Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 28 juin 2013

ဆင်းတုရှိခိုးတာ အကျိုးရှိသလား



ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
 
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ
စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး
ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက
မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ 

မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။
စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့
မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊
ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့
ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။
ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို
ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
 
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ
ရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်
အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို
ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့
ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား
စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊
 
ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်
နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး
မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့
အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊
သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ
ရှာဖွေလို့ ရနိုင်ပါတော့မလဲ။
(ဒေါက်တာမင်းတင်မွန်)25 of April 2009 ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ...

lundi 24 juin 2013

သွေးနဲ့ရင်း၍ သာသနာတည်ထောင်သူ

                                                    

သွေးနဲ့ရင်း၍ သာသနာတည်ထောင်သူ

ခေါင်းစဉ်လေးကိုစဉ်းစားထားပြီးအထောက်အထားကတော်တော်နဲ့ရှာမတွေ့
နောက်မှငယ်ငယ်ကဖြူးဆရာတော်တရားကိုနာခဲ့ရဘူးတယ့်တရားလေးကိုမှတ်မိသွားတယ်။

မြတ်ဘုရားပါရမီတွေဖြည့်ကျင့်ခဲ့တာလေးသင်္ချေနဲ့ကမ္ဘာတသိန်းဖြည့်ကျင့်စဉ်ကာလအတွင်းမှာ
ဦးခေါင်းဖြတ်ပြီးလှူဒါန်းခဲ့တာဟာမပုတ်မသိုးဘဲတည်ရှိနေမယ်ဆိုရင်(၈၄၀၀၀)အမြင့်ရှိတဲ့
့မြင့်မိုရ်တောင်ထက်မကမြင့်လောက်တယ်။


မျက်လုံးတော်တွေဖောက်ထုတ်ပြီးလှူဒါန်းခဲ့တာဟာလည်းမပုတ်မသိုးဘဲရှိခဲ့မယ်ဆိုရင်
မိုးကောင်းကင်မှာရှိနေတဲ့ကြယ်တာရာတွေလောက်မကရှိလောက်ပါတယ်။

 သွေးတွေဖောက်ထုတ်ပြီးလှုဒါန်းခဲ့တာဟာလည်း မပုတ်မသိုးဘဲရှိခဲ့မယ်ဆိုရင် မဟာသမုဒ္ဒရာလောက်ရှိနေပြီတဲ့ ဒီလိုလှူဒါန်းခဲ့တာဟာသူလိုကိုယ်လိုပုထုဇဉ်ဘဝနဲ့ပါ။


နောက်အထောက်အထားတွေပြရရင် ဒဒ္ဒရဇာတ် ခန္တီဝါဒီဇာတ် စူဠနန္ဒိယဇာတ် မဟာကပိဇာတ်.စူဠဓမ္မပါလဇာတ်စသောဇာတ်တော်တွေမှာမြတ်ဘုရားအလောင်းတော်
သတ္တဝါတွေအတွက်သွေးနဲ့ရင်ပြီးပါရမီတွေဖြည့်ကျင့်တယ် သာသနာတော်ကိုတည်ထောင်ဖို့ကြိုးစားခဲ့တယ်။


ဒီထဲကစူလဓမ္မပါလဇာတ်တော်ကိုနည်းနည်းပြောပြချင်ပါတယ် မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်
အခါကာလမှာဒေဝဒတ်ကလုပ်ကြံလို့ခြေမတော်သွေးခြေတည်ခဲ့ရတာဗုဒ္ဓဘာသာတိုင်းအသိပါ လူတွေအတွက်ဒီလောက်ကောင်းစားဖို့ဟောနေပြောနေတဲ့မြတ်ဘုရားကိုလုပ်ကြံရက်တယ်။


ဒီအကြောင်းနဲ့ပါတ်သက်ပြီးရဟန်းတော်တွေဟိုတစုဒီတစုနဲ့ပြောနေကြတဲ့နေရာကိုမြတ်ဘုရားရောက်
သွားတယ်ဘာပြောနေလဲရဟန်းတို့ဟုမေးကြည့်လိုက်တော့ဒေဝဒတ်လုပ်ကြံတဲ့
အကြောင်းပြောနေကြတာပါဘုရား။


ရဟန်းတို့ဒေဝဒတ်ဟာခုဘဝမှာတင်မဟုတ်ဘူးနောင်အနာဂါတ်ဘဝကလည်းငါဘုရားကို
လုပ်ကြံခဲ့ဘူးတာပဲဟုပြောလိုက်တော့ရဟန်းတွေရဲ့တောင်းပန်မှုကြောင့်မြတ်ဘုရား
အတိတ်ဇာတ်ကိုဟောကြားခဲ့ပါတယ်။


တခုသောဘဝမှာဘုရားအလောင်းတော်ဗာရာဏသီပြည်မဟာပတာပမင်း စန္ဒဒေဝီမိဖုရားကြီးတို့ရဲ့သားတော်တပါးအဖြစ်နဲ့မွေးဖွားတော်မူခဲ့ပါတယ် သူနာမည်ကတော့ ဓမ္မပါလတဲ့။


မွေးဖွားပြီး(၇)လသားအရွယ်ရောက်လာတဲ့အချိန်တခုသောနေ့မှာမိခင်ဖြစ်သူစန္ဒဒေဝီမိဖုရားကြီးက
နံ့သာရေတို့ဖြင့်ရေချိုးပေးပြီးသားတော်လေးနဲ့အတူချော့မြူကစားနေလိုက်တယ။်


အဲဒီအချိန်ဘုရင်ကြီးကလဲမိဖုရားခေါင်ကြီးရဲ့နေရာကိုလာတယ် ဘုရင်ကြီးကိုခရီးဦးကြိုဆိုမှုမလုပ်လိုက်မိဘူး၊ အဲဒီအချိန်မှာကြံစည်တယ် သားတော်ကိုအမှီပြုပြီးမာန်တက်နေတယ် ငါ့ကို၇ှိတယ်လို့တောင်မထင်ဘူး ဒီသားတော်ကြီးလာရင်ငါ့ကိုလူလို့တောင်ထင်မည့်ပုံမရှိဘူးခုချက်ချင်း
ဒီသားတော်ကိုသတ်ရမည်ဟုကြံစည်လိုက်တယ်။


ဒီလိုတွေးတောပြီးနန်းတော်ပြန်ရောက်တော့သူသတ်ယောင်္ကျားကိုစေလွှတ်တယ်မိဖုရားကြီးဆီက
သားတော်ကိုသွားယူသူသတ်ယောင်္ကျားကလဲဘုရင်ရဲ့စေခိုင်းချက်အရသွားယူပြီးမင်းကြီးရဲ့
့ရှေ့တော်မှောသွင်းတော်မူတယ်။


မိဖုရားကြီးဘယ်လိုပင်တောင်းပန်းသော်လည်းမရဘူး(၇)လသားကလေးငယ်လေးကို ပထမဦးဆုံးလက်နှစ်ဖက်ကိုဖြတ်ဖို့အမိန့်ပေးတယ် နောက်ခြေနှစ်ဖက် နောက်ဦးခေါင်းကိုဖြတ်ဖို့
အမိန့်ပေးတယ်နောက်ဆုံးအလယ်ခန္ဓာကိုယ်ကိုလေပေါ်မှာသံလျက်နဲ့ဓားနဲကစားခိုင်းပြီး
အစိပ်စိပ်အမွှာမွှာဖြစ်စေခဲ့တယ်။


ဒီလိုလုပ်ခဲ့တာတောင်ဘုရားအလောင်းတော်လေးဟာတချက်ကလေးတောင်ငိုတဲ့အသံမထွက်ပေါ်စေဘဲ
ခန္တီပါရမီကိုအပြည့်အဝဖြည့်ကျင့်ခဲ့တယ် ဒါဟာပုထုဇဉ်ဘဝမှာပါပဲ။


မိဖုရားကြီးလဲသားတော်လေးကိုရက်ရက်စက်သတ်ဖြတ်ခံရတာကိုကြည့်ပြီးနောက်ဆုံးရင်ကွဲပြီးသေဆုံး
ခဲ့ရတယ်ဘုရင်ကြီးကိုတော့ကျန်တဲ့မူးမတ်တွေကမနိုင်ပေမဲ့မဟာပထဝီမြေကြီးကသူကိုလက်ခံမထားဘူးလေ..

ဇာတ်တော်ပေါင်းကြည့်လိုက်တော့ မဟာပတာပမင်းကဒေဝဒတ် စန္ဒဒေဝီမိဖုရားကြီးကမဟာပဇာပတိဂေါတမီဓမ္မပါလလေးကဘုရားအလောင်းတော်ဖြစ်ခဲ့တယ်လို့
ပေါင်းပါတယ်။


ဒီလိုသွေးနဲ့ရင်းပြီးပေးဆပ်မှုတွေအများကြီးနဲ့ရင်းပြီးမြတ်ဘုရားကသာသနာတော်ကိုတည်ထောင်ခဲ့တယ်
 မြတ်ဘုရားမရှိတော့တဲ့နောက်ပိုင်းမှာလဲသာသနာတော်ကိုဘုရားသားတော်တွေကအမျိုးမျိုးသော
အခက်ခဲတွေကိုကျော်ဖြတ် သွေးနဲ့ရင်းပြီးလက်ဆင့်ကမ်းသာသနာတော်ကိုအဓွန့်ရှည်ဖို့ကြိုးစားခဲ့ကြတယ်။


ဒီလိုသွေးနဲ့ရင်းပြီးသာသနာတည်ထောင်ခဲ့တာဟာသူတယောက်ကောင်းဖို့အတွက်မဟုတ်ပါဘူး
သတ္တဝါတွေကောင်းစားဖို့ငြိမ်းအေးစေဖို့အတွက်ပဲဖြစ်ပါတယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ...






samedi 22 juin 2013

ငြိမ်းချမ်းရေးတရားတော်

                                     
ငြိမ်းချမ်းနေတယ်၊ 
ငြိမ်းချမ်းနေတယ်။

ငြိမ်းချမ်းတာပဲ ရှိတော့တယ်၊

ငြိမ်းချမ်းတာပဲ ရှိတော့တယ်။

ငါစိတ်ချမ်းသာသလို အားလုံး စိတ်ချမ်းသာကြပါစေ။

ငါ့အတွက်လည်း အကျိုးရှိတာ၊ အများအတွက်လည်း အကျိုးရှိတာကို လုပ်မယ်။

ငါတစ်ယောက်တည်း အကျိုးရှိပြီးတော့ အများအကျိုး ထိခိုက်တာကို မလုပ်ဘူး။

ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ ကြိုးကြိုးစားစား လုပ်မယ်။

မရိုးသားတာ၊ မမှန်ကန်တာကို မလုပ်ဘူး။

ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ အမှန်ကန်ဆုံး၊ အကောင်းဆုံး၊ အရိုးသားဆုံး နည်းလမ်းကို ရအောင်ရှာပြီးတော့ အခက်အခဲတွေကို ဖြေရှင်းသွားမယ်။

ငြိမ်းချမ်းနေတာ သဘာဝပါ။

ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ် ဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကို လိုလားတဲ့စိတ် ဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ တကိုယ်ကောင်းမဆန်ဘူး။

ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဖိုးအရှိဆုံးအရာ ဖြစ်တယ်။

ငြိမ်းချမ်းမှုမရှိရင် ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ အာဏာ ဘယ်လောက်ပဲရှိရှိ ဘ၀ဟာ အဓိပ္ပာယ် မရှိနိုင်ဘူး။

ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။

ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူ ဖြစ်တယ်။

မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူ ဖြစ်တယ်။

သဘောထားကြီးတဲ့သူဟာ မျှတတဲ့သူ ဖြစ်တယ်။

သဘောထားကြီးတဲ့သူဟာ ခွင့်လွှတ်တတ်တဲ့သူ ဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ မိမိကိုယ်ကို လေးစားတဲ့သူဖြစ်တယ်။

မိမိကိုယ်ကို လေးစားတဲ့သူဟာ သူတစ်ပါးကို လေးစားတဲ့သူ ဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကို လိုလားတဲ့စိတ်ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့သူဟာ အောင်မြင်နေတဲ့သူ ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့စိတ်ဟာ ကျေနပ်နေတဲ့စိတ် ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့စိတ်မှာ စာနာမှုရှိတယ်။

ငြိမ်းချမ်းနေတဲ့ စိတ်မှာ ဂုဏ်သိက္ခာ ရှိတယ်။

ငြိမ်းချမ်းနေတဲ့စိတ်မှာ သတ္တိတွေ၊ အင်အားတွေ ပြည့်နေတယ်။

စိတ်ရဲ့  ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ပိုပြီး ကျေနပ်စရာ ကောင်းတယ်။

မိမိစိတ်ကို ပြန်ကြည့်ပါ။

ငြိမ်းချမ်းနေပါတယ်၊

မြင့်မြတ်နေပါတယ်။

ကောင်းတဲ့နည်း၊ မှန်ကန်တဲ့နည်းနဲ့ အောင်မြင်တဲ့သူ၊ ကြီးပွားတဲ့သူ ဖြစ်ရမယ်။

ငါ့မှာ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်။

နေ့စဉ် ကြိုးစားသွားမယ်။

ငါဟာ ငါ့အကျိုးကိုရော၊ အများအကျိုးကိုပါ အများကြီး ဆောင်ရွက်နိုင်တဲ့သူ ဖြစ်တယ်။

ငါဟာ တစ်နေ့ထက်တစ်နေ့ စိတ်ဓါတ်ရော၊ အသိဉာဏ်ရော၊ လုပ်ရည်ကိုင်ရည်ရော တိုးတက်နေတယ်။

ငြိမ်းချမ်းနေတယ်၊

ငြိမ်းချမ်းနေတယ်။

ငြိမ်းချမ်းကြပါစေ၊

ငြိမ်းချမ်းကြပါစေ။

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ။  ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ.....

ငါသေမှအေးမယ်

 

ငါရှိမှ.....
ငါပါမှ.....
ငါလုပ်မှ.....
ငါသိမှ.....။
ငါ့လောက်သိ.....
ငါ့လောက်တတ်.....
ငါ့လောက်မြတ်.....
ငါ့လောက်နပ်တာ ဘယ်မှာရှိလို့လဲ။
ငါမရှိတဲ့အရပ် ငတ်သေနိုင်တယ်။
ငါ့မပါတဲ့အဖွဲ့ ပဲ့ထွက်နိုင်တယ်။
ငါမပါတဲ့အလုပ် ရှုပ်ထွေးနိုင်တယ်။
ငါမသိသေးတဲ့အကြောင်းအရာ အနှစ်မပါနိုင်။
ငါရှိတဲ့အရပ်.....
ငါပါတဲ့အဖွဲ့.....
ငါလုပ်တဲ့အလုပ်.....
ငါသိတဲ့အကြောင်းအရာ.....
ငါဆိုတဲ့ငါက လောကကိုအလှဆင်မှာ။
ငါမရှိတဲ့အခါ.....
ငါတွေးပြီး စိတ်ပူမိ။
တွေးမပူပါနဲ့ဗျာ.....
ငကန်းသေ ငစွေပေါ်မှာ.....
ဠင်းတလောက်တော့ ငှက်တိုင်းလှမှာ။
အရူးကိုလည်း ဗုံနှင့်မမြှောက်ချင်တော့ဘူး။
တစ်တီတူးငှက်လိုလည်း မိုးခြေကန် မအိပ်ချင်တော့ဘူး။
အို....
ငါဆိုတဲ့ငါ
စောစောသေ၊ မြန်မြန်သေ၊ အခါမလပ်သေ
တရှိုက်မက်မက်သေ
ငါမရှိလေ ကောင်းလေ။
ငါသေလေ ကောင်းလေ။
ငါရှိနေသမျှ
ငါဆိုတဲ့အတ္တ
ငါက ဒုက္ခပေးအုံးမှာ။
ငါမရှိ၊ ငါမပါ
ငါမလုပ်၊ ငါမသိ
ငါမမြတ်၊ ငါမတတ်၊ ငါမနပ်တဲ့အခါ
လောက သာယာမှာ။
ငါသေ...ငါများများသေ
ငါတွေများများသေလေ
ကမ္ဘာကြီး အေးချမ်းလေပေါ့။
မဂ္ဂင်ဆရာတော်
၇-၁၁-၂၀၁၁
အာဟာရစာစောင် (အမှတ်စဉ် ၁၃၁၊ မတ်လ- ၂၀၁၂)ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ..