တနေ့ကရဟန်းဒကာသားနဲ့စကားလက်ဆုံကြမိတယ်၊သူသည်စာရေးသူနဲ့အသက်သိပ်မကွာပါ
သို့သော်..သူသည်လူကြီးဆန်တယ် အပြောအဆိုအမူအရာမှာသိပ်ယဉ်ကျေးတယ် မိဘအပေါ်သိတတ်မှု အောက်လက်ငယ်သားအပေါ်သိတတ်မှုကတော့စာရေးသူအမြဲလေးစားရတဲ့
အချက်တွေပါပဲ။
သူပြောလိုက်တဲ့အထဲမှာစာရေးသူကြိုက်တဲ့စကားလေးတခွန်းရှိတယ်
အဲဒီစကားကတော့ ဦးဇင်းရယ် အားလုံးကိုယောနိသောမနသိကာရလေးနဲ့ကြည့်ဖို့ပါပဲကြည့်တတ်ရင်မိမိရောသူတပါးပါစိတ်ချမ်းသာမှုကို
ရစေတယ်တဲ့။
တန်ဖိုးရှိလိုက်တဲ့စကားလေးပါ လောကဒဿနလေးလဲရှိတယ်လေ…’မကောင်းကွက်ကိုသာကြည့်မယ်ဆိုရင်
ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ….ကောင်းကွက်ကိုသာကြည့်မယ်ဆိုရင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ’တဲ့။။
စာရေးသူ ဒကာနဲ့စကားပြောပြီးနောက်ပိုင်းတော်တော်တွေးဖြစ်တယ်
ယောနိသောမနသိကာရဟာ လူတယောက်တိုးတက်ဖို့အတွက်မိသားစုတစုတိုးတက်ဖို့အတွက်တိုင်းပြည်တပြည်တိုးတက်ဖို့
ကမ္ဘာလောကကြီးငြိမ်းချမ်းဖို့ သိပ်အရေးကြီးပါလား?။
စကားလုံးလေးကဘာမှမဟုတ်သော်လည်းသိပ်ပြီးလိုအပ်ပါလား?
ဗုဒ္ဓဘာသာတွေအတွက်ပင်မဟုတ် ကမ္ဘာလောကလူသားတိုင်းအတွက်လိုအပ်တယ် ယောနိသောမနသိကာရမရှိတဲ့သူဆိုရင်
နောက် …သဘောထားသေးသိမ်တဲ့သူဆိုရင် မိမိရဲ့မြင့်မိုရ်တောင်လောက်ကြီးမားသောအပြစ်ကိုတော့မမြင်တတ်ပဲ
တပါးသူရဲ့ဆီးစေ့ပမာလောက်ရှိတဲ့အပြစ်ကိုတော့ ဆီလိုအပေါက်ရှာပြီး ကဲ့ရဲ့အပြစ်တင်တတ်ကြတယ်။
ပညာရှိတွေကတော့မိမိရဲ့ဆီးစေ့လောက်ရှိတဲ့အပြစ်ကိုဆီလိုအပေါက်ရှာပြီး ပြုပြင်သလောက် တပါးသူရဲ့မြင့်မိုရ်တောင်ပမာဏလောက်ရှိတဲ့အပြစ်ကိုတော့မမြင်တတ်ပါဘူးမြင်ရင်လည်းအလွယ်တကူ
ပဲယောနိသောမနသိကာရလေးနဲ့အစားထိုးလိုက်တယ်။
သူတော်ကောင်းတွေရဲ့လက္ခဏာကိုတော့ပါဠိတော်တွေမှာခုလိုပြထားတယ်..’အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီတဲ့’
မြန်မာလိုကတော့အဏုမြူမျှသေးငယ်သောအပြစ်ကလေးသော်လည်းပဲကြောက်
စရာဘေးဟုရှု့မြင်တတ်ကြသတဲ့…
အခုဆိုအမိမြန်မာပြည်ကြီးဟာလည်း
တယောက်နဲ့တယောက်အပြစ်ရှာပြီးပြောနေကြတယ် တယောက်ကိုတယောက်အပြစ်ရှာနေသမျှကာလပါတ်လုံးတိုးတက်ဖို့ဝေးပါသေးတယ်
တိုးတက်ဖို့မဖြစ်နိုင်ပါ။
ဒီလိုဝေဖန်နေရအောင်စာရေးသူကောနှလုံးသွင်းမှန်ရဲ့လား ကောင်းရဲ့လားပြောနိုင်ပါတယ်မဖြစ်နိုင်သေးပါဘူး
ကြိုးစာနေဆဲပါလို့ပြောရစေ...စာရှု့သူတို့လဲကြိုးစားပါလို့ပဲတိုက်တွန်းပါရစေ။
မြတ်ဘုရားရှင်လက်ထက်ကမထေရ်မြတ်သုံးပါးဖြစ်တဲ့အရှင်အနုရုဒ္ဓါ..အရှင်နန္ဒိယ..အရှင်ကိမိလမထေရ်
တို့လိုညီညွတ်မှုရှိမှ
ယောနိသောမနသိကာရထားရှိနိုင်မှတိုးတက်ပါလိမ့်မယ်။
ခုမထေရ်သုံးပါးအကြောင်းကိုမဟာဗုဒ္ဓဝင်တတိယတွဲနဲ့စတုတ္ထတွဲကိုမှီပြီး
မြင်းမူ.. မောင်နိုင်မိုးက..ခုလို
ဖွဲ့စပ်ထားတယ်....
အခါတပါး၊
မြတ်ဘုရားသည်
သုံးပါးသံဃာ
ညီညွတ်စွာဖြင့်
သာယာချမ်းမြေ့
တောမှီမွေ့သည်
အရှေ့ဝါးတော
ပြည်ကောသမ္ဗီ
အနီးဆီသို့
ကြွချီတော်မူခဲ့သည်တကား။
အို…ချစ်သားတို့..
ဘယ်သို့စိတ်ထား
ကျင့်ကြံပွားလျက်
သုံးပါးညီထွေ
နေထိုင်ပေဟု
မိန့်ခြွေဗုဒ္ဓ
မေးသမျှကို
ဖြေကြသည်မှာ
ထိုသို့ပါတကား။
အရှင်ဘုရား
ဘုရားတပည့်တော်
သုံးဖော်သံဃာ
နေပါသည်ကား
တပါးကိုလျှက်
တပါးမြင်သော်
ချစ်ခင်သောအကြည့်
ထိုမျက်စိဖြင့်
ကြည့်ကြပါသည်
အရှင်ဘုရား
ထို့ပြင်နှိင်းချီ
ပြုဖွယ်ရှိသော်
မိမိကိစ္စ
သူကိစ္စဟု
ကိစ္စပိုင်းခြား
ငြင်းမပွားဘဲ
သုံးပါးညီစွာ
ပြုကြပါသည်
ပမာနို့နှင့်ရေပါဘုရား။
ထို့ပြင်စိတ်တွင်း
နှလုံးသွင်း၏
သီတင်းသုံးဖော်
ငါတို့သော်ကား
သင့်လျော်တူကွ
နေရပေသည်
အရတော်စွ
မိတ်ရင်းချာဟု
ကာယကံမေတ္တာ
ဝစီကံမေတ္တာ
မနောကံမေတ္တာ
ထာဝရတည်ဆောက်
ကြံသက်ရောက်သည်
မျက်မှောက်မျက်ကွယ်ပါဘုရား။
ထိုနောက်တွင်ကား
ထိုသုံးပါးတွင်
တပါးချင်းက
ကိုယ့်ဆန္ဒ၌
လုံးဝမလိုက်
နှစ်ပါးကြိုက်ကို
လိုက်လျောကြည်သာ
ဖြည့်စွမ်းပါ၏
ကိုယ်သာကွဲပြား
စိတ်မခြားဘဲ
သုံးပါးအလို
မမောက်မိုသည်
သုံးပါးတစိတ်ပါအရှင်ဘုရား။
သြော်.. အရှင်အနုရုဒ္ဓါမထေရ်
အရှင်နန္ဒိယမထေရ်
အရှင်ကိမိလမထေရ်
မထေရ်သုံးပါး
မြတ်ဘုရားကို
ပန်ကြားလျှောက်တင်
စကားစဉ်၌
နားဝင်ချိုလှစ်
အမြင်သစ်ခဲ့
ချစ်ခြင်းအပြည့်
ထိုမျက်စိဖြင့်
ရှု့ကြည့်လေက
မြင်တိုင်းလှလိမ့်
လောဘ ဒေါသ
အာဃာတနှင့်
မာနမျက်စိ
ရှိတုံဘိက
ကြည့်တိုင်းမလှ
ဖြစ်တတ်စွတည့်
လောကကိုလျှင်
လှစေချင်က
ငြိုငြင်မာန်တင်း
ငြူစူကင်းလျှက်
ချစ်ခြင်းဖြင့်သာ
ရှု့မြင်ပါဟု
ကဗျာတပုဒ်
ရင်မှထုတ်ပြီး
ကျွန်ုပ်လက်ဆောင်ပေးချင်၏
တဲ့
ဒီကဗျာလေးကိုခြုံငုံသုံးသပ်ရလျှင်
တယောက်နဲ့တယောက်တွေ့ရင် ချစ်ခြင်းမေတ္တာနဲ့ကြည့်ရမယ် နောက် …လုပ်စရာရှိရင် သူအလုပ်ကိုယ့်အလုပ်မရွေးရဘူး
လုပ်ဖို့လိုတယ် ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာထုံမွှန်းထားပြီးငါတို့တတွေအတူနေထိုင်ခွင့်အတူတွေ့ခွင့်ရတာအရတော်ပါပေစွ
ဟုနှလုံးသွင်းတတ်ရမယ်။
ဒါဆိုရင်တော့မိသားစုတစု တိုင်းပြည်တပြည် တိုးတက်မှုကမနှေးပါဘူး မထေရ်သုံးပါးကိုအတုယူပြီးကျင့်ကြံနေထိုင်မယ်ဆိုရင်
နောက် ယောနိသောမနသိကာရလေးနဲ့နေတတ်မယ်
ဆိုရင် သာယာငြိမ်းချမ်းသောဘဝတခုကိုပိုင်ဆိုင်မှာဖြစ်ပါတယ်
စာရေးသူလည်းကြိုးစားပေအုံးပေါ့ဟုနှလုံးသွင်းရင်းဒီဆောင်းပါးလေးကိုနားလိုက်ကြအုံးစို့……
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
0 comments:
Enregistrer un commentaire