သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင်
သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏
နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့်
လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea
Lotus) ဖြစ်ပါသည်။
သီတင်းကျွတ်လကို
ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ
နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော
စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏
၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို
ကျင်းပကြပါသည်။
ဆီမီးမြင်းမိုရ်ပွဲကို
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ
တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက်
တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။
နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက်
ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။
ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ
နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့်
ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။
တာဝတိံသာနတ်ပြည်
ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့
တင့်တယ်စွာ စံနေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍
စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ
တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ -
``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´
ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင်
ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည်
နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊
ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက်
အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု
ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။
ထိုနေ့ညတွင်
ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ
နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊
ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ်
မီးထွန်းပွဲတော်
စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
အဘိဓမ္မတရား
ဟောကြားတော်မူခြင်းနှင့် စပ်၍ မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း
(၃) လ - အတွင်း
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။
ထိုအဘိဓမ္မာတရား
ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့်
ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဤနည်းဖြင့်
တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို
ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ
အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏
ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ
ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ
မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌
ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
ဤနည်းဖြင့် ပညာအရာတွင်
ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို
ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း
ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ
ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင်
အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ
မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။
အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက်
ဝတ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို
အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
မြတ်စွာဘုရား ဟောခဲ့သည့်
အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည်
ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော
အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ
မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ
ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု
ဝါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့်
လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
အခြားသော သုတ္တန် ၀ိနည်း
တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။
သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့်
ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ်
အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။
အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့်
ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ
ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ
ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက်
စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ
ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ
ကွန့်မြူးလာတော်မူခဲ့ရပါသည်။
ဤကဲ့သို့ ထူးမြတ်သည့်
တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့
ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ်
သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ
ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။