Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 30 juillet 2013

သူယုတ်မာနဲ့ သူတော်ကောင်းခွဲခြားနိုင်ဖို့



မြတ်ဗုဒ္ဓဝဇ္ဇီတိုင်းဘဏ္ဍာ့ရွာမှာသီတင်းသုံးတော်မူခိုက်ရဟန်းတွေကို
သူယုတ်မာနဲ့သူတော်ကောင်းခွဲခြားနိုင်ဖို့မြတ်ဗုဒ္ဓကခုလိုလေးမိန့်တော်မူခဲ့ပါတယ်။

ရဟန်းတို့ တရား လေးမျိုးတို့နှင့်ပြည့်စုံသော သူကို သူယုတ်ဟု သိအပ်၏။

အဘယ်လေးမျိုးတို့နည်း ဟူမူ-
၁..ရဟန်းတို့ ဤလောက၌ သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးသည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၂...ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၃...ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၎...ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း၊

ရဟန်းတို့..ဤတရားလေးမျိုးတို့နှင့်ပြည့်စုံသူကိုသူယုတ်ဟုသိအပ်၏။


ရဟန်းတို့..အောက်ဖော်ပြပါဤတရားလေးမျိုးတို့နှင့်ပြည့်စုံသူကိုသူတော်ကောင်းဟုသိအပ်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁...ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု။ မမေးသော်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှု ဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး၏ ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း''ဟုသိရမည့်အကြောင်းတည်း။

၂...ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည် ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး၏ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း''ဟု သိရမည့် အကြောင်းတည်း။

၃...ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

၎...ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိအပ်၏။
ရဟန်းတို့ ချွေးမကို အကြင် ညဥ့်၌သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း ခေါ်ဆောင်လာခဲ့၏၊ ထို ခေါ်ဆောင်လာသော ညဥ့်နေ့၌သာလျှင် ထို ချွေးမအား ယောက္ခမမိန်းမသူ၌ လည်းကောင်း၊ ယောက္ခမ ယောက်ျားသူ၌လည်းကောင်း၊ လင်၌လည်းကောင်း၊ အယုတ်သဖြင့် ကျွန်အမှုလုပ် ယောက်ျားတို့၌ လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏၊ ထို ချွေးမသည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ယောက္ခမမိန်းမသူကိုလည်းကောင်း၊ ယောက္ခမ ယောက်ျားသူကို လည်းကောင်း၊ လင်ကိုလည်းကောင်း ''ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း'' ဟု ဆိုသကဲ့သို့၊

ဤအတူ သာလျှင်...

ဤသာသနာတော်၌ အချို့သောရဟန်းသည် အကြင် ညဥ့်၌သော် လည်းကောင်း၊ အကြင် နေ့၌သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏၊ ထို ဝင်ရောက်ရဟန်းပြုသော ညဥ့်နေ့၌သာလျှင် ထိုရဟန်းသစ်အား ရဟန်းတို့၌ လည်းကောင်း၊ ရဟန်းမိန်းမတို့၌လည်းကောင်း၊ ဥပါသကာ ယောက်ျားတို့၌ လည်းကောင်း၊ ဥပါသိကာ မိန်းမတို့၌ လည်းကောင်း၊ အယုတ်သဖြင့် အရံစောင့် သာမဏေတို့၌ လည်းကောင်း လွန်ကဲသော အရှက် အကြောက်သည် ရှေးရှုတည်၏၊ ထိုရဟန်းသစ်သည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ဆရာကို လည်းကောင်း၊ ဥပဇ္ဈာယ်ကိုလည်းကောင်း၊ ''ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း'' ဟု ဆို၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ ''ရောက်လာခါစ ချွေးမနှင့် တူသော စိတ်ဖြင့် နေအံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု မိန့်တော်မူ၏။ ဓမ္မစမ်းရေ..

၃ - သပ္ပုရိသသုတ်၊ မှ၊ အပဏ္ဏကဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

ဂုဏ်တော်ကိုးပါးနဲ့ပုတီးစိပ်သူတွေအတွက်

ဘုရားဂုဏ်တော်ကိုးပါးနှင့်ပုတီးစိပ်သူတွေအတွက် ဂုဏ်တော်တပါးချင်းဆီရဲ့အကျိုးရလာဒ်ကလေးတွေရဲ့အကြောင်းသိရအောင်ရှင်းပြလိုပါတယ်။ 

ဥပုသ်ဝါတွင်းကာလဆိုတော့ဗုဒ္ဓဘာသာဝင်တွေအဓိဋ္ဌာန်ပုတီးလေးတွေစိပ်တတ်တော့
အကျိုးရလာဘ်သိထားတော့ပိုပြီးပြည့်စုံတာပေါ့။

ဘုရားဂုဏ်တော်ကကိုးပါးဆိုတော့ တချို့ကပျင်းမယ်လေ ဘယ်ဂုဏ်တော်စိပ်ရင်ကိုယ်နဲ့သင့်တော်မယ်ဆိုတာရွေးချယ်လိုသူတွေအတွက်သင့်လျှော်မယ်ထင်ပါတယ်။

ကဲရှင်းကြစို့
အရဟံ ဂုဏ်တော် ..ကိုပွားသူတွေအတွက်ကတော့လာဘ်လာဘပေါများလိုသူတွေအတွက်ပဲဖြစ်ပါတယ် (အရဟံ မပြတ်ပွား လာဘ်ပွား၍ တိုးသလေ)ဒါကြောင့်လာဘ်လာဘပေါများချင်သူတိုင်း အရဟံဂုဏ်တော်ကိုစိပ်ပါ။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်..ပွားသူတွေအတွက်ကတော့ ကျောင်းသားတွေနဲ့သင့်လျော်ပါတယ် ဘာကြောင့်လဲဆိုရင်ဥာဏ်ပညာကြီးမားတယ်ဆိုတဲ့အကျိုးရနေလို့ပါ( သမ္မုဒ္ဓေ ပွားလေရာ ထက်မြက်လေ ဥာဏ်ပွား)ဆိုထားတာကိုး

ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ပွားသူတွေအတွက်ကတော့ မိမိကြံစည်ထားတာတွေအားလုံးပြီးစီးသူချင်များပွားနိုင်ပါတယ် ဘာကြောင့်လဲဆိုရင် ( ဝိဇ္ဇာစ သမ္ပန္နာ ကြံဖန်ရာ ပြီးချက်ကများ) ဒါကြောင့် မိမိကြံစည်ထားတာတွေအောင်မြင်ပြီးမြောက်ချင်သူတွေကတော့ စိပ်ပါ..

သုဂတဂုဏ်တော်ကိုပွားများသူတွေအတွက်ကတော့ ဘယ်နေရာသွားသွားကိုယ်ကအနိုင်ချည်းပဲအနိုင်ရပါတယ် (သုဂတပွားလေရာ ကိုယ်ကသာနိုင်သား)ဆိုထားတာကိုး။

လောကဝိဒူ ဂုဏ်တော်ပွားများသူတွေအတွက်တော့ ဂုဏ်ဒြပ်တွေပွားများပါတယ်တဲ့(လောကမှာဘက်စုံပွားပါလို့ ဒြပ်ဂုဏ်ပွားနှစ်ဖြာ)

အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်ပွားများသူတွေအတွက်ကတော့ ဘယ်နေရာမှာဘာအကြောင်းနဲ့ယှဉ်ပြိုင်ချင်ယှဉ်ပြိုင်ချင် ကိုယ်ကသာနိုင်တယ်တဲ့ နောက်ပြီး လူဆိုးသူခိုးတွေရဲ့ဘေးအန္တရာယ်မဖြစ်နိုင်ဘူးတဲ့( အနုတ္တရော ဆိုးသူကင်းတာပ ပြိုင်ဘက်ကင်းဖြစ်ရမျန်စွာ)

သတ္ထာဒေဝမနုဿာနဂုဏ်တော်ပွားသူတွေအတွက်ကတော့ မိမိရဲ့ကဘာအန္တရာယ်ကြုံကြုံ မိတ်ဆွေတွေကကူညီကြပါလိမ့်မယ်တဲ့(သတ္ထာပေါင်း ပေါင်းအာဏာ ပေါင်းသဟာကူညီကြလို့)ဆိုပြီးရှေးပညာရှင်တွေကစပ်ဆိုထားတယ်လေ..

ဗုဒ္ဓေါ ဂုဏ်တော်ပွားသူတွေအတွက်ကတော့ သူတပါးကမိမိကို ကောင်းတာကြံနေတာလား မကောင်းတာကြံနေတာလားဆိုတာသိနေတတ်တယ်တဲ့ ခြုံပြောရရင် သူတပါးစိတ်ကိုစိတ်ထားကိုသိနေတဲ့သဘောပေါ့( ဗုဒ္ဓေါပ သူ့စိတ်မူ သိလိမ့်ဟု)တဲ့လေ

ဘဂဝါဂုဏ်တော်ပွားများသူတွေအတွက်ကတော့ မိမိကို သူတပါးကပုန်မကန်နိုင်ဘူးတဲ့ ဘုန်းကံကြီးမားတယ်တဲ့ (ဘဂဝါကားဘုန်းလျှံဆူသည် ပုန်ကံသူမရှိဘူးတဲ့လေး)လို့စပ်ဆိုထားပြန်ကိုး။

တခုချင်းစီရဲ့အကျိုးရလာဘ်ကိုလိုချင်သူများဂုဏ်တော်တခုချင်းစီစိပ်နိုင်ကြပါတယ် အကုန်လုံးရဲ့အကျိုးရလာဘ်ကိုလိုချင်သူတွေကတော့ကိုးပါးလုံးစိပ်နိုင်ကြပါပြီ အားလုံးမြတ်ဘုရားရဲ့ဂုဏ်တော်ကိုနာနာပွားနိုင်ကြပါစေ…ဓမ္မစမ်းရေ...


lundi 22 juillet 2013

ဝါဆိုသင်္ကန်းလှူရကျိုး

                             

'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်း၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်Óဏ် ဖိုလ်Óဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။

ဓမ္မစမ်းရေ...

samedi 20 juillet 2013

ဒါသူတော်ကောင်းတဲ့လား?

မြတ်ဘုရားကကောသလမင်းကြီးကိုမိန့်တော်မူခဲ့တဲ့စကားလေးဟာ သိပ်လှပါ့ပါတယ်”မင်းကြီး အသွင်သဏ္ဍာန်ဟန်ပန်အမူအရာအားဖြင့် လူတယောက်ကို သူတော်ကောင်းဟုတ်မဟုတ် မဆုံးဖြတ်နိုင် အခိုက်အတန့်မြင်ကာမျှဖြင့် အကျွမ်းမဝင်ရာ ကိုယ်နှတ်နှလုံးမစောင့်စည်းကုန်သောသူတို့သည် သူတော်ကောင်းအယောင်ဆောင်၍ လောကဝယ်လှည့်လည်နေကြတယ်။

ကိုယ်တွင်း၌မစင်ကြယ်ကုန်သောသူယုတ်မာတို့သည်ရွှေရည်ပွတ်မြေနားထောင်းကဲ့သို့ပြင်ပ၌
လှပတင့်တယ်ကုန်၍ အခြံအရံကျော်စောတို့ဖြင့်မိမိတို့၏ယုတ်မာမှုတို့ကိုဖုန်းလွှမ်းကြကုန်၏။

“မနုေဿာနာမ ယေဘူယျေန ဝစနမတ္တမေဝ သဒ္ဓဟန္တိ” လူတွေဟာများသောအားဖြင့်စကားမျှကိုသာယုံကြည်တတ်ကြကုန်၏ စကားရဲ့နောက်ကွယ်မှာဘာတွေရှိသည်ဆိုတာကိုမစဉ်းတတ်ကြဘူး မစိစစ်တတ်ကြဘူး။

ဂုဏ်နောက်လိုက်ကြတယ် တကယ့်သဒ္ဓါတရားစစ်စစ်နဲ့ဗုဒ္ဓဘာသာကနည်းသွားပြီ နာမည်ကြီးဘုန်းကြီးမှကိုးကွယ်ချင်ကြတယ် ။

ဒီနေရာလေးမှာ…သင်္ဂဇာဆရာတော်ရဲ့ ဥပမာစကားလေးကိုတင်ပြပါရစေ…တခါတုံးကရွှေစက်တော်ဘုရားဖူးတစုတို့သည်သီလ သမာဓိ ပညာ အထူးပြည့်စုံသောရဟန္တာတပါးထံသီလခံယူလိုကြ၏။

ထို့ကြောင့်ဘုရားပွဲတော်အတွင်း ခြိမ့်ခြိမ့်စည်ကားနေသောလူပရိတ်သတ်
များကိုလှည့်လည်ကြည့်ရှု့ကြ၏ အောက်စက်တော်ရာ အပေါ်စက်တော်ရာနေရာတွေမှာရဟန္တာပုဂ္ဂိုလ်ကိုလိုက်ရှာကြတယ်တဲ့။

တခုသောတောင်စွယ်ကျောက်ပျဉ်ပေါ်၌သင်္ကန်းညိုကြီးကိုခြုံလွှမ်းပြီးငြိမ်သက်စွာထိုင်နေသည့်
ပုဂ္ဂိုလ်ထူးတဦးကိုသူတို့တွေ့ကြတယ်၊ သူတို့အဖွဲဟာ ဝမ်းမြောက်စွာနဲ့လှူဖွယ်ဝတ္ထုတွေကိုပုဂ္ဂိုလ်ထူးရှေး၌ချကြတယ်၊ ပြီးနောက်…ရိုသေစွာ ထိုင်ကာကန်တော့ကြတယ်။

ကန်တော့ကျိုးပြီးဆုံးတော့ ရဟန္တာကြီးကသူတို့ကိုဆုပေးလိမ့်မည်ပေါ့ဟုငံ့လင့်နေကြတယ် သို့သော် ဆုကထွက်ပေါ်မလာ တိတ်ဆိတ်ငြိမ်သက်နေ၏ အတန်ကြာမှ တုပ်ဟူသောစကားတခွန်းထွက်ပေါ်လာ၏။

သူတို့အဖွဲ့က ငါတို့ထိုင်တာမတုပ်ဝပ်မသေသပ်လို့ ရဟန္တာပုဂ္ဂိုလ်ကငါတို့ကိုဆုမပေးတာထင်ပါရဲ့ ဟုထင်ကြပြီး သေချာထိုင်ကာ ကန်တော့ပြန်တယ် ထိုအခါလည်းဆုကမပေးပြန်ဘူး ဒါပေမဲ့”တုပ်တုပ်”ဆိုတဲ့စကားနှစ်ခွန်းထွက်လာပြန်တယ်။

နောက်တကြိမ်သူတို့ပြင်ပြီးထိုင်ကာကန်တော့ပြန်တယ်သူတို့ထင်နေတဲ့ရဟန္တာပုဂ္ဂိုလ်ဟာရုတ်တရက်
ထရပ်ကာ “တုပ်တလုပ်တုပ်ရှည်တလေလေသူ့ဟာထက်ငါ့ဟာကပိုရှည်သလေ့”ဟုဆိုပြီးကခုန်ကာ
ထွက်သွားလေတော့၏။

ထိုအခါမှ သူတို့အထင်ကြီးခဲ့သောပုဂ္ဂိုလ်ဟာအရူးဖြစ်နေမှန်းသိတော့၏။ ထိုစကားလေးက ဥပမာပေးလိုက်သည်မှာ ပုဂ္ဂိုလ်တစုံတယောက်၏ သီလ သမာဓိ ပညာကို အပြင်ဟန်ပန်အမူရာကိုကြည့်ယုံမျှဖြင့်မသိနိုင်ဘူး ပုဂ္ဂိုလ်ရွေးလွန်းလျှင်လည်း “လင်စံရွေး လင်ခွေးနဲ့ညား” တတ်သလိုလို သီလကြောင်များနဲ့တွေ့တတ်ပါတယ်။

ဒါကြောင့် ဘာသာတရားကိုသေချာလေ့လာပါ တကယ့်ဗုဒ္ဓဘာသာစစ်စစ်တွေဖြစ်အောင်ဖြစ်အောင်ကြိုးစားကြပါ သူများဘာဆိုပြီးအထင်ကြီးတတ်တဲ့စိတ်ကိုဖြောင့်ပါ…
                                                                  ဓမ္မစမ်းရေ..



vendredi 12 juillet 2013

ဘာသာရေးနဲ့အနေဝေးခဲ့သော်

                                
                                  ဘာသာရေးနဲ့အနေဝေးခဲ့သော်

ဘာသာတရားနဲ့ဝေးတဲ့ မိသားစု ဘာသာတရားနီးတဲ့ မိသားစုကိုစတင်ကြည့်ကြစို့ ဘာသာတရားနီးတဲ့မိသားစုဟာ ထမင်းစားတဲ့အချိန်ပဲကြည့်ကြည့်ပါ အမေတို့အဖေတို့ထမင်းမစားရသေးဘူးစောင့်အုံးမှ အချိန်မရှိလို့မစောင့်နိုင်ဘူးဆိုရင်ဦးချပြီးစားမှဒီအတွေးလေးတွေသူတို့ရဲ့ခေါင်းထဲမှာရှိတယ်။ 

မိဘတွေကလည်း သားတို့သမီးတို့ထမင်းမစားရသေးဘူး စောင့်အုံးမှ သားတို့သမီးတို့အဆင်မှပြေရဲ့လားအဆင်ပြေပါစေ ဒီလိုမေတ္တာလေးတွေ၇ှိတယ် စကားပြောတဲ့အခါမှာကြည့်ပါအုံးမေမေ ဖေဖေနဲ့သားတို့သမီးတို့ယဉ်ကျေးတဲ့စကားလုံးတွေပဲ
ရွေးပြီးသုံးတတ်ကြတယ် ညင်ညင်သာသာတိုးတိုးတိတ်တိတ် စကားပြောတတ်ကြတယ်။ 

ကိုယ်ပြောလိုက်တဲ့စကားသံကြောင့်ပါတ်ဝန်းကျင်အနှောက်အယှက်မဖြစ်အောင်
အတတ်နိုင်ဆုံးကြိုးစားပြီးပြောကြတယ် ကြမ်းတမ်းတဲ့စကားကိုဘယ်သောအခါမှမသုံးဖြစ်ကြပါဘူး။

အပြုမူပိုင်းကိုကြည့်ကြည့်ပါအုံး မိဘတွေအဝတ်နေလှန်းထားလို့၇ှိရင် မခြောက်သေးရင်တောင်မိုးရွာတာပဲဖြစ်ဖြစ် အောက်ကျတာပဲဖြစ်ဖြစ် ကောက်သိမ်းလာတတ်ကြတယ် ဒါဟာ ကာယကံမေတ္တာလို့ခေါ်တယ် ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင် ကိုယ်ထက်ငယ်တဲ့သူကိုသိမ်းခိုင်းတယ် ဒါဟာ ဝစီကံမေတ္တာလို့ခေါ်တယ် မလုပ်ခင်မခိုင်းခင်ကခုလိုအတွေးကမနောကံမေတ္တာလို့ခေါ်တယ် ကံသုံးပါးညီညွတ်နေတဲ့မိသားစုဘယ်မှာမသာယာဘဲရှိနေမလဲစဉ်းစားကြည့်ကြပါ။

 စီးပွားရေးလုပ်ပြီဆိုရင်လဲ ဘာသာတရားနဲ့နီးတဲ့သူဆိုရင် ငါမြတ်ပြီးရော တပါးသူဘယ်လိုနေနေဆိုတဲ့အတွေးသူတို့ခေါင်းထဲမှာမရှိဘူး ငါခုလိုလုပ်လိုက်ရင်သူတို့တွေဘယ်လိုဖြစ်သွားမလဲ ငါကောင်းစားပြီးရောအတွေးအပြုအမူမလုပ်သင့်ဘူး ဒါဘာသာတရားနီးတဲ့သူ ။

ဘာသာတရားဝေးတဲ့သူကြတော့သူတို့နဲ့ဆန့်ကျင်ဘက်အတွေအခေါ်အပြုအမူလုပ်တတ်တွေးတတ်
ကြတယ်စကားပဲပြောပြောဘာပဲလုပ်လုပ်ကိုယ်အတ္တကိုေ၇ှးတန်းတင်ပြီးလုပ်ဖို့ပဲစဉ်းစားတယ်။

အနီးစပ်ဆုံးဥပမာတခုတင်ပြပါ့မယ် အဇာတသတ်ကြည့်ပါ သူဟာတကယ့်ကိုထူးချွန်ထက်မြက်မည့်သူတယောက် ဘာသာရေးတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မြတ်ဘုရားအရင်မတွေ့လိုက်မိတော့သူ့ဘဝဘယ်လိုဖြစ်သွားလဲ အဆုံးသတ်ကောင်းရဲ့လား ဒေဝဒတ်ရဲ့သွေးဆောင်ဖြားယောင်းမှုနောက်ကောက်ကောက်ပါသွားခဲ့တယ။်

သူဟာတကယ်ဘာသာရေးအတွေးအခေါ်ဘာသာရေးအခြေခံကောင်းတွေ၇ှိနေမယ်ဆိုရင် ခုလိုအဖသတ်မှုတွေဖြစ်လာမှာမဟုတ်ဘူးဘုရင်လုပ်ချင်တဲ့အတွေးခေါ်ရှိလာမှာမဟုတ်ဘူး
ဘာသာရေးနဲ့ဝေးနေလို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတယ် မဖြစ်ချင်တာတွေဖြစ်လာခဲ့ရတယ်။

တိတ္ထိဆရာကြီးရဲ့တပည့်အမ္ဗဋ္ဌကိုကြည့်ကြည့်ပါ တိတ္ထိဆရာကြီးရဲ့တပည့်တယောက်ဖြစ်ပေမဲ့ သူဟာဘာသာရေးအခြေခံတရားတွေ၇ှိတယ် သူကိုယ်တိုင်တိတ္ထိဆရာကြီး၇ဲ့တပည့်တယောက်ဖြစ်နေပေမဲ့ သူဆရာ၇ဲ့အပြုအမူတွေကိုမနှစ်သက်ဘူး မြတ်ဘုရားနဲ့တွေ့တော့ချက်ချင်းချိုသာတဲ့စကားတွေနဲ့
မြတ်ဘုရားကိုနှတ်ဆက်တယ်စကားပြောတယ် မြတ်ဘုရားရဲ့တရားတော်တွေကိုနာပြီးရဟန်းဝတ်ဖို့
ချက်ချင်းတောင်းပန်တယ် ဒါတွေဟာဘာသာရေးနဲ့မဝေးလို့ပေါ့။

စာရှု့သူတို့လဲ ဘာသာရေးနဲ့ဝေးနေမယ်ဆိုရင်နီးအောင်ကြိုးစားကြပါ ဘာသာရေးဟာကြမ်းတမ်းသူကိုနူးညံ့စေပါတယ် ဘီလူးကိုလူဖြစ်အောင် လူကိုဗြဟ္မာဖြစ်အောင်လုပ်ဆောင်နိုင်ပါတယ် ဘာအကြောင်းနဲ့မှ မဝေးမိပါစေနဲ့

                                                  ဓမ္မစမ်းရေ…




jeudi 11 juillet 2013

ဗုဒ္ဓ နိုင်ငံတော်

                                     
 

ကမ္ဘာလောကတစ်ခုလုံး ငြိမ်းချမ်းရေးလိုလားတောင့်တနေကြသည့် ယခုလိုအခါသမယ၌ တစ်စုံတစ်ခုကို မျှော်လင့်တောင့်တနေကြသော လူအားလုံးတို့ ၏နားထဲတွင် အတိတ်၏အသံသည် ပဲ့တင်ထပ်နေပါစေ။
ရှေးအတိတ်ကာလက လင်္ကာဒီပတောင်ဘက်စွန်းရှိ ဒေ၀မြို့ တော်မှ ဥရောပတိက်ရှိ အိုင်အိုနီယန် ပင်လယ်ကမ်းခြေအထိ ထိုအချိန်က လူသိများသော ကမ္ဘာသည် နေရာထူးနေရာမြတ်တစ်ခုဖြစ်ခဲ့သည်။ 

ထိုနေရာ၌ ငြိမ်းချမ်းခြင်းနှင့် ရွှင်လန်းချမ်းမြေ့ခြင်း ကြီးစိုးလွှမ်းမိုးနေသည်။ အသောကမင်းတရားကြီး ရေးထိုးစိုက်ထူထားခဲ့သော ကာလစီ၊ ဂိရနာ၊ ရှဟဘဇဂါဟီ ကျောက်စာများအဆိုအရ ခရစ်တော်မဖွားမြင်မီ ရာစုနှစ်ပေါင်းများစွာ မတိုင်မီကပင် ဇမ္ဗူဒိပ်ကျွန်းမှ ကရုဏာတမန်တော်သည် ဆီရိယား၊ အီဂျစ်၊ ဆိုင်းရင်၊ မေစီဒိုနီယာ၊ အယ်လ်ဘေးနီးယားနိုင်ငံတို့ ၌ တရားဓမ္မဖြန့် ဖြူးဟောကြားကြသည်။ 

လူနှင့်တိရစ္ဆာန်တို့ အတွက် ဆေးရုံဆေးခန်းများ ဖွင့်လှစ်တည်ထောင်ခဲ့ကြသည်။ အိပ်-ဘီ-ဘက်ဗဲလ် (H.B Havell) က သူ၏နာမည်ကျော်စာအုပ် “အိန္ဒိယ၌ အာရယန်တို့ ၏ အုပ်ချုပ်မှုသမိုင်း” (History of Aryan Rule in India ) ၌ ဤသို့ ဆိုထားသည်။

“အသောကမင်းတရားကြီး၏ အုပ်ချုပ်မှုကာလသည် အိန္ဒိယယဉ်ကျေးမှု၏ အကြီးမားဆုံးသမိုင်းခေတ် တစ်ခေတ်မျှသာမကဘဲ လူ့ ယဉ်ကျေးမှုသမိုင်း၏ မှတ်တိုင်ကြီးတစ်တိုင်လည်း ဖြစ်၏။ 

မိမိသာသနာပြုလုပ်ငန်း၏ အကျိုးသက်ရောက်မှုသည် မိမိအုပ်ချုပ်သော နိုင်ငံ၏ နယ်စပ်ကို ဖြတ်ကျော်သွားသည်ဟူသော အသောကမင်းတရားကြီး၏ ကြေငြာချက်နှင့်ပတ်သက်၍ အငြင်းပွားစရာ အကြောင်းမရှိပေ။

 မကြာမီက တူးဖော်တွေ့ ရှိရသော ရှေးဟောင်း ကမ္ဗည်း ကျောက်စာများသည် အီဂျစ်ပြည်၌ အသောကမင်းတရားကြီး သာသနာပြုခဲ့ပုံ အထောက်အထားများကို ဖော်ပြနေသည်။

“ဘာသာတရားတစ်ခုခုသည် လူ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအစီအစဉ်၌ ဆက်စပ်မှုမရှိသည့် အရာတစ်ခုအဖြစ် ရှင်းလင်းပြောပြ၍လည်း မရပေ။ နားလည်၍လည်းမရပေ။ 

ထို့ ကြောင့် အသောကမင်းတရားကြီး အုတ်မြစ်ချခဲ့သော ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများသည် နောက်ပိုင်း၌ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတရားနှစ်ခု ပေါ်ပေါက်ထွန်းကားလာခဲ့သော နယ်မြေကိုပင် ဖန်တီးပေးခဲ့သည်ဟု ကောက်ချက်ချလျင် မှန်ကန်သည်ထက်ပင် ကျော်လွန်သွားပေလိမ့်မည်။”

အာရေဗျ သမိုင်းဆရာ အောလ်ဘေရုနီ (Alberuni) ၏ အဆိုအရ ပါရှား၊ ခုရာဆန်၊ အီရတ်နှင့် ဆီရိယားနယ်စပ် တိုင်းနိုင်ငံအားလုံးသည် ခေတ်တစ်ခေတ်က ဓမ္မနိုင်ငံတော်အတွင်း ပါဝင်ခဲ့သော နိုင်ငံများဖြစ်ကြသည်။ ပါထိယားနိုင်ငံ၌ ဗုဒ္ဓရုပ်ပွားတော် ပါရှိသော ရွှေဒင်္ဂါးပြားများကို တွေ့ ရှိရသည်။ 

ယင်းရွှေဒင်္ဂါးပြားများ၌ ဗုဒ္ဓ၏ ဘွဲ့ နာမတော်ကို ဂရိအက္ခရာဖြင့် ရေးထိုးထားသည်။
အမှန်စင်စစ်ရှေးဟောင်း ကမ္ဗည်း ကျောက်စာပညာရှင်များသည် ထိုခေတ်က ဇမ္ဗူဒိပ်ကျွန်းမှ အာဖဂါနိစ္စတန်၊ ပါရှား၊ ပါထိယား၊ အီရတ်၊ ဆီရိယား၊ ဂျေရုစလင်၊ အီဂျစ်၊ ဆိုင်ရင်၊ မေစီဒိုနိယာအထိ လည်းကောင်း၊ နောက်ဆုံး အက်ပိရပ်အထိလည်းကောင်း ဗုဒ္ဓဘာသာ သာသနာပြုများ တစ်လှမ်းပြီးတစ်လှမ်း လှမ်းကြွှတော်မူခဲ့ကြသော လမ်းခရီးများကို ခြေရာကောက်၍ ရနိုင်သည်။

မြတ်စွာဘုရား၏ သာသနာ့ဘောင် အတွင်းဝင်ရောက် ရှင်ရဟန်းပြုကြသော ဂရိလူမျိုး အများအပြားရှိကြသည်။ အသောကမင်းတရားကြီး အထူးကြည်ညိုလေးစားသော ရဟန္တာတစ်ပါးမှာ ဂရိလူမျိုးနွယ် ဓမ္မရက္ခိတမထေရ်ဖြစ်သည်။ အပရန္တတိုင်းသူတိုင်းသားများအား ဗုဒ္ဓတရားဟောကြားရန် တာဝန်လွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်မှာ ဓမ္မရက္ခိတမထေရ် ဖြစ်သည်။

ဓမ္မရက္ခိတမထေရ်သည် သတ္တ၀ါအားလုံးအပေါ် ကရုဏာရှေ့ ထားသော မထေရ်တစ်ပါးဖြစ်သည်။ သမန္တပါသာဒိကာပါရာဇိကဏ်အဋ္ဌကထာ၌ ဓမ္မရက္ခိတမထေရ်သည် လူသူမနီးတောကြီးမျက်မည်းထဲ၌ သီတင်းသုံးသော အရညကင် ဓူတင်ဆောင် ရဟန်းတော်ဖြစ်သည်ဟု ဆိုထားသည်။

 တောတိရစ္ဆာန်များက ဓမ္မရက္ခိတမထေရ်ကို ၀တ်ကြီးဝတ်ငယ်ပြုကြသည်။ အသောကမင်းတရားကြီး၏ ညီတော် တိဿသည် သစ်ပင်ကြီး တစ်ပင်ရင်း၌ ဘာဝနာတရား ပွားများအားထုတ် နေသော ဓမ္မရက္ခိတ မထေရ်ကို ဖူးတွေ့ ရသည်။

ဓမ္မရက္ခိတမထေရ်သည် ငြိမ်းချမ်းမှု၏ တကယ့်ရုပ်လုံးရုပ်သွင်ဖြစ်သည်။ ညီတော်တိဿသည် ယင်းငြိမ်းချမ်းမှုမျိုးကို လိုလားတောင့်တသူ ဖြစ်လာသည်။ ဆင်ကြီးတစ်ကောင် သစ်ခက်တစ်ခက်ဖြင့် ဓမ္မရက္ခိတမထေရ်အား ယပ်ခတ်ပေးနေသည်ကိုလည်း ညီတော်တိဿမြင်ရသည်။

ထို့ နောက် မကြာခင် အတောအတွင်းမှာပင် ဘုရင့်ညီတော် တိဿသည် သာသနာ့ဘောင်ဝင်ရောက်ပြီး ရဟန်းပြုလိုက်သည်။

ထိုနည်းအတူပင် အသောကမင်းတရားကြီး၏ သားမက်တော် အဂ္ဂိဗြဟ္မာလည်း ရဟန်းဘ၀ရောက်ရှိသွားသည်။ ယင်းမင်းညီမင်းသား အနွယ်တော်များ၏ ခြေရာနောက်လိုက်၍ သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ လည်း သာသနာ့နွယ်ဘွား ဘိက္ခုနှင့်ဘိက္ခုနီများ ဖြစ်သွားကြသည်။

အရှေ့ ဟူ၍လည်း မရှိပေ။ အနောက်ဟူ၍လည်း မရှိပေ။ ချစ်ခင်ခြင်းသာလျှင်ရှိသည်။ စည်းလုံးညီညွတ်ခြင်း သာလျှင်ရှိသည်။ ကမ္ဘာလောကသည် ရွှင်လန်းချမ်းမြေ့ခြင်း အပြည့်ရှိနေသည်။
ဗုဒ္ဓ၏ မြင့်မြတ်သော တရားဒေသနာတော်သည် လူမျိုးအားလုံး၊ နိုင်ငံသားအားလုံး၏ နှလုံးသားအတွင်း၌ တစ်ဖန်ပြန်၍ ထွန်းလင်းတောက်ပ လာပါစေ။

ဆရာအရှင်သူမြတ်၏ ကရုဏာတော်သည် သတ္တ၀ါအားလုံးအား ရွှင်လန်းချမ်းမြေ့အောင် လုပ်ပြီးလျှင် ကမ္ဘာလောကအပေါ်တွင် ပျံဝဲနေပါစေ။
(မူရင်းစာရေးဆရာ သီရိလင်္ကာရဟန်းတော် “ဘိက္ခုမေတ္တေယျ”၏ မဟာဗောဓိဂျာနယ်တွင် ဖော်ပြဖူးသောဆောင်းပါးကို ဆရာပါရဂူမှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)
(ပါရဂူ)ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ.....