Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 28 octobre 2013

သနားကျင်နာခြင်းနှင့်ပရဟိတ.



ကရုဏာ၏ သဘောသည် ကုလား ဗမာ မွန်စလင် ဗုဒ္ဓဘာသာ မခွဲခြားသတ္တဝါတို့အပေါ်၊ တစ်ပါးသူတို့အပေါ် သနားကြင်နာခြင်းနှင့်အတူ မိမိကိုယ်နှင့် နှိုင်းယှဉ်၍ စာနာညှာတာ ပေးတတ်သည့် သဘောကိုကရုဏာဟုခေါ်တယ်။

ကရုဏာသဘောသည် ညှင်းဆဲမှု ရက်စက်ကြမ်းကျုတ်အမူအရာ ကြမ်းတမ်းသောစကားကိုပြောဆိုတတ်ေ
သာအလေ့အကျင့်တို့မှ ကင်းလွတ်သော ကိုယ်ချင်းစာတရားအပေါ်မှာ အခြေခံထားသည်။

ကရုဏာတို့သဘောသည်သူတစ်ပါးတို့ကိ
ု ဒုက္ခမှ လွတ်ကင်းသွားအောင် ကူညီဖေးမ ဆောင်ကြဉ်းပေးသည်။ ဥပမာ အဖွားအိုတယောက်လမ်းမပေါ်လျှောက်နေစဉ်အတွင်း မိမိကိုယ်တိုင်ကရုဏာစိတ်ဝင်၍ ကူညီဖေးမပေးသည့်သဘောမျိုး ကရုဏာတို့သဘောဟာမိမိကိုယ်တိုင် ဆင်းရဲဒုက္ခ မဖြစ်စေလိုသကဲ့သို့ သူတစ်ပါးတို့ကိုလည်း ဆင်းရဲဒုက္ခ မဖြစ်စေလိုသဘောပင်မျိုးပင်။

ကရုဏာစိတ်ထားသည် သူတစ်ပါး အကျိုးစီးပွား မပျက်စီးစေလိုသော သဘောရှိသည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မကြည့်ရက်။ ဆင်းရဲဒုက္ခမှ ကယ်တင်ပေးလိုသည့် စိတ်ထား ဖြစ်သည်။

သနားညှာတာမှု ကရုဏာစိတ်ထား ကင်းမဲ့သူများသည် စိတ်ဆိုး၊ စိတ်မိုက်၊ စိတ်ရိုင်းများဖြင့် သူတစ်ပါးတို့၏ အသက်ခန္ဓာကို သေကြေပျက်စီးရန် သတ်ဖြတ်ရန် ဝန်လေးသူများ မဟုတ်ပေ။ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာတို့ကို လုယက်ဖျက်စီးရန်လည်း စိတ်ထားယုတ်ညံ့ကြသည်။

ကရုဏာတရားဖြင့် ပရဟိတပုဂ္ဂိုလ်များတွင် ရက်စက်ကြမ်းကျုတ်သော ထိုကဲ့သို့ စိတ်ထားမျိုး မရှိ။ သူတစ်ပါးကိုပင် ကူညီ ကယ်တင်ချင်သည့် စိတ်ထားသာ ရှိသည်။ တိုကြောင့်ပင်လျှင် ပရဟိတ လုပ်ကိုင်နေသူများသည် ငွေအား၊ လူအား၊ အချိန်အား၊ လုပ်အား မြောက်များစွာကို ပေးဆပ်ရင်း အလုပ်လုပ်ကြသည်။

ကရုဏာအား ကြီးမားလာသောအခါ မိမိကိုယ်တိုင် အပင်ပန်းခံကာ သူတစ်ပါး အကျိုးကို ဆောင်ရွက်ပေးသည်။ မြတ်စွာဘုရားရှင်သည် သတ္တဝါများ အပေါ် သနားကြင်နာသည့် ကရုဏာ အားကြီးမားလွန်းသောကြောင့်ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်းမှာ သုမေဓာရှင်ရသေ့ဘဝကစပြီး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီများ ဖြည့်ကျင့်ခဲ့ပြီး သဗ္ဗညုတဉာဏ်တော်ကြီး ရအောင် ကျင့်ကြံ အားထုတ်ခဲ့သည်။

ဘုရားဖြစ်လာသောအခါ သတ္တဝါများကို နေ့မအား၊ ညမအား သံသရာ ဆင်းရဲတွင်းထဲမှ ကယ်တင်ခဲ့သည်ဘယ်လောက်ပင်သတ္တဝါတို့အပေါ်စေတနာထားခဲ့သလဲ ပရဟိတဘယ်လောက်လုပ်ခဲ့သလဲစဉ်းစားကြည့်လိုက်စမ်းပါ။

ထိုကြောင့်ပင်လျှင် မြတ်စွာဘုရားရှင်ကို ‘မဟာကရုဏာတော် အရှင်သူမြတ်’ ဟု အမွှမ်းတင် ရေးဖွဲ့ဆိုသည်မှာ အဘယ်မှာ မှားနိုင်အံ့နည်း။

သနားကြင်နာသော ကရုဏာစိတ်ထား မရှိလျှင် ပရဟိတ အလုပ် လုပ်ရန် မဖြစ်နိုင်ပေ။

လဲကျနေသူကို မြင်လျှင် စိတ်ထဲကပင် သနားနေ၍ အလုပ်မဖြစ်။
သနားပါတယ် ဟု နှုတ်ကပဲ ရွတ်ဆိုနေလျှင်လည်း အရွတ်သာ ရှိမည် အသားပါမည်မဟုတ်။

မိမိကိုယ်တိုင်၏ လက်များကပင် လဲကျနေသူကို ဖေးမထူတင် ပေးရမည်။
သို့မှသာ ကရုဏာစိတ်ထားမှ ဖြစ်ပေါ်လာသော ပရဟိတစစ်စစ်ပင် ဖြစ်သည်။

ထိုကြောင့်
“လဲနေသူ ထူပေးပါ။ အားငယ်သူ အားပေးပါ”
ဟူသော စကားလုံးများသည် ကရုဏာစိတ်ထား ရှိသူများအတွက် အနှစ်သာရ ပြည့်ဝသော ရွှေစကားလုံးလေးများ ဖြစ်သည်ဟု မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပေ။

ငတ်မွတ် ဆာလောင်နေသော လောကကြီးကို မိမိတတ်စွမ်းသော ငွေအား ဥာဏ်အား ကိုယ်အားဖြင့် ဖေးမကူညီခြင်း မရှိဘဲ မသိကျိုးကျွန် ပြုနေသောသူ၊ ကရုဏာတရား ကင်းမဲ့နေသောသူကို လူဟုပင် ခေါ်ဆိုဖို့ရန် စကားလုံးတွေရှာကြံဖို့ရန် ခက်ခဲနေပေလိမ့်သည်။

ကရုဏာစိတ်ထားများဖြင့် အများအကျိုး ပရဟိတ လုပ်ငန်းများတွင် တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီခြင်းဖြင့် လောကကြီးကို အလှဆင်ကြရမည်မှာ ကျွန်ုပ်တို့၏ မွေးရာပါ အသိတရားများ ဖြစ်နေရမည် မဟုတ်ပါလော?

ဒီအသိဥာဏ်တွေကိုသင်တို့တတွေလက်တွေ့အသုံးချတတ်ဖို့အမှန်တကယ်လိုအပ်နေပြီမဟုတ်ပါလား?အချိန်အခါကောရောက်နေပြီမဟုတ်ပါလော သင်စဉ်စားလိုက်ပါ ငါဟာဘာလဲဆိုတာ.......

အရှင်ဉာဏဒီပရဲ့ဆောင်းပါးလေးကိုမှီငြမ်းပြီးရေးထားပါတယ် ဓမ္မစမ်းရေ..

သံသရာနွယ် ဆုံးစေတော့ကွယ်



တစ်ရွက်ပြီး တစ်ရွက်၊
ကြွေခဲ့ရတဲ့ ဘဝသစ်ပင်ရယ်၊

တစ်ရက်ပြီး တစ်ရက်၊
ကုန်ဆုံးခဲ့တဲ့ဘဝရက်တွေရယ်၊

တစ်သက်ပြီး တစ်သက်၊
သေခဲ့ရတဲ့ ဘ၀ရယ်၊

လက်ချိုးကာ ရေတွက်ကြည့်တော့
အဆုံးဆိုတာမမြင်
အစဆိုတာလည်းငါမသိ၊

ခုတော့

ငါဘယ်ထိအောင်လျှောက်လှမ်းနေအုံးမှာလဲ?
မင်းဘယ်ထိအောင်လျှောက်လှမ်းအုံးမှာလဲ?
သံသရာနွယ် ဆုံးစေတော့ကွယ်...............ဓမ္မစမ်းရေ...

samedi 26 octobre 2013

ပရဟိတဆိုရာဝယ်

 
ပရဟိဆိုတာ ကိုယ်နာမည်ရဖို့ ၊ ကိုယ့်အဖွဲ့နာမည်ရဖို့ ၊ လူသိများဖို့ ၊ လာလှူတဲ့သူများဖို့ ပရဟိတလုပ်ခြင်း မဖြစ်သင့်ပါ ။

ပရဟိတဆိုတာ ကိုယ့်အတွက်လုပ်တာမဟုတ်ဘဲ သူတပါးအဆင်ပြေဖို့ ၊ သူတပါးကို ပေးခြင်းသက်သက်ပါ ။

ထိုသို့ ပေးခြင်းဟာ ပေးဆပ်ခြင်းပါလို့ အော်နေဖို့မဟုတ်သလို ဘယ်သူတွေကဘာပြန်ပေးကြမလဲလို့ မျှော်နေဖို့ မဟုတ်ပါ။ ပရဟိတကို ပရဟိတနဲ့ တူအောင် ကိုယ့်အကျိုးမထုတ်ဘဲ လုပ်နိုင်ကြပါစေ ။


ပရဟိတ ဆိုတာ
လောကထဲမှာ မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတစွမ်းအားရှင် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလောက် ကြီးကျယ်ပြောင်မြောက် ထိရောက်အောင် ပရဟိတစွမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။ မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင့်မြတ်ဆုံး အတိကျဆုံး အပြည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆာင်ရှင်ပါ။

ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ပါရမီတွေ ဖြည့်ခဲ့တယ်။ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာပါ။ အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင် မလိုတော့ဘူး။ သုမေဓာ ရှင်ရသေ့ဘ၀က သာဝကပါရမီ ပြည့်နေပြီပဲ၊ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ သေချာနေပါပြီ။ ပရဟိတစိတ်ကြောင့်သာ အသက်စည်းစိမ်များစွာ စွန့်လွှတ်အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့တာ ဖြစ်တယ်။

ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ။ လှူတဲ့အခါ သီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လိုပါ။ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့ အကျိုးအတွက်ပါ။ သူတို့ဆီက ဘာတခုမှလဲ မျှော်လင့်ချက် မထားပါဘူး။ ကိုယ့်ကြောင့် သူ ချမ်းသာသွားရင် ပြီးတာပဲ။

ကမ္ဘာမှာ ကြက်ခြေနီ၊ လခြမ်းနီ စတဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ သူ့အတွက်ကိုယ်က အနာခံပေးရတဲ့ အဖွဲ့တွေပဲ။ ကူညီခံရသူတွေထံက တုံ့ပြန်ကျေးဇူးဆပ်မှုကို ဘာတခုမှ မမျှော်လင့် မတောင့်တကြပါဘူး။


ပရဟိတစေတနာရှင်ဟာ ကိုယ့်ကျေးဇူးကို သိလို့ တုံ့ပြန်မှုကို လုံးဝမျှော်လင့်စရာ မလိုပါဘူး။ ပရဟိတစေတနာ ရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်။ ပေးကမ်းတတ်တယ်။ ထောက်ပံ့တတ်တယ်။ မေတ္တာ ကရုဏာ အရင်းခံတဲ့ မြင့်မြတ်တဲ့စေတနာနဲ့ပဲဆောင်ရွက်ပေးပါတယ်။

သူ့ဒုက္ခလွတ်စေချင်လို့ ကူညီတာက ကရုဏာ၊ သူချမ်းသာစေချင်လို့ ကူညီတာက မေတ္တာ၊ သူချမ်းသာသွားပြီလို့ ကြားရတာက မုဒိတာ။ တကယ်တော့ ပရဟိတဆိုတာ လောဘကို တိုက်ရိုက် ဖြိုဖျက်ရတဲ့အလုပ် ဖြစ်ပါတယ်။

မေတ္တာ၊ ကရုဏာနဲ့ ဆောင်ရွက်တာဖြစ်လို့ ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေရတဲ့ အလုပ်ဖြစ်တယ်။ အသိတရား ဦးဆောင်ပြီး လုပ်လိုက်တော့ မောဟကိုပါ သန့်စင်ခွင့် ရလိုက်ပြန်တယ်။ ဒီလိုဆိုတော့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရတဲ့ အလုပ်ဖြစ်ပါပဲလား။ ဒါကြောင့် မြင့်မြတ်တဲ့အလုပ် ဖြစ်ရတာပါ။

လောကထဲမှာ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူငွေ့တွေကို ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ စဉ်းစားလိုက်ရင် အလွန်ကြည်နူးစရာကောင်းတဲ့
အလုပ်ပါ။

(တိပိဋကဓရ ယော-ဆရာတော်) ဓမ္မစမ်းရေ...

mercredi 16 octobre 2013

အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။  ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea  Lotus) ဖြစ်ပါသည်။

          သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။  ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း  ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။

          ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။

          တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ -

``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´
ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက် အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။

          ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော်

စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

          အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍  မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း

၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။

          ထိုအဘိဓမ္မာတရား ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။


(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)

          ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။


(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)

          ဤနည်းဖြင့် ပညာအရာတွင် ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။


(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)

          မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။

          ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
          အခြားသော သုတ္တန် ၀ိနည်း တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။ သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့် ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ် အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။ အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့် ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက် စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ ကွန့်မြူးလာတော်မူခဲ့ရပါသည်။


          ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။


lundi 7 octobre 2013

ပရဟိတ


“ပရဟိတ” ပရဟိတဆိုတဲ့ စကားလုံးတွေ လှိုင်လှိုင်ကြားနေလာရသလို ကိုယ်တိုင်လည်း ပရဟိတ လုပ်ငန်းတွေနဲ့ ထိတွေ့နေရတော့ ကြုံကြိုက်ခဲ့ရတဲ့ ပရဟိတ အကြောင်းလေးတွေ တစေ့တစောင်း
ရေးချင်စိတ်ပေါ်လာမိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို မိမိရဲ့ပရဟိတအဖွဲ့အစည်းလုပ်ငန်းတွေ ပေါ်ပေါက်လာတယ် ဆိုတာ ၀မ်းသာစရာ ကြိုဆိုစရာပါဘဲ။ နောက်တစ်ခုက ဒီပရဟိတဆိုတဲ့ အလုပ်တွေမှာ လူငယ်တွေ ပါဝင်လာတာ စိတ်ဝင်စားလာတာ အားတက်စရာတခုပါပဲ။
 
စာရေးသူရဲ့ဓမ္မစမ်းရေပညာရေးဖောင်ဒေးရှင်းမှာ လူငယ်တွေချည်းပါပဲ အသက်သုံးဆယ်ကျော်အများစုပါဝင်ပါတယ် အကြီးဆုံးက ကျောင်းအုပ်ဆရာကြီး ဦးလှဦးဆိုတဲ့သူတယောက်သာပါဝင်တယ် သူကလည်းစာရေးသူတို့နဲ့အပြိုင်နင်လားငါလားပါပဲ ဝမ်းမြောက်စရာတခုပဲလေ။

ကျွန်တော်တို့ ငယ်ငယ်က သိထားတဲ့ပရဟိတ အလုပ်တွေဆိုတာ သာရေးနာရေးလောက်ပဲသိထားတာ လူကြီးတွေနဲ့ပဲသက်ဆိုင်တယ်လို့ အယူအဆ မှားယွင်းမှုတွေ ရှိခဲ့သလို လူငယ်တွေကိုလည်း အရေးတယူ နေရာပေးခဲ့တာမျိုး မရှိခဲ့ဘူး။ လူငယ်တွေလုပ်ရင် အောင်မြင်မှာပဲဆိုတဲ့ ယုံကြည်ချက်လဲ မရရှိခဲ့ဘူး။

ဘယ်လိုပဲပြောပြောစာရေးသူတို့ပရဟိတအဖွဲ့လေးဟာဆရာတော်တွေ ကျောင်းဆရာတွေ ရပ်ရွာရဲ့စိတ်တကယ်ထက်သန်တဲ့လူငယ်အများနဲ့ဖွဲ့စည်းထားတော့ အားတက်ကျေနပ်စရာတခုလေ။

ဘာပဲဖြစ်ဖြစ် ယနေ့ခေတ်အနေအထားအရ တစ်နိုင်ငံလုံး အနှံ့အပြားမှာ ပရဟိတလုပ်ငန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဝေဝေဆာဆာလုပ်ဆောင်ပြီးပေါ်ပေါက်လာခဲ့ပြီလေ။
ဒီအဖွဲ့တွေမှာအင်တိုက်အားတိုက် အလုပ်ဆောင်နေသူတွေဟာ လူငယ်အများစုပါဘဲ။

မြို့ရွာအနှံ့အပြားက ပရဟိတတွေမှာ အများအားဖြင့် နာရေးကူညီမှု၊ သွေးလှူရှင်များအဖွဲ့၊ ဆွမ်းလောင်းအသင်း၊ ပညာရေး ထောက်ပံ့မှုအဖွဲ့ အစရှိသဖြင့် အများဆုံးတွေ့မြင် ကြားသိနေရသလို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့အကြောင်းအရာ ကိစ္စများများ အဆင်ပြေသွားကြတာပါဘဲ။

ဒီအတွက်ကြောင့်ဆက်သွယ်မှုအဆင်ပြေလာလို့လည်းအစိုးရကိုကျေးဇူးတင်ရမှာပဲ လိုင်းကောင်းတာမကောင်းတာမပြောလိုပါဘူး လိုအပ်တဲ့အချိန်မှာ လိုအပ်သလိုထစ်ထစ်ငေါ့ငေါ့နဲ့ ကြားနေရတာကိုပဲစွဲဆောင်မှုတခုပါပဲ။

ဒီတော့ ဒီဘက်ခေတ် အခြေအနေမှာ လက်ကိုင်ဖုန်းတစ်လုံးဟာ ပရဟိတလုပ်ငန်းတွေအတွက်ကြားခံပစ္စည်း တစ်ခုဆိုတာ လူတိုင်းသိထားကြတာပါ။ ဒီလိုနဲ့ ပရဟိတဟာ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားလာခဲ့တယ်။ ကောင်းမွန်တဲ့ လက္ခဏာပါ။
ဒါပေမဲ့ မိမိဂုဏ် မိမိနာမည်အတွက် မဖြစ်သင့်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် ဒီလုပ်ငန်းကို မြေစမ်း ခရမ်းပျိုးမယ့် လူငယ်တွေအတွက် အယူလွဲ လမ်းမလွဲစေချင်တာကြောင့်ပါ။ ခံယူချက် တိမ်းစောင်းမသွားစေချင်တာကြောင့်ပါ။

ဘာကြောင့် ဒီလိုတွေ ပြောနေရသလဲဆိုတော့ စာရေးသူကိုယ်တိုင်လည်း ပရဟိတလုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်လို့ပါဘဲ။ နိုင်ငံခြားမှာ MA တက်စဉ်ကတည်းကလုပ်ချင်နေတာပါ ဒီလုပ်ငန်းတွေကို အဝေးကပဲ အားကျနေမိတယ်လေ။

ကိုယ့်အမိမြေကို ပြန်ရောက်ခဲ့ပြီးပရဟိတလောကထဲ ခြေချချင်နေတာခဲ့တာ (၂) နှစ် ဆိုတဲ့ ကာလအတွင်းရောက်ခဲ့ပြီမို့ခုတော့ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေခွင့်ရနေပြီကိုယ်ကြုံတွေ့ခဲ့ရတာတွေလည်းရှိနေလို့ ဝေမျှချင်စိတ် ပေါ်လာခဲ့ပါတယ်။

တစ်ချို့က ပရဟိတကို ထင်ပေါ်ကျော်ကြားလိုစိတ်နဲ့၊ တစ်ချို့က မိမိလုပ်ငန်းအတွက်ခြေကုပ်ယူချင်စိတ်၊ တစ်ချို့က မိမိရည်ရွယ်ချက် အတွက် အသုံးချခုတုံးလုပ်ချင်စိတ်၊ တစ်ချို့က ကျွန်တော်/မ က ဘယ်ပရဟိတ အဖွဲ့အစည်းကပါအစရှိသဖြင့် အများရဲ့ ယုံကြည်မှုကို ရယူပြီး မိမိရဲ့ အတ္တအတွက် ကိုယ်ကျိုးရှာချင်တဲ့ စိတ် တချို့ကစကားပြောတာတောင်တို့ဘယ်အဖွဲ့မှာ ဘာလုပ်နေတယ်စသည်ဖြင့်ကြွားဝါနေတတတ်ကြတယ်။

မိမိရဲ့အမည် လုပ်ငန်း ထင်ပေါ်ကျော်ကြားလိုသူတွေ အနုပညာ၊ ဂီတ၊ စာပေ အစရှိသဖြင့် ၎င်းရပ်ဝန်းမှာ ရပ်တည်လိုသူ တစ်ချို့ဟာလည်း ပရဟိတကိုအသုံးချခံ ပစ္စည်းလို သဘောထားပြီး ဒီနယ်ပယ်ထဲကို ခြေချလာကြသလို အတန်အသင့် အသိအမှတ်ပြုခြင်း ခံရပြီးတဲ့ နောက်မှာတော့ ပရဟိတကို ကျောခိုင်း သွားကြပြန်ပါတယ်။

ထက်တက်မြက်မြက် ရှိတဲ့သူ တစ်ချို့ကတော့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သတင်းဓါတ်ပုံ အထောက်အထားအချို့ကိုတင်ပြတောင်းခံပြီး ကိုယ်ကျိုးရှာကြသလို မိမိ၏မှီခိုမှုအတွက် ၎င်းအဖွဲ့အစည်းများကို ကုန်ကြမ်းပေး ကုန်ချောယူ သဘောမျိုးဖြင့် အလဲအထပ်ပြုလုပ်လာတာဟာ ရှက်ဖွယ်အတိပါ။

ဒါမျိုးကပရဟိတမဟုတ်ပါဘူး အတ္တဟိတသဘောမျိုးအသွင်ဆောင်နေတယ် ဒါတွေလည်းရှောင်ဖို့လိုအပ်ပါတယ်။

ကျောင်းနေအရွယ်မှာ “လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ” ဆိုတဲ့ စကားပုံလိုပါဘဲ။ ပရဟိတနယ်ပယ်မှာလည်း မိမိယုံကြည်တဲ့သူ မိမိဆရာတင်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း စသည်ဖြင့် ဆရာတင်မှားရင် သံသရာတစ်ခုလုံး မှောက်မှားမယ်ဆိုတာ မလွဲဧကန်ပါ။

စကားပုံတခုကြားဖူးပါတယ် ကုန်ရှုံးတခေါက် လင်ကုန်ရှုံးရင်တသက်လုံးမှောက် ဆရာမှားရင် တသံသရာလုံးမှောက်တဲ့။

အဇာတသတ်မင်းဟာ ဒေဝးတ်ကိုသာမတွေ့ခဲ့ရင်ပစ္စေကဗုဒ္ဓါဖြစ်မှာဧကန်ပါပဲ ဒေ၀ဒတ်ကိုဆရာတင်မှားလို့ အပါယ်ငရဲမှာ စံမြန်းနေရတယ်ဆိုတာ ထင်ရှားတဲ့ သာဓကပါဘဲ။
ကိုယ်ကြိုးရှာ၊ စီးပွားရှာ၊ အောင်မြင်ကျော်ကြားမှုကို ရှာဖွေတာဟာ ပရဟိတလောကနဲ့ လားလားမှ မသက်ဆိုင်တဲ့ နေရာပါ။

အင်မတန်မှလည်း စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါတယ်။ အများလှူဒါန်းတဲ့ အလှူ ပစ္စည်း၊ ငွေ စတာတွေဟာ ပရဟိတသမားတစ်ဦးအတွက် မစားကောင်းတဲ့ အသီးပါ။
လုံးဝ လုံးဝမမှောက်မှားသင့်တဲ့ အရာဆိုတာ သတိချပ်စေချင်ပါတယ်။

မိမိကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး လှူဒါန်းတာမှ ပရဟိတမဟုတ်ပါဘူး ငွေကြေးလှူနိုင်မှ ပရဟိတခေါ်ဆိုတာမဟုတ်ပါဘူး။ အများလှူဒါန်းတဲ့အရာကို မိမိအနေနဲ့ စိတ်အားလူအားနဲ့ ကူညီဆောင်ရွက်တာ၊မပျက်ဆီး မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်တာ၊ မိမိတတ်နိုင်တဲ့အနေအထားကနေပြီးတော့ ၀ိုင်းဝန်းအားဖြည့် ဆောင်ရွက်တာဟာလည်း ပရဟိတလို့ခေါ်ပါတယ်။


လူစုလူဝေးနဲ့နေရတာကို သဘောကျလို့ ပရဟိတလုပ်ငန်းလုပ်တာ မသင့်တော်သလို မိမိ၏ အတ္တကြောင့် ပရဟိတလုပ်ငန်းတွေ အဖွဲ့အစည်းတွေ ပျက်စီးတာ၊ စိတ်ဝမ်းကွဲတာ၊ ရပ်တန့်သွားတယ် ဆိုတာဟာ ဂုဏ်ယူစရာလုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ မိမိ၏ကိုယ်ကျိုးလုပ်ရပ်ကြောင့် ပရဟိတသမားတွေကို အထင်သေးနှာခေါင်းရှုံတဲ့ အဖြစ်မျိုးကို ဝေးစွာ ရှောင်ကြည်သင့်ပါတယ။်
 
စာရေးသူအမြဲသုံးနေတဲ့စကားလေးတခွန်းရှိပါတယ်မိမိအတွက်တပါးသူစိတ်အနှောက်ယှက်ဖြစ်မည့်
ကိစ္စရှောင်ကြဉ်ပါ ပရဟိတကို အရောင်တင်ရမယ့် အချိန်မှာ စုန်းပြူးတွေကြောင့် ကျွန်တော်တို့လူငယ်တွေ မျက်နှာမပျက်ချင်ပါဘူး။ နောက်ကြောင်းပြန်လှည့်ပြီးရပ်တန့်မသွားပါနဲ့ ဆက်လက်အားထုတ်ဖို့တိုက်တွန်းပါရစေ….ဓမ္မစမ်းရေ..

vendredi 4 octobre 2013

အတ္တ ပရ



ဆင်းရဲတခါ ချမ်းသာတလှည့်

အပူတခါ အအေးတလှည့်

ဒေါသတခါ မေတ္တာတလှည့်၊

အလင်းတခါ အမှောင်တလှည့်၊

ဆန့်ကျင်ဘက်တရားတွေဖြင့်

တွေ့ရဆုံရသည်မှာ

လူဘဝပင် မဟုတ်လား

ခဏတာ ရလာတဲ့လူ့ဘဝမှာ

တွေ့ဆုံကြုံခဲ့ရသည်ကားမနည်းလှ

အရာရာတိုင်းကိုယောနိသွင်းနိုင်မှ

အရာရာတိုင်းဟာ ချမ်းသာသုခရနိုင်မည်

အတ္တထက်ပရကိုရှေ့တန်းတင်သူ

ကိုယ့်အကျိုးထက်၊တပါးသူအကျိုးကိုရှေ့တန်းတင်သူသည်၊

ထိုသည့်သူမှာ

သမိုင်းတွင်သူ၏နာမည်မတိန်ကောမပျောက်ကွယ်

သမိုင်းမှာကျန်ရစ်

လူနတ်တို့ချီးမွန်းသံ

တသောသောညံလျက်ရှိပေသည်

လူ့ဘဝရလာတဲ့အခိုက်မှာ

ဒုက္ခ သုခအစုံစုံ

တွေ့ကြုံရတတ်၏

အရှုံးကိုကြောက်လျှင် အနိုင်ဆိုတာမရှိဖြစ်တတ်၏

ထို့ကြောင့် အတ္တ ပရ နှစ်ဖြာ

ပြည့်စုံဖို့က အဓိကပဲမဟုတ်လား?

ဓမ္မစမ်းရေ..

“ ပရဟိတ ”


နိုးထရှင်သန်

အားမာန်လက်ကမ်း

အေးချမ်းကြည်သာ

ညီညာတဲ့ကုသိုလ်

မည်သူမဆိုဝမ်းမြောက်

လျှမ်းတောက်တဲ့ ပါရမီရယ်ပါ..။



အထောက်အကူမဲ့ ဘိုးဘွား

သနားလို့ ပေးလှူ

ပွေ့ ယူလို့ နွေးထွေး

စိတ်လေးတွေပီတိ

ရင်ထဲထိခံစား

အဲဒါ......

နှလုံးသားရဲ့ အကြင်နာတရားဘဲလေ..။



မိဘမဲ့ကလေးငယ်

အားငယ်လို့ ဝမ်းနည်း

ဆွေမျိုးလဲမရှိ

အသိတွေေ၀၀ါး

မေတ္တာများစွာနဲ့ ဖေးမ

အပြုံးလှကြည်စေ

လက်တွေဝိုင်းရံ

တွန်းကန်တဲ့ တို့တစ်တွေ..အား

မောင်နှမတွေအလားရှိစေခဲ့တယ်..။



ဓမ္မစမ်းရေအဖွဲ့ 

တည်ခဲ့တဲ့ စိတ်ကူး

ထူးမြတ်တဲ့ ဂုဏ်ရည်

တည်ကြည်တဲ့ ဆန္ဒ

ညီကြတဲ့ ခွန်အား

မွေးဖွားလို့ သန္ဓေတူ

ဖြူစင်ကြတဲ့ သူငယ်ချင်းများ...

ဂါဝရတရားနဲ့ ဂုဏ်ယူပါတယ်နော်..။



လုပ်အားနဲ့ အလှူ

ကြည်ဖြူအသပြာနဲ့ 

စေတနာဖွဲ့ မုဒိတာများစွာ

ဘ၀အခါခါဖြစ်စေ

စိတ်တွေလန်းဆန်း

မနွမ်းခန္ဓာနဲ့ 

ချမ်းသာပြည့်စုံ

စိတ်ကူးတွေအကုန်ဖြစ်စေကွယ်..။



တူစုံလျှောက်လှမ်း

မနားတမ်းအကျိုးပြု

ရှေးရှုတဲ့ အာသီသ

ဘာနဲ့မှမလဲနိုင်

သဲဆိုင်ကြည်နူး

ကုသိုလ်ထူးတွေလဲရနေမှာပါလေ...။ (အလင်္ကာဒီပချစ်သူ)

အနည်းငယ်ပြင်ထားတာမှအပ အလင်္ကာဒီပချစ်သူရေးစပ်ထားတာပါ ဒီကဗျာလေးဟာ ဒုတိယဆုရထားတဲ့ကဗျာလေးပါ ....ဓမ္မစမ်းရေ..

jeudi 3 octobre 2013

ပရဟိတ မွန်မြတ်လှ



နွမ်းပါးရှာသူ ချို့တဲ့သူကို

ကူညီမစ ထောက်ပံ့ကြသည်

ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ ကံဆိုးသူကို

ကူညီယုယ ပြုစုကြသည်

ပရဟိတ မွန်မြတ်လှ။

မသန်စွမ်းသူ အားနွဲ့သူကို

ကူညီဖေးမ ပံ့ပိုးကြသည်

ပရဟိတ မြတ်မြတ်လှ။

မကျန်းမာသူ နာသောသူကို

ကူညီစောင်မ စောင့်ရှောက်ကြသည်

ပရဟိတ မွန်မြတ်လှ။

ပညာနည်းသူ ဉာဏ်မွဲသူကို

ကူညီတွဲကြ အလင်းပြသည်

ပရဟိတ မွန်မြတ်လှ။

ကွယ်လွန်ရှာသူ သက်မဲ့သူကို

ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်

ပရဟိတ မွန်မြတ်လှ။

ဘ၀ခရီး လမ်းမကြီးကို

အသီးသီးသူငါ လျှောက်လှမ်းရာဝယ်

မောရှာပန်းရှာ များလှစွာကို

စာနာဖေးမ ကူညီကြသည်

ပရဟိတ မြတ်အလှတည့်

ပြုကြပုဂ္ဂိုလ် များထိုထို၏

ကုသိုလ်ကောင်းမှု အစုစုကို

သာဓုကြိမ်ကြိမ် ခေါ်မိတကား။

( မင်းယုဝေ )

ဓမ္မစမ်းရေ ......

mercredi 2 octobre 2013

မိုင်းတသောင်းခရီးကို ခြေတလှမ်းကစခဲ့သည်။

ဗုဒ္ဓက သတိပဋ္ဌာန်အလေ့အကျင့်ကိုတခုတည်းသောလမ်းဟုဟောခဲ့တယ် ပစ္စုပ္ပန်မှာချည်းပဲ ဒီခဏမှာပဲ ဒီခဏပြီးရင်တော့နောက်ခဏပေါ့ ဘယ်အလုပ်ပဲလုပ်သည်ဖြစ်ပါစေ တလှမ်းချင်းပဲလုပ်တတ်ပါစေ။

ဒါ့ကြောင့်လည်းတလှမ်းချင်းပဲလှမ်းပါ ခြေလှမ်းတိုင်းဟာ ဘာဝနာစီဖြန်းခြင်းတခုဟု ပြောကြားခြင်းပဲဖြစ်ပါတယ်။

စာရေးသူ၇ပ်ကွက်ထဲကို ခြေလျှင်လျှောက်လှမ်းတဲ့အခါ ဖြည်းဖြည်းမှန်မှန်လှမ်းနေတာကိုနေ့တိုင်းမြင်တွေ့နေတဲ့ကလေးတွေက ပြောကြတယ် ဖြည်းဖြည်း ဖြည်းဖြည်း တလှမ်းချင်းလှမ်းပါ ဘယ် ညာ မှတ်လှမ်းပါ စသည်ဖြင့်စကြ နောက်ကြတယ်။

ဒီလိုကလေးတွေကစတော့ ရပ်ကွက်လူသူလေးပါး ဖြည်းဖြည်း တလှမ်းချင်းလှမ်း ဘယ်ညာ မှတ်လှမ်းဆိုတဲ့စကားကို အားလုံးသိကြကုန်ပြီလေ။

မြန်မာစကားပုံတခုရှိတယ်လေ မိုင်တသောင်းသောခရီးကို ခြေတလှမ်းကစခဲ့သည်ဟူသောစကားပုံလေ ဖြည်းဖြည်း ဖြည်းဖြည်း ခြေတလှမ်းချင်းလှမ်းပါ ခြေလှမ်းတိုင်းဟာ ဘာဝနာတခု ခြေလှမ်းတိုင်းဟာ ဆုတောင်းမှုတခု ခြေလှမ်းတိုင်းဟာ နိဗ္ဗာန်သို့သွားရာလမ်းတခုလို့ သတ်မှတ်ရင် ဖြည်းဖြည်းနဲ့မှန်မှန် တလှမ်းချင်းစီလှမ်းပါ သင်လိုသောပန်းတိုင်ရောက်ပါလိမ့်မယ်။

ဓမ္မစမ်းရေ..