Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 30 mars 2014



                                    မြင့်မြတ်သူတို့နှလုံးသားပိုင်ရှင်နိဗ္ဗာန်ဆော်
                 
ဒီနေ့နိဗ္ဗာန်ဆော်အကြောင်းနည်းနည်းရေးချင်မိတယ် နိဗ္ဗာန်ဆော်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကောင်းမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော်ခြင်း၊ နှိုးဆော်သူ ဖြစ်တယ်။

ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ အကြောင်းအရာတစ်ခုရဲ့ အဆုံးမှာ “ဘွန္တော – သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ …”လို့ ဟစ်အော်တာမို့ “ဘွန္တော”လို့ဆိုရင် နိဗ္ဗာန်ဆော်ကိုပဲ တွေးမြင်မိတယ်။

အရုဏ်ဆွမ်းချက်ဖို့ နှိုးဆော်ရတဲ့ နိဗ္ဗာန်ဆော်အလုပ်ကို စောစော နိုးထပြီး လုပ်ရလို့ တစ်စုံတစ်ခု ပျောက်ရင် နိဗ္ဗာန်ဆော်ကိုပဲ ယိုးစွပ်တဲ့အနေနဲ့ “ဘွန္တော ကြက်သူခိုး”လို့ ချစ်စနိုး နောက်ပြောင် ပြောဆိုတဲ့ ဝေါဟာရလည်း မြန်မာမှာရှိနေပါသေးတယ်။

နိဗ္ဗာန်ဆော်အလုပ်ကငွေကြေးမကုန်ကြသည့်အတွက်အကျိုးမရှိဘူးဟုထင်တတ်ကြလိမ့်မည်တကယ်တော့

နိဗ္ဗာန်ဆော်ဟာမိမိရဲ့စိတ်စေတနာများစွာအားထုတ်အများသူငါကုသိုလ်ကံပြုလုပ်စေဖို့တိုက်တွန်းနှိုးဆော်တဲ့
အတွက်ကုသိုလ်ကံနှစ်ခုတခါတည်းရလိုက်တာပါ။

မြတ်ဘုရားကတော့ခုလိုလေးဥပမာပေးပြီးဟောခဲ့တယ်အနည်းငယ်ပြုသောကောင်းမှုကံသည်၊

အကျိုးပေးသောအားဖြင့် ရောက်လာလိမ့်မည် မဟုတ်။ဤသို့၊ကောင်းမှုကို၊ မထီမဲ့မြင် မမှတ်ထင်ရာ။ရေတစ်ပေါက်တစ်ပေါက်မျှကျခြင်းဖြင့်၊ရေအိုးကြီးသည်လည်း၊ ပြည့်သကဲ့သို့၊ပညာရှိသည်၊ အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော ကောင်းမှုကို၊ ပွားများသမှု လုံ့လပြုသည်ရှိသော်၊ ကောင်းမှုဖြင့်၊ ပြည့်လေရာ၏။

facebook ပေါ်ရှိသူငယ်ချင်းများဘာသာရေးစိတ်ဝင်စားသူများကိုယ်သိထားတဲ့အသိပညာတွေတပါးသူ

ရေးထားတဲ့ဘာသာရေးအသိပညာတွေ..share..လုပ်ပေးတာကဟာနိဗ္ဗာန်ဆော်လုပ်နေတာပါဒီအကြောင်းနဲ့
ပါတ်သက်ပြီးသာဓကလေးထုတ်ဆောင်ပေးပါအုံးမည်။

ရှေးအခါက လုလင်ပျိုတယောက်သည် ကုသိုလ်ကောင်းမှုပြုလုပ်ရန် ဤသို့ စဉ်းစားတွေးတော၏။ သူတပါးတို့ကို မညှဉ်းဆဲ၊ မသတ်ဖြတ်ရဘဲ ပြုရသောအမှုသည် အဘယ်အပြုအမူ ဖြစ်မည်နည်း။ ထိုအခါရတနာမြတ်သုံးပါးနှင့်စပ်သောအလုပ်ကို ပြုရန် နှိုးဆော်ခြင်းသည်သာ ကောင်းပေလိမ့်မည်ဟု ကြံစည်တွေးတောမိ၏။

ထိုသို့အကြံအစည်ဖြစ်ပြီးနောက် ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါ၊ ဥပုသ်နေ့၌ ရှစ်ပါးသီလ ဆယ်ပါးသီလ ဆောက်တည်ကြပါ။ အလှူပေးကြပါ။ တရားနာကြပါ။ ရတနာမြတ်သုံးပါးကို ဆည်းကပ်ပူဇော်ကြပါ-ဟု နယ်ပေါင်းစုံသို့ ခြေကျင်လှည့်လည်၍ ဟစ်အော်ကြွေးကြော်လေ၏။
လုလင်ပျို၏ ဟစ်အော်ကြွေးကြော်သံကို ဘုရင်ကြီး ကြားသိရသောအခါ ခေါ်ယူမေးမြန်း၏။  


ထိုအခါ ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးကို လူအပေါင်းသိစေရန်အတွက် ခြေကျင်လှည့်ကာ ဟစ်အော်ကြွေးကြော်ကြောင်း သိရှိသွား၏။ ဤတွင် ဘုရင်ကြီးက လုလင်ပျိုကို ပန်းဆိုင်းနှင့် မြင်းလိမ္မာတကောင် ချီးမြှင့်လိုက်လေသည်။

လုလင်ပျိုသည် ဘုရင်ကြီးပေးသနားသော အဆောင်အယောင်ဖြင့် မြင်းကိုစီးလျက် နိဗ္ဗာန်ဆော်လုပ်လေသည်။

ထိုကဲ့သို့မြင်းစီးလျက်နိဗ္ဗာန်ဆော်လုပ်သည်ကိုဘုရင်ကြီးမြင်ရပြန်သောအခါလုလင်ပျို၌ဤမျှဖြင့်မပြည့်စုံနိုင်သေး

ဟု ထင်မြင်သွားသည်။

ထပ်မံ၍ သိန္ဓောမြင်းလေးကောင် ကသော ရထားကို ချီးမြှောက်ပြန်သည်။ သို့နှင့် နိဗ္ဗာန်ဆော်သည် သိန္ဓောမြင်းလေးကောင်ကသော ရထားဖြင့် နိဗ္ဗာန်ဆော်လုပ်ပြန်လေ၏။

ဤသည်ကို ဘုရင်ကြီး မြင်ပြန်သောအခါ ဤမျှနှင့် မပြည့်စုံသေးဟု မိန့်ကြားပြီး များစွာသောစည်းစိမ်ဥစ္စာ အသုံးအဆောင်တို့ကို ပေးသနားသည်။ ထို့ပြင် ဆင်တကောင်ကိုလည်း ပေးပြန်လေသည်။

နိဗ္ဗာန်ဆော်လုလင်ပျိုသည် နေ့စဉ် ၀တ်ကောင်းစားလှများကို ၀တ်ဆင်၍ ဘုရင်ကြီးပေးသနားသော ဆင်ကိုစီးလျက် နိဗ္ဗာန်ဆော်အမှုကို ပြုလေ၏။

ဤသို့သော ကောင်းမှုအကျိုးကြောင့် နိဗ္ဗာန်ဆော်လုလင်ပျို၏ ခန္ဓာကိုယ်မှာ မွှေးကြိုင်နေ၏။ ထို့ပြင် အာခံတွင်းကလည်း မွှေးကြိုင်သော ကြာပန်းရနံ့များ သင်းပျံ့လျက် ရှိလေ၏။( ဓမ္မပဒ ဋ္ဌ-၂ )

နိဗ္ဗာန်ဆော်လုပ်တဲ့အတွက်အကျိုးကျေးဇူးကဒီလောက်ပဲလားဆိုတော့မဟုတ်ပါဘူးတခါတုံးက
မြတ်ဘုရားအာနန္ဒာကိုမိန့်ခဲ့ဖူးပါတယ် ချစ်သားအာနန္ဒာ  သန္တတိ အမတ်ကြီးကိုကြည့်ရှူလော့။

ယနေ့ပင်လျှင် အလုံးစုံသော တန်ဆာဖြင့်
တန်ဆာဆင်လျှက် ငါဘုရား၏ အထံတော် သို့ လာလတ်၍ လေးပုဒ်သောဂါထာ၏ အဆုံး`၌
 အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်းခုနှစ်ဆင့် ပမာဏ မြင့်သော ကောင်းကင်း`၌ နေထိုင်လျှက်
ပရိနိဗ္ဗာန်ပြုရပေလတ္တံ့ ဟု မိန့် တော်မူလေ၏။

လူများအပေါင်းတို့ သည် မြတ်စွာဘုရားရှင် ၏ စကားတော်ကို ကြားလျှင် မိစ္ဆာ ဒိဌိ အယူရှိကုန်သော
သူတို့ သည် မကောင်းသောစကားတို့ဖြင့် ကဲ့ရဲ့ ကြလျှက် ဘုရားရှင်အားစွပ်စွဲ နှိပ်စက်ရန် ကြံစည်
ကြကုန်၏။ ကောင်းသောအယူဝါဒ ရှိသူတို့ သည် မြတ်စွာဘုရားရှင်၏ တင့်တယ် ခြင်းကို၎င်း။
သန္တတိ အမတ်ကြီး၏ တင့်တယ် ခြင်း ကို၎င်း  ရှူမြင်ကြရပေတော့မည်ဟု ကြံစည်ကြကုန်၏။

သန္တတိ အမတ်သည် ရေကစားပြီး၍ မင်းစည်စိမ်ဖြင့် သေသောက်ကာ ကချေသည်၏
အက ကို ရှူစားနေစဉ် ကချေသည်မသည် နှလုံးခွဲဖြတ်လျှက် လဲကျသေဆုံးလေ၏။

သန္တတိ အမတ်ကြီးသည်ကား ကချေသည်မ ၏ အဖြစ်ကိုမြင်သည်နှင့် နှလုံးမသာမယာဖြစ်ကာ
ကြီးစွာသော စိုးရိမ်သောက တို့ နှိပ်စက်လေ၏။အမတ်ကြီးသည် ငါ၏ စိုးရိမ်ခြင်းသည်
မြတ်စွာဘုရားမှ တစ်ပါး အခြားသူတို့  ငြိမ်းအေးစေနိုင်မည်မဟုတ်ဟု တွေးတောဆင်ခြင်လျှက်
ဗိုလ်ပါ အပေါင်း ခြံရံကာ မြတ်စွာဘုရားထံပါး ဆည်းကပ် ရိုသေ ရှိခိုးတောင်းပန်
လျှောက်ထားလေ၏။

မြတ်စွာဘုရား၏ ဂါထာတော်အဆုံး`၌ သန္တတိ အမတ်ကြီးသည် အရဟတ္တဖိုလ် သို့ 
ရောက်၏။မိမိ၏ အာယုသင်္ခါရ ကို ဆင်ခြင်သော် အသက်၏နည်းပါခြင်းကို သိရလျှင်
မြတ်စွာဘုရားအား ပရိနိဗ္ဗာန် ပြုခြင်း ကိုခွင့်ပြုပေးရန် လျှောက်ကြားလေ၏။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှူတို့ အကြောင်းကို
ထန့် ခုနှစ်ဆင့်အမြင့်မှ နေ၍ ဟောကြားရန် မိန့် တော်မူသဖြင့်  အမတ်ကြီးသည်
ကောင်းလှပါပြီ ဘုရား  ဟု လျှောက်ထားပြီး မြတ်စွာဘုရားကိုရှိခိုး၍ ထန်းတစ်ဆင့်အမြင့်သို့
တက်ပြီး မြေပြင်သို့ ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။

တဖန် ထန်းနှစ်ဆင့်အမြင့်သို့ တက်၍ မြေပြင်သို့  ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။ထို မှတဖန် ထန်းသုံးဆင့်အမြင့်သို့ တက်၍ မြေပြင်သို့  ပြန်ဆင်း ကာ မြတ်စွာဘုရားကိုရှိခိုး၏။ထိုနည်းအတိုင်း ထန်းခုနှစ်ဆင့်အမြင့်သို့  ရောက်သော် တပည့်တော်၏ ကောင်းမှူကံ ကိုနာတော်မူကြပါဘုရား ဟု
လျှောက်ထားလေ၏။

ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာ ထက်`၌ ၀ိပဿီ မြတ်စွာဘုရားထင်ရှား ပွင့်တော်မူသောအခါ
ဘုရားတပည့်တော်သည် လူများအပေါင်း ကို ကောင်းမှူတို့ ကို ပြုစေခဲ့ပါသည်ဘုရား၊
ဥပုသ် နေ့ `၌ ဥပုသ် ဆောက်တည်ကြပါကုန်လော့။ အလှူပေးကြပါကုန်လော့။

ဘုရားရတနာ အစရှိသည်တို့ နှင့်တူသောတစ်ပါးသော ရတနာ မည်သည် မရှိ။
ရတနာ သုံးပါး တို့ အား ပူဇော်သက္ကာရ မှူကိုပြုကြပါကုန်လော့။  ဟု ကြွေးကြော် လှည့်လည်
ခဲ့ပါ၏။

ထို့ သို့ လှည့်လည်သည်ကိုဗန္ဓုမတီ မင်းကြီသည် တပည့်တော်အားခေါ်စေ၍
လှည့်လည်သွားလာရာတွင် သုံးရန် မြင်း ကို၎င်း။ရထားကို၎င်း။ ဆင်ကို၎င်း။အခြားသော
စည်းစိမ်ကို၎င်း ချီးမြှင့်တော်မူပါ၏။ထို ကုသိုလ်ကံကြောင့် စန္ဒကူး နံသည် လှိုင်၏။ခံတွင်းမှ
ကြာညိုနံသည် လှိုင်၏။တပည့်တော်သည် ဤ ကောင်းမှူကိုပြုအပ်ပါသည် ဘုရား   ဟု
လျှောက်ထားလေ၏။

ဤသို့ လျှင် ရှေး က ပြုခဲ့သည့် ကုသိုလ်ကောင်းမှူကိုဟောကြားပြီးနောက် ကောင်းကင်ထက်`၌
နေလျှက် တေဇော ကသိုဏ်းဈာန်ကိုဝင်စားပြီးပရိနိဗ္ဗာန် ပြုလေ၏။ခန္ဓာ ကိုယ်မှ မီးလျှံတို့ သည်
အသွေးအာသားတို့ ကို တောက်လောင်လျှက်ရွှေဖြင့်ပြီးသော ပန်းကဲ့သို့သော ဓါတ်တော်တို့ သည်
မြေပြင်သို့ ကျလာကုန်၏။ဤသည်မှာ နိဗ္ဗာန် ဆော် ကုသိုလ် ကိုပြုခဲ့သူ၏ ကောင်းမှူ ကံ အကြောင်း ဖြစ်ပါသည်။

ယနေ့ ခေတ် အခါတွင်နိဗ္ဗာန်ဆော် ကုသိုလ်ကောင်းမု ပြုလုပ်သူများစွာရှိနေ၏။
ဘာသာ သာသနာ ကိုထွန်းကားပြန့် ပွားစေရန် ဆောင်ရွက်နေကြသူများ လှူဒါန်းနေကြ
သူများ။ အင်တာနက် စာမျက်နှာများတွင် အခြားသူများပါ ဘာသာ သာသနာ ကိုလေ့လာ
ခွင့် ဖတ်ရှူခွင့်ရစေရန် ရည်ရွယ်၍ ဘာသာရေးစာပေများကို share လုပ်ခြင်းများသည်
နိဗ္ဗာန် ဆော် ပြုလုပ်ခြင်းပင်ဖြစ်သည်။

ဘာသာရေး စာပေများ share လုပ်ခြင်း ပြန့် ပွားအောင် ဖြန့် ဝေခြင်း လှူဒါန်းခြင်းတို့ ကိုပြုလုပ်
နေသူတို့ သည် သန္တတိ အမတ်ကြီးပြုခဲ့သော ကောင်းမှူကုသိုလ် နှင့် အချိုးညီပါသောကြောင့်
အဆုံးစွန်သောဘ၀ `၌ နိဗ္ဗာန် ကိုမျက်မှောက်ပြုရမည်မှာ ဧကန်မလွဲဖြစ်ပါတော့သည်။

အင်တာနက်စာမျက်နှာများ`၌သာသနာပြုဆရာတော်သံဃာတော်များ ရေးသားထားသည့်ဘာသာရေးစာပေ လူပညာရှိများရေးသားထားသည့်ဘာသာရေးစာပေ အထွေထွေဗဟုသုတတွေဖတ်ပြီး shareခြင်းဖြင့် နိဗ္ဗာန်ဆော်လုပ်ကာနိဗ္ဗာန်မျက်မှောက်ပြုကြရအောင်။။။။။။ဓမ္မစမ်းရေ

vendredi 28 mars 2014

အယောင်ဆောင်ချစ်သူတွေအတွက်


သမ္မာကင်းထ၊ ကျင့်ပါပနှင့်၊ နှုတ်ကဘုရား၊ လက်ကားရားဖြင့်၊ တရားမစောင့်၊ စိတ်မဖြောင့်သား၊ သူကောင့်လက္ခဏာ၊ အပေါ်ဝါလျက်၊ ယုတ်မာစရိုက်၊ မိစ္ဆာလိုက်သည့်၊ ခွေးမိုက်ဗာလ၊ ဓမ္မိကသို့၊ စာရမကောင်း၊ လူ့တစောင်းလည်း၊ မပေါင်းဖြစ်သာ၊ ရှောင်လွဲရာ၏-လို့ မဃဒေ၀လင်္ကာသစ်မှာပြဆိုထားပါတယ်။

လောကလူတွေက နာမည်ကြီးရင် လိုက်တတ်ကြတယ် ဂုဏ်ရှိရင်လိုက်တတ်ကြတယ် ပစ္စည်းရှိရင်လိုက်တတ်ကြတယ်ကိုယ်လိုက်တဲ့သူကသူတော်ကောင်းလားသူယူုတ်မာလား 
 ခေါင်းဆောင်ကောင်းလား ဒါမှမဟုတ်အယောင်ဆောင်ကျီးပေလား မခွဲခြားတတ်ကြတော့ပေ။

အယောင်ဆောင်ခေါင်းဆောင်တွေကိုရှောင်ရှားဖို့ လူမိုက်တွေနဲ့မပေါင်းဖို့ မြတ်ဗုဒ္ဓကတော့ခုလိုလေးဇာတ်တော်လေးနဲ့ တပည့်သားတွေကိုသွန်သင်ခဲ့ပေတယ်။

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်၌ ဘုရားလောင်းသည် တောတွင်းဝယ် ကြွက်မင်းမျိုး၌ ဖြစ်၏။ ခန္ဓာကိုယ်ပမာဏမှာ ၀က်ငယ်ပမာဏ ရှိ၏။ အခြွေအရံကြွက်များမှာ ရာပေါင်းများစွာ ရှိလေသည်။

တနေ့သ၌ မြေခွေးတကောင်သည် အစာရှာစဉ် ဘုရားလောင်းကြွက်နှင့် ကြွက်အပေါင်းကို တွေ့မြင်သွား၏။ ထို့နောက် ကြွက်အပေါင်းကို လှည့်စား၍ ငါစားအံ့-ဟူသောအကြံဖြင့် ကြွက်တို့၏ အနီး၌ နေမင်းသို့မျက်နှာမူကာ ပါးစပ်ကိုဟလျက် ခြေတချောင်းဖြင့်သာ ရပ်နေ၏။

ဘုရားလောင်းကြွက်မင်းသည် မြေခွေးကိုမြင်လျှင် ဤမြေခွေးသည် သီလရှိရာ၏-ဟုကြံ၍ မြေခွေးကို မေးသည်။

အရှင်မြေခွေး၊ အရှင်၏ နာမည်ကား အသို့ပါနည်း။

အို-ကြွက်မင်း ငါ၏နာမည်ကား ဓမ္မိက (တရားကျင့်သူ) မည်၏။

အရှင်သည် အဘယ်ကြောင့် ခြေတချောင်းဖြင့်သာ မြေ၌ ရပ်သနည်း။

ငါ၏ ခြေအားလုံးတို့ကို မြေ၌ထားလျှင် ဤမဟာပထ၀ီမြေကြီးက ဆောင်ထားခြင်းငှါ မစွမ်းနိုင်။

ထို့ကြောင့် ခြေတချောင်းဖြင့်သာ မြေ၌ ရပ်၏။

ပါးစပ်ကို အဘယ့်ကြောင့် ဖွင့်ဟထားသနည်း။

ငါက အခြားအစာကို မစားဘဲ လေကို စား၏ ထို့ကြောင့် ပါးစပ်ကို ဖွင့်ဟထား၏။

အဘယ့်ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်နေသနည်း။

ငါသည် နေမင်းကို ရှိခိုး၏။ ထို့ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်၏။

မြေခွေး၏စကားကိုကြားလျှင် ဘုရားလောင်းသည် မြေခွေးအပေါ်၌ ကြည်ညိုသွား၏။ လေးစားသွား၏။ ထို့နောက် ဘုရားလောင်းသည် အခြွေအရံနှင့်တကွ မြေခွေးထံ နံနက်တကြိမ်၊ ညတကြိမ် ဆည်းကပ်သည်။ မြေခွေးလည်း ကြွက်အပေါင်းတို့ ဆည်းကပ်၍ ပြန်သွားလျှင် နောက်ဆုံးကြွက်ကို ကိုက်သတ်ကာ စား၏။

ကြွက်အပေါင်းလည်း အစ၌ သတိမထားမိသော်လည်း ရက်ပေါင်းအတော်ကြာသော် ကြွက်များ လျော့နည်းခြင်းကို သတိထားမိလာသည်။

ဘုရားလောင်းကြွက်မင်းသည် ကြွက်အပေါင်း လျော့နည်းရခြင်း၏အကြောင်းကို စဉ်းစားလတ်သော် မြေခွေးအပေါ်၌ သံသယဖြစ်ကာ နောက်တနေ့ မြေခွေးကို ဆည်းကပ်၍ပြန်ရာ၌ အခြားကြွက်တို့၏ နောက်ဆုံးမှ ပြန်လာ၏။ မြေခွေးလည်း ထုံးစံအတိုင်း နောက်ဆုံးကြွက်ကို ဖမ်းစားရန် ပြေးလာ၏။

ဘုရားလောင်းကြွက်မင်းသည် မြေခွေးပြေးလာသည်ကို မြင်လျှင်- ဟယ် မြေခွေး၊ သင်၏အကျင့်သည် တရားသဘောအားဖြင့် မဟုတ်၊ စင်စစ်ကား သူတပါးတို့ကို ညှဉ်းဆဲခြင်းငှါ တရားကို တံခွန်ပြု၍ ကျင့်၏-ဟုပြော၍ မြေခွေး၏ မေးအောက်ရှိ ရေမျိုကို ကိုက်ဖောက်လေ၏။

မြေခွေးလည်း ထိုနေရာ၌ပင် သေဆုံးသွား၏။ ထိုအခါမှစ၍ ကြွက်အပေါင်းတို့သည် အန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်ကြရလေ၏။
 
လောကဇာတ်ခုံထဲမှာလဲ မြေခွေးလို ဟန်ဆောင်ထားတဲ့ ခေါင်းဆောင်တွေ အလွန်များစွာ ရှိနေကြသလို ကြွက်အုပ်လို ရိုးသားဖြောင့်မတ် မှန်ကန်တဲ့ ပြည်သူတွေဆိုတာလဲ အလွန်များစွာရှိနေကြတာပါပဲ။

အားလုံးကို သတိပေးချင်တာက ဘယ်လောကထဲမှာပဲဖြစ်ဖြစ် အယောင်ဆောင်ထားတဲ့ မြေခွေးဓမ္မိကလို လူသားမျိုနှင့် ဝေးဝေးရှောင်ရှားနိုင်ကြပါမှ ဒုက္ခစက်ကွင်း ဆင်းရဲတွင်းလွတ်မြောက်နိုင်မှာပါ။

ယခုခေတ်တွင်မူ လူယောင်ဆောင်ထားသော ဘီလူးအစစ်များမရှိ။ သို့ရာတွင် လူဖြစ်လျှက် လူလိုမကျင့်ဘဲ ပညာရှိယောင်ဆောင်နေသော ဘီလူးအတုများသည် လည်းကောင်း။ ကရုဏာ ရှင်ယောင်ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း သူတော်ကောင်းယောင် ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း အခြားသော အယောင်ဆောင် ဘီလူးအတုများသည် လည်းကောင်း များစွာရှိကြပါ၏။ရှောင်ရှားဖို့ အယောင်ဆောင်လားဘာလားဆိုတာသိဖို့ အတုနဲ့အစစ်ခွဲခြားနိုင်ပညာရှိဖို့လိုနေပါပြီ။

ဓမ္မစမ်းရေ....
 

jeudi 27 mars 2014

လောကလူတွေအလယ်

 
လောကလူတွေ မြင့်တဲ့သူကလည်းနိမ့်သူကိုအနိုင်ကျင့်ကြတယ်မခံနိုင်တော့ပြန်ပြောကြပြဿနာတွေဖြစ်ကြ
တကယ်တော့မြင့်သူကလည်းနိမ့်သူကိုလေးစားနိမ့်သူကလည်းမြင့်သူကိုရိုသေနားလည်မှုလေးတွေနဲ့ဘဝ
ကိုဖြတ်သန်းရတာပိုပြီးအဓိပ္ပါယ်ရှိပါတယ်။

ခေါင်းဆောင်နဲ့အာဏာရှင်နဲ့ပါတ်သက်ပြီးငယ်ငယ်ကဖတ်ခဲ့ဖူတဲ့စာသားလေးရှိဖူးတယ်မှတ်မိသလောက်
ရေးကြည့်လိုက်မယ်။

အလုပ်ရှင်က အခွင့်အာဏာကိုအားကိုးတယ်၊ ခေါင်းဆောင်ကစေတနာကိုအားကိုးတယ်။

အလုပ်ရှင်ကအကြောက်တရားနဲ့ ချောက်ခိုင်းတယ် ခေါင်းဆောင်က မေတ္တာတရားနဲ့ဦးဆောင်တယ်။

အလုပ်ရှင်က ငါလို့ပြောတယ် ခေါင်းဆောင်က ငါတို့ လို့ပြောတယ်။

အလုပ်ရှင်ကအလုပ်ပြီးသွားပုံကိုပြတယ်ခေါင်းဆောင်ကအလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပေးတယ်။

အလုပ်ရှင်က ရိုသေလေးစားဖို့ အမိန့်ပေးတယ် ခေါင်းဆောင်က လေးစားထိုက်ရန် စံပြနေထိုင်တယ်။

တကယ်တော့လူတွေကစိတ်အမိုက်ကြောင့်သိပ်မိုက်ကြတယ်စိတ်ကြမ်းတော့လူတွေပါရမ်းတတ်ကြတယ်....
စိတ်ကြမ်းတော့လူတွေပါကြမ်းလာကြတယ်လူတွေကပစ္စည်းအမှိုက်ကိုမကိုင်ချင်အောင်ရွံရှာစွန့်ပစ်ကြတယ်။

စိတ်ထဲမှာရှိနေတဲ့ လောဘ ဒေါသ မောဟ မာန မနာလိုမှု အမှိုက် ကိုတော့ စွန့် မပစ်ကြဘူး.....
သိမ်းထားနေကြတယ်တကယ်တော့စိတ်အမှိုက် ကို ထိပ်တိုက်ရှင်းရမှာ....

စိတ်အမှိုက်ကိုထိပ်တိုက်ရှင်းနိုင်အောင်စိတ်မနော၊စိတ်သတ္တိစိတ်ရဲ့လျှိုဝှက်ချက်တွေကိုသိထားရမှဖြစ်မယ်
ပထမဆုံး ကိုယ့်စိတ်သဘောကို ကိုယ်သိအောင် ကြိုးစား ရမယ်။

ကိုယ်စိတ် ကိုယ်သိ ၊အမှားကိုကြည့်မြင်နိုင်မှ စိတ်အမှိုက်ကို ထိပ်တိုက်ရှင်းနိုင်မှာပါကိုယ် စိတ် ကိုသိ အမှားကြည့်နိုင်မှ လောကကြီး နဲ့ကိုယ်ဟာ စိတ်ထားတွေ အဆင်ပြေလာပါလိမ့် မယ်။

အတွင်းစိတ်က စိတ်မိုက်၊ အပြင်စိတ်က အလိမ္မာ ဒါတွေကိုသေချာ သိလာတဲ့အခါ
စိတ်ကိုနေသားတကျ ထားတတ်လာမှာသေချာပါတယ်...

လူ တစ်ယောက်မှာ စိတ်က အကြီးအမှူး၊ဦးစီးဦးကိုင် ဖြစ်တဲ့ အတွက် မိမိ အလိုရှိတာ လိုလားတာ ချမ်းသာသုခနဲ့တိုးတက်ကြီးပွားမှု့တွေအတွက်ပထမဆုံးလိုတာကစိတ်ကိုနေရာတကျ အသုံးချတတ်ရန် ခြွင်းချက် မရှိ အရေးတကြီးလိုအပ်တာကို သိရှိထားရမှာဖြစ်ပါတယ်။

စိတ်ကိုနေရာတကျမထားတတ်သေးတဲ့သူကဘယ်လို၊ဘယ်နေရာမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး၊
စိတ် မငြိမ် ရင် လူလဲမငြိမ်နိုင်ဘူးမကောင်းမှု အကုသိုလ်များက စိတ်မငြိမ်မှု့ ကြောင့်ဖြစ်ကြတာပါ.....
စိတ်ရှည် သီးခံမှု့ ကတော့ ငြိမ်းချမ်းမှု့ နဲ့ အောင်မြင်မှု့ ပါပဲ။

ဒါကြောင့် ….စိတ်ကြောင့်ပဲ လူတွေချမ်းသာကြတယ်

စိတ်ကြောင့်ပဲ လူတွေဆင်းရဲကြတယ်

စိတ်ကြောင့်ပဲ လူတွေရုပ်လှကြတယ်

စိတ်ကြောင့်ပဲ လူတွေရုပ်ဆိုးကြတယ်

စိတ်ကြောင့်ပဲ လူတွေပညာတတ်ကြတယ်

စိတ်ကြောင့်ပဲလူတွေ ပညာမဲ့ကြတယ်

စိတ်ကြောင့်ပဲလူတွေ လူလိမ်လူကောက်တွေဖြစ်ကြတယ်

စိတ်ကြောင့်ပဲ သူတော်သူကောင်းတွေဖြစ်ကြတယ်။

တကယ်တော့အရာရာစိတ်ပါပဲလား။ မြင့်သူကလည်း မိမိရဲ့စိတ်ကိုထိန်း အနိုင်မကျင့်နဲ့ နိမ့်သူကို နိမ့်သူကလည်းမြင့်သူကိုတရိုတသေဆက်ဆံဘဝဟာပျော်ရွှင်စရာပါ။

ဘဝဆိုတဲ့ဖက်ထဲမှာ

အသားထည့်ရင်တော့

ညှီုနံ့ပဲနံမယ်၊

မွှေးကြိုင်တဲ့ပန်းရနံ့ကိုထည့်ရင်တော့

မွှေးကြိုင်တဲ့ရနံ့ရမယ်။

သင်ဘယ်ရနံ့ကိုကြိုက်လဲ?

သင့်စိတ်ကိုသင်ဘယ်လိုထားပြီးဘဝကိုဆက်လက်တိုက်ပွဲဝင်မလဲ..ဓမ္မစမ်းရေ..
 

ဓမ္မစမ်းရေအတွေးစာစုများ


*အတ္တသမားတွေလည်း သေကြတာပါပဲ

ပရဟိတသမားတွေလည်းသေကြတာပါ

သေတာချင်းတူပေမဲ့

ပရဟိတလုပ်သူကိုတော့ သေမင်းက

အပြီးပိုင်မသတ်နိုင်ပါဘူး။


 *စိတ်ကြောင့်ပဲ လူတွေချမ်းသာကြတယ်

စိတ်ကြောင့်ပဲ လူတွေဆင်းရဲကြတယ်

စိတ်ကြောင့်ပဲ လူတွေရုပ်လှကြတယ်

စိတ်ကြောင့်ပဲ လူတွေရုပ်ဆိုးကြတယ်

စိတ်ကြောင့်ပဲ လူတွေပညာတတ်ကြတယ်

စိတ်ကြောင့်ပဲလူတွေ ပညာမဲ့ကြတယ်

စိတ်ကြောင့်ပဲလူတွေ လူလိမ်လူကောက်တွေဖြစ်ကြတယ်

စိတ်ကြောင့်ပဲ သူတော်သူကောင်းတွေဖြစ်ကြတယ်။

သြော် ...တကယ်တော့အရာရာစိတ်ပါပဲလား။


 *ပန်းရဲ့တန်ဖိုးဟာ သူရဲ့အလှ သူ့ရဲ့ရနံ့ကြောင့် သူတန်းဖိုးရှိတာ

လူရဲ့တန်ဖိုးဟာလည်း ကောင်းမြတ်တဲ့ စေတနာ မေတ္တာ

ရိုးသားတဲ့ကိုယ်ကျင့်သီလကြောင့် တန်ဖိုးရှိတာဆိုတာသိဖို့လိုတယ်။


 *ဘဝဆိုတဲ့ဖက်ထဲမှာ

အသားထည့်ရင်တော့

ညှီုနံ့ပဲနံမယ်၊

မွှေးကြိုင်တဲ့ပန်းရနံ့ကိုထည့်ရင်တော့

မွှေးကြိုင်တဲ့ရနံ့ရမယ်။

သင်ဘယ်ရနံ့ကိုကြိုက်လဲ?...ဓမ္မစမ်းရေ..

lundi 24 mars 2014

ဘာသာခြားကျွတ်တမ်းဝင်နိုင်ပါသလား?



ဒီနေ့ကျောင်းသင်တန်းကအပြန် ကျောင်းစာမကြည့်ပဲ ဇာတ်တော်လေးတခုတွေ့တယ် မာဂဏ္ဍီတို့မိသားစုအကြောင်း ပစ္စည်းကလည်းရှိ ပညာကလည်းတတ် မာန်မာနကလည်းရှိ ဘာသာခြားကလည်းဖြစ်ပြန် ဇာတ်တော်မဆုံးခင်တော့စာရေးသူတွေးမိတယ် ဒီမိသားစုသနားစရာပဲလို့။

ဇာတ်တော်ဆုံးအောင်ဖတ်ကြည့်တော့သူတို့လင်မယားနှစ်ယောက်ကပါရမီဓာတ်ခံကောင်းသူတွေဖြစ်နေ
တာတွေ့ရတယ်..ဒါနဲ့စာရေးသူအတွေးလေးဝင်မိတယ်အရင်ဘဝကပါရမီဓာတ်ခံကအားကောင်းရင် ဘာသာခြားဖြစ်ရင်တောင်ဆရာကောင်းသမားကောင်းနဲ့တွေ့ရင် သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တာပဲလို့။

ကဲဇာတ်တော်လေးလေ့လာကြည့်ပါအုံး…ဘုရားလက်တော်က ဝေဒကျမ်းကို တစ်ဘက်ကမ်းခတ် တတ်မြောက်ထားတဲ့ `မာဂဏ္ဍီ´ဆိုတဲ့ ပုဏ္ဏားကြီးတစ်ယောက်ရှိတယ်။ သူ့ဇနီးနာမည်ကလည်း `မာဂဏ္ဍီ´ သူ့သ္မီးနာမည်ကလည်း `မာဂဏ္ဍီ´လို့ မှည့်ထားကြပါတယ်။ သုံးဦးစလုံး မာဂဏ္ဍီပေါ့။(ရတနာသုံးပါးကို မယုံကြည်တဲ့ ဘာသာခြားတွေနော်)

သူ့သမီးက နတ်သမီးတစ်မျှကို လှပပါတယ်တဲ့။ ဒီတော့ ပုဏ္ဏားကြီးရဲ့ သမီးကို မင်းသားတွေ ဘုရင်တွေ သူဌေးတွေက လာပြီးတောင်းရမ်းကြတယ်ပေါ့။ ဒီလိုလာတောင်းတိုင်း ``သင်တို့နဲ့ငါ့သမီး မထိုက်တန်ဘူး ငါ့သမီးက စင်္ကြာဝတေးမင်းများနဲ့သာ ထိုက်တန်တယ်´´လို့ ပြောပြောလွှတ်လိုက်တယ်။

တစ်နေ့တော့ ပုဏ္ဏားကြီးဟာ ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကိုမြင်ပြီးတော့ ``ဒီကိုယ်တော်လေးကမှ ငါ့သမီးနဲ့ထိုက်တန်တယ်၊ ဒီကိုယ်တော်လေးမယားကလည်း ငါ့သမိးပဲဖြစ်ထိုက်တယ်လို့´´တွေးပြီး ရဟန်း..ခဏစောင့်ပါဦး ငါ့သမီးကို ပြန်ခေါ်လိုက်ပါဦးမယ်လို့ ပြောပြီး အိမ်ပြန်သမီးကိုခေါ်တယ်။ သူ့မိန်းမကိုလည်း `သမီးနဲ့ထိုက်တန်တဲ့ သတိုးသားတွေ့ခဲ့ပြီ ရှင်မသမီးကို တန်ဆာမြန်မြန်ဆင်လိုက်ပါ´ လို့ပြောပြီး သားအဖသုံးယောက် ဘုရားရှင်ဆီလာခဲ့ကြတယ်။ သူတို့ရောက်တော့ ဘုရားရှင်က အဲဒီနားမှာ မတွေ့ရတော့ဘူး။

ပုဏ္ဏားကြီးက တော်တော်စိတ်ဆိုးသွားတယ် သူ့မိန်းမကို။ ``ရှင်မ..လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ နှေးတုံ့နှေးတုံ့နဲ့ ရဟန်းကမစောင့်နိုင်လို့ ထွက်သွားခဲ့ပြီလို့ ဗျစ်ဗျစ်တောက်တောက်ပြောရင် ဟိုဟိုသည်သည်ကြည့်မိတော့ ဘုရားရှင်ရဲ့ ခြေတော်ရာကိုတွေ့တာနဲ့ ခြေရာအတိုင်းလိုက်သွားကြတယ်။

ဘုရားရှင်နဲ့တွေ့တော့ ``ရဟန်း လူထွက်လိုက်ပါတော့ သင်သာလူ့ဝတ်နဲ့နေရင် စင်္ကြာဝတေးမင်းဖြစ်မဲ့ ရုပ်လက္ခဏာအင်္ဂါနဲ့ ပြည့်စုံနေပါတယ်။ ငါ့သမီးကလည်း စင်္ကြာဝတေးမင်းတို့အားသာ ထိုက်တန်တဲ့ မိန်းမမြတ်ပါ။ ရဟန်းလူထွက်ပြီး ငါ့သမီးကို ယူပါ´´လို့ ပွင့်ပွင့်လင်းလင်း ထည့်ထိုးကြီးလျှောက်လိုက်တယ်။

ပုဏ္ဏား..မာရ်နတ်ရဲ့ သမီးသုံးယောက်ကိုတောင် လားလားမျှ စိတ်မ၀င်စားခဲ့တဲ့ငါက `ကျင်ကြီး ကျင်ငယ် မစင်ပုပ်တွေနဲ့ ပြည့်နေတဲ့ သင့်သမီးကို ခြေဖျားနဲ့တောင် မထိချင်ဘူး´´လို့ ပြောလိုက်တယ်။

ဒီစကားရဲ့အဆုံးမှာ `ပုဏ္ဏားဇနီးမောင်နှံဟာ အနာဂါမ်ဖြစ်သွားခဲ့ကြတယ်´၊ သမီးဖြစ်သူကတော့`မယူချင်ရင်လည်း မယူချင်ဘူး အေးဆေးပြောပေါ့၊ အခုတော့ ငါ့ကိုချိုးချိုးဖဲ့ဖဲ့နဲ့ပြောတယ်၊ ငါအထွတ်အထိပ်ရောက်ရင် ငါ့အကြောင်းကို သိစေရမယ်´လို့ ဘုရားအပေါ်ကို ရန်ငြိုးဖွဲ့ခဲ့တယ်။

ဒီလိုမပြောရင်လည်း ပုဏ္ဏားဇနီးမောင်နှံ အနာဂါမ်မတည်နိုင်ဘူးဆိုတာသိလို့ သမီးဖြစ်သူက ရန်ငြိုးဖွဲမယ်ဆိုတာ သိသိကြီးနဲ့ကို တမင်ပြောခဲ့တာဖြစ်တယ်။

ဒီစကားလေးဆုံးတာနဲ့ အနာဂါမ်ဖြစ်တယ်ဆိုတာက ရှေးရှေးဘ၀တွေက အနာဂါမ်ဖြစ်မဲ့သူတစ်ယောက်တွက် လိုအပ်တဲ့ ပါရမီအဆောက်အဦးတွေကို အပြည့်အ၀ ဖြည့်ကျင့်ခဲ့လို့ ဒီဘ၀မှာ တရားအနည်းငယ်မျှ နားကြားရုံနဲ့ အနာဂါမ်ဖြစ်သွားခဲ့တာဖြစ်တယ်။

ဘုရားရှင်ကဒီလိုပြောပြလိုက်တော့ ``အော်..သူပြောတာ ဟုတ်ပါလား။ ဒီရုပ်တရားကြီးဆိုတာ မစင်မကြယ်ရွံဖွယ်တွေနဲ့ ပြည့်နေတာပါလားလို့ သတိဝင်သွားပြီးတော့ ကြားလျှင်ကြားချင်း တဆက်တည်း ၀ိပဿနာပွားများလိုက်တာ တစ်ခဏချင်း အနာဂါမ်ဖြစ်သွားခဲ့တယ်။ ဘုရားစကားကြောင့် တစ်ခါတည်းကြားလိုက်ရုံနဲ့ အနာဂါမ်ဖြစ်သွားတာ မဟုတ်ပါဘူး။

ဘုရားစကားကိုကြားပြီးတော့ သတိကပ်ပြီး ၀ိပဿနာရှု့လိုက်တော့ တစ်ခဏချင်းနဲ့ အနာဂါမ်ဖြစ်သွားခဲ့တာပါ။ အနာဂါမ်ဖြစ်တာက မြန်မြန်လွန်းလို့ ကြားကြားချင်း ၀ိပဿနာမရှု့ပဲနဲ့ အနာဂါမ်ဖြစ်တယ်လို့ ထင်ရပေမဲ့ အမှန်က မဟုတ်ပါဘူး။ ၀ိပဿနာရှု့ပြီးမှ ဖြစ်သွားတာပါ။

ဒီနေရာမှာ စကားစပ်လို့ပြောလိုက်ဦးမယ်။ ပါရမီမလိုပဲ ၀ီရိယသန်သန်နဲ့အားထုတ်ရင် တစ်မဂ်တစ်ဖိုလ်ရတယ်ဆိုတာ ရူးနေတဲ့သူ စာပေကျမ်းဂန်ကို နှံ့နှံ့စပ်စပ် မဖတ်ဘူးတဲ့သူ ကျမ်းဂန်ရဲ့ဆိုလိုရင်းကို အတိအကျမယူတတ်သူများ ပြောတဲ့စကားသာဖြစ်တယ်။

ပါရမီဖြည့်မထားရင် သေအောင်အားထုတ်လည်း တစ်မဂ်တစ်ဖိုလ် မရနိုင်ပါဘူး။ လယ်တီဆရာတော်ကြီး စကားနဲ့ပြောရရင် ပါရမီမဖြည့်ပဲ တစ်မဂ်တစ်ဖိုလ်ရချင်သူများဟာ ``ဖွဲတစ်ဆုပ်နဲ့ စင်္ကြာဝတေးမင်းရဲ့ လိုတရပတ္တမြားကြီးကို ၀ယ်ဖို့ကြိုးစားတဲ့ အရူးနဲ့ အတူတူပါပဲ´´

သောတာပန်တွေ ရတနာသုံးအပါးအပေါ်ကို မတုန်မလှုယုံကြတယ်ဆိုတာ သောတာပန်ဖြစ်သွားပြီးမှ ဖြစ်လာကြတဲ့ ယုံကြည်မှုပါ။ ဒါကြောင့်မို့ နောက်ဆုံးအနှစ်ချုပ်ပြောချင်တာကတော့---

လက်ရှိပစ္စက္ခဘ၀မှာ ရတနာသုံးပါးကို မယုံကြည်တဲ့ ဘာသာခြားဖြစ်နေရင်တောင်

(၁)သူဟာ ပြီးခဲ့တဲ့ဘ၀တွေ တုန်းက သောတာပန်တစ်ယောက်အတွက် လိုအပ်တဲ့ပါရမီကို အလုံအလောက်ဖြည့်ကျင့်ထားခဲ့မယ်ဆိုရင်။

(၂) သူဟာ သောတာပန်ဖြစ်ကြောင်းတရားကို သူတစ်ပါးထံက ကြားနာခွင့်ရခဲ့မယ်ဆိုရင်။

(၃) ခန္ဒာရဲ့အဖြစ်အပျက်မြင်နိုင်တဲ့ ဥာဏ်နဲ့ ပြည့်စုံနေမယ်ဆိုရင်။

(၄) လက်ရှိဘဝမှာ ဆရာကောင်းသမားကောင်းနဲ့တွေ့မယ်ဆိုရင် အဲဒီသူဟာသောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေတွေ့ရတယ်။

ဘာသာခြားမဟုတ်တဲ့တို့ဗုဒ္ဓဘာသာတွေအတွက်ဆိုရင် ဘယ်မှာဆိုဖွယ်ရာရှိမလဲ ကြိုးစားပြီး လိုချင်မှုတွေဖြတ် တွေဝေမှုတွေဖြတ် မလိုမုန်းတီးမှုတွေဖြတ်လိုက်မယ်ဆိုရင် သေချာပါတယ် လက်ရှိဘဝတွင်ကောင်းမွန်သောဘဝတခုရနိုင်တာ….ဓမ္မစမ်းရေ..

samedi 22 mars 2014

ဒီလိုလေးဆုတောင်းစေချင်တယ်



တစ်နှစ်ကုန်ပြန်
ငါ့ရုပ်နာမ်
သေရန်တစ်ရက်
နီးလာပြီ။

အသက်တစ်နှစ်
ငါကြီးရင့်
ဖြစ်ပျက်ရုပ်နာမ်
တွေ့ရပြန်
အမှန်သတိရှိရမည်။

ထိုနေ့ကစ
ဘ၀ခရီး ပင်လယ်ကြီးမှာ
ရှာမှီးသမျှ အဝဝ
လှူဒါန်း ဝေငှကြရမည်။

ထိုနေ့ကစ
ဘ၀ခရီး ပင်လယ်ကြီးမှာ
ဖြူစင်သီလ အဝဝ
စောင့်ကာထိန်းပါမည်။

ထိုနေ့ကစ
ဘ၀ခရီး ပင်လယ်ကြီးမှာ
လိုချင်လောဘ ဒေါသအဟုန်
မောဟကုန်အောင်
ဆင်ခြင်ပွားများ တရားနှင့်သာ
နေရပါအံ့။။။ဓမ္မစမ်းရေ..

vendredi 21 mars 2014

သင်ကြည်ညိုတဲ့စိတ်ရှိပါစေ

ကြည်ညိုတယ်ဆိုတာ ရဟန်းသံဃာကိုချည်းပြောတာမဟုတ်ဘူး တခြားသီလရှိသူကိုယ်ကျင့်တရားကောင်းသူကိုလည်း မိမိရဲ့အားကောင်းတဲ့အကြည့် အားကောင်းတဲ့အမြင်လေး သန့်စင်စွာထားမယ်ဆိုရင် မိမိရောတပါးသူပါ ပီတိဖြစ်စရာ ဝမ်းမြောက်စရာပင်ဖြစ်ပါတယ်

မိမိရဲ့စိတ်ကိုက အကောင်းမမြင်တတ်ဘူးဆိုရင်တော့ တွေ့တဲ့လူတိုင်းကိုသင် မနာလိုမှုတွေအမြဲစိတ်ထဲမှာကိန်းနေတတ်ပါတယ် အဲဒီမနာလိုမှုတွေဖြစ်နေသမျှတော့ မိမိအရင် ပူလောင်နေရတယ်ဆိုတာသတိထားကြည့်ပါ။

မိမိရဲ့မနာလိုမှုကသီလမရှိတဲ့သူဆိုရင်တော့တော်သေးတယ်သီလရှိသူကိုသွားပြီးမနာလိုမှုဖြစ်မိရင်တော့
အခက်ကြီးခက်တတ်ပါတယ်ကြည်ညိုသောစိတ်ထားဖြင့်တပါးသူသီလရှိသူကောသီလမရှိသူကိုကော
စင်ကြယ်တဲ့အမြင်သန့်စင်တဲ့အမြင်နဲ့ကြည့်တတ်ဖို့မြတ်ဘုရားအမြဲမိန့်ခဲ့ပါတယ်။

အင်္ဂုတ္တိုရ်၊ ကုလသုတ်၌ မြတ်စွာဘုရားက - ချစ်သားတို့ သီလရှိသောရဟန်း လူ ချဉ်းကပ်သော အိမ်၌လူတို့သည် အကျိုးငါးပါးရ၏ဟုမိန့်ခဲ့ပါတယ်။

၁။လူတို့သည် ဖူးမြင်ရသောအခါ စိတ်ကြည်လင်၍ နတ်ရွာ သုဂတိရောက်ကြောင်း အကျင့်ကိုကျင့်သည်မည်၏။

၂။လူတို့သည် ခရီးဦးကြိုဆိုကြ နေရာထိုင်ခင်း ပေးကြကာ ရှိခိုးရသဖြင့် ထိုအိမ်သည်မြင့်မြတ်သောအမျီုး၌ ဖြစ်စေသောအကျင့်ကိုကျင့်သည်မည်၏။

၃။လူတို့သည် ၀န်တိုမူ့အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းဖြစ်စေသော အကျင့်ကိုကျင့် ကိုကျင့်သည်မည်၏။

၎။လူတို့သည် အစွမ်းရှိသလောက် လျှဒါန်းရသဖြင့် ထိုအိမ်သည် ပစ္စည်းပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်၏။

၅။လူတို့သည် ပုစ္ဆာမေးကြ၊ ပြဿနာမေးကြ တရားနာကြားရသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေ၏။

မင်္ဂလသုတ်မှာလည်း- သမဏာနဉ္စဒဿနံ- ရဟန်းတော်တို့ကိုဖူးမြင်ရခြင်း ပဏ္ဍိတာနဉ္စသေဝနာ-ပညာရှိကိုချဉ်းကပ်ခြင်းဟာ မင်္ဂလာတပါးအဖြစ် ဟောတော် မူ၏။

အများစိတ်ဝင်စားအောင်လည်း သာဓကဆောင်ရပေအုံးမည်…
ရှေးသရောအခါ အလ္လကပ္ပ အမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတမျိုး ဖြစ်ပွားသည်။ ဆေးကု၍မရ၊ လူအများ သေကျေပျက်စီးကြသည်။ ယောင်္ကျားတယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို ခေါ်ယူကာ အခြားတိုင်း တတိုင်းသို့ ထွက်ပြေးသွားသည်။

လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတခုသို့ ရောက်သွား ကြသည်။ နွားကျောင်းသားသည် သူတို့ ၃-ယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ ထို့ကြောင့် ကောင်းစွာ လက်ခံကျွေးမွေးသည်။

ယောက်ျားဖြစ်သူသည် အလွန်ဆာလောင် မွတ်သိပ်လှသဖြင့် အလွန်အကျူး စားသောက်သည်။ ဤတွင်အစာမကြေရောဂါရကာ ထိုညလွန်သောအခါ သေဆုံး သွားလေသည်။ သူသည် သေခါနီးဝယ် စိတ်စွဲလမ်းသဖြင့် နွားကျောင်းသားတဲရှိ ခွေးမ၏၀မ်း၌ ပဋိသန္ဓေ ယူလေသည်။

ခွေးမသည် လစေ့သော် သားငယ်ကို ဖွား၏။ နွားကျောင်းသားသည် ထိုခွေးငယ်ကိုချစ်ခင်သဖြင့် အစာကောင်းစွာ ကျွေးသည်။ မိမိသွားလေရာသို့ အတူခေါ် ဆောင်သွားလေ့ရှိသည်။

တနေ့သ၌ပစ္စေကဗုဒ္ဓါအရှင်မြတ်တပါးသည် နွားကျောင်းသားထံဆွမ်းခံကြွရောက်လာသည်။
 နွားကျောင်းသားသည် ဆွမ်းကပ်လှူသည်။ ကြည်ညိုလှသဖြင့် မနီးမဝေးတွင် တ၀ါတွင်း သီတင်းသုံးတော်မူပါရန် တောင်းပန်သည်။

ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူ လှူဒါန်းလိုပါကြောင်း လျှောက်ထားသည်။ အရှင်မြတ်လည်း လက်ခံတော်မူသည်။ တဲနှင့် မနီးမဝေး တောအုပ်တခု၌ သီတင်းသုံးနေထိုင်တော်မူသည်။

နွားကျောင်းသားသည် အရှင်မြတ်ထံသို့ သွားလျှင် ခွေးငယ်ကို ခေါ်ဆောင်သွားတတ်သည်။
ခွေးငယ်သည် လိမ္မာလှသည်။ လမ်းကို ကောင်းစွာသိနေသည်။

တနေ့သ၌ နွားကျောင်းသားသည် အရှင်မြတ်အား-မိမိမအားလပ်သောအခါ မိမိကိုယ်စား ခွေးငယ်အား လွှတ်လိုက်ပါမည်။ ခွေးငယ်ရောက်လာချိန်တွင် မိမိအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်ပါမည့်အကြောင်း ပန်ကြားလျှောက်ထားသည်။

ဤသို့ မှာထားသည့်အတိုင်းလည်း မိမိမအားလပ်သောနေ့များတွင်- ချစ်သား၊ အရှင်မြတ်ကို သွားရောက် ပင့်ဆောင်လော့-ဟု ဆိုလေသည်။ ခွေးလိမ္မာကလည်း သွားရောက်ပြီးလျှင် အရှင်မြတ်၏ ခြေရင်း၌ ၀ပ်တွား နေသည်။

အရှင်မြတ်လည်း ဆွမ်းပင့်ရောက်လာလေသည်ဟု သိရှိတော်မူကာ ဆွမ်းခံကြွတော်မူသည်။ အရှင်မြတ်သည် နွားကျောင်းသားတဲဝယ် ဆွမ်းဘုဉ်းပေးတော်မူသောအခါ ဆွမ်းကျန်အချို့ကို ခွေးလိမ္မာအား ပေးကမ်းကျွေးမွေး တတ်သည်။

ခွေးလိမ္မာလည်း အရှင်မြတ်ကို အလွန်ပင်ချစ်ခင်မြတ်နိုးလေသည်။ ၀ါကျွတ် သောအခါ အရှင်မြတ်က နွားကျောင်းသားအား အချိန်စေ့ပြီဖြစ်သဖြင့် အရပ်တပါးသို့ မိမိကြွသွားတော်မူမည် ဖြစ်ကြောင်း မိန့်တော်မူကာ ကြွသွားတော်မူသည်။

ခွေးလိမ္မာသည် အရှင်မြတ် အပြီးတိုင် ကြွသွားတော်မူသည်ကို သိသောအခါ လွမ်းဆွတ်၍ နှလုံးကွဲကာ သေဆုံးသွားရှာလေသည်။

ထို့နောက် အရှင်မြတ်ကို ဖူးမြင်ရသော ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်လေသည်။ ထိုနတ်သားသည် ခွေးလိမ္မာဖြစ်စဉ်က အရှင်မြတ် ဘေးရန်ကင်းအောင် သားရဲများအား ကျယ်လောင်စွာ ဟိန်းဟောင်ပေးခဲ့ဖူးသည်။

ထိုကုသိုလ်ကံအကျိုးကြောင့် အလွန်အသံအောင်သည်။ ထိုနတ်သား၏ အသံသည် နတ်ပြည်အလုံးကို လွှမ်းဖုံးသွားတတ်သည်။ ထို့ကြောင့် ထိုနတ်သားသည် ဃောသက-အောင်မြင်သော အသံရှိသော နတ်သားဟူသောအမည်ကို ရရှိလေသည်။ ထိုဇာတ်တော်ကိုမြတ်စွာဘုရားရှင်သည် ဃောသက ၀တ္ထု၌ ဟောကြားထားပါသည်။

အသိပညာမကြွယ်ဝသော အဟိတ်တိရိစ္ဆာန်တောင် ရဟန်းတော်တို့အပေါ်၌ ကြည်ညိုသော စိတ်ပညာရှိသူတော်ကောင်းကိုချဉ်းကပ်ခစားသောသူရဲ့စိတ်ထားကြောင့် သုဂတိဘုံ-ချမ်းသာသုခနှင့်ပြည့်စုံသော ဘုံဘ၀သို့ရောက်ရှိသေးရာ အသိဥာဏ် ဗဟုသုတနှင့်ပြည့်စုံသော လူပုဂ္ဂိုလ်တို့မှာ ပြောဆိုဖွယ်ရာမရှိပါပေ။

မိမိရဲ့စိတ်ထားကိုအသန့်စင်ဆုံးပြုပြင် မပြုပြင်ရင်တော့ ဘယ်လောက်ပဲကြည်ညိုဖွယ်ရှိတဲ့သူကိုမြင်မြင် မိမိရဲ့စိတ်ကမဖြူစင်မသန့်ရှင်းတဲ့အတွက်ကြောင့် အကုသိုလ်ဖြစ်နေမှာတော့အသေချာပါပဲ။

မိမိရဲ့စိတ်က နိမ့်ကျတဲ့မျက်လုံးနဲ့ကြည့်ရင် တပါးသူနိမ့်ကျနေလိမ့်မယ်၊
မိမိရဲ့စိတ်က မြင့်မြတ်တဲ့မျက်လုံးနဲ့ကြည့်ရင် တပါးသူ မြင့်မြတ်နေလိမ့်မယ်၊
အရာရာသင့်ရဲ့စိတ်ပေါ်မှမူတည်ပါတယ်..သင်ဘာနဲ့ကြည့်မလဲ တပါးသူအပေါ်ကိုကြည်ညိုတဲ့စိတ်နဲ့ကြည်လိုက်စမ်းပါ။

ဓမ္မစမ်းရေ...

mardi 18 mars 2014

မြန်မာလူမျိုးတွေဒါတွေသိလား

စာပေဖတ်ရင်းတွေလို့ မျှဝေလိုက်ပါတယ် သိသင့်တယ်ထင်လို့ မြန်မာတွေရဲ့လ(၁၂)လ ဖြစ်ပေါ်လာပုံလေး။

တန်ခူး...
********
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန် မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကဆုန်...
*******
ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

နယုန်...
*******
နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

ဝါဆို...
******
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

ဝါခေါင်... ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာကလယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိုလိုတာပဲ။မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လမို့လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။

တော်သလင်း...
************
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာတာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေဥပုသ်သီလဆောက်တည်မှုအထွတ်အထိပ်ဆုံးရောက်တဲ့အချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

သီတင်းကျွတ်...
**************
ဥပုသ်သီတင်းဆောက်တည်မှု၊ရဟန်းသံဃာတွေကိုယ့်ကျောင်းမှာတင် တရားအားထုတ်မှုစတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့ သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။

တန်ဆောင်မုန်း...
*************
ရှေးတုန်းကတန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုးမီးပန်းတွေနဲ့ချယ်မှုန်းထားလောက် အောင်လင်းလက်တဲ့လပေါ့။မီးပုံးပျံတွေ စေလွှတ်ကြ၊မီးရှုးမီးပန်းတွေပစ် ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာအပြည့်ဆုံးလတဲ့ လေ။ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေ ဆေးပေါင်းခတဲ့ညလို့ တောင် ဆိုကြတယ်။

နတ်တော်...
***********
နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။ လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

ပြာသို...
******
ပ္လါသို ကလာတာတဲ့။ ပ္လါက ပျားဖယောင်းကိုပြောတာ။ သိုက သိုလှောင်ခြင်းပေါ့။ပျားဖယောင်းတွေအများဆုံးစုဆောင်းလို့ရတဲ့လပေါ့။

တပို့တွဲ...
*******
ထန်းဖူးထန်းခိုင်ထန်းပိုတွဲကျတဲ့လမို့ထန်းပို့တွဲကနေတပို့တွဲဖြစ်လာတာပဲ။

တပေါင်း...
********
ထန်းရည်တွေလှိုင်လှိုင်ထွက်ပြီးထန်းရည်တွေကိုစုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။

ဓမ္မစမ်းရေ....

မူရင်း - သတင်းစုံလင်ဖေ့ဘုတ်တစ်ခွင်

lundi 17 mars 2014

လတပေါင်း
**************
တပေါင်းရယ်တဲ့ မိန်ရာသီ၊

ရွက်ဟောင်းကို လေနှင်လို့၊

ရွက်သစ်တွေ အလှည့်ကျပြန်ပေါ့

ရနံ့တွေစုံညီစွာနဲ့

သင်းပျံ့ခဲ့ပြီ။

ဆောင်းနှင်းဖြူ ပတ္တမြားရောင်ကိုလ

လေပြေတွေခေါ်ဆောင်သွားသမို့

မလိုက်ချင်လည်း လိုက်ခဲ့ရပြီ။

အာကာတခွင်မှာ

တူအညီ သော်တာပြည့်ပါလို့၊

မျှော်ကြည့်သူ စိတ်ကြည်သာ၍၊

ဒီအခါ ငွေတောင်ဦးမှာလ၊

သဘင်တွေနွှဲကာထူလို့၊

မြူးလို့ပျော်စမ်း။ဓမ္မစမ်းရေ..
နွေရဲ့တပေါင်း
***********
ရွက်နုကဝေ
လေပြေတွေဆော့ကာမြူးလို့
မြူနှင်းတွေ လွမ်းစေခဲ့ပေါ့။

သောင်းပြောင်းရဲ့ထွေလာ
ဆူညံကာလက်ပံတောမှာဖြင့်
ဆက်ရက်သံနှော။

တောရိပ်ခိုကာနားပြန်တော့
စိမ်းနုညို ရွက်စိုတွေက
မြင်တိုင်းတင့်သမို့
လေလွင့်ရာ မြေလွှာယိမ်းပါတဲ့
ဆောင်းသိမ်းတဲ့ ဒီအချိန်။

နေထိန်ထိန်
အရှိန်ဒဏ်ကပြင်း
သရက်ကင်း ဖူးတံချီလို့
တအီအီ ဟိုတောင်ရိုးစီက
ဥသြငယ်တွန်သံညောင်းပါတဲ့
ဆောင်းဟေမာန် ဂိမာန်ပြောင်းတယ်
နွေရဲ့ တပေါင်း။

ဓမ္မစမ်းရေ...

samedi 15 mars 2014

ဘုန်းကံဘာကြောင့်နိမ့်သလဲ?

လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ ဘုန်းကံဟူသော စကားကို ကြားသိခဲ့ရဖူးမှာပါ၊ ဘုန်း နှင့် ကံ သည်အတူတူပင်ဖြစ်ပါသလားဘုရား၊ဘုန်းကံနိမ့်ခြင်း မြင့်ခြင်းဟူ၍ ရှိပါသလားဆိုသောအတွေးတွေရှိတတ်ပါတယ်။

တံတားအောက် ကြိုးတန်းအောက် ညစ်ညမ်းနိမ့်ပါးသည့် အောက်သို့ ၀င်ခြင်းတို့ကြောင့် ဘုန်းနိမ့်တတ်သည်ဆိုသည်မှာလည်း ဆိုသောအတွေးများလည်းတွေးတတ်ပါတယ်။

ကဲအရင်ဘုန်းကံကိုပြောကြည့်ကြမယ်..မြန်မာလို ဘုန်းကံ-ဟူ၍ တွဲခေါ်သည့်အားလျော်စွာ ပါဠိဘာသာအားဖြင့် ပုညကမ္မ-ဖြစ်၍ ပြုလုပ်သော ကုသိုလ်ကောင်းမှု-ကိုပင် ဘုန်းကံ-ဟု ခေါ်ပါသည်။

ရှေးပညာရှိတွေက ကုသိုလ်ပုန်းကံ သင့်ဆီပြန်သော် မကြံလည်းပြီး ကြံလည်းပြီး၏တဲ့ အဆိုရှိခဲ့ကြတယ် ဒါကြောင့်ဘုန်းကံဆိုတာပုညသဒ္ဒါကလာတာသေချာပါတယ်။

နောက် သတ္တာနံ ခန္ဓသန္တာနံပုဏာတိ သောဓေတီတိ ပုဏံ-ဟု ပရိတ်ဋီကာက ဆိုထားပြန်ပါသည်၊
သတ္တ၀ါတို့၏ခန္ဓာအစဉ်ကိုသုတ်သင်တတ်၍ပုဏ၊ပုညဟုဆိုသဖြင့်ပုညဟု ခေါ်ဆိုသော 
 ကောင်းမှုကုသိုလ်ကံသည် အကျိုးပေး၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပေါ်နေခြင်းကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီးသည်ဟု အဆိုပြုကြတာ။

တနေ့က စာရေးသူကိုဆေးရုံကိစ္စ အားလုံးကိုလိုက်လံကူညီပေးခဲ့တဲ့ဗုဒ္ဓဘာသာဆရာမအိမ်သို့သွားသည့်အခါ သူတို့အိမ်ရှေ့မှာအဝတ်လှမ်းတဲ့ကြိုးအောက်ကသွားခဲ့ရတယ် ပြောချင်သော်လည်းပြောခွင့်မကြုံခဲ့ပေ
 နောက်နေ့ တူတူသွားတဲ့သူငယ်ချင်းတပါးခွေးကိုက်ခံရတယ် သူတွေးတယ် မနေ့က ကြိုးတန်းအောက်ဝင်မိလို့တဲ့။

သူပြောချင်တာကကြိုးတန်းအောက်ကဝင်လို့သာဘုန်းနိမ့်ပြီးခွေးကိုက်ခံရသည်ဆိုသည့်သဘော
တကယ်တော့ ဘုန်းကံသည် မိမိပြုလုပ်သောကုသိုလ် အကျိုးပေးခြင်းသာ ဖြစ်၍ လမ်း တံတားအောက် ၀င်ခြင်း၊ အိမ်အောက်ထပ်မှာ နေခြင်း၊ မြေအောက်မြေတွင်းမှ ရေစသည်တို့ကို သုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်း ဖြစ်နိုင်စရာ မရှိပါ။

သို့သော် ကုသိုလ်ကံ ပုည-သည် အကျိုးပေးရာ မျက်မှောက်ကောင်းမှု မကောင်းမှုများ၌လည်း အနည်းအများ အမှီပြုသေးသဖြင့် ရှေးကုသိုလ်ကံကောင်း၍ အကျိုးပေးချင်သော်လည်း မိမိက မကောင်းမှု ဒုစရိုက်များကိုသာ ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည်မဟုတ်ပါ၊

ထိုအရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်၊ ယခုခေတ် လမ်းများအထက်၌ တံတားများရှိ၍ ထိုလမ်းများ၌ သွားလာ၍ ဘုန်းနိမ့်ကြရမည်ဆိုလျှင် အိမ်မှ ဘယ်မျှမထွက်ဘဲ နေရတော့မလို ဖြစ်နေပါသည်၊ ထိုအယူစွဲကို ဖျောက်ပယ်ဖို့လိုပါတယ်။

ဆရာတော်ဦးဇနကာဘိဝံသမိန်ခဲ့ဘူးတဲ့စကားလေးကိုသတိရမိတယ် ဘာတဲ့…

ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့်

ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊

စင်စစ်တော့

ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း

ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး

မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊တဲ့ သိပ်ကောင်းပါတယ်

ဒါကြောင့်ဘာကြောင့်ဘုန်းနိမ့်တာလဲ ကိုယ့်ဘာသာကိုဆုံးဖြတ်ပေတော့….ဓမ္မစမ်းရေ..
မြတ်ဘုရားနဲ့ တပေါင်းလ
***********************

တပေါင်းလသည်ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့်
ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို
ရေးဖွဲကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။
သဲပုံစေတီပွဲတော်သည် ပုဂံခေတ်မတိုင်မီကပင်
ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီ
ပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။

တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့
ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင်
တပေါင်းလပွဲတော်ဟု ခေါ်ကြသည်။

တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေး
တွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်
ဝေဠုန်ဝန်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ
ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။

ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ
သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်
တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေ
အရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်
ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။

မင်းကြီးလည်း နောက်ထပ်၍
အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင်
စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော
ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း
ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်း
ပြုပြန်သည်။

သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလ
အချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်း
အလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်
အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရား
ရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့
ကြွတော်မူခဲ့သည်။

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့်
နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀၀၀-ဖြင့်
တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်
မူခဲ့သည်။ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလ
ဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါ
အရဟတ္တဖိုလ် တည်သွားသည်။

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟော
တော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း
ဘုရားဟောောတ်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။

သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီဝင်
မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့
ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့်
ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်း
သောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌
ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊
ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော
မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

မမေ့မပျောက်စေဖို့ ယဉ်ကျေးမှုအမွေအနှစ်တွေမတိမ်ကောစေဖို့ လူငယ်တွေအနာဂါတ်အမျိုးကောင်းသားတွေသိဖို့လိုအပ်မည်ထင်ပါတယ်။ဓမ္မစမ်းရေ..

mercredi 12 mars 2014

ဘာနဲ့တန်ဖိုးဖြတ်မလဲ


လူ့လောက လူ့ပတ်ဝန်းကျင်မှာ ကြားနေကြစကားလေး “ တန်ဖိုးရှိအောင်နေ ” ၊ “တန်ဖိုးမဲ့တဲ့ အလုပ်တွေ မလုပ်ကြနဲ့” တဲ့  တန်ဖိုးဆိုတာ ဘာလဲလို့ တွေးကြည့်မိလိုက်သည်။

တန်ဖိုး... အထူးသဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနှင့် တိုင်းတာကြပါမလဲ။
ငွေကြေးနှင့် တိုင်းတာမှာလား ၊ ပညာဖြစ် တိုင်းတာမှာလား ။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကိုကြည့်၍ တန်ဖိုးနိမ့်သည်၊ မြင့်သည် တိုင်းတာကြမှာလား..။

ယင်းသို့ဆိုလျှင် ငွေကြေးချမ်းသာကြသောသူတိုင်းက တန်ဖိုးရှိကြပေတော့မည် ။ ပညာတတ်သူတိုင်းက တန်ဖိုးရှိကြတော့မည်။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကြီးသူတိုင်းက တန်ဖိုးရှိသည့် လူသားများအဖြစ်ရပ်တန့်သွားကြပေလိမ့်မယ်။

တချို့သောသူတွေဟာ ပညာသာရှိတာ ၊ ပြောလိုက်တဲ့ စကားတွေက တန်ဖိုးမဲ့တဲ့ စကားတွေ ၊ ငွေကြေားချမ်းသာသူကလည်း ငွေကြေးချမ်းသာပြီး အပြုအမူတွေက တန်ဖိုးမဲ့တယ်။ သူက အသိုင်းအဝိုင်းသူ့ပါတ်ဝန်းကျင်ကသာ ကြီးတာ ဘာမှ တန်ဖိုးရှိတဲ့သူ မဟုတ်ဘူး...စသည့် စကားလုံးများကို စာရှု့သူများမလွဲမသွေကြားဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါဆိုလျှင် ဥစ္စာ ငွေကြေး ၊ ပညာကြွယ်ကာ ပါတ်ဝန်းကျင်အသိုင်းအဝိုင်း ကြီးမားပြည့်စုံသူတိုင်း တန်ဖိုးရှိသူတွေ မဟုတ်နိုင်တာ သေချာလောက်ပြီဟုထင်ပါတယ်၊လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံး အဓိကအချက်သည် မည်သည့်အရာလဲဟု မေးကြည့်လိုက်ချင်ပါတယ်။

ဒီအကြောင်းနဲ့ပါတ်သက်ပြီး မြတ်ဘုရားစံပါမြို့ကိုကြွတော့ သောဏဒဏ္ဍပုဏ္ဏားကိုမေးခဲ့တာလေး
သွားသတိရမိတယ်။တခါတုံးကသောဏဒဏ္ဍတပုဏ္ဏားကြီးနှင့်တကွ မြတ်စွာဘုရားရှင်အား လာရောက်ရှစ်ခိုးပူဇော်ကြသော မြှိုသူမြို့သားများအား တရားရေအေးတိုက်ကျွေးရန် မြတ်စွာဘုရားမှ ယနေ့ရောက်လာကြကုန်သောတရားနာပရိသတ်တို့အားမည်သည့်တရားဟောမည်ကို
 တွေးဆပြီးပရိသတ်များကိုမေးပြီးဟောမယ်ဟုဆုံးဖြတ်လိုက်တယ်၊

ပထမဦးစွာ ရှေ့ဆုံးမှ နေရာယူကာ ဦးတင်နေသော ပုဏ္ဏားကြီးအား စ၍ မေးခွန်းမေးလိုက်လေသည်၊
အသင် ပုဏ္ဏားကြီး ပုဏ္ဏားကြီးတို့၏ ဗြဟ္မာဏမျိုးရိုး ဘာကြောင့် အမျိုးမြင့်မြတ်ရပါသလဲ?

ပုဏ္ဏားကြီးက မြတ်စွာဘုရား၏ မေးခွန်းကို အမေးခံရလျှင် လွန်စွာမှ ဂုဏ်ယူ ဝမ်းမြှောက်မိလေသည်။ မိမိတို့၏ ကြီးမြင့်လှသည့် မျိုးရိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က စိတ်ဝင်စားသည်ပါလားဟု တွေးမိကာ ဝမ်းသာအားရ လျှင်မြန်စွာ လျှောက်ထားလေးသည်။

“အရှင်ဘုရား တပည့်တော်တို့မျိုးရိုး မြင့်မြတ်နေခြင်းဟာ အခြားသောအကြောင်းကြောင့် မဟုတ်ပါဘုရား။ တပည့်တော်တို့မှာ စောင့်ထိန်းရမည့်အချက် (၅) ချက်ရှိနေပါတယ်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်မှ
ဒကာတော်ပုဏ္ဏားကြီး ထိုအချက်(၅) ချက်မှာ ဘာတွေလဲ
ဟု မေးမြန်းလေရာ ထိုပုဏ္ဏားမှ အားရဝမ်းသာစွာဖြစ် မိမိတို့မျိုးရိုးဂုဏ်ကို ဖော်ကျူးပြလေသည်။

၁။ ဆွေခုနှစ်ဆက် ၊ မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရပါမည်။

၂။ဗေဒင်၊ ကျမ်းဂန် ၊ မန္တာန် အာဂုံရရမည်။

၃။ ရုပ်ရည် ချောမောတင့်တယ်ရပါမည်။

၎။ ကိုယ်ကျင့်တရားကောင်းရပါမည်။

၅။ အမှား/အမှန် ခွဲခြားနိုင်သော ပညာရှိရပါမည်။ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်ထံမှ ပုဏ္ဏားကြီးဘယ်လိုမှမမျှော်လင့်သော မေးခွန်း တစ်ခု ထွက်လာခဲ့သည်။

“ဒကာကြီး အကယ်၍များ တစ်ယောက်ယောက်က ဒကာတော်ပုဏ္ဏားကြီးအား ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက်ကို လျှော့ချပေးပါဆိုလျှင် မည်သည့် အချက်ကို သင် လျှော့ချပေးပါမည်လဲ?။
 
အရှင်ဘုရား  အကယ်၍များ တစ်ယောက်ယောက်က ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက် လျှော့ချပါဆိုလျှင် တပည့်တော် သည် ရုပ်ရည်ချောမောတင့်တယ် လှပရပါမည် ဆိုသော အချက်ကို လျှော့ပါမည်ဘုရား။

ဘာကြောင့်လဲဆိုလျှင် ရုပ်ဆိုး ၊ ရုပ်ချောသည်ဆိုသည်မှ ဘဝအဆက်ဆက်မှ ပြုလုပ်ခဲ့ကြသည့် ကုသိုလ် ၊အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်သည်။ ယခုလက်ရှိဘဝအတွက် တပည့်တော်တို့မတတ်နိုင်ပါ။

တပည့်တော်တို့၏ အမျိုးရိုးဂုဏ်ကို ထိပ်တင်ချင်၍သာ ရုပ်ရည်ချောမောလှပရမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်းကြောင့် စောင့်ထိန်းရမည့် အချက်(၅)ချက်တွင် တစ်ချက်လျှော့ရမည်ဆိုပါက   “ရုပ်ရည်ချောမောလှပရမည် ” ဆိုသော အချက်ကို လျှော့ချပါမည်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က
“ပုဏ္ဏားကြီး “ရုပ်ရည်ချောမောလှပရမည်”ကို လျှော့ပြီးလျှင် နောက်ထပ်တစ်ချက်ထပ်လျှော့ချပေးပါဟုဆိုပါက အသင်ပုဏ္ဏားမည်သည့်အရာကို လျှော့မလဲ?

ထိုအခါတွင်လဲ ပုဏ္ဏားကြီးမှာ ဆိုင်းငံ့ခြင်းမရှိစွာနှင့်
“အရှင်ဘုရား အချက် (၂)ချက်လျှော့ရမည်ဆိုလျှင် တပည့်တော်သည် “ ဗေဒင် ၊ ကျမ်းဂန်၊မန္တာန်များအလွတ်ရရမည်” ဆိုသည့် အချက်ကို လျှော့ချပါမည်ဘုရား။

တပည့်တော်တို့ မျိုးရိုးတွင် ကျမ်းဂန်၊မန္တာန်များကို ရှေးလာစဉ်ဆက် အလွတ်ရသည်ရှိသကဲ့သို မရှိသည့်အခါလည်း ရှိခဲ့ဖူးပေလိမ့်မည်။ ကျမ်းဂန်စာပေများသည် စာအုပ်စာပေများနှင့် အစဉ်ထိမ်းသိမ်းလာကာ လိုအပ်ပါ ပြန်လည်ရှာဖွေနိုင်၍ မျိုးရိုးမြင့်မြတ်ရန် လိုအပ်သည့် အချက်(၅)ချက်တွင် (၂)ချက်လျှော့ရမည်ဆိုပါက တပည့်တော်သည် ထိုအချက်ကို လျှော့ချပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ
ပုဏ္ဏားကြီး အကယ်၍များ (၃)ချက်လျှော့ချပေးပါ ဆိုပါလျှင်လည်း မည်သည့်အချက်ကို သင်လျှော့ချပေးမလဲ?

အချက် (၃)ချက် လျှော့ရမည်ဆိုသော အချိန်တွင် ပုဏ္ဏားကြီးမှာ ပြန်ဖြေရန် အနည်းငယ်ခက်ခဲလာလေပြီး။ ရှေးဦးစွာ မေးခဲ့သော မေးခွန်း (၂)ခုကဲ့သို့ လွယ်လင့်စွာ ဖြေဆိုနိုင်ခြင်းမရှိတော့ပဲ သေချာတွေးဆကာ စဉ်းစားရပေလေသည်။

အချိန်အတော်ကြာ စဉ်းစားလေပြီးသော်အခါဝယ် ပုဏ္ဏားထံမှ
“အရှင်ဘုရား ..မလျှော့မဖြစ် လျှော့ရမည် ဆိုပါက တပည့်တော်သည် “ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက် မျိုးသန့်ရမည်” ဆိုသော အချက်ကို လျှော့ရပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့သော အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ မည်သည့်အသံမျှ မထွက်ပေါ်သေးမှီ ပုဏ္ဏားကြီး၏ အမျိုးအနွယ်ဝင် မြို့သူမြို့သားများထံမှ
“အသင်ပုဏ္ဏားကြီး...အဘယ်ကြောင့်ထိုအချက်ကို လျှော့ရမည်နည်း။
အကျွန်ုပ်တို့ မျိုးရိုးကို အထိခိုက်မခံနိုင်ပါ။ မျိုးရိုးဆိုတာ အလွန်အရေးကြီးပါတယ်။ မျိုးရိုးသန့်ချင်၍ ထိုအချက်ကို ထည့်ထားခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးအနေနှင့် လျှော့ချင်လျှော့ ကျန်သော အချက်နှစ်ချက်ထဲမှ ကြိုက်ရာကို လျှော့ပါ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျိုးရိုးသန့်ရမည်ဆိုသော အချက်ကို မလျှော့နိုင်ပါဟု ဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။

ထိုသို့ ဆူညံ့လာသည့်အခါဝယ် ပုဏ္ဏားကြီးမှ မြတ်စွာဘုရားရှင်ထံ ခွင့်တောင်း၍ မတ်တပ်ရပ်ကာ သူ၏ မြို့သူမြို့သားများအား စကားစလေသည်။

အဆွေတို့ ကျွန်ုပ်ဆိုသော စကားကို နားထောင်ကြည့်ပါ။ကျွန်ုပ်၏ ဆိုစကား ဆုံးလေသော်မှ အဆွေတို့ရဲ့မကျေနပ်ချက်များကို ပြောကြားကြပါ။ ငါသည် အဘယ်ကြောင့် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရမည်ဟူသောအချက်ကို လျှော့ချရသည် ဆိုလျှင် ပထမဦးစွာ ကျွန်ုပ်ချန်ထားသည့် အချက်နှစ်ချက်မှာ
 
“ကိုယ်ကျင့်တရားကောင်းခြင်းဆိုသည့် သီလ”
 
“မှားမှန်ခွဲခြားနိုင်ခြင်းဆိုသည့် ပညာ”ထို နှစ်ချက်ကိုသာ ချန်ထားခဲ့ပါသည်။

ဘာကြောင့် ထိုနှစ်ချက်ကို ချန်ထားခဲ့ရတာဆိုလျှင် ထိုနှစ်ချက်သည် လူဖြစ်လာသည့် ဘဝဝယ် မရှိမဖြစ် တန်ဖိုးရှိသည့် လူတန်ဖိုးဖြစ်သောကြောင့်ပင်တည်း။


လူတယောက်ကိုယ်ကျင့်တရားဆိုသည့် သီလဘယ်လောက်ကောင်းပါသလဲ။

လူတယောက်အမှားအမှန်ခွဲခြားနိုင်သည့် ပညာမည်မျှ ရှိသနည်း။စသည့် နှစ်ချက်ဖြစ်သာ တိုင်းတာရပါမည်။

ဒါကြောင့် ထိုနှစ်ချက်ကို ကျွန်ုပ် မလျှော့နိုင်ပါ။ ထိုနှစ်ချက်သည် လူဖြစ်ရသည့်ဘဝဝယ် မရှိမဖြစ် လိုအပ်သည့် လူ့တန်ဖိုးသာ ဖြစ်ပေတယ်၊ဟု ဆိုကာ မြတ်စွာဘုရားရှင်ထံ ဦးတိုက်ကာ လျှောက်ထားလိုက်လေသည်။

အရှင်ဘုရား တပည့်တော် ဆုံးဖြတ်ချက် မှားသလား ၊ မှန်သလား ဖြေကြားပေးတော်မူပါ ။ အကယ်၍များ မှားယွင်းခဲ့သည် ရှိပါက အမှန်ကို ညွှန်၍ သွန်သင်ဆုံးမပေးတော်မူပါ။

ပုဏ္ဏားကြီးထံမှ ထိုသို့သောမေးခွန်ရောက်လာမည်ကို ကြိုတင်သိလင့်သော မြတ်စွာဘုရားရှင်မှာ
“အသင်ပုဏ္ဏားကြီး၏ ဆုံးဖတ်ချက်သည် ငါဘုရား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူညီပါပေသည်။

ထို လူတန်ဖိုး ဆိုသည့် တရားကို ဟောမည်ဟုဆုံးဖြတ်ကာ ထိုသို့သော မေးခွန်းများကို မေးလာခဲ့ခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဖြေဆိုသကဲ့သို့ပင် လူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်သီလနှင့် အမှားအမှန်ခွဲခြားနိုင်သည့် ပညာဖြစ်သာ တိုင်းတာနိုင်ပါသည်။

ထို ကိုယ်ကျင့်သီလနှင့် အမှားအမှန်ခွဲခြားနိုင်သည့် ပညာသည် လူတန်းဖိုးသာမက လောက၏ ကျက်သရေမင်္ဂလာပင်ဖြစ်တယ်။ ကျက်သရေမင်္ဂလာရှိလိုသော ပုဂ္ဂိုလ်သည် ထို နှစ်ချက်ကိုသာ စောင့်ထိန်းပါ။ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မည်။

လူ့သဘော လူ့သဘာဝအရ လူတစ်ယောက်ကိုအမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ ငွေကြေးချမ်းသာမှု ၊ကျော်ကြားမှု ၊ထူးချွန်ကျော်ဇော်မှု နာမည်ကြီးမှု ပညာတတ်မှု ရာထူးကြီးမှုတို့သည် လူ့တစ်ယောက်၏ စစ်မှန်သော တန်ဖိုးမဟုတ်ဘူးဆိုတာ သင်လက်ခံမှာပါ။

ဒီနေ့ ဒီဆောင်းပါးလေးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ခါတစ်ရံ လူ့သဘော လူ့မနောတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အတုတွေများခြင်းကြောင့်အစစ်တွေပျောက်ကွယ်မှာကိုစိုးသည်ကတကြောင်း တန်ဖိုးရှိသူတွေတန်ဖိုးအတုအယောင်တွေနောက်ကို ယောင်ရမ်းလိုက်မိမှာစိုးတာကတကြောင်း 
မိမိ၏ နဂိုမူလရှိရင်းစွဲ တန်ဖိုးများကို ချခင်းနင်းမိမှာစိုးသည်ကတကြောင်း အကြောင်းအမျိုးမျိုးကြောင့်ရေးသားလိုက်ပါတယ်။

လူတွေဟာကိုယ်တန်ဖိုးအစစ်အမှန်ကိုသတိမပြုမိကြာဘဲ ကိုယ်ကျင့်သီလနဲ့ အမှားအမှန်ပျောက်ဆုံးကာ စာရိတ္တများပါပါသွားတတ်ပါတယ်ဒါတွေကိုသတိထားမိစေဖို့စာရှု့သူတို့များစွာလိုအပ်ပါတယ်။ဓမ္မစမ်းရေ..