်းတို့ငါတို့တတွေ

လောကကိုဘယ်လိုပေးဆပ်ကြမလဲ?....."ဓမ္မစမ်းရေ

စာတလုံးဘုရားတဆူ



စာတလုံးဘုရားတဆူ ဟု ပညာရှိများပြောကြားတာကို ငယ်ငယ်ကကြားခဲ့ဖူးတယ် သို့သော် သေချာနားမလည် ဘယ်စာကဘယ်လိုအဓိပ္ပါယ်ကိုဆိုလိုတာကိုတကယ်မသိခဲ့ စာရှု့သူတို့ကိုလည်း အခုကိုယ်တိုင်သိတော့မျှဝေချင်တယ် ဒါဟာ စာရေးသူရဲ့တကယ့်စေတနာအမှန်ပါ။

ဒါကြောင့်မို့ တင်ပြလိုက်မိတယ် သေချာစွာဖတ်ပြီး မျှဝေဖို့လည်းတခါတည်းတိုက်တွန်းချင်ပါတယ်..အက္ခရာဧက မေကဉ္စ ဗုဒ္ဓရူပံ သမံသိယာဟု ကျမ်းဂန်လာရှိသည့်အတိုင်း တလုံးစီကိုပညာရှိများကခုလိုဖွဲ့ဆိုထားပါတယ်။

က…ဟူသည်ကား ကိလေသာမာန်ကိုအောင်တော်မူသောမြတ်စွာဘုရား

ခ…ဟူသည်ကား ခန္ဓမာရ်ကိုအောင်တော်မူသောမြတ်စွာဘုရား

ဂ…ဟူသည်ကားဂန္ဓကုဋီရွှေတိုက်မှကျွတ်ထိုက်သောသတ္တဝါအပေါင်းအားရွှေဥာဏ်တော်ကွန်ရက်ဖြင့်ကြည့်ရှု့တော်မူသောမြတ်စွာဘုရား

ဃ…ဟူသည်ကား ဃဋိကာရဗြဟ္မာမင်းကြီးဆက်ကပ်သောရွှေကြာသင်္ကန်းကိုဆင်မြန်းတော်မူသောမြတ်စွာဘုရား

င…ဟူသည်ကား ငါးပါးသောမာရ်ကိုအောင်တော်မူသောမြတ်စွာဘုရား

စ…ဟူသည်ကား စင်္ကြဝဠာတသိုက်မှာ တုဘက်ပြိုင်ကင်းတော်မူသောမြတ်စွာဘု၇ား

ဆ…ဟူသည်ကား ဆယ်ပါးသောဒုစရိုက်ကိုပယ်ဖျက်တော်မူသောမြတ်စွာဘုရား

ဇ…ဟူသည်ကား ဇာတိဿရဥာဏ်ကိုရတော်မူသောမြတ်စွာဘုရား

ဈ…ဟူသည်ကား ဈာန်သမာပါတ်အပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

ည…ဟူသည်ကား ဥေယျဓံတရားငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

ဋ…ဟူသည်ကားဋီကာလက်သန်းကျမ်းမသွယ်သွယ်တို့ကိုဆရာမကူကိုယ်တော်တိုင်သိမြင်တော်မူသောမြတ်စွာဘုရား

ဌ…ဟူသည်ကား ပဌာန်းကျမ်းကိုဟောတော်မူသောမြတ်စွာဘုရား

ဍ…ဟူသည်ကား ကောဏ္ဍညပုဏ္ဏားသည်လက်ညှိုးတချောင်းထောင်ပြ၍ဘုရားဧကန်စစ်စစ်ဖြစ်လိမ့်မည်ဟုပြောဆိုခြင်းကိုခံယူတော်မူသောမြတ်စွာဘုရား

….ဟူသည်ကားဒီပင်္ကရာဘုရားခြေတော်ရင်း၌နိယတဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသောမြတ်စွာဘုရား

ဏ..ဟူသည်ကားတဏှာတည်းဟူသောအမိုက်မှောင်ကိုပယ်ဖျက်ခုတ်ထွင်အောင်တော်မူသောမြတ်စွာဘုရား

တ…ဟူသည်ကား တထောင်မကသောတိတ္ထိတို့ကိုဆုံးမတော်မူသောမြတ်စွာဘုရား

ထ…ဟူသည်ကား ထူးမြတ်သောဂုဏ်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

ဒ…ဟူသည်ကား ဒိဗ္ဗစက္ခုဥာဏ်ကိုရတော်မူသောမြတ်စွာဘုရား

ဓ…ဟူသည်ကား ဓမ္မစင်္ကြာတရားကိုဟောတော်မူသောမြတ်စွာဘု၇ား

န…ဟူသည်ကား နိဗ္ဗာန်အောင်ချာရွှေပြည်သာသို့ပို့ဆောင်တော်မူသောမြတ်စွာဘုရား

ပ…ဟူသည်ကား ပုဗ္ဗေနိဝါသနုဿတိဥာဏ်တော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

ဖ…ဟူသည်ကား ဖိုလ် မဂ်ချမ်းသာကိုအောင်တော်မူသောမြတ်စွာဘုရား

ဗ…ဟူသည်ကား ဗောဓိပင်ကိုအောင်တော်မူသောမြတ်စွာဘုရား

ဘ…ဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

မ…ဟူသည်ကား မစ္စုမာရ်ကိုအောင်တော်မူသောမြတ်စွာဘုရား

ယ…ဟူသည်ကား သရက်ဖြူပင်ရင်းတွင်တိတ္ထိတို့ကို ရေ မီးအစုံစုံတို့နှင့်
ယမကပြာဋိဟာကိုပြတော်မူသောမြတ်စွာဘုရား

ရ…ဟူသည်ကား ရောင်ခြည်တော်ခြောက်သွယ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

လ…ဟူသည်ကား လူသုံးပါးတို့ကိုတုပြိုင်ဘက်ကင်းတော်မူသောမြတ်စါာဘုရား

ဝ…ဟူသည်ကား ဝသုနြေ္ဒမြေနတ်သားသည်သက်သေခံပြ၍မာရ်နတ်မင်းခုခံသည်ကိုအောင်တော်မူသောမြတ်စွာဘုရား

သ…ဟူသည်ကား သစ္စာလေးပါးတရားအပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

ဟ…ဟူသည်ကား ဟန္ဒဒါနိ ဘိက္ခဝေ ပါဠိတော်လာသည့်နှင့်အညီ ရဟန်းအပေါင်းတို့ကိုဆုံးမတော်မူသောမြတ်စွာဘုရား

ဠ…ဟူသည်ကား လပြည့်ဝန်းကဲ့သို့ပြည့်ထွန်းသောရွှေမျက်နှာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား

အ…ဟူသည်ကား နေအရုဏ်မတက်မှီအာသဝေါကင်းကွာ၍ အာသဝက္ခယဥာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရား။

ကဲ…မြန်မာ့အက္ခရာအစုံ စာတလုံးဘုရားတဆူဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာသဘောပေါက်လောက်ပြီထင်ပါတယ် …..ဓမ္မစမ်းရေ…

lundi 11 novembre 2013

သာမညဖလအခါတော်နေ့


အခါတစ်ပါး၌၊ မြတ်စွာဘုရားသည်၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ၊ ရာဇဂြိုဟ်ပြည်ရှိ ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။
ထိုအချိန်တွင်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည၊် မိုးလေးလအဆုံး၊ ကုမုဒြာကြာပွင့်ချိန် တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်၌ မင်းအမတ်အပေါင်း ခြံရံလျက်၊ မြတ်သော နန်းပြာသာဒ်၌ နေကာ ဤသို့ ဥဒါန်းကျူးရင့်၏ -

'အချင်းတို့ လသာသော ညဥ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် အလွန်သာယာလှစွတကား၊ ဤညဥ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ ဤညဥ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ ဤညဥ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်း''ဟု ကျူးရင့်၏။

အဇာတသတ်မင်းသည် ဒေ၀ဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော ပဉ္စာနန္တိယ ကံကြီးကြောင့် အလွန်ကြည်နူး သာယာဖွယ်ကောင်ေးသာ တန်ဆောင်မုန်းလပြည့်ည၏ အလှအပကို မခံစားနိုင်ဘဲ အိပ်စက်မရနိုင်ခဲ့ပေ။ ခမည်းတော်ကို လုပ်ကြံခဲ့သောအချိန်မှ စ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ် ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။

ထို့အပြင်၊ ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) အမှန်တကယ်ရှိမရှိကို စိတ်ထဲတွင် ပြဿနာဖြစ်၍နေသည်။ ထင်ရှားလှသော ပဏ္ဍိတ်ကြီးများထံ ချဉ်းကပ်မေးမြန်း ခဲ့ဖူးသော်လည်း၊ ကျေနပ်လောက်အောင် အဖြေမှန်မရခဲ့ချေ။ ဤပြဿနာကို ဘုရားရှင်မှလွဲ၍ မည်သူမျှ မဖြေနိုင်မှန်းလည်း သိ၏။

သို့သော် ခမည်းတော်အား သတ်ခဲ့မိသည့်အတွက် ဘုရားရှင်ကို မဖူးတွေ့ဝံ့အောင် ဖြစ်နေရရှာ၏။
တိုင်းရေးပြည်ရေးကတစ်ဖုံ၊ အဖသတ်မိ၍ နောင်တကြီးစွာ ရနေသည်က တစ်သွယ်၊ သားတော်လေး ဥဒယဘဒ္ဒ ကြီးပြင်းလာသည့်အခါ မိမိကို ပြန်သတ်မှာကို စိုးရိမ်ရသည်က တစ်ကြောင်း၊ သိချင်သည့်ပြဿနာကို မသိရသည်က တစ်ခက် ဖြစ်နေသဖြင့်၊ မာဂဓတိုင်းကြီးရှင် အဇာတသတ်ဘုရင်မှာ စိတ်မရွှင်ဘဲ ရှိနေရရှာသည်။

အဇာတသတ်မင်း၏ မင်းအမတ် ၆-ဦးတို့က၊ တိတ္ထိဆရာကြီး ၆-ဦးတို့၏ ဂုဏ်တို့ကို ဖော်ညွှန်းပြီး၊ ထိုသူတို့ကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏ ဟု အသီးသီးလျှောက်ထားကြသော်၊ မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

ထိုစဉ်အခါ၌ (အဘယ) မင်းသားမွေးစားသော ဇီဝကသည်၊ အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ အေဇာတသတ်မင်းသည် ဇီဝကအား ''အချင်း ဇီဝကသင်သည်ကား အဘယ်ကြောင့် ဆိတ်ဆိတ် နေဘိသနည်း''ဟု ဆို၏။ ထိုအခါတွင်မှ ဇီဝကသည်၊ ဘုရင်ကို လက်အုပ်မချီ ကျောပေးကာ၊ ဘုရားရှင်ရှိရာ သရက်တောဘက်သို့ လက်အုပ်ချီမိုးပြီး ဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ချီးကျူးပူဇော်ကာ ဤသို့ဖြေကြား၏။

''မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော ဤမြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ -

'ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'ဟု ပျံ့နှံ့၍ ထွက်ပါ၏။

"မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

'အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့''။

ဤသို့ဖြင့်၊ ဇီဝကသည် ဆင်မငါးရာနှင့် မင်း၏ စီးတော်ဆင်ကို ပြင်ဆင်စေပြီးလျှင်၊ ဆင်မငါးရာတို့၌မောင်းမတို့ကို တစ်ဦးစီ စီးစေ၍၊ အဇာသတတ်မင်းက၊ စီးတော်ဆင်ကို စီးပြီး၊ မီးရှူးတိုင်တို့ကို ဆောင်စေလျက် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။

အဇာတသတ်မင်းသည် သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင်၊ ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်း ဖြစ်၏၊
'အချင်း ဇီဝက - ငါ့ကို မလှည့်ပတ် မဖြားယောင်းသည် မှန်၏လော့၊ ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်း''ဟု ဆို၏။

'မင်းကြီး - ကြောက်တော်မမူပါလင့်။ မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ သင့်ကို မဖြားယောင်းပါ၊ သင့်ကို ရန်သူတို့အား မအပ်နှင်းပါ။ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏''ဟု လျှောက်၏။

ထိုအခါ အဇာတသတ်မင်းသည် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ ''အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်း''ဟု ဆို၏။
''မင်းကြီး အလယ်တိုင်ကို မှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ်သည် မြတ်စွာဘုရားပါတည်း''ဟု လျှောက်၏။

အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ -

''ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း''ဟု ဥဒါန်း ကျူးရင့်၏။

''မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီ''ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

ထို့နောက် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ရဟန်းပြုခြင်း၏ အကျိုးတရားတို့ကို မေးလျှောက်ရာ၊ မြတ်စွာဘုရားရှင်သည် သာမညဖလ သုတ္တန် ဒေသနာတော်ကို အကျယ်တ၀င့် အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် ဟောကြားတော်မူသည်။

သာမညဖလ သုတ္တန်ကို နာကြားရအပြီးတွင်၊ အဇာတသတ်မင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

"အရှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊
အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊
မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အရှင်ဘုရား။ မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွား ခဲ့ပါ၏၊
အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသောအကြောင်းကြောင့် သတ်ခဲ့မိပါ၏၊
မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါစောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ ဘုရား''ဟု လျှောက်၏။

"မင်းကြီး - မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသောခမည်းတော်ကို သတ်ခဲ့မိ၏၊ မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာကုစားသောကြောင့် သင်၏ ထိုအပြစ်ကို၊ (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊
မင်းကြီး - အကြင်သူသည်အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်းပင်တည်း" ဟု မိန့်တော်မူ၏။

ထိုအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

မြတ်စွာဘုရားသည်အဇာတသတ်မင်း ပြန်သွား၍မကြာမီ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏-
''ရဟန်းတို့ - ဤမင်းသည် (မိမိတည်ရာကို မိမိ) တူးဖြိုခဲ့၏၊
ရဟန်းတို့ - ဤမင်းသည် (မိမိကိုယ်ကို မိမိ) ဖျက်ဆီးခဲ့၏၊
ရဟန်းတို့ - ဤမင်းသည် တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော် ကိုမသတ်မိပါမူ၊ ဤမင်းအား ဤနေရာ၌ပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်) သည် ဖြစ်ပေါ်ရာ၏''ဟု မိန့်ဆိုတော်မူ၏။

ထိုနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာသတတ်မင်းသည်၊
* အိပ်မပျော်သော ရောဂါဝေဒနာ ငြိမ်းအေးသက်သာခဲ့ရ၏။
* ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်လာခဲ့၏။
* ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ဧတဒဂ်ရရှိခဲ့၏။
* နောင်သောအခါ၊ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။
* နှောင်းခတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။
* ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။
* ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအ၀ီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။
* ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ၀ိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။

တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့်၊ ဤနေ့ကို သာမညဖလ အခါတော်နေ့ ဟူ၍ သတ်မှတ်ကာ၊ သံဃာရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါ ဖြစ်ပါသည်။

( သာမညဖလသုတ်ကိုမှီပြီးရေးသားတင်ပြထားပါသည်) ဓမ္မစမ်းရေ