Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 31 mai 2013

ဗုဒ္ဓဘာသာဟူသည်


ခုစာရေးသူတို့နိုင်ငံမှာဖြစ်ပျက်နေသောအကြောင်းအရာပဋိပက္ခတွေကိုနေ့တိုင်းတွေ့နေရတယ် ဒါတွေကိုဖတ်ပြီးစာရေးသူတို့ရဲ့ဗုဒ္ဓဘာသာဟာဘာလဲဆိုတာသူတို့ကိုသိစေချင်လာတယ်ဒါကြောင့်
ဗုဒ္ဓဘာသာဟူသည် ဟုခေါင်းစဉ်ရွေးလိုက်မိတယ်။


ဗုဒ္ဓဘာသာသည် အဓိကအားဖြင့် သည်းခံနိုင်မှု ရန်မလိုမှု ကျိုးကြောင်းညီညွတ်မှု လက်တွေ့ကျမှု အာနိသင်ထက်မြက်မှုနှင့်အနန္တစင်္ကြဝဠာအတိုင်းအတာအားဖြင့်မှန်ကန်မှုတို့ကြောင့်အတုမရှိသော
ဘာသာတခုဖြစ်ပါတယ်။

  
ဗုဒ္ဓဘာသာသည်ညီညွတ်စည်းလုံးအောင်ပေါင်းစည်းပေးသည့်အရှိန်အဝါစွမ်းအားများအနက်
အမွန်မြတ်ဆုံးစွမ်းအားဖြစ်ပြီးလျှင်ကမ္ဘာလောကကိုအဆင့်မြင့်မြင့်တင်ပေးနိုင်သည့်တခုတည်းသော
မောင်းတံတခုဆိုရင်လည်းမှားမည်မထင်ပါ။



 ဗုဒ္ဓဘာသာဟာမေတ္တာတရားကိုသက်ရှိသတ္တဝါအားလုံးသို့ဖြန့်ဝေကျင့်သုံးပါတယ်လူသားအားလုံးကိုလည်း အမျိုးဇာတ် အသားအရောင် စသည်မခွဲခြားပဲမိမိနှင့်ထပ်တူထားပြီးဆက်ဆံတတ်ပါတယ်။


လူတဦးနှင့်တဦး ခွဲခြားထားသောအကာအရံတံတိုင်းများကိုချိုးဖောက်ရန်ကြိုးပမ်းသည့်အရာမှာလည်း ဗုဒ္ဓဘာသာရဲ့မေတ္တာတရားပင်ဖြစ်ပါတယ်

အခြားသူတို့သည်အခြားဘာသာဝင်အခြားနိုင်ငံသားများဖြစ်သည့်အတွက်သူတို့ကိုရှောင်ရမည်ဆိုလျှင်
ခိုင်လုံသည့်အကြောင်းပြချက်မဟုတ်ပါ။စူဠဗျူဟာမဟာဗျူဟာသုတ်များကိုအခြေခံထားသည့်..
ထိုမြင့်မြတ်သောသည်းခံခြင်းအမိန့်ပြန်တမ်းမှာအသောကမင်းကြီးဟာခုလိုမိန့်ဆိုထားပါတယ် 

အတူတကွယှဉ်တွဲနေထိုင်းခြင်းဟာကောင်းမွန်သည့်အရာဖြစ်တယ် ဒါပေမဲ့ 'လူသားအားလုံးတို့သည်သူတပါးတို့လက်ခံယုံကြည်သောဘာသာတရားကိုလည်းလိုလိုလားလား
နားထောင်ရမည်ဖျက်ဆီးမှုမလုပ်ရဘူးငါ့ဘာသာကောင်းစားပြီးရောအခြားဘာသာဘာဖြစ်ဖြစ်ဆိုပြီး
မလုပ်ရဘူး'တဲ့။

ဗုဒ္ဓဘာသာသည် နိုင်ငံတနိုင်ငံ သီးသန့်လူမျိုးတမျိုး၏နယ်ပယ်အတွင်း၌သာကန့်သတ်ထားသည်မဟုတ် ဗုဒ္ဓဘာသာဟာစင်္ကြဝဠာတခုလုံးနဲ့ဆိုင်တယ် ဗုဒ္ဓဘာသာ လူမျိုးရေးဝါဒလည်းမဟုတ်ပါ 

လူမျိုးရေးဟူသည်မှာ...တနည်းပြောရသော်ပိုမိုကျယ်ပြန့်သောအခြေခံပေါ်တွင်
တည်ဆောက်ထားသည့်ဇာတ်စနစ်၏အခြားအသွင်အပြင်တမျိုးဖြစ်တယ် ဆိုရေးရှိကဆိုရမည်ဆိုလျှင် ဗုဒ္ဓဘာသာသည်တကမ္ဘာလုံးရှိလူသားအားလုံးကိုလူသားတမျိုးတည်းပင်ဖြစ်သည်ဟုမှတ်ယူသော
အကြီးကျယ်ဆုံးသောဘာသာတခုလို့ပြောပါရစေ။ 

ဗုဒ္ဓဘာသာသည် ဝေးသူ သို့မဟုတ် နီးသူ,ရန်သူ သို့မဟုတ် နိုင်ငံခြားသား,သစ္စာဖောက်သူ သို့မဟုတ် ဇာတ်အနိမ့်ဆုံးလူသား လူဖြူ သို့မဟုတ် လူမဲ, စသည်မခွဲခြားပါ ဘာကြောင့်လည်းဆိုလျှင် နားလည်မှုမှတဆင့်သိရှိရသောစင်္ကြဝဠာမေတ္တာသည်လူသားအားလုံးကိုညီအစ်ကိုမောင်နှမများဖြစ်အောင်
တည်ထောင်ပေးသောကြောင့်ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာသည် ကမ္ဘာကြီးရဲ့နိုင်ငံတခုဖြစ်ပါတယ်ဗုဒ္ဓဘာသာသည်တကမ္ဘာလုံးကိုသူ၏မိခင်နိုင်ငံဟုခံယူပြီးလျှင် လူသားအားလုံးကိုလည်း ညီအစ်ကိုမောင်နှမများဟုမှတ်ယူလိုက်ပါတယ်။


ဒါကြောင့်မို့စာရေးသူတို့နိုင်ငံမှာရှိနေကြသောအခြားသောဘာသာကိုးကွယ်သူတို့သည်
 မေတ္တာတရားကြီးမားသော ဘာသာကိုမနှောက်ယှက်ပါနဲ့မဖျက်ဆီးကြပါနဲ့ သူတပါးကကိုယ့်ကိုမေတ္တာထားပါလျှက်နဲ့ကိုယ်ကမေတ္တာမထားဘဲတိုက်ခိုက်မည်ဆိုလျှင် သူတပါးကငြိမ်းချမ်းနေပါလျှက်ကိုယ်ကငြိမ်းချမ်းမှုမရှိအောင်ဖန်တီးမည်ဆိုလျှင် ကိုယ့်ကိုကိုတွေးကြည့်စေချင်ပါတယ်။

သင်ဒါလုပ်သင့်တယ် ဒါမလုပ်သင့်ဘူးလို့ အမိန့်မပေးလိုပါ သို့သော် တိုက်တွန်းချင်ပါတယ် သင်လူသားတဦးဖြစ်ခဲ့မယ်ဆိုရင် သင်ရဲ့နှလုံးသားထဲမှာ သင့်ရဲ့ဦးနှောက်ထဲမှာ ကမ္ဘာလောကကြီးငြိမ်းချမ်းပါစေ လူသားအားလုံးငြိမ်းချမ်းပါစေဆိုတဲ့စိတ်ဓာတ်ကလေးမွေးစေချင်ပါတယ်။


ဗုဒ္ဓဘာသာသည် ဥာဏ်ပညာနဲ့အကြင်နာတရားဟူသောရောင်ခြည်တန်းအစုံဖြင့် တလောကလုံးကိုထွန်းလင်းတောက်ပ နွေးထွေးစေပါတယ် မွေးဖွားခြင်းနှင့်သေဆုံးခြင်းဟူသော
သမုဒ္ဒရာထဲ၌ရုန်းကန်ကူးခတ်နေသောသတ္တဝါတိုင်းအပေါ်သို့ဗုဒ္ဓဘာသာရဲ့အကြင်နာမေတ္တာတရားတွေ
ဖြာကျစေလျက်ရှိပါတယ်။


အကြင်နာမှုနဲ့မေတ္တာတရားကိုလက်ဝယ်ပိုင်ပိုင်ထားရှိတဲ့ဘာသာတခုကို သင်ရှို့တဲ့ဒေါသမီးအတ္တမီးကြောင့်တလောကလုံးအရုပ်ဆိုးအကျည်းတန်မှုတွေမဖြစ်ပါစေနဲ့လို့ပြောပါရစေ

အားလုံးကျမ္မာပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
                                                                               ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။

samedi 25 mai 2013

နာဂပူရဲ့ဗုဒ္ဓသာသနာ

  စာရေးသူတို့ ဒီကနေ့ဆွမ်းစားလေးတခုကြွရောက်ခဲ့ရတယ် ပင့်တာကတော့ငါးပါး သို့သော်.... နောင်တော်တွေကတော့ ကိစ္စတွေရှိလို့ သုံးပါးပဲကြွရောက်ပြီး ဒကာမကြီးကိုချီးမြှောက်ခဲ့ရတယ်။

 အိမ်ရောက်တော့အနေကဇာတင်ပြီးငါးပါးသီလ ပေး မေတ္တာသုတ်ရွက်တရားလေးနည်းနည်းပါးပါးဟော
 ပြီးတာနဲ့ဆွမ်းစားလှူဖွယ်တွေဆက်ကပ်အစည်းဝေးရှိလို့ခပ်သွက်သွက်ကလေးလုပ်ပြီးလစ်ပြေးလာခဲ့ရတယ် တရားနည်းနည်းရှည်သွားလို့ အစည်းဝေးမမှီတော့ဘူး။

ခုရေးနေတာကတော့မြန်မာပြည်မှာမဟုတ်ပါအိန္ဒိယနိုင်ငံနာဂပူမြို့လေးဗုဒ္ဓဘာသာတွေထွန်းကားနေတဲ့
အရပ်မှာ စာသင်ခွင့်ရပြီးသာသနာပါပြုခွင့်ကြုံနေလေရဲ့...

 အော်....အိမ်လေးကသန့်ရှင်းနေပြီး ဗုဒ္ဓဘုရားကိုသေချာကိုးကွယ်ထားတာတွေ့ရတော့ အပြင်မှာအပူရှိန်ဒီဂရီ(၄၇)ရှိနေပေမဲ့စိတ်ထဲမှာအပူရှိန်က(၀)ထိကျဆင်းသွားတယ် အေးချမ်းမှုပီတိလှိုင်း
တွေဝေနေလို့ထင်ပါရဲ့..

 ဒကာမကြီးတို့မိသားစုကတော့တရားဓမ္မတွေနာခွင့်ရ လှူဖွယ်ဝတ္ထုတွေလှူခွင့်ရ သံဃာတွေကိုဖူးတွေ့ခွင့်ရရွှေတိဂုံဘုရားပုံ လက်ဆောင်ရခဲ့လိုက်ရလို့အပြုံးပန်းတွေနဲ့ကျန်ခဲ့လေရဲ့...

မြတ်ဘုရားကတော့ ရွာအဆင့်ဖြစ်ချင်ဖြစ်မယ် တောအဆင့်ဖြစ်ချင်ဖြစ်မယ် ကြည်းကုန်းအဆင့်ဖြစ်ချင်ဖြစ်မယ် ထိုအရပ်မှာပညာရှိသူတော်ကောင်းတွေနေထိုင်ရာအရပ်ဖြစ်တယ်ဆိုရင် ထိုအရပ်ဟာမွေ့လျော်ဖွယ်အရပ်ဒေသပဲတဲ့ ခုဟာကမြို့အရပ်ဆိုတော့ဆိုဖွယ်ရာမရှိစွတကား။။ကျမ္မာချမ်းသာကြပါစေ။။



                                         စာရေးသူတို့အနေကဇာတင်နေကြပုံ
                               စာရေးသူတို့နှင့်မိသားစုအလိုက်ဓာတ်ပုံမှတ်တမ်းလေးတခု
                                
                                                                              ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ......
                                                                       

jeudi 23 mai 2013

လမြတ်ကဆုန်

                                                                                

 


ကဆုန်လပြည့်တောင်ရောက်ပါပေါ့ စာရေးသူကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတော့ကဆုန်လပြည့်နေတောင်မသိတော့ဘူး တနေ့ကဒကာမကြီးဆီကပါချုပ်တရားပွဲဆိုပြီးဓာတ်ပုံလေးပို့လိုက်တော့မှကဆုန်လပြည့်နေ့ကို
သတိရမိတယ် ဒါနဲ့စာရေးလောက်တဲ့အထိအချိန်မရခဲ့ပါဘူး။ 

ဒါပေမဲ့ Chinese Manmar Buddhist Association ဆိုက်ကိုသွားလည်လိုက်တော့ကဆုန်လနဲ့ပါတ်သက်တာလေးတွေရေးထားလို့မှတ်သားလိုက်
ရတယ်ကိုယ်ကလည်းမရေးနိုင်တာစာရှု့သူတို့ကိုဖောက်သည်ချလိုက်တာပါပဲ။ 

ဗုဒ္ဓဘာသာတွေသိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေလေ.....
ဗုဒ္ဓဘာသာအများစုကတော့မြတ်ဘုရားသည်သစ္စားလေးပါးကိုကိုယ်တော်တိုင်သိမြင်သောလဟု၍
သိမြင်ကြလေသည် သို့သော်......

ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းကိုတွေ့ရ၏။

(၁) အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
 
(၃) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သောလ။
 
(၄) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)

(၅) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။

(၆) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။

(၇) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
 
(၈) စံကားဝါပန်းပွင့်သော လ။

(၉) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။

(၁၀) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။

(၁၁) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။

(၁၂) ရက်စုံသတ်သော လ။

(၁၃) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့
ထားသော လ။

(၁၄) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။

(၁၅) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။

(၁၆) ပြိဿရာသီ မည်သော လ။ ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ

အေးချမ်းမှုရလိုလျှင်

ဗုဒ္ဓဘာသာသည် အာရှတိုက်သားအများစုတို့၏ ကိုးကွယ်သည့်ဘာသာတခုဆိုရင်မှားမည်မထင် ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာဝင်သန်းငါးရာကျော်ရှိသဖြင့်ကမ္ဘာ့လူဦးရေနဲ့တွက်ချက်ကြည့်ရင် လေးပုံတပုံခန့်
သာရှိမည်၊

ဗုဒ္ဓဘာသာဝင်အများစုသည်သူတို့၏ဆရာသမား၏ကောင်းသောသင်ပြချက်ကိုမသိကြပါ၊တကယ်လို့
လူတယောက်ဟာဗုဒ္ဓဝါဒကိုမှန်ကန်စွာလိုက်နာလို့ ဗုဒ္ဓဘာသာကောင်းလို့အမည်ခံလိုလျှင် မြတ်ဘုရား၏ သင်ပြချက်များကိုအရင်လေ့လာရမည်။

ဗုဒ္ဓဝါဒကိုဆည်းပူးလေ့လာလာလျှင်ဘဝရဲ့ခက်ခဲသောပြဿနာများကိုပိုပြီးလွယ်ကူစွာနားလည်လာလိမ့်မယ်
မြတ်ဘုရားသည်သူ၏အသိပညာကိုသူတဦးတည်းသိမ်းပိုက်မထားပါ သူရဲ့တပည့်များအား သူ၏သင်ပြချက်များကိုနားထောင်ရုံမျှ နားထောင်အောင်လည်းအမိန့်ကိုတခါမှမပေးခဲ့ဘူးပါ။ 

လူတယောက်သည် မြတ်ဘုရားရဲ့တပည့်တယောက်ဖြစ်ရုံနဲ့ကောင်းကင်ဘုံသို့ခေါ်ဆောင်သွားမည်
ဟုလည်းတယောက်သောသူကိုမျှကတိစကားမပြောခဲ့ဘူးပါ ဘာကြောင့်ကတိစကားမပြောခဲ့သလဲဆိုရင် လူတယောက်ကို လူတယောက်ကကောင်းကင်ဘုံသို့မခေါ်ဆောင်နိုင်သလို ငရဲဘုံသို့လည်းမခေါ်ဆောင်နိုင်ပါ။

မိမိလုပ်ခဲ့သောအလုပ်ကသာအလုပ်အပေါ်မူတည်ပြီးခေါ်ဆောင်သွားပါလိမ့်မယ်ရှောင်ရန်ဆောင်ရန်တော့
 မြတ်ဘုရားအကုန်သင်ပြပေးခဲ့ပါတယ်၊ဒါကြောင့်မြတ်ဘုရားသည်သူရဲ့တပည့်များအား
သူရဲ့သင်ပြချက်များနှင့်သူရဲ့နမူနာကောင်းများကိုလိုက်နာရန်သြဝါဒပေးတော်မူခဲ့ပါတယ်။

 မြတ်ဘုရားသည် ချစ်ခင်ကြင်နာမှုဟူသော မေတ္တာတရားကို လူများ နတ်များ တိရစ္ဆာန်များ စသောသတ္တဝါအားလုံးကိုပွားများပေးပို့တော်မူပါတယ် ထိုသို့ပို့သသောမေတ္တာကို စင်္ကြာဝဠာမေတ္တာလို့ခေါ်ပါတယ်။

သက်ရှိသတ္တဝါအားလုံးအတွက်မြတ်ဘုရား၏ကရုဏာနှင့်မေတ္တာသည်အလွန်ကြီးမားရကားတွန့်ဆုတ်ခြင်း
အနည်းငယ်မျှအလျင်းမရှိဘဲသံသရာဆင်းရဲဒုက္ခများကို မြတ်ဘုရားခံယူတော်မူခဲ့ပါတယ် ဗုဒ္ဓစာပေများကိုလေ့လာလျှင်မြတ်ဘုရားလေးသင်္ချေနဲ့ကမ္ဘာတသိန်းအပင်ပန်းဆင်းရဲခံမှုတွေတွေ့ရလိမ့်မယ်။ 

ခိုင်မြဲသောဆုံးဖြတ်ချက် ကြီးမားသောလုံးလ မြင့်မားသောပညာတို့၏အထောက်အကူဖြင့်သာလျှင် ဘုရားဖြင့်အောင်ကြိုးစားလာခဲ့တယ်၊အကြောင်းမှာဘုရားအဖြစ်ရယူနိုင်မှုဟာတစုံတယောက်သော
ပုဂ္ဂိုလ်တည်းသိမ်းပိုက်ထားနိုင်သည့်အခွင့်အရေးမဟုတ်သောကြောင့်ပါ၊

စာရှု့သူတို့လည်းကြိုးစားလျှင်ဘုရားဖြစ်နိုင်တယ်စာရေးသူလည်းကြိုးစားလျှင်ဘုရားဖြစ်နိုင်တယ်
 မြတ်ဘုရားတို့သည် အခြားသောသူများကိုလည်း ထိုသို့သောစိတ်ဓာတ်များကိန်းဝပ်အောင် အားပေးတော်မူခဲ့ပါတယ် အခြားသူကိုလည်းအလားတူဘုရားဖြစ်လာရန် အလိုရှိတော်မူကြတယ်။

ဂင်္ဂါဝါဠုသဲစုမကဘုရားအဆူဆူပွင့်ထွန်းတော်မူပါသော်လည်းနိဗ္ဗာန်တည်းဟူသောထာဝရချမ်းသာကို
ရအောင်မကျင့်ဆောင်နိုင်သောသတ္တဝါများစွာကံမကောင်းစွာနဲ့ကျန်ရှိနေအုံးမှာအသေချာပါပဲ ဘာကြောင့်လည်းဆိုရင် မသိမှုအဝိဇ္ဇာတရားကဖုံးလွှမ်းထားတာကိုသူတို့မဆုတ်ဖြဲပစ်နိုင်သေးလို့ပါပဲ။

စာရှု့သူတို့ကော စာရေးသူကောပါ ဗုဒ္ဓစိတ်ဓာတ်ကိန်းအောင်းအောင်နေဖို့လိုပါတယ် တကယ်လို့မြန်းဗုဒ္ဓစိတ်ဓာတ်ပျောက်ကွယ်သွားမယ်ဆိုရင် မြတ်ဗုဒ္ဓလိုအေးချမ်းမှုရဖို့ဝေးပြီလေ၊ ထိုစိတ်ဓာတ်မျိုးကိုအေးချမ်းမှုရသည်အထိထိန်းထားနိုင်အောင် လေ့ကျင့်မှုတွေနဲ့ကြိုးစားမှုတွေပေါင်း
စပ်ကာစာရှု့သူတို့ကော စာရေးသူပါပြုစုပျိုးထောင်ရန်လိုပေလိမ့်မယ်။

မြတ်ဘုရားလိုအေးချမ်းမှုအပင်ကိုရရန်မိမိတို့စိုက်ပျိုးသောမျိုးစေ့ကိုကြီးထွားသန်မာသည့်အပင်မျိုးဖြစ်လာ
ပြီး အေးချမ်းမှုဟူသောအသီးအပွင့်ကိုဆောင်နိုင်ရန်ဘယ်လိုလုပ်ဖို့လိုပါသလဲ....လောင်းရိပ်မမိအောင်
အမြဲဂရုစိုက်ပြီး ရေလောင်းခြင်း မြေသြဇာကျွေးခြင်းတည်းဟူသောအလုပ်များလုပ်ဖို့လိုအပ်သလို အပင်ငယ်ဘဝကောအပင်ကြီးဘဝပါပြုစုပျိုးထောင်ဖို့များစွာသတိထားပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။

အမြဲလုပ်ပေးနေရင်တနေ့ကိုယ်ပျိုးထားတဲ့အေးချမ်းမှုအပင်ကအသီးတွေဝေဝေဆာဆာပွင့်လာပါလိမ့်မယ် ကြိုးစားဖို့ပဲလိုတာပါ။

သို့သော်လည်း မြတ်ဘုရားလိုအေးချမ်းမှုအပင်ကြီးထွားလာဖို့ရန်လွယ်ကူသောအလုပ်တော့မဟုတ်ပေ
 နေပူဒဏ်တွေ လေပျင်းမုန်တိုင်းဒဏ်တွေအလွန်ချမ်းအေးသောရာသီဥတုဒဏ်တွေနဲ့တူတဲ့ပြဿနာပေါင်း
များစွာ ကိလေသာပေါင်းများစွာကို ယခုဘဝကော နောင်ဘဝကော အံတုကာကြိုးစားရုန်းထွက်ရလိမ့်မယ်။

မြတ်ဘုရားလိုအေးချမ်းမှုရရန်အလွန်ခက်ခဲသောကြောင့်အလွန်ကြာမြင့်သောအခါမှအေးချမ်းးမှု
အသီးပွင့်တွေကပွင့်ထွန်းပေါ်ပေါက်လာပေတယ်၊ထိုအသီးအပွင့်တွေဝေဝေဆာဆာပွင့်ထွန်းလာပြီဆိုလျှင် လူသားအားလုံးကိုအေးချမ်းမှုအသီးအပွင့်မျှဝေလိုရပါပြီ။

လူတို့သည် အမှန်နဲ့အမှားကိုခွဲခြားပြီးမသိခြင်းဖြင့်မောဟအမိုက်မှောင်အတွင်းမှာနေထိုင်နေကြ၏ သူတို့သည်လောကီဆိုင်ရာ မကောင်းမှုများဟူသော လောကနွံထဲမှာရုန်းကန်နေကြရ၏ လူတွေဟာယခုလက်ရှိဘဝလေးကိုတည်မြဲနေသည်ဟုထင်နေကြတယ် တကယ်တော့အဲဒီထင်နေတာလေးကိုကကိုမတည်မြဲတာပါ။

ပေါ်လွင်နေသောအချက်ကလေးကိုနားမလည်နိုင်သောကြောင့်လူတို့သည်တိုတောင်းသောအချိန်ပိုင်း
အတွင်းသာတည်ရှိနိုင်သည့်ပျော်ရွှင်မှုများတွင်နစ်မွန်းနေကြတယ်၊ထိုပျော်ရွှင်မှုများတွင်ပိုလို့ပင်ငြိတွယ်
နေကြတယ်ပျော်ရွှင်မှုတို့ရဲ့ကျေးကျွန်များအဖြစ်သို့ရောက်ရှိကာအမှန်တရားကိုမမြင်နိုင်တော့ဘဲ အကန်းဘဝသို့ လုံးဝဆင်းသက်ကြရလေတော့တယ်။

အကြောင်းအရာလေးကိုရှင်းပြသည့်အခါလူတွေဟာအမှန်တရားကိုနားမထောင်ချင်ကြတော့ပေ အတိုချုပ်ပြောရလျှင် လူတွေဟာ မည်သည့်အရာမှန်သည်ကိုနားလည်ဖို့ရန် အလွန်တရာထုံပေပေဖြစ်လာပြီးတော့ လူအများစုက ငါမှန်တယ်ထင်လို့ ငါလုပ်တာ ဟု ရဲရဲကြီးပြောလာကြတော့တယ်။

တကယ်လို့များ လူသားတိုင်းက ဒီအကျင့်တွေလိုက်နာကြမည်ဆိုလျှင်ကမ္ဘာကြီးဘာဖြစ်သွားမလဲ? များမကြာမှီသူတော်ကောင်းတရားများပျောက်ကွယ်သွားပြီးလျှင် မကောင်းတဲ့ဒုစရိုက်တရားများနေရာယူအစားဝင်လာလိမ့်မယ် အစားဝင်လာသည့်အခါ ရှုပ်ထွေးပွေလီသော ကမောက်ကမဖြစ်ခြင်းနှင့်အလွန်တရာများပြားသော ဆင်းရဲခြင်းအကြောင်းတရားတွေပေါ်ပေါက်လာကြမည်။

မသိမိုက်မဲမှုကြားမှာလိမ္မာရေးခြားရှိစေရန် စိတ်ဓာတ်ညံ့ဖျင်းသူများကြားမှာ စိတ်ဓာတ်ကောင်းမွန်ဖို့ရန် စိတ်မရှည်သူများကြားမှာ စိတ်ရှည်သူများဖြစ်ဖို့ရန် ယစ်မူးနေသူတွေရဲ့ကြားမှာ ယစ်မူးနေသည်မဖြစ်ဖို့ရန် မုန်းတီးမှုအာဃာတတွေပေါများနေတဲ့လူတွေရဲ့ကြားမှာကြင်နာတတ်တဲ့နှလုံးလှပိုင်ရှင်ဖြစ်လာဖို့ရန်စသော
အကြောင်းအရာများ လောကအလယ်မှာ မရရှိနိုင်လုပါးဖြစ်သော အောင်မြင်မှုအချို့ဖြစ်ပါတယ်။

မြတ်ဘုရားကဲ့သို့သော ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်ထူးတွေအခါအားလျော်စွာပေါ်ထွန်းလာခဲ့ကြတယ် သင့်လျော်သောအခါမှာမြတ်ဘုရားတို့သည်အမှန်တရားကိုဟောဖော်ဖို့ရန် ပေါ်ထွန်းလာကြမည်သာ
ဖြစ်ပါတယ်။

ခုချိန်ကစပြီးစာရေးသူကောစာရှု့သူတွေပါ ထိုကဲ့သို့သောမဟာကရုဏာရှင်တွေနဲ့တွေဖို့ခုကတည်းကကြိုးစားဖို့ရန်လိုအပ်ပေသည် ထိုကဲ့သို့သော မဟာကရုဏာရှင်တွေနဲ့တွေ့ဖို့ရန်လွယ်ကူသောအရာမဟုတ်ပေ..... ဒါကြောင့်မို့ စွမ်းအားရှိသလောက်ကြိုးစားဖို့ရန်လိုအပ်လာပေလိမ့်မည်။

စတင်လျှောက်လှမ်းသောသူတို့အဖို့ခက်ခဲမည်ဟု....ယူဆသော်လည်းတကယ်လို့ မိမိရရှိထားသောအသိပညာ အနည်းငယ်နှင့်ပင် မိမိရဲ့စွမ်းအင်ကိုအသုံးပြုလျှက် ပထမခြေလှမ်းကိုစတင်လှမ်းဖို့ကြိုးစားလိုက်စမ်းပါ အခက်အခဲတဝက်ကျော်လွန်ပြီးဖြစ်နေပါလိမ့်မယ်။

ဘဝတည်းဟူသောတောင်ထိပ်သို့တက်သောသူတွေအဖို့တလှမ်းတည်းနဲ့မရောက်နိုင်ပါဘူး ဆက်ကာဆက်ကာလှမ်းရင်းဘဝရဲ့ကြီးကျယ်သောတောင်ထိပ်ပေါ်သို့ရောက်နိုင်တာကို
စာရေးသူကောစာရှု့သူတွေပါသတိမူရမယ်လေ။

ဘဝတောင်ထိပ်သို့ရောက်ဖို့ရန်မည်မျှသောရက်တွေကြာမည်ဆိုတာတော့မပြောနိုင်ပါ ဒါကြောင့်သူတပါးတွေထက်စောစောရောက်နိုင်ဖို့ရန်ခုကတည်းကအင်အားနဲ့တူတဲ့ကုသိုလ်တွေစုဆောင်းဖို့
လိုအပ်ပါလိမ့်မယ်။

ကြီးကျယ်သောပင်လယ်ရေပြင်တွေဟာစုဆောင်းမိကြသောရေစက်ကလေးများပါ မြတ်ဘုရားရှင်ကဲ့သို့သော
အေးချမ်းသောအရာအားလုံးဟာလဲ ကောင်းသောအမှုတွေရဲ့ စုစည်းမှုတခုပါ အခြားတနည်းပြောရသော်  မကောင်းသောမဲညစ်နေသောအရာတွေကင်းစင်နေတဲ့အဖြူထည်လေးပေါ့။

အမြင့်ဆုံးဘဝပန်းတိုင်ရှာဖွေနေသောလူတဦးဟာ အလွန်ရှည်လျားသောနာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဘဝပေါင်းများစွာထပ်မံအသုံးပြုရပေးအုံးမည် ကောင်းသောပေးစပ်မှုတွေများလာရင် တနေ့တချိန်မှာ လိုချင်နေတဲ့အရာတွေပြည့်နှပ်နေပေလိမ့်မယ်။

ဘဝရဲ့အမြင့်ဆုံးပန်းတိုင်ရောက်ပြီးဆိုလျှင်ကိုယ့်အောက်မှာရှိနေတဲ့လူစုလူထုကြီးကိုအပေါ်စီးကနေမြင်
နရသလိုဖြစ်နေလိမ့်မယ်......သို့သော် သံသရာဝဲဂယက်မှလွတ်မြောက်လိုသောသူသည်ထာဝရအေးချမ်းသောပန်းတိုင်ဆီရောက်ရှိသွားပေလိမ့်မည်။
                                                                                    ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။

jeudi 16 mai 2013

တိုးတက်ချင်တယ်ဆိုရင်

တနေ့ကရဟန်းဒကာသားနဲ့စကားလက်ဆုံကြမိတယ်၊သူသည်စာရေးသူနဲ့အသက်သိပ်မကွာပါ သို့သော်..သူသည်လူကြီးဆန်တယ် အပြောအဆိုအမူအရာမှာသိပ်ယဉ်ကျေးတယ် မိဘအပေါ်သိတတ်မှု အောက်လက်ငယ်သားအပေါ်သိတတ်မှုကတော့စာရေးသူအမြဲလေးစားရတဲ့
အချက်တွေပါပဲ။

သူပြောလိုက်တဲ့အထဲမှာစာရေးသူကြိုက်တဲ့စကားလေးတခွန်းရှိတယ် အဲဒီစကားကတော့ ဦးဇင်းရယ် အားလုံးကိုယောနိသောမနသိကာရလေးနဲ့ကြည့်ဖို့ပါပဲကြည့်တတ်ရင်မိမိရောသူတပါးပါစိတ်ချမ်းသာမှုကို
ရစေတယ်တဲ့။ 

တန်ဖိုးရှိလိုက်တဲ့စကားလေးပါ လောကဒဿနလေးလဲရှိတယ်လေ…’မကောင်းကွက်ကိုသာကြည့်မယ်ဆိုရင်
 ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ….ကောင်းကွက်ကိုသာကြည့်မယ်ဆိုရင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိတဲ့။။

စာရေးသူ ဒကာနဲ့စကားပြောပြီးနောက်ပိုင်းတော်တော်တွေးဖြစ်တယ် ယောနိသောမနသိကာရဟာ လူတယောက်တိုးတက်ဖို့အတွက်မိသားစုတစုတိုးတက်ဖို့အတွက်တိုင်းပြည်တပြည်တိုးတက်ဖို့ ကမ္ဘာလောကကြီးငြိမ်းချမ်းဖို့ သိပ်အရေးကြီးပါလား?။

 စကားလုံးလေးကဘာမှမဟုတ်သော်လည်းသိပ်ပြီးလိုအပ်ပါလား? ဗုဒ္ဓဘာသာတွေအတွက်ပင်မဟုတ် ကမ္ဘာလောကလူသားတိုင်းအတွက်လိုအပ်တယ် ယောနိသောမနသိကာရမရှိတဲ့သူဆိုရင် နောက် …သဘောထားသေးသိမ်တဲ့သူဆိုရင် မိမိရဲ့မြင့်မိုရ်တောင်လောက်ကြီးမားသောအပြစ်ကိုတော့မမြင်တတ်ပဲ တပါးသူရဲ့ဆီးစေ့ပမာလောက်ရှိတဲ့အပြစ်ကိုတော့ ဆီလိုအပေါက်ရှာပြီး ကဲ့ရဲ့အပြစ်တင်တတ်ကြတယ်။ 

ပညာရှိတွေကတော့မိမိရဲ့ဆီးစေ့လောက်ရှိတဲ့အပြစ်ကိုဆီလိုအပေါက်ရှာပြီး ပြုပြင်သလောက် တပါးသူရဲ့မြင့်မိုရ်တောင်ပမာဏလောက်ရှိတဲ့အပြစ်ကိုတော့မမြင်တတ်ပါဘူးမြင်ရင်လည်းအလွယ်တကူ
ပဲယောနိသောမနသိကာရလေးနဲ့အစားထိုးလိုက်တယ်။ 

သူတော်ကောင်းတွေရဲ့လက္ခဏာကိုတော့ပါဠိတော်တွေမှာခုလိုပြထားတယ်..’အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီတဲ့’ မြန်မာလိုကတော့အဏုမြူမျှသေးငယ်သောအပြစ်ကလေးသော်လည်းပဲကြောက်
စရာဘေးဟုရှု့မြင်တတ်ကြသတဲ့…

အခုဆိုအမိမြန်မာပြည်ကြီးဟာလည်း တယောက်နဲ့တယောက်အပြစ်ရှာပြီးပြောနေကြတယ် တယောက်ကိုတယောက်အပြစ်ရှာနေသမျှကာလပါတ်လုံးတိုးတက်ဖို့ဝေးပါသေးတယ် တိုးတက်ဖို့မဖြစ်နိုင်ပါ။ 

ဒီလိုဝေဖန်နေရအောင်စာရေးသူကောနှလုံးသွင်းမှန်ရဲ့လား ကောင်းရဲ့လားပြောနိုင်ပါတယ်မဖြစ်နိုင်သေးပါဘူး
ကြိုးစာနေဆဲပါလို့ပြောရစေ...စာရှု့သူတို့လဲကြိုးစားပါလို့ပဲတိုက်တွန်းပါရစေ။

မြတ်ဘုရားရှင်လက်ထက်ကမထေရ်မြတ်သုံးပါးဖြစ်တဲ့အရှင်အနုရုဒ္ဓါ..အရှင်နန္ဒိယ..အရှင်ကိမိလမထေရ်
တို့လိုညီညွတ်မှုရှိမှ ယောနိသောမနသိကာရထားရှိနိုင်မှတိုးတက်ပါလိမ့်မယ်။ 

ခုမထေရ်သုံးပါးအကြောင်းကိုမဟာဗုဒ္ဓဝင်တတိယတွဲနဲ့စတုတ္ထတွဲကိုမှီပြီး မြင်းမူ.. မောင်နိုင်မိုးက..ခုလို
ဖွဲ့စပ်ထားတယ်....

အခါတပါး၊ မြတ်ဘုရားသည်

သုံးပါးသံဃာ ညီညွတ်စွာဖြင့်

သာယာချမ်းမြေ့ တောမှီမွေ့သည်

အရှေ့ဝါးတော ပြည်ကောသမ္ဗီ

အနီးဆီသို့

ကြွချီတော်မူခဲ့သည်တကား။

အို…ချစ်သားတို့.. ဘယ်သို့စိတ်ထား

ကျင့်ကြံပွားလျက် သုံးပါးညီထွေ

နေထိုင်ပေဟု

မိန့်ခြွေဗုဒ္ဓ မေးသမျှကို

ဖြေကြသည်မှာ ထိုသို့ပါတကား။

အရှင်ဘုရား ဘုရားတပည့်တော်

သုံးဖော်သံဃာ နေပါသည်ကား

တပါးကိုလျှက် တပါးမြင်သော်

ချစ်ခင်သောအကြည့် ထိုမျက်စိဖြင့်

ကြည့်ကြပါသည် အရှင်ဘုရား

ထို့ပြင်နှိင်းချီ ပြုဖွယ်ရှိသော်

မိမိကိစ္စ သူကိစ္စဟု

ကိစ္စပိုင်းခြား ငြင်းမပွားဘဲ

သုံးပါးညီစွာ ပြုကြပါသည်

ပမာနို့နှင့်ရေပါဘုရား။

ထို့ပြင်စိတ်တွင်း နှလုံးသွင်း၏

သီတင်းသုံးဖော် ငါတို့သော်ကား

သင့်လျော်တူကွ နေရပေသည်

အရတော်စွ မိတ်ရင်းချာဟု

ကာယကံမေတ္တာ ဝစီကံမေတ္တာ

မနောကံမေတ္တာ ထာဝရတည်ဆောက်

ကြံသက်ရောက်သည်

မျက်မှောက်မျက်ကွယ်ပါဘုရား။

ထိုနောက်တွင်ကား ထိုသုံးပါးတွင်

တပါးချင်းက ကိုယ့်ဆန္ဒ၌

လုံးဝမလိုက် နှစ်ပါးကြိုက်ကို

လိုက်လျောကြည်သာ ဖြည့်စွမ်းပါ၏

ကိုယ်သာကွဲပြား စိတ်မခြားဘဲ

သုံးပါးအလို မမောက်မိုသည်

သုံးပါးတစိတ်ပါအရှင်ဘုရား။

သြော်.. အရှင်အနုရုဒ္ဓါမထေရ်

အရှင်နန္ဒိယမထေရ် အရှင်ကိမိလမထေရ်

မထေရ်သုံးပါး မြတ်ဘုရားကို

ပန်ကြားလျှောက်တင် စကားစဉ်၌

နားဝင်ချိုလှစ် အမြင်သစ်ခဲ့

ချစ်ခြင်းအပြည့် ထိုမျက်စိဖြင့်

ရှု့ကြည့်လေက မြင်တိုင်းလှလိမ့်

လောဘ ဒေါသ အာဃာတနှင့်

မာနမျက်စိ ရှိတုံဘိက

ကြည့်တိုင်းမလှ ဖြစ်တတ်စွတည့်

လောကကိုလျှင် လှစေချင်က

ငြိုငြင်မာန်တင်း ငြူစူကင်းလျှက်

ချစ်ခြင်းဖြင့်သာ ရှု့မြင်ပါဟု

ကဗျာတပုဒ် ရင်မှထုတ်ပြီး

ကျွန်ုပ်လက်ဆောင်ပေးချင်၏ တဲ့

ဒီကဗျာလေးကိုခြုံငုံသုံးသပ်ရလျှင် တယောက်နဲ့တယောက်တွေ့ရင် ချစ်ခြင်းမေတ္တာနဲ့ကြည့်ရမယ် နောက် …လုပ်စရာရှိရင် သူအလုပ်ကိုယ့်အလုပ်မရွေးရဘူး လုပ်ဖို့လိုတယ်  ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာထုံမွှန်းထားပြီးငါတို့တတွေအတူနေထိုင်ခွင့်အတူတွေ့ခွင့်ရတာအရတော်ပါပေစွ
ဟုနှလုံးသွင်းတတ်ရမယ်။

ဒါဆိုရင်တော့မိသားစုတစု တိုင်းပြည်တပြည် တိုးတက်မှုကမနှေးပါဘူး မထေရ်သုံးပါးကိုအတုယူပြီးကျင့်ကြံနေထိုင်မယ်ဆိုရင် နောက် ယောနိသောမနသိကာရလေးနဲ့နေတတ်မယ်
ဆိုရင် သာယာငြိမ်းချမ်းသောဘဝတခုကိုပိုင်ဆိုင်မှာဖြစ်ပါတယ် စာရေးသူလည်းကြိုးစားပေအုံးပေါ့ဟုနှလုံးသွင်းရင်းဒီဆောင်းပါးလေးကိုနားလိုက်ကြအုံးစို့……
                                                                                         ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။