ခွန်အားနဲ့ချွေး
ဘယ်လောက်ကုန်ခန်းပါစေ
ဥာဏ်ကိုအကူပြုပြီး
သားသမီးတွေရဲ့ရှေ့မှာ
အားကိုးလို့ရအောင်မားမားမတ်မတ်
ရပ်တည်ခဲ့တာလေ
ခက်ခဲတဲ့လောကဓံတရားရှိနေပေမဲ့
စိတ်အားငယ်မှုတွေပယ်ဖျောက်
တည်ငြိမ်သလိုနေခဲ့တာလဲအဖေပဲ။
သြော်အဖေဟာ
လူတစ်ဦးမျှသာဖြစ်လို့
လူတွေရဲ့ မာယာ တဏှာကြားထဲမှာ
အခါခါကြုံခဲ့ပေမဲ့
လွဲမှားမှုမရှိအောင် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ဒါကိုလောကဓံလို့များ
ခံယူရော့လေသလားအဖေရယ်။
သားတို့မောင်နှမတတွေဟာ
အဖေပျိုးလို့ အပင်ဖြစ်ခွင့်ရခဲ့တယ်
အဖေရေးလောင်းလို့ အသက်ရှင်ခဲ့ရတယ်
အဖေပေါင်းသင်လို့ ကြီးထွားခွင့်ရရှိခဲ့တယ်
အဖေသဘောတွေနားလည်ခဲ့ပါပြီအဖေ။
အဖေ့ပြောတဲ့စကား
ဓားသွားတွေလိုခါးခဲ့တယ်လို့ထင်ခဲ့ပေမဲ့
ခုတော့သားတို့မောင်နှမတွေသိမ်းထားဆဲပါ
အဖေ့လက်ကြမ်းကြီးနဲ့ ဗြောစီသံကို
ခုတော့လိုချင်တောင်းတမိနေပြီ
အဖေ့မျက်နှာ ခပ်တင်းတင်းမှာ
ပြောမပြတဲ့စေတနာတွေနဲ့
တောင်လိုမောက်နေတာကို
ခုတော့သတိပြုမိနေပြီအဖေ။
အဖေ့အရိပ်ဆိုတဲ့စေတနာ
ကြီးမားခဲ့တော့
ခိုလှုံခွင့်ရခဲ့တဲ့သားတို့မောင်နှမတွေ
အဖေ့ဂုဏ်ကို အသိအမှတ်ပြုလို့
အိုမင်းလာတဲ့အဖေ့ကို
တရားအရိပ်မှာ
ချွေသိပ်ခွင့်ပေးပါတော့
နေညိုနေပြီဖြစ်တဲ့
အဖေ့ကိုတဖန်ပြန်၍
ချွေသိပ်ပါရစေ
တရားအရိပ်မှာ အိပ်စက်လိုက်ပါအဖေရယ်။
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire