Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 30 novembre 2014

မောင်တော်အမြန်လာပါ အပိုင်း (၂)


သာကီဝင်မင်းသမီး ဇနပဒကလျာဏီသည် နန္ဒမင်းသား ရဟန်းဝတ်သွားပြီးနောက် ပူဆွေးနေခဲ့ရတယ်၊ပူဆွေးမယ်ဆိုလည်းပူဆွေးစရာပူပူနွေးနွေးလက်ထပ်တဲ့ရက်မှာဘုရားရှင်က
ဘာမှမပြောဘဲညီတော်မောင်ကိုကျောင်းတော်ကိုခေါ်သွား၊ကျောင်းရောက်တော့ရဟန်းဝတ်ပေး၊နောက်ဆုံး
အကျွတ်တရားရကာ ရဟန္တာပါဖြစ်သွားတော့မင်းသမီးလေးတငိုငိုနဲ့ပူဆွေးနေရှာတော့တာပဲ။
  
အပူမီးတွေငြိမ်းဖို့ရန်မြတ်ဘုရားနည်းလမ်းရှာခဲ့ရတယ်၊ဇနပဒကလျာဏီဟာအလှခုံမင်သူတယောက်ဖြစ်
တာသိထားတော့ဒီအလှတရားနဲ့ပဲအကျွတ်တရားရအောင်ဟောကြားမှရမည်ဆိုတာသတိထားမိတယ်။

သူ့ရဲ့အလှကလဲအလွန်တင့်တယ်လှပပြီး မြင်သူငေးလောက်တာကိုး၊မိမိ၏ ရုပ်အဆင်းကို အလွန်သာယာနှစ်သက်ကာအလှမာန်၏လှပသောဂုဏ်ကိုအကြောင်းပြုပြီးရူပနန္ဒာဟူ၍ခေါ်ဝေါ်နေသော
အသံတွေကိုကြားယောင်ရင်းနေမိတာနှစ်တွေတောင်အတော်ကြာကြာတဏှာရဲ့အလိုလိုက်ခဲ့မိတယ်။

တနေ့တော့တွေးမိတယ်၊ငါဟာချစ်သူမောင်တော်ရဟန်းဝတ်သွားပြီးနောက်ပိုင်းစိတ်စေရာ
အတိုင်းနေထိုင်လာခဲ့တာအတော်တောင်ကြာခဲ့ပြီ၊ငါရဲ့ဆွေတော်မျိုးတော်တွေဖြစ်တဲ့အစ်ကိုတော် သိဒ္ဓတ္ထမင်းသားလည်း ဘုရားအဖြစ် တူတောမောင် ရာဟုလာ၊ ချစ်သူမောင်တော် နန္ဒမင်းသား၊ မယ်တော် ပဇာပတိဂေါတမီတို့သည် အားလုံး ရဟန်းပြုကြကုန်ပြီ။

ငါလည်းဆွေးနေ ပူနေလို့မဖြစ်တော့ဘူး၊ငါလည်း ရဟန်းပြုမှ ကောင်းမည်-ဟု ကြံစည်ပြီး ရဟန်းဘောင် ၀င်ခဲ့၏၊  သာသနာတော်ကို ကြည်ညိုလို့တော့မဟုတ် ဆွေမျိုးများ သံယောဇဉ်ကြောင့် ဘိက္ခူနီဘ၀ ရောက်လာခဲ့တာ။

သာသနာဘောင်ထဲဝင်လာခဲ့ပေမဲ့မင်းသမီးကမြတ်ဘုရားကိုတော့အတတ်နိုင်ဆုံးရှောင်ကာနေနေမိတယ်၊
ဘာဖြစ်လို့လဲဆိုရင်မြတ်ဘုရားကခန္ဓာကိုယ်ဟာအပုတ်ကောင်ချည်းဘာမှနှစ်သက်စရာမရှိဘူးလို့ဟောဟော
နေလို့ပဲ၊မြတ်ဘုရားကလဲသတ္တဝါတဦးတယောက်ကောင်းမွန်စွာဘဝဖြတ်သန်းဖို့အတွက်ဟောကြားပေးမှာပဲ၊ 

ဥပမာပြောရရင်မိဘတွေကသားသမီးကောင်းစားဖို့အတွက်နားထောင်သည်ဖြစ်စေနားမထောင်တာ
သည်ဖြစ်စေတန်ဖိုးရှိသောဆုံးမစကားကိုပြောကြားနေရသလို၊ဆရာကလဲတပည့်ကနားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေဆုံးမစကားပြောကြားမှာပဲ၊နားထောင်တာနားမထောင်တာတပည့်အလုပ်လေ
ခုလည်းဘုရားရှင်ကတော့နှစ်သက်ဖွယ်မရှိတဲ့ခန္ဓာကိုယ်ကို မနှစ်သက်အောင် ဟောကြားမှာပဲ။ 

သို့ပေမဲ့ဇနပဒကလျာဏီကတော့ရှောင်နေပေမဲ့ပါရမီဓာတ်ခံအားကြီးသူပီပီကြားရှည်မခံပါဘူး။
အပူမီးတွေငြိမ်းအောင်ဟောတတ်သောမြတ်ဘုရားထံဒူးထောက်ဖို့အချိန်တန်ခဲ့လေပြီ၊
ဘုရားရှင်၏ဂုဏ်တော် ကျေးဇူးတော်တို့ကို ကြားရဖန်များသောအခါ တနေ့တွင် တရားသဘင်သို့ ပုန်းလျှိုး ကွယ်လျှိုး လာရောက်၍ တရားနာ၏၊ ဤအကြောင်းကို သိတော်မူသော ရှင်တော်ဘုရားသည် ခြေတော်ရင်းတွင် လူမက နတ်တမျှ လှသော အမျိုးသမီးငယ်တဦးကို ဖန်ဆင်း၍ ယပ်လေခတ်ပေးနေစေ၏၊

ထိုဖန်ဆင်းသူ အမျိုးသမီးငယ်ကို အခြားသူများ မမြင်ရ၊ ဇနပဒကလျာဏီ အရှင်မသာ မြင်ရ၏၊ အရှင်မသည် နုပျိုချောမောလှပသော အမျိုးသမီးငယ်ကို တအံ့တသြ ငေးစိုက်ကြည့်နေမိသည်။

 မိမိ၏ အလှအပသည် ထိုသူငယ်မနှင့် နှိုင်းစာလျှင် ရွှေဟင်္သာနှင့် ကျီးမည်းကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိ၏၊ သူငယ်မ၏ တကိုယ်လုံးကို တခုစီကြည့်ပြီး အားမရနိုင်အောင် ငေးမောကြည့်ရှုနေစဉ်ပင် သူငယ်မသည် တဖြည်းဖြည်း အိုမင်းရင့်ရော်လာသည်ကို တွေ့မြင်ရလေသည်။

 နုပျိုပြေပြစ်သော ၁၆-နှစ်ရွယ် အမျိုးသမီးငယ်သည် တဖြည်းဖြည်း အသက် ၂၀-ရွယ်၊ ၂၅-နှစ်ရွယ်၊ ၃၀-ရွယ်၊ ၄၀-၅၀-ရွယ် ဖြစ်လာကာ အရေတွန့် ခါးကိုင်းပြီး အမယ်အိုဖြစ်လာသည်၊ ထို့နောက် ကိုင်နေသော ယပ်ကိုပစ်ချကာ သူနာဘ၀ရောက်သွားပြီး သေဆုံးသွားသည်ကို ထိတ်လန့်ဖွယ် တွေ့မြင်ရသည်။

စကားညှပ်ပါရစေအုံး ခုခောတ်လူငယ်တွေဘဝတခုကိုသာယာနေကြတယ် အလှကြောင့်မာန်တွေတက်နေကြတယ် ပစ္စည်းကြောင့်မာန်တက်နေကြတယ် ပညာကြောင့်မာန်တက်နေကြတယ်၊ ရာထူးကြောင့်မာန်တက်နေကြတယ် တကယ်တော့ဘာမှမဟုတ်ဘူးဆိုတာမသိကြပေဘူးလား။

တဖန် အလောင်းကောင်သည် တဖြည်းဖြည်း ပုပ်ပွဖူးရောင်ပြီး သွေးပြည်များ ယိုစီးကာ လောက်များ တဖွားဖွား တက်လာသည်ကို မြင်ရပြန်လေသည်၊ အရှင်မ ဇနပဒကလျာဏီ-ရူပနန္ဒာသည် ထိတ်လန့်တုန်လှုပ်ပြီး သံဝေဂတရားများ ဖြစ်ပေါ်လာသည်၊

ဤအချိန်တွင် မြတ်စွာဘုရားသည် ဖန်ဆင်းရုပ်ကို ကွယ်ပျောက်စေကာ မိမိရဲခန္ဓာကိုယ်ဟာ ဘာမှမဟုတ် အရိုးစုမျှသာဖြစ်တော်မူတာကိုဟောတော်မူလေသည်၊ တရားတော်အဆုံးတွင် အရှင်မသည် အကျွတ်တရားရလျက် ရဟန္တာထေရီမအဖြစ်သို့ရောက်ရှိခဲ့ရတယ်။

ဟောကြားခဲ့တဲ့ဂါထာလေးကတော့
အဋ္ဌီနံ နဂရံ ကတံ ၊မံသလောဟိတလေပနံ ။
ယတ္ထ ဇရာ စ မစ္စု စ ၊မာနော မက္ခော စ သြဟိတော ။

အဓိပ္ပါယ်လေးပါတင်လိုက်ရင် ပိုပြီးကျေနပ်လောက်မယ်ထင်လို့တင်ပြလိုက်ပါရစေ၊အရိုးတို့ကို စိုက်ထူ၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်းဟူသော မြို့ကို တဏှာလက်သမားသည် ဆောက်လုပ်အပ်၏၊ဆောက်လုပ်နေတဲ့မြို့၌ အိုခြင်း, သေခြင်း, မာန, ထောင်လွှားခြင်း, သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။

ဇနပဒကလျာဏီရဲ့မောင်တော်လွမ်းတဲ့အပူမီး၊မိမိအလှကြောင့်တက်နေတဲ့မာန်မာန၊
မိမိအလှတရားကြောင့်မြတ်ဘုရားကိုရှောင်ခြင်တဲ့အကျင့်အားလုံးပျောက်ကွယ်ကုန်တယ်၊
မိဘဆွေမျိုးကြောင့်သော်လည်းကောင်းလွမ်းနာကျပြီးပူဆွေးသောကြောင့်သော်လည်းကောင်း
သာသနာထဲဝင်လာပေမဲ့အသိတရားရလာချိန်မှာတန်ဖိုးရှိစွာအသုံးချတတ်လို့အားလုံးငြိမ်းချမ်းတန်ဖိုးရှိလှတဲ့
ဘဝတခုကိုဖြတ်သန်းခွင့်ရရှိခဲ့တယ်။

ဘဝကိုတန်ဖိုးရှိစွာမြင်တတ်ကြည့်တတ်လာတော့မောင်တော်အမြန်လာပါဆိုတဲ့အတွေးမောင်တော်ကို
လွမ်းနေတဲ့ပူဆွေးမှု မိမိအလှကိုမာန်တက်မှုတွေအားလုံးထားရစ်နိုင်ခဲ့လေပြီ။

တကယ်တော့ လောကမှာရရှိလာတဲ့အခွင့်ရေးတခုကိုမိမိဘဝတိုးတက်အောင်အသုံးချနိုင် ဆရာသမားကောင်းတွေနဲ့တွေ့လိုက်ရင် တွေ့သည့်အတိုင်း မိမိကိုယ်တိုင်ကလိုက်နာရင်မိမိဘဝလှပမှာတော့အသေချာပါပဲ၊ မိမိဘဝလှပဖို့မိမိအသိဥာဏ်ကိုတန်ဖိုးရှိတဲ့နေရာတွေမှာအသုံးချကြဖို့တိုက်တွန်းလိုက်ပါစေ။ 

(ဓမ္မစမ်းရေ)

 ( ဇရာဝဂ်၊ ဇနပဒကလျာဏီ-ရူပနန္ဒာဝတ္ထု )

mercredi 26 novembre 2014

"မောင်တော်အမြန်ပြန်လာပါ"


ဘုရားရှင်ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကာလ၊ နောက်ပါ ရဟန္တာအများခြံရံလျှက် ကပိလ၀တ္ထုဘက်ကို လှည့်လည်ကြွတော်မူလေ၏။

ဆွေတော်မျိုးတော်များကို တရားရေအေးတိုက်ကျွေးပြီး၊ ဝေဿန္တရာ ဇာတ်တော်ကို ဟောကြားခြင်းဖြင့် ဖခင်ဘုရင်ကြီးကိုလဲ သောတာပန်မှသည် သကဒါဂါမ်အနာဂါမ်အဆင့်ထိ ဖြစ်စေခဲ့လေ၏။

ဆွေမျိုး အများအားလည်း အမြိုက်တရား၏အရသာကို ခံစားစေလျှက်၊ ရာဟုလာ၏မယ်တော် ယသော်ဓရာကိုအကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော် ကိုလည်းဟောကြား တော်မူခဲ့တာလူတိုင်းအသိပင်။

သုံးရက်မြောက်နေ့မှာညီဝမ်းကွဲဖြစ်သော နန္ဒမင်းသား၏ မင်္ဂလာပွဲကား ချိမ့်ချိမ့်သည်း ကျင်းပနေချိန်၊ ဘုရားရှင် ကြွချီတော်မူကာ၊ ဆွမ်းခံခြင်းဖြင့် ချီးမြှင့်ပြီး သပိတ်ကို ညီတော် နန္ဒ၏လက်တွင်းသို့ အပ်နှင်းကာ ရှေ့တော်မှာ မည်သည့်စကားကိုမျှမဆိုပဲ ပြန်ကြွတော်မူ၏။

ညီတော်နန္ဒမင်းသားလည်း ချစ်ကြောက်ရိုသေရသော အကိုတော်ဖြစ်သည့်အတွက် မည်သည့် စောဒကမှ မတက်ဝံ့ပဲ နောက်တော်ပါးမှတထဝါးမှမခွါလိုက်လာခဲ့ရင်း ဘယ်နေရာမှာများ သပိတ်တော် ယူလိမ့်မလဲပေါ့တွေးတောရင်း။

မင်္ဂလာမဏ္ဍပ်လွန်သော်လည်း အကြောင်းမထူးသေး၊ နန်းတော်တံခါးလွန်သော်လည်း လှမ်းယူမည့်အရိပ်အယောက်မမြင်။ထိုစဉ်မင်းသမီးဇနီးချောလေးဇနပဒကလျာဏီရဲ့မှာတမ်းလေး “ အမြန်ပြန်လာပါ မောင်တော် ” တဲ့။

နန္ဒမင်းသားကြားလိုက်ရတယ်ဆိုရင်ပဲရင်ထဲမချိပြီအကိုကို ကြောက်လို့သာနောက်ကလိုက်လာရတာ ဇနီးချောလေးရဲ့စကားကိုနားထဲကမထွက်အမြန်ပြန်လာပါမောင်တော် ဘယ်လောက်ချိုသာတဲ့စကားလေးလဲ နားထဲကထွက်လောက်တဲ့စကားမဟုတ်ဘူးနော် ပုထုဇဉ်တို့အတွက်ပြောတာပါ။

ဒီလိုနဲ့ဇေတ၀န်ကျောင်းတော်ကို ရောက်တဲ့အထိ ကြောက်ကြောက်နှင့်လိုက်ပါလာခဲ့ရတယ်လေ နောက်ပြီး ရဟန်းတွေကိုဘာမှမပြောပဲညီတော်ကိုရဟန်းပြုပေးလိုက်” တဲ့ ဘုရားရှင် တစ်ချက်လွတ်အမိန့်ထုတ်တယ်။

ညီတော်က မကျေနပ်၊ ပျော်လည်းမပျော်၊ သူ့စိတ်ထဲမှာ ပြည်တော်ပြန်ပြီး ဇနပဒကလျာဏီဆီကိုပဲ ပြေးသွားချင်စိတ်က ထိန်းလို့မရ၊ “အမြန်ပြန်လာပါ မောင်တော်” ဆိုတဲ့ အမှာစကားသံလေးကား နားထဲမှာတဝဲဝဲလည်လို့ပေါ့တရားလည်းအားထုတ်လို့မရ၊ ဘ၀နှယ် ဆိုးလှပါလားဆိုတဲ့ စိတ်ကဖိစီးနေလေတာလေ။

ဇနီးချောလေးနဲ့တညတလေတောင်မအိပ်ရသေးခင်ခေါ်လာတော့စိတ်ထဲနောက်ကျိကျိဖြစ်နေတာမဆန်းဘူးလေထိုအကြောင်းကိုဘုရားရှင်သိတော်မူတယ်ဆိုရင်ပဲ နောက်တော်နောက်မှလိုက်ခဲ့ဖို့ခေါ်ပြီး ရှေ့တော်မှ ကြွသွားတော်မူလေ၏။

ညီတော် “ဟိုးသစ်ငုတ်ပေါ်ထိုင်နေတဲ့ မျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူပိုလှသလဲ” တဲ့။ ဟာ…မေးရက်လိုက်တာနောင်တော်ဘုရား.. နှမတော် ဇနပဒကလျာဏီကို ဒီမျောက်အိုမကြီးနဲ့ နှိုင်းရက်လိုက်တာ၊ နှမတော်ဟာ အလှမှာ စံတင်လောက်သူပါဘုရား” တဲ့။

ကဲ ဒါဆိုရင်လည်း လိုက်ခဲ့ဦး ဆိုးပြီး။ တန်ခိုးတော်နဲ့ နတ်ပြည်ကို ခေါ်သွားလေတယ်လေ နတ်ပြည်မှာ နတ်သမီးလေးတွေက ဘုရားရှင်ရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးရင်း ဖူးမျှော်ကြလေ၏။

နတ်သမီးလေးတွေ မလှဘူးလား ညီတော် မှန်ပါ လှပါတယ်ဘုရား ညီတော်ဇနီးလေးနဲ့ဘယ်လိုကွာလဲ?နတ်သမီးလေးတွေနဲ့ ယှဉ်လိုက်ရင် နှမတော် ဇနပဒကလျာဏီဟာ စောစောကတွေ့ခဲ့တဲ့ မျောက်အိုမကြီးနဲ့ တူပါတယ်ဘုရား။

ပြောင်းလွဲသွားတဲ့နန္ဒမင်သားဒီတခါတော့ဘုရားရှင်ကိုပြောခဲ့တဲ့စကားဓမ္မစမ်းရေပြောလိုက်ချင်ပါဘိ၊နှိုင်းရက်လိုက်လေပါဘိအစကချောပါတယ်ဆိုတာလည်းသူပဲ၊ခုတော့သူထက်သာသူတွေ့တော့ပြောလိုက်တာပေါ့လေ။

နတ်သမီးလေးတွေကို မလိုချင်ဘူးလား ညီတော် လို့ဆက်ပြီးမေးတယ်၊မှန်ပါ ဘုရား ရရင်တော့လိုချင်ပါတယ်ဘုရား၊ဒါဆိုရင်တော့ ဒီဂါထာလေးတွေကို ရွတ်၊ သင်နတ်သမီးလေးတွေကို ရလိမ့်မယ်ညီတော်” လို့ မိန်တော်မူပြီး ဂါထာတော်များသင်ကြားပေးလိုက်၏။

မြတ်ဗုဒ္ဓကညီတော်တဏှာကျွန်ကိုအမြစ်ပြတ်ဖျက်ဆီးဖို့အကောင်းဆုံးအညှာကိုကိုင်လိုက်တာဓမ္မမိတ်ဆွေတို့လည်းနတ်သမီးလေးတော့ယူချင်မှာပါနန္ဒမင်းသားလေးလိုလိုက်ကျက်ပြီးရွက်ပေတော့။

ဂါထာလေးက….
ယထာ အဂါရံ ဒုစ္ဆန္နံ၊ဝုဒ္ဓိ သမတိ ၀ိဇ္ဈတိ။
ဧ၀ံ အဘာဝိတ စိတ္တံ၊ရာဂေါ သမတိ ၀ိဇ္ဈတိ။

ယထာ အဂါရံ သုစ္ဆန္နံ၊၀ုဒ္ဓိ သမတိ ၀ိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ရာဂေါ န သမတိ ၀ိဇ္ဈတိ။

ရွတ်လိုက်သည့်ဖြစ်ခြင်းနန္ဒမင်းသား၊ နားလည်တာမလည်တာ အပထား၊ နတ်သမီးလေးတွေရဖို့အရေး မနားမနေ ရွတ်၏။ နေ့စဉ်ရွတ်ပါများတော့ ရဟန်းတွေကတောင် ကဲ့ရဲ့ကြတယ်၊ ဘယ့်နဲ့ ဒီကိုယ်တော် နတ်သမီးတွေလိုချင်လို့ ဂါထာတော်တွေကို ရွတ်ဖတ်နေလိုက်တာ နားကိုမနားဘူးတဲ့။

သူဂရုမစိုက် တစိုက်မတ်မတ် ရွတ်ဖတ်လာရင်း၊ ဘုရားရှင်ရဲ့ ရည်ရွယ်ရင်းကို သိမြင်သဘောပေါက်သွားလေ၏။ အဓိပ္ပါယ်ကို သိလျှင်သိခြင်းပဲ နတ်သမီးတွေလဲ သူ့စိတ်ထဲမှာမရှိတော့၊ဇနပဒကလျာဏီဆိုတာလဲသူ့နှလုံးသားထဲမှာမငြိတွယ်တော့သံယောဇဉ်ဆိုတာတွေကိုသူဖြစ်ပစ်လိုက်နိုင်တယ်နော်၊မောင်တော်အမြန်ပြန်လာပါဆိုတဲ့အသံလေးလည်းမကြားချင်တော့ပေ။

ဓမ္မစမ်းရေပရိတ်သတ်ကတော့နန္ဒမင်းသားလောက်ပါရမီမရင့်သန်ဘူးဆိုတော့အဓိပ္ပါယ်ကောသိချင်နေမှာပဲအဓိပ္ပါယ်လေးက…အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့၊စိတ်ကိုသမထ၊၀ိပဿနာဖြင့် ကောင်းစွားမပွားထုံအပ်သည်ရှိသော် ရာဂသည်ဖောက်ဝင်နိုင်၏။

အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော မိုးရေသည် မဖောင်ဝင်နိုင်သကဲ့သို့၊ စိတ်ကို သမထ၊ ၀ိပဿနာဖြင့် ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

ညီတော်နန္ဒမင်းသားကတော့တရားတွေသိသွားလို့သမုဒယနွံထဲကရုန်းထွက်သွားပေမဲ့ ဇနပဒကလျာဏီလေးကတော့ မောင်တော်အမြန်ပြန်လာပါ… မောင်တော်အမြန်ပြန်လာပါ…တဲ့ သြော်…….
သနားစဖွယ် ဇနပဒကလျာဏီလေးရယ်။

(ဓမ္မစမ်းရေ)

နှတ်ကြောင့်သေ

                             
လောကလူတွေဟာ ဒီနေရာမှာ ဒီစကားနဲ့တင်ပြီးစီးပါလျှက်အပိုစကားတွေပြောဆိုတတ်ကြတယ် အပိုစကားတွေကြောင့်အပိုအလုပ်တွေလုပ်ခဲ့ကြရတာတွေမိမိကိုယ်ကိုကို မိမိသတိမထားတတ်ကြဘူး။

အပိုစကားဆိုတာကိုဘယ်သောသူမှကြိုက်နှစ်သက်ခြင်းမရှိကြပါ လောကပုထုဇဉ်မို့မကြိုက်နှစ်သက်သာ
လားဆိုတော့မဟုတ်ပါဘူး မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကြိုက်နှစ်ခြင်းမရှိပါဘူး မြတ်ဘုရားကတော့လိုရင်းပြော အလုပ်ကိုများများလုပ်တာကြိုက်နှစ်သက်တဲ့သဘောရှိပါတယ်။

အဘယမင်းသားအား မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြား၏။ “မင်းသား၊ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့်မစပ်၊ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို ငါဘုရားသည် မပြောမဆို။

ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်ကားမစပ်။ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို ငါဘုရား သည် မပြောမဆို။ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်လဲစပ်၏။ သူတစ်ပါးတို့ကား မနှစ်သက်။

ထိုစကားမျိုးကို ငါဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ မဟုတ်မမှန်။ အကျိုးစီးပွားနှင့် မစပ်။ သူတစ်ပါးတို့ကားနှစ်သက်၏။ ထိုစကားမျိုးကို ငါဘုရားသည် မပြောမဆို။

ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့် စပ်၏။ သူတစ်ပါးတို့လဲ နှစ်သက်၏။ ထိုစကားမျိုးကို ငါဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ (အဘယရာဇကုမာရသုတ်)

နေ့စဉ်နှင့်အမျှ လူတို့သည်စီးပွားရေးအတွက်သော်လည်းကောင်း လူမှူရေးအတွက်သော်လည်းကောင်း တမျိုးမျိုးကြောင့် ကြံတွေးနေကြသည်၊ ပြုမူလုပ်ကိုင်နေကြသည်၊ ပြောဆိုနေကြသည်၊
 ကာယကံ ဝစီကံ မနောကံဟူသော ကံသုံးပါရှိရာတွင် ဝစီကံမှုသည် အပြုအများဆုံးသော ကံဖြစ်ပါသည်။ 

နံနက်အိပ်ရာမှ နိုးထသည်နှင့် ညအိပ်ရာဝင်ချိန် တစ်နေ့တာကာလအတွင်း ပြောခဲ့သော စကားတို့ကား မနည်းလှပေ။ထိုစကားတို့တွင် သတိယှဉ်၍ ပြောခဲ့သော စကားတွေလည်းပါမည်။ 

လိုအပ်ချက်အရ ပြောသော စကားတွေလည်း ပါမည်။ သတိလက်လွှတ်ပြီးပြောခဲ့သော စကားတွေလည်းပါမည်။ လိုအပ်ချက်အရ ပြောသော စကားတွေလည်း ပါမည်။ တည်တည်ကြည်ကြည်လေးလေးနက်နက်ပြောသော စကားတွေ လည်းပါမည်။

ပေါ့ပေါ့တန်တန် ပြောသော စကားတွေလည်းပါမည်။ မှန်မှန်ကန်ကန် ပြောသော စကားတွေလည်းပါမည်။ လိမ်ညာပြောမိသော စကားတွေလည်းပါမည်။ အကျိုးစီးပွား ရှိစေသော စကားတို့လည်း ပါမည်။ အကျိုးစီးပွား မဲ့စေသော စကားတို့လည်း ပါမည်။

 မေတ္တာကရုဏာအရင်းခံလျက် စေတနာအပြည့်နှင့်ပြောသော စကားတွေလည်း ပါမည်။ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှု အရင်းခံလျက် ပြောသော စကားတွေလည်း ပါမည်။

နှလုံးသားမှ လာသော ခံစားချက်ကို အရင်းခံလျက် ပွင့်လင်းစွာ ပြောသော စကားတွေလည်းပါမည်။ နှလုံးသားမှ မြစ်ဖျားခံမလာမူလျက်၊ နှုတ်ဖျားတွင်သာပေါ့ပေါ့လျှံလျှံ ပြောသော စကားတွေလည်း ပါမည်။

စိတ်ကောင်း စေတနာကောင်းဖြင့် ပြောသော စကားတွေလည်း ပါမည်။ မကောင်းသော စိတ်စေတန်ဖြင့် ပြောသော စကားတွေလည်း ပါမည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်း ချမ်းသာစေသော စကားတို့လည်း ပါမည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်း မချမ်းမြေ့ စေသော စကားတွေလည်း ပါမည်။

အဂတိတရားလေးပါး ကင်းရှင်းစွာ သစ္စာထိုက်သော စကားတွေလည်း ပါမည်။ အဂတိတရား လေးပါးနှင့် ယှဉ်၍ သစ္စာပျက်ယွင်းသော စကားတွေလည်း ပါမည်။ ရိုးရှင်း ဖြောင့်မတ်စွာ ပြောသော စကားတွေလည်း ပါမည်။ သွယ်ဝိုက်သောအာဖြင့်ကောက်ကျစ်သော စကားတွေလည်း ပါမည်။

တစ်ဖက်သူအပေါ် တန်ဖိုးထားလျက် လေးလေးစားစား ပြောသော စကားတွေလည်း ပါမည်။ တစ်ဖက်သူအပေါ် အပေါ်စီးက နှိမ့်နှိမ့်ချချ မောက်မောက်မာမာ ပြောသော စကားတွေလည်း ပါမည်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိသလို စကားတွေလည်း အမျိုးမျိုး ရှိနိုင်သည်။

ယေဘုယျအားဖြင့်မူ လူအများစုသည် ကံသုံးပါးအနက်၊ ဝစီကံကို အရေးကြီးသော ကံဟု အသိအမှတ်မပြုတတ်ကြ။ ဝစီကံနှင့် ပတ်သက်လျှင် ပေါ့ပေါ့ဆဆ သဘော ထားတတ်ကြပါသည်။

တခါတုံးက ရွာတရွာမှာအမေဖြစ်သူကသားဖြစ်သူကိုခိုင်းတယ် သားလုပ်သူကလည်းနားမထောင် နားမထောင်ရမလားဆိုပြီး ကျိန်ဆဲတယ်  “ မြွေကိုက်ပါစေ နွားခွေ့လိုသေပါစေစသည်ဖြင့်” အမေဖြစ်သူကကျိန်ဆဲတယ် ဒီစကားကလေးသားဖြစ်သူကိုသွားထိခိုက်တယ် သားဖြစ်သူမြွေကိုက်လို့သေရတာလက်တွေ့မြင်ဖူးပါတယ်။

ထို့ကြောင့်  ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက “ကာယကံ ဝစီကံ မနောကံ သုံးခုအနက်က ဝစီကံဆိုတဲ့ နှုတ်ပြောဟာ မဆင်မခြင် လွှတ်ခနဲ လွှတ်ခနဲ ထွက်ထွက်သွားတတ်လို့ သတိထားဖို့ အရေးကြီးပါတယ်” ဟု သတိ ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။

 မြတ်စွာဘုရားက သုစရိုက်တရား ဆယ်ပါးကို ဟောကြားတော်မူရာ၌ ကာယသုစရိုက်နှင့် မနောသုစရိုက်တို့က သုံးပါးစီသာ ပါဝင်ပြီး ၀စီသုစရိုက်က လေးပါးပါဝင်သည်။
မြတ်ဘုရားကတော့စကားပြောရမှာဒီအင်္ဂါဆယ်ပါးလိုက်နာရမည်ဟုဟောထားပါတယ်၊

ကာလ၀ါဒီ- ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုရမယ်။
 
ဘူတ၀ါဒီ-ဟုတ်မှန်သောစကားကိုသာပြောဆိုရမယ်။
 
ဓမ္မ၀ါဒီ-တရားနှင့်စပ်သည်ကိုသာပြောဆိုရမယ်။
 
အတ္ထ၀ါဒီ-အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုရမယ်။
 
ပိယ၀ါဒီ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုရမယ်။
 
မိဟိတပုဗ္ဗဘာဏီ-ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုရမယ်။
 
မိတာဘာဏီ-မပိုမလွန်ချင့်ချိန်၍ ပြောဆိုရမယ်။
 
အတုရိတ၀ါဒီ-အဆောတလျင် ပြောဆိုခြင်းရှောင်ရမယ်။
ပါရီ-ပြည်ကြီးသူ ပြည်ကြီးသားတို့ဓလေ့ထုံးစံကိုလိုက်၍ယာဉ်ကျေးသိမ်မွေ့စွာပြောဆိုရမယ်။
 
ဝိသဒ၀ါဒီ-သန့်ရှင်းသေချာ၊ဌာန်ကရိုဏ်းကျအောင်ပြောနိုင်ရမယ်

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- စကားကိုလိုတာထက်ပိုပြောတတ်သောကောကာလိကရဟန်းကို အကြောင်းပြု၍ ဒကာ ဒကာမတွေနဲ့ သူ၏သားတော်သမီးတော်တို့အားစကားကိုလိုတာထက်ပိုပြောသောသူမှာဘယ်လိုအကျိုးကျေးဇူးရရှိတယ်
ဆိုတာကိုဟောပြတော်မူခဲ့ပါတယ်။
 
အတိတ်ဇာတ်
 
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဟိမ၀န္တာ၌ ရသေ့ငါးရာတို့၏ ဆရာဖြစ်၏။ တစ်နေ့သောအခါ ဖျော့တော့သော ရောဂါစွဲသော ရသေ့တစ်ဦးသည် ပုဆိန်ဖြင့်ထင်းကိုခွဲ။
  
အနီးမှ နှုတ်မစောင့်ရသေ့ကား ဤနေရာမှာ ပေါက်ပါ၊ ဟိုနေရာမှာ ပေါက်ပါ စသည်ဖြင့် တတွတ်တွတ်ပြောနေ၏။ ကြာသော် မောမောပန်းပန်းနှင့် ထင်းပေါက်နေသူက စိတ်တိုလာပြီး ထိုစကားများသော ရသေ့၏ ဦးခေါင်းကို ပုဆိန်နှင့် တချက်တည်း ပေါက်လိုက်ရာ ထိုနေရာတွင်ပင် သေဆုံးသွား၏။ ဘုရားလောင်းသည် ထိုရသေ့၏ အလောင်းကို သဂြို င်္ဟ်စေ၏။

မကြာမီပင် ကျောင်းအနီး တောင်ပို့ခြေရင်း၌ နေသော ခါတစ်ကောင်သည် နံနက်တိုင်း တောင်ပို့ထိပ်၌ရပ်၍ ကျယ်လောင်စွာတွန်၏။ ထိုအသံကို ကြား၍ မုဆိုးတစ်ယောက်သည် အသံကြားရာသို့ လာ၍ ခါကိုသတ်၍ ယူဆောင်သွား၏။

ဘုရားလောင်းသည် ခါ၏ အသံကို မကြား၍ မေး၏။ ရသေ့တို့က ခါတွန်သံကြား၍ မုဆိုးလာ၍ သတ်ယူသွားကြောင်းပြောပြ၏။

ဘုရားလောင်းသည် ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်:စပ်၍ `ရသေ့တို့၊ ခါသည် တွန်သင့်သည်ထက်ပို၍ တွန်ခြင်းကား သူ့ကိုယ်သူ သတ်သကဲ့သို့ပင်၊ ပညာမရှိသောသူသည် ပြောသင့်သည်ထက် ပို၍ လွန်စွာပြောတတ်သော စကားသည် သူ့ကို သတ်၏´

ဘုရားလောင်းသည် ရသေ့အပေါင်းတို့ကို ဤသို့ အဆုံးအမပေး၍ စကားကို လိုသည်ထက်ပို၍ ထပ်တလဲလဲ ပြောနေခြင်းကြောင့် အန္တရာယ်တွေ့ရကြောင်း ဆုံးမ၏။

မြတ်ဘုရားရှင်ရဲ့ဟောကြားထားသောတရားတော်အတိုင်းလိုက်နာလျှင် လောကလူတွေအနေနဲ့
 ကောင်းမွန်သော အကျိုးကျေးဇူးတွေ အသီးအပွင့်တွေ လက်တွေ့သုံးဆောင်ခံစားနိုင်ပါတယ် မယုံလျှင် လက်တွေ့ဒီနေ့ကစပြီး လိုက်နာလိုက်ကြရအောင်။

(ဓမ္မစမ်းရေ)

(ဇာတ်တော် ကောကာလိကနှင့်အဘယရာဇကုမာရသုတ် တို့ကိုမှီညမ်းပြုစုရေးသားသည်)

mercredi 19 novembre 2014

အပေးယူများတဲ့ခောတ်

ဒီနေ့ခောတ်လောကမှာဝန်ထမ်းကလဲဝန်ထမ်းအလျှောက်ပြည်သူကလဲ ပြည်သူအလျှောက်
တယောက်တမျိုးဆီဆိုးပြီးအပေးအယူများနေကြတယ် ဘာမှမပေးရင်ဘာမှကိုမရသလိုဖြစ်နေပြီ။

ပးနိုင်မှရမည်၊တာဝန်အလျှောက်စေတနာအလျှောက်လုပ်ပေးတယ်ဆိုတာမရှိသလောက်ရှားနေ
တဲ့ခောတ်ဖြစ်သွားပြီ စေတနာဝန်ထမ်းဆိုတာနည်းသွားပြီ ရာထူးကြီးသူက ရာထူးငယ်သူကိုအထင်သေးချင်ကြတယ် ပညာတတ်သူက ပညာမတတ်သူကိုအထင်သေးချင်ကြတယ်ချမ်းသာသူက ဆင်းရဲသူကိုအမြင်မကြည်ဘူး ကိုယ်ကချည်းပေးနေရရင်တလောကလုံးဗြောင်းဆန်နေတတ်ကြတယ်။

အပြစ်တခုတွေ့ရင်စေတနာအလျှောက်ဆုံးမဖို့ဆိုတာဝေး၊ အဲဒီအပြစ်ကိုအပေးအယူနဲ့ဖုံးဖို့ပဲပြင်နေကြတဲ့ခောတ်၊အပြစ်လုပ်မိတဲ့သူကလဲ ကိုယ့်အပြစ်ကိုဝန်ခံဖို့ဆိုတာဝေး၊ မိမိအပြစ်ကိုအပေးအယူနဲ့ပဲဖုံးကွယ်ချင်နေကြတယ်။

ဒီအပေးအယူနဲ့ပါတ်သက်ပြီးကိံဆန္ဒဇာတ်တော်မှာခုလိုလေးပြဆိုထားပါတယ်၊တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းမှာ အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်ရှိပါတယ်။ 

သူ့ရဲ့ထူးခြားချက်ကတော့ အပေးယူများတာပါပဲ။
ဒါပေမဲ့ တရားသူကြီးကသာ အပေးယူများတာ ဘုရင်မင်းမြတ်ကတော့ ဥပုသ်သီလကို ကိုယ်တိုင် ဆောက်တည်သလို သူရဲ့ မူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။

တစ်နေ့မနက်ခင်းတစ်ခုမှာ တရားသူကြီးဟာ အမှုတစ်ခုကို အပေးယူလုပ်ခဲ့ပြီး ဘုရင့်ဆီ အခစားဝင်လာပါတယ်။ ညီလာခံသဘင်မှာ ဘုရင်မင်းမြတ်က တိုင်းရေးပြည်ရာကိစ္စတွေ မဆွေးနွေးခင် သူ့ရဲ့ မူးမတ်တွေကို ဒီနေ့ ဥပုသ်ဆောက်တည်ဖြစ်လား ဆိုတဲ့မေးခွန်းကို အရင်မေးနေပါတယ်။ 

မူးမတ်တွေကလည်းဆောက်တည်ဖြစ်ပါတယ် ဘုရားပေါ့။ တကယ်လည်း ဆောက်တည် သူတွေပါ။
တရားသူကြီးဝင်လာတော့လည်း ဘုရင်က ဒီနေ့ဥပုသ်ဆောက်ဖြစ်လား လို့မေးပါတယ်။တရားသူကြီးကလည်းမူးမတ်တွေဖြေတဲ့အတိုင်း ဆောက်တည်ဖြစ်ပါတယ်ဘုရား
လို့ ပြောပါတယ်။ တရားသူကြီးညာတာကို ပုရောဟိတ်ပုဏ္ဏား တစ်ယောက်က ကောင်းကောင်းသိပါတယ်။

ဒါကြောင့် ညီလာခံသဘင်ပြီးလို့ အပြင်ရောက်တဲ့အခါ ဒီနေ့ ဥပုသ်မဆောက်ဖြစ်ဖူးမဟုတ်လား လို့ ပုဏ္ဏား မေးပါတယ်။ ဒီတော့ တရားသူကြီးက ဟုတ်တယ် ငါမဆောက်တည်ဖြစ်ဘူး၊ မနက်က အပြစ်မကင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီညမှာတော့ ခံတွင်းကို ဆေးပြီး ညစာမစားပဲ ဥပုသ်ဆောက်တည်မယ်။ ဒါဆို ငါ့အတွက် ဥပုသ်တစ်ဝက်တော့ ရမှာပဲလို့ ပြန်ပြောလိုက်ပါသတဲ့။

တရားသူကြီးဟာ ပြောတဲ့အတိုင်းပဲ အိမ်ရောက်တော့ ဥပုသ်ဆောက်တည်ပါတယ်။ ဒီလိုနဲ့ မနက်ရောက်တော့ ဥပုသ်အမြဲဆောက်လေ့ရှိတဲ့ အမျိုးသမီးတစ်ယောက်က အမှုလာအပ်ပါတယ်။ 

အမှုအကြောင်း ပြောကြဆိုတကြ ရင်းနဲ့ မွန်းတည့်ခါနီး ရောက်သွားရောဆိုပါတော့။
ဒီတော့ အမှုလာအပ်တဲ့ အမျိုးသမီးက ခံတွင်းဆေးဖို့ပြင်ပါတယ်။ သူတို့ခေတ်က ခံတွင်းဆေးပြီးမှ ဥပုသ်ဆောက်တည်လေ့ ရှိတယ်။ အဲဒီ အချိန်မှာပဲ တရားသူကြီးကို သရက်သီးတွေ လာကန်တော့ပါတယ်။ 

တရားသူကြီးကလည်း လာကန်တော့တဲ့ သရက်သီးတွေနဲ့ပဲ ဒီသရက်သီးစားလိုက်ပြီး ဥပုသ်ဆောက်ပါလို့ ပြောပြီးပေးလှူလိုက်တယ်။
ဒီလိုနဲ့ သက်တမ်းကုန်ဆုံးတဲ့အခါကျတော့ တရားသူကြီးက စုတေရော ဆိုပါတော့။စုတေတော့ ဘယ်မှာသွားဖြစ်သလဲဆိုတော့ သရက်ဥယျာဉ်ကြီးတစ်ခုမှာ နတ်သားအဖြစ် ရွှေဗိမာန်ကြီးနဲ့ ထင်ရှားစွာ သွားဖြစ်ပါသတဲ့။ အခြံအရံနတ်သမီးတွေကလည်း တစ်သောင်းခြောက်ထောင် တောင် ရှိပါသတဲ့။

နတ်တဖြစ်လဲ တရားသူကြီးဟာ ညဘက်မှာသာ နတ်စည်းစိမ်ကို ခံစားနေရပေမယ့် မနက်အရုဏ်တက်တာနဲ့နတ်အသွင်နဲ့နတ်စည်းစိမ်တွေကွယ်ပျောက်ပြိး ဝေမာနိကပြိတ္တာ
 ဖြစ်သွားတော့ပါတယ်။ပြိတ္တာဖြစ်သွားတော့ စားရမဲ့သောက်ရမဲ့ ဘ၀နဲ့ ကိုယ့်ရဲ့အသားကို ပြန်စားနေရပါတယ်။ ကိုယ့်အသား ကိုယ်ပြန်စားနေရတာဆိုတော့ သွေးသံတရွဲရွဲနဲ့ တစ်ချိန်လုံး အော်ဟစ် ငိုကြွေးနေရပါတယ်။

ကံအကြောင်းအကျိုးတွေ ပြန်ကြည့်တော့ ဥပုသ်ဆောက်တည်သူအမျိုးသမီးကို သရက်သီးလှူခဲ့တဲ့အတွက် သရက်ဥယျာဉ်ကြီးရတာပါ။ အပေးယူများခဲ့တဲ့အတွက် နေ့မှာ ပြိတ္တာဖြစ်ရတာပါတဲ့။ ဥပုသ်တစ်ဝက်ဆောက်တည်ခဲ့တဲ့အတွက် ညဥ့်မှာ နတ်စည်းစိမ် ခံစားရတာပါတဲ့။

ကိုယ်ပြသည့်ကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဆိုတာလိုပဲ ကိုပြုသောကံ ကိုယ်ဆီ ပြန်ရောက်လာမှာမလွဲဧကန်ဖြစ်ပါသည်၊အဋ္ဌသာလိနီအဋ္ဌကထာမှာပြဆိုထားတာ
ကကောင်းကင်မှာ ပြသာဒ်ကြီးတည်ပြီး ပုန်းအောင်၍လဲ မလွတ်ပါ၊ သမုဒ္ဒရာအလယ် ပြသာဒ်ကြီးတည်ပြီး ခိုအောင်လဲ မလွတ်ပါ၊ တောင်ခေါင်းမှာ ပုန်းအောင်း၍လဲ ရှောင်လွဲ၍မရပါ။

မိမိသွားရာ အရိပ်ပမာ တကောက်ကောက် လိုက်ပါနေမှာ၊ အကျိုးပေးချိန်မကျသေး၍သာ မီးခဲ ပြာဖုံးထားသလို အကျိုးပေးချိန်ရောက်က ကိုယ်ပြုကံက ထပြီး လောင်ကြွမ်းမှာ အမှန်ပင်ဖြစ်ပါသည်။

ဒါကြောင့် ကိုယ့်နောက် အရိပ်ပမာပါမည့် ကောင်းကံတွေကို များများပြုပြီး မကောင်းကံတွေကိုတော့ ဝေးဝေးက ရှောင်နိုင်ကြရန်တင်ပြခြင်းသာဖြစ်ပါတယ်၊ အပေးယူများနေတဲ့ခောတ်ကြီးမှာစေတနာရှိတဲ့ပြည်သူ့ဝန်ထမ်း စေတနာထားတဲ့ပြည်သူ့ဝန်
ထမ်းအလိုရှိတာတော့အမှန်ပါပဲ။

ဝန်ထမ်းဆိုတာတိုင်းပြည်ရဲတာဝန်ကိုထမ်းဆောင်မှဝန်ထမ်းခေါ်ဆိုတာမဟုတ် မိမိစေတနာအလျှောက်ဘာပဲလုပ်လုပ်ဘာပဲပြောပြော ဘာပဲကြံကြံတာဝန်သိတတ်တဲ့သူ တာဝန်ယူတတ်တဲ့သူတွေဟာလည်းဝန်ထမ်းတွေပါပဲ။

ဘယ်သူတွေဘာတွေဖြစ်ဖြစ်ဘာတွေလုပ်လုပ်လုပ်ဘာတွေပဲကြံကြံသင်ရဲ့စေတနာကောင်း
တခုကိုလူတိုင်းတန်ဖိုးထားချင်ကြတယ်၊သင်ရဲ့ပြည်သူအပေါ်ထားမည့်စေတနာတခုကို
တတိုင်းပြည်လုံးတကမ္ဘာလုံးမျှော်လင့်နေမယ်ဆိုတာမမေ့ပါစေနဲ့။

(ဓမ္မစမ်းရေ)

samedi 15 novembre 2014

သူရာချစ်သူ

ခုခောတ်လူကြီးလူငယ် မူးယစ်စေတတ်တဲ့သေရည်အရက်ကိုသောက်စားခြင်းပါပဲ တချို့ကတပည့်တော်သောက်အမျာအတွက်အကျိုးရှိစေမည့်စကားတွေပဲပြောပြတတ်ပါတယ် မမူးတဲ့အချိန်မှာတော့မပြောတတ်ဘူးဆိုတဲ့သဘောကိုဆောင်တယ်။

သာမာန်မသောက်ထားတဲ့အချိန်ပြောတဲ့စကားနဲ့မူးပြီးပြောတဲ့စကားဟာအလေးနက်ထားတာချင်းမတူပါဘူး
မူးပြီးပြောတဲ့စကားကိုဘယ်သူမှအလေးနက်ထားမှာမဟုတ်သလို တန်ဖိုးလည်းထားမှာမဟုတ်ပါဘူး ဘာကြောင့်လည်းမူးနေသူဟာ သာမာန်မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။

တကယ်တော့သုရမေရယကံ ကျူးလွန်ခြင်းဆိုတာတော့ မူးယစ်စေတတ်သောအရာကို မှီဝဲသုံးဆောင်ခြင်းပါ။ အရက်မှမဟုတ်ပါဘူး.. မူးယစ်စေတတ်တဲ့ အရာမှန်သမျှ သုံးဆောင်မှီဝဲခြင်းကို သူရာမေရယကံ ကျူးလွန်ခြင်းထဲမှာ ထည့်လိုက်ပါမယ်။

ဘာကြောင့်လဲမူးယစ်စေတတ်တဲ့အရာမှန်သမျှမကောင်းမှုကိုလွယ်လွယ်ကျူးလွန်မိစေတတ်လို့ပါ။
 မြတ်ဘုရားကတော့သူရာမေရယကံ ကျူးလွန်ခြင်း အထမြောက်ဖို့ အချက်လေးချက်ရှိပါတယ်။
 (၁) မူးယစ်စေတတ်သော အရာဖြစ်ခြင်း၊
 (၂) သောက်စားလိုသောစိတ် ရှိခြင်း၊
(၃) သောက်ဖြစ်အောင် လုံ့လပြုခြင်း၊
 (၄) သောက်စားခြင်းတို့ ဖြစ်ပါတယ်။

ကံငါးပါးထဲမှာအဓိကအချုပ်ကသူရမေရကံ ကျူးလွန်ခြင်းပါပဲ၊ ဒီကံဟာ အကုသိုလ်တွေ ပြုလုပ်ခြင်းကို အလွယ်တကူဖြစ်စေတဲ့ အတွက်ကြောင့်ပါပဲ။ သေရည်သေရက် သောက်သည့်အတွက် ကျန်သီလများအားလုံး အလွယ်တကူ ပျက်တတ်ပုံနှင့် အဋ္ဌကထာတွင်ကား ငါပါးသီလတွင် သေရည်သောက်ခြင်းကို အပြစ်အကြီးဆုံးဟု ဖွင့်ပြထားပါတယ်။

သုရာမေရယအခန်းမှာအဋ္ဌကထာက ခုလိုလေးဖွင့်ဆိုပြန်ပါတယ်အရက်သည် ငါးပါးသီလတွင် အချုပ်ဖြစ်သည်.. အရက်မူးပြီဆိုသည်နှင့် ကျန်သီလများ ဖောက်ဖျက်ရန် ၀န်မလေးတော့ပေ။ သို့အတွက် ဗုဒ္ဓက ငါးပါးသီလတွင် သေရည်သောက်ခြင်းကို ထည့်ဟောထားခြင်းဖြစ်သည်ဟု ဖွင့်ထားပါတယ်။

အရက်သောက်ပြီးမိဘကိုပြန်သတ်သောဖြစ်ရပ်လေးတွေသားသမီးကိုပြန်စော်ကားမိတဲ့သာဓကတွေ
များစွာရှိသည့်အနက်က မိဘကိုပြန်သတ်မိတဲ့သာဓကလေးတစ်ခုကို ဖော်ပြပေးပါ့မယ်။

ငယ်ငယ်ကဖတ်ခဲ့ဖူးတာလေးပါခုနှစ်အားဖြင့် ၁၉၅၁-ခုနှစ်၊မေလ ၂၅ ရက်နေ့၊ နေရာကား ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်ပိရွာတွင် ဖြစ်ပါတယ်။ သားက အရက်မူးလာပြီး ပါးရိုက်ကာ ဓါးနှင့်လိုက်ခုတ်ခံရသော မိခင်ကြီး၏အမည်မှာ ဒေါ်သာလိဟု ခေါ်ပါတယ်။

တစ်နေ့ သားကအရက်မူးပြီးပြန်လာကာ ပိုက်ဆံထပ်တောင်းသဖြင့် မိခင်ကြီးမှ မပေးနိုင်ကြောင်း ပြောသောကြောင့် မိခင်ကိုဆဲရေးတိုင်းထွာပြီး ပါးရိုက်ကာ ဓါးနှင့်လိုက်ခုတ်သဖြင့် ထွက်ပြေးရင်း ရွာထိပ်ညောင်ပင်ကြီးအောက် အရောက်တွင် မိခင်ကြီးကို ဆက်လိုက်လို့ မရတော့ပဲ အဲ့နေရာမှာတင်ပဲ မြေမြိုခဲ့ပါတယ်။

သူမြေမြိုသောနေရာနှင့် ပတ်လည် ပေ(၁၀၀)အတွင်း မည်သူမျှအနားကပ်လို့ မရတော့ပါဘူး။ သူဟာပူလောင်ပြင်းပြတဲ့ ဝေဒနာတွေကို ပြင်းစွာခံစားပြီး မေလ (၂၅) ရက် မှ ဇွန်လ (၂) ရက်နေ့အထိ ဝေဒနာများခံစားကာ.. (၈) ရက်ကြာပြီး မြေကြီးအောင်သို့ စုန်းစုန်းမြုပ်သွားခဲ့ပါတယ်။

မြေမြိုသွားတဲ့လူဟာ အရက်မသောက်ခင်မှာ ပုံမှန်လူကောင်းလိုပါပဲ.. မိဘကိုရိုသေရမှန်းသိပါတယ်.. ဒါပေမယ့် အရက်လည်းဝင်သွားရော ဘာမှမသိတော့ပါဘူး။ မပြစ်မှားထိုက်တဲ့ဘုရားတရားရဟန်းသံဃာ မိဘဆရာသမားနားမလည်တော့ပါ၊ဒါဟာဘာကြောင့်လဲ အရက်ရဲ့ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်သွားလို့ပေါ့။

တရုတ်ပညာရှင်များကအရက်သောက်ခြင်း အဆင့်အနေနဲ့ သုံးဆင့်နဲ့ခွဲခြားပြထားပါတယ်။ ပထမအဆင့်အနေနဲ့ လူကအရက်ကိုသောက်ခြင်းပါ။ တစ်ချို့က ဆိုကြပါတယ်။ ကျနော်တို့က ကိုယ့်စိတ်ကိုနိုင်ပါတယ်။ ထမင်းစားကောင်းရုံလောက် ညနေပိုင်းလေး သောက်တာပါဆိုပြီးတော့ စသောက်ကြပါတယ်။ ဒီအဆင့်ကတော့ လူကအရက်ကို သောက်သောအဆင့်ပါ။

နောက်တစ်ဆင့် ထပ်တက်လာတာက အရက်က လူကိုပြန်သောက်သော အဆင့်ပါ။ ခန္ဓာက အရက်ကို သောက်သော အဆင့်လို့လည်း ပြောလို့ရပါတယ်။ စိတ်ကဖြတ်နိုင်သော်လည်း ခန္ဓာက လက်မခံတော့ပါဘူး။ အရက်မသောက်ရရင် ခန္ဓာကိုယ်က သွေးတွေ အလုပ်မလုပ်တော့ပါဘူး။

နောက်ပြီး လက်တွေတုန်လာမယ်.. ခြေတွေတုန်လာမယ်။ သောက်တဲ့သူဟာ အရက်နဲ့ပဲ အမြဲတမ်းထိတွေ့ချင် လာတယ်.. နောက်ပြီး မြင်ရင်ကိုမနေနိုင်ဘူး.. တခုခုလိုနေသလိုဖြစ်.. နောက်ဆုံးတော့ အရက်လေးဝင်သွားမှ ငြိမ်သွားတယ်.. ဒါကတော့ အရက်က လူကိုသောက်ခြင်းပါ။

နောက်အဆိုးဆုံးအဆင့်ကတော့ အရက်က အရက်ကိုသောက်ခြင်းပါ။ ဒီအဆင့်မှာတော့ အရက်ကို တအားသောက်ပါတယ်။ နောက်ပြီး ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး.. ဘာအစားမှလည်း မစားနိုင်တော့ဘူး.. စားလို့လည်း မကောင်းတော့ဘူး။ တအားအိပ်တယ်.. တအားမူးတယ်.. အိပ်ရာမှနိုးတော့ ခေါင်းတွေအုံလာတယ်။

ခေါင်းတွေအုံတော့ အရက်ကိုထပ်သောက်ရတယ်.. သို့သော်လည်း ခေါင်းအုံတာ မပျောက်ပါဘူး။ အရက်ကတော့ ထပ်မူးလာပြန်ပါတယ်။ ဒီလိုနဲ့ မသေမချင်း သောက်လိုက် မူးလိုက် ခေါင်းအုံလိုက် ပြန်သောက်လိုက်နဲ့ လုံးလည်လိုက်ပြီး .. နောက်ဆုံး အရက်ကျေးကျွန်ဘ၀သို့ ရောက်ပြီးတော့ အပါယ်လေးပါးသို့ သွားလိုက်ရပါတော့တယ်။ ဒါအရက်ကို အဆင့်လိုက် သောက်လာပုံ အကြောင်းပါ။

နောက်အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို အနည်းငယ်ဖော်ပြပေးပါ့မယ်။ အရက် သေစာ သောက် စား ခြင်း ကြောင့်-မျက်မှောက်အချိန်၌-

၁။ စီးပွား ဥစ္စာ ပျက်စီး ကုန်ခန်းခြင်း။
(အရက်သေစာ သောက်စားမူး ယစ်နေသောကြောင့် မိမိပစ္စည်းဥစ္စာများကို
စောင့်ရှောက်ရမှန်းမသိမေ့လျှော့နေတတ်ခြင်း၊ မိမိ စီးပွားရေးများပြုလုပ်ရန်မေ့လျှော့
နေတတ်ခြင်း တို့ ဖြစ်တတ်၏)။
၂။ ခိုက်ရန် များဖြစ်တတ်ခြင်း။
၃။ အနာရောဂါ အမျိုးမျိုးတို့ ဖြစ်ပွားတတ်ခြင်း။
၎။ ကျော်စော သတင်း ကင်းမဲ့တတ်ခြင်း။
၅။ အရှက်၊အကြောက် ကင်းမဲ့တတ်ခြင်း။
၆။ အသိပညာဥာဏ် အားနည်းအောင်ပြုတတ်ခြင်း။
တို့ ဖြစ်တတ်လေသည်။(ဒီဃနိကာယ်၊ ပါထေယျဝဂ်၊ သိင်္ဂါလသုတ်။)မြတ်စွာဘုရားရှင်က သိင်္ဂါလ သတို့ သား အား ဟောကြားခဲ့ပါတယ်။

မြတ်ဘုရားကဆိုးကျိုးတွင်ဟောသည့်မဟုတ် ကောင်းကျိုးပါတခါတည်းဟောကြားခဲ့ပါတယ်းးးးး
၁။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ သော အလုပ် ကိစ္စတို့၌ ကောင်းမွန် လျှင်မြန်စွာ သိလွယ်ခြင်း။
၂။ အမြဲ မပြတ်သော သတိတရားများ ရှိခြင်း။
၃။ စိတ် ဂယောင်ခြောက်ခြားမဖြစ်ဘဲ ရူးသွပ်မှု့ မဖြစ်ခြင်း။
၎။ သတိလွတ်ကင်းမှု့မဖြစ်ဘဲ ဥာဏ်ပညာ ရှိခြင်းး။
၅။ မပြင်းမရိ လုံ့ လ ဝီရိယ ရှခြင်း။
၆။ ပဋိသန္ဓေအားဖြင့်  ထိုင်းမှိုင်းနေသူ မဖြစ်ခြင်း။
၇။ ပဋိသန္ဓေအားဖြင့် ဆွံ့ -အ နေသူ မဖြစ်ခြင်း။
၈။ မတွေမဝေခြင်း။
၉။ မမေ့မလျှော့ခြင်း။
၁၀။ အသိပညာ ဥာဏ်မနည်းခြင်း။
၁၁။ ကိုယ်လက်အင်္ဂါ ခက်ထရော်ကြမ်းတမ်းမှု့မရှိခြင်း။
၁၂။ ဘေးအန္တာရာယ်ကင်း ခြင်း။
၁၃။ ကြောင့်ကြမှု့ ကင်းခြင်း။
၁၄။ မှန်ကန်ကောင်းမွန်သော စကားကိုပြောဆိုလေ့ရှိခြင်း။
၁၅။ ကုန်းချော၊ကုန်းတိုက်သောစကား၊အကျိုးမဲ့သောစကား တို့ကို မပြောဆိုခြင်း၊
မိုက်ရိုင်း ကြမ်းတမ်းစွာ မပြောဆိုခြင်း။
၁၆။ နေ့ ည မပြတ် မပြင်းမရိ လုံ့ လ ဝီရိယရှိခြင်း။
၁၇။ သူ ၏ ကျေးဇူးကို သိတတ်ခြင်း။
၁၈။ ပြုလုပ်ပြီးသော အမှု့ကိစ္စကို မမေ့မလျှော့သိခြင်း။
၁၉။ ဝန်တိုတတ်မှု့ မရှိခြင်း။
၂၀။ ပေးကမ်းစွန့် ကြဲလှူဒါန်းမှု့ ရှိခြင်း။
၂၁။ ကိုယ်ကျင့်သီလနှင့် ပြည်စုံတတ်ခြင်း။
၂၂။ ရိုးသား ဖြောင့်မတ်တတ်ခြင်း။
၂၃။ သူတစ်ပါးအား ရန်ပြုတတ်သော အမျက် ဒေါသနည်းပါးတတ်ခြင်း။
၂၄။ မကောင်းမှု့များကို ပြုလုပ်ရမည်ကို ရှက်ခြင်း။
၂၅။ မကောင်းမှု့များကို ပြုလုပ်ရမည်ကို ကြောက်ခြင်း။
၂၆။ ဖြောင့်မတ် မှန်ကန်သော အယူ ရှိ ခြင်း။
၂၇။ ကြီးမြတ်သော ကောင်းမှု့ နှင့် ပြည့်စုံတတ်ခြင်း(ရှိခြင်း)။
၂၈။ ပညာဥာဏ် ရှိနိုင်ခြင်း၊
၂၉။ ပညာရှိ ဖြစ်နိုင်ခြင်း။
၃၀။ အကျိုးရှိသည် မရှိသည်တို့ ၌ လိမ္မာခြင်း(ကောင်းမှု့၊မကောင်းမှု့တို့ ကို ခွဲခြား၍ သိတတ်ခြင်း)။
ဟူသော အကျိုးတရား တို့ ဖြစ်သည်။

(ခုဒ္ဒကပါဋ္ဌ အဋ္ဌကထာ)

ဘုရားရှင်က အရက်ကို နည်းနည်း သောက်ပါလို့ မမှာခဲ့သလို ဆေးဖြစ်ဝါးဖြစ်တော့ သောက်လို့လည်း မမှာခဲ့ပါဘူး။ လုံးဝရှောင်ကြဉ်ရမဲ့ အထဲမှာ ထည့်ထားပြီးဟောခဲ့တာပါ၊ ဘာလို့လဲဆိုတော့ လူတွေရဲ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တယ်.. နောက်ပြီး အရက်သောက်လိုက်တာဟာ စိတ်ကို လွှတ်ပေးလိုက်တဲ့ ပုံစံမျိုးဆိုတော့.. စဉ်းစားသာကြည့်ပါ။

စာရေးသူအရက်ကိုမသောက်ပါနဲ့လို့မဆိုလိုပါ အရက်ရဲ့ဆိုးကျိုးကိုတော့ ဘုရားဟောကော လက်ရှိအဖြစ်ပျက်တွေကောတင်ပြခြင်းသာဖြစ်ပါတယ်ဓမ္မမိတ်ဆွေထဲမှာသောက်တတ်တဲ့သူပါရင် ကိုယ့်ဘာသာဥာဏ်နဲ့ချိန်ကာစဉ်းစားကြည့်ကြပါကုန်လော့။

(ဓမ္မစမ်းရေ)