Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 20 septembre 2014

ချမ်းသာချင်ရင် ဗုဒ္ဓစကားနားထောင်

ဘာသာတရားအပေါ်အစဉ်လေးစားစွာဖြင့်မေးလေ့ရှိသောဒကာလေးမောင်မောင်လွင်ကကြီးပွားတိုးတက်
လိုသူတွေအတွက်ရှောင်ရန်ဆောင်ရန်လေးကိုပြောပြပေးပါအုံးဘုရားတဲ့။
  
ဒီစကားကြားလိုက်တာနဲ့သတိရတာကဒီဃဇာဏုသုတ်ကိုသတိရမည့်ပါတယ်၊ဒါပေမဲ့လူတိုင်းတော့ကြား
ဘူးကြမယ်ထင်ပါတယ်၊သို့သော်တကယ်တမ်းကြတော့မသိပြန်ဘူးဒါကတော့တို့ဗုဒ္ဓဘာသာဝင်တို့ရဲ့
ဓလေ့တခုပဲမဟုတ်လား။

ပြောရမယ်ဆိုရင် အခါတပါးပေါ့နော် ဗုဒ္ဓသည် ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိ နိဂုံးရွာ ၌ သီတင်းသုံးတရားပြတော်မူစဉ် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားသည် ဘုရားရှင်ကို ခုလိုလျှောက်ထားမေးမြန်းဘူးတယ်။

အရှင်ဘုရားတပည့်တော်တို့လူတွေဟာအာရုံငါးပါးကာမဂုဏ်တရားတို့ကိုခံစားကြသောလူတို့ဖြစ်ခြင်းကြောင့် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိပ်စက်ရာနေရာတို့၌ နေကြရပါကုန်၏။
စီးပွားရေးနယ်ပယ်မှာ အထူးလိုက်စားကြရကုန်၏ ဒါကြောင့် ပစ္စုပ္ပုန်၌လည်း ကြီးပွားချမ်းသာ၊ တမလွန်၌လည်းကြီးပွားချမ်းသာကြောင်းတရားများကိုတပည့်တော်အားမိန့်ကြားပေးပါဘုရား
ဟုတောင်းပန်လေတယ်။

မြတ်ဘုရားက ချစ်သား ဒီတရားလေးပါးကိုအစဉ်စောင့်ရှောက်ကွယ့် ထိုတရားကတော့ဒါတွေပဲအစဉ်မှတ်ထားဟုမိန့်တော်မူတယ်။

၁။ ဥဋ္ဌာနသမ္ပဒါ -ထကြွလုံ့လ၀ီရိယဖြင့်ဥစ္စာစည်းစိမ်ကိုရှာဖွေရမည်။ပျင်းနေလို့မရဘူးလောကမှာပျင်းရိခြင်းဆိုတဲ့ရောဂါ
ဟာအဆိုးဆုံးပဲအောင်မြင်နေတဲ့သူတွေဟာဘယ်လိုလုပ်ခဲ့ရလဲဆိုတာသတိထားမိဖို့လိုတယ်ကွယ့်။
လူ့ဘဝမှာဘာတခုမှအလကားရတာမရှိဘူးကွယ့်။

ဒါကြောင့်ဝီရိယရှိဖို့လိုတယ်၊ဒီလိုလုံးလဝီရိယရှိရမည်ဆိုတဲ့အချက်ထဲမှာလည်းခုလိုအင်္ဂါငါးချက်ရှိသေးတယ်။

 မိမိ၏ စီးပွားရေးလုပ်ငန်း၌ ကျွမ်းကျင်လိမ္မာခြင်း၊

 မပျင်းမရိ ထကြွလုံ့လ၀ီရိယရှိခြင်း၊

လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဉာဏ်ပညာရှိခြင်း၊

ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း၊

ဦးစီးဦးဆောင်ပြု၍ စီမံညွှန်ကြားနိုင်ခြင်း။
ရှိရမည်ဟုပထမအချက်အနေနဲ့မြတ်ဗုဒ္ဓကကြီးပွားဖို့မိန့်မှာခဲ့တယ်။


အာရက္ခသမ္ပဒါ – မကုန်သင့်တာ မကုန်ရလေအောင်အောင် ထိန်းသိမ်းစောင့်ရှောက်မှုမျိုးကိုဆိုလိုတာပါ။ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင် စောင့်ရှောက်ရသကဲ့သို့ ဥစ္စာကြေးငွေကို စည်းကမ်းတကျသုံးစွဲခြင်းဖြင့် မကုန်သင့်တာမကုန်အောင်လည်း စောင့်ရှောက်ရခြင်းဟူသောအာရက္ခသမ္ပဒါနဲ့ပြည့်စုံရပါမယ်ဟု
မိန့်ခဲ့ပြန်ပါတယ်။

အသုံးနှင့် အဖြုန်းကိုလည်းခွဲခြားတတ်ရမယ် ငါကသုံးနေတာလား ဖြုန်းနေတာလား အသုံးနဲ့အဖြုန်းခွဲခြားတတ်ရင် ကြီးပွားတိုးတက်မည်သာ ဖြစ်ပါတယ်၊ အသုံးဟူသည်မှာမိမိမှာ စားဝတ်နေရေးအတွက် မ၀ယ်မဖြစ်တဲ့အရာကိုဆိုလိုပါတယ် အဖြုန်းဟူသည်မှာ မ၀ယ်ဘဲဖြစ်လျှက် ဂုဏ်တုဂုဏ်ပြိုင်လုပ်လို၍ ၀ယ်ယူခြင်းသည် အဖြုန်းဟုဆိုလိုနိုင်ပါတယ်။

ဥပမာ..ခုလက်ရှိပေါ်နေတဲ့ဖုန်းတွေကတမျိုးပြီးတမျိုးပေါ်နေတာကိုအများထင်ကြီးအောင်လက်ရှိအိုင်ဖုန်းဖိုက်
ကိုစွန့်ကာအခြားအသစ်နဲ့အစားထိုးရင်ဖြုန်းခြင်းသာဖြစ်လိမ့်မယ်။
 
အသုံးနဲ့အဖြုန်းခွဲခြားသိပြီးရင်ပစ္စည်းဥစ္စာ ကြာမြင့်စွာတည်တံ့ခြင်းအကြောင်းလေးပါးကိုသိဖို့လိုပြန်ရော
ဒါကြောင့်…
ပျောက်သော ပစ္စည်းဥစ္စာကို ရှာဖွေခြင်း၊
ဟောင်းနွမ်းသော ပစ္စည်းကို ပြုပြင်ခြင်း၊
အတိုင်းအရှည် ပမာဏကို ချင့်ချိန်၍ စားသောက်သုံးဆောင်ခြင်း၊
အကျင့်သီလနှင့်ပြည့်စုံသော မိန်းမကိုဖြစ်စေ၊ ယောင်္ကျားကိုဖြစ်စေ အကြီးအကဲ ဘဏ္ဍာစိုး အရာ၌ ထားရှိခြင်း။ဒါကတော့ကြာရှည်တည်တံ့ခြင်းအကြောင်းပေါ့နော်။
ပစ္စည်းဥစ္စာ ကြာမြင့်စွာ မတည်တံ့ခြင်း အကြောင်းလေးပါးကို ပြောင်းပြန်လှန်၍သိကြပေတော့။


ကလျာဏမိတ္တသမ္ပဒါ – မိတ်ဆွေကောင်း ရှိရမည်။မိတ်ဆွေကောင်းဆိုတာအေးတူအမျှ တူတူခံစားပေးနိုင်သောသူ မိမိမကောင်းတာလုပ်တော့မယ်ဆိုရင် တားမြစ်တတ်သူ ကောင်းတာလုပ်တာကိုအားပေးတတ်သူကိုဆိုတာပါ။

ဒါကြောင့်မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါးတင်ပြရအုံးမည်။

 ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
 ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။
 သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
 မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။
 မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်ထားခြင်း။
 ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း။
 ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း။
မိမိသံသရာခရီးမှာမိမိကြီးပွားတိုးတက်ဖို့ရန်မိတ်ဆွေကောင်းကတရာရာခိုင်းနှုန်းထောက်တည်ရာဖြစ်တယ်
ဆိုတာမြတ်ဘုရားက အရှင်အာနန္ဒာကိုမိန့်ခဲ့ဖူးပါတယ်။

သမဇီဝိတသမ္ပဒါ – အဝင်အထွက် မျှတအောင် သုံးစွဲတတ်ရမည်။ အဝင်များပြီး အထွက်နည်းအောင် သုံးစွဲရန်ပင် ဖြစ်ပါတယ်၊

တချို့ကအထွက်သာရှိပြီးအဝင်မရှိကြဘူး၊အဝင်သာရှိပြီးအထွက်မရှိသူဆိုတာတော့လောကမှာမရှိပါဘူး၊
တို့လူမျိုးတွေကကြီးပွားတော့ကြီးပွားချင်ကြတယ် သမဇီဝိတဖြစ်အောင်တော့မနေတတ်ကြဘူး ဒါကြောင့်မကြီးပွားတာ။

မေတ္တာရှင်ရဲ့စာအုပ်တအုပ်ထဲမှာမကြီးပွားရခြင်း အကြောင်းရင်း (၁၁) ချက်ကိုခုလိုလေးရေးပြထားတယ်။

ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကိုကြည့်ပြီး လိုအပ်သောနေရာတွင် လှူခိုင်း၏။
ဗုဒ္ဓဘာသာဝင်အများစုက ငါကောင်းစားရေးကို ရှေ့တန်းတင်ပြီး မလိုအပ်သောနေရာတွင် ပုံ၍လှူတတ်ကြ၏။

ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံရမည်ဟု ညွှန်ပြ၏။
ဗုဒ္ဓဘာသာဝင်အများစုက တစ်ပါးမှ မပြည့်စုံကြ။

ဗုဒ္ဓက ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုးစီးပွားရေးအပေါ်မှာ ထားခိုင်း၏။
ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။

ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းသော အတ္တသမာပဏီဓိ မင်္ဂလာနှင့်ပြည့်စုံရန် ညွှန်ပြခဲ့၏။ ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။

ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြဘဲ အကုသိုလ်တွင်ပါဝင်နေသော
ကောသဇ္ဇ ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင့်ကျင့်သုံးနေမိကြ၏။

ဗုဒ္ဓက ကြီးပွားတိုးတက်လိုသူတိုင်း အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်မျိုးမျိုးကို အမြဲရအောင် ယူရမည်ဟု ညွှန်ပြ၏။ ဗုဒ္ဓဘာသာဝင်အများစုက အချိန်မှန်သမျှထဲမှ အကုသိုလ်၊ မောဟ၊ မွဲပြာကျဆေး (အသုံးအဖြုန်းကြီးခြင်း) တို့ကိုသာ ထုတ်ယူနေကြ၏။

နိုင်ငံတကာ ဗဟုသုတ မရှိခြင်း။

စာပေဗဟုသုတ မရှိခြင်း။

ကိုယ့်ထက်သာလျှင် မနာလိုခြင်း။

 ခေါင်းဆောင်စိတ် နည်းပါးခြင်း။
ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

မိမိကိုယ်ကိုအားကိုးလိုချင်စိတ်မရှိခြင်း။ထိုအကြောင်းအရာများသည်မိမိဘဝအတွက်အားနည်းခြင်း
အကြောင်းအရာများဖြစ်သည်၊ဒါကြောင့်မြတ်ဘုရားရဲ့စကားတွေကိုသေသေချာချာကျကျနနလိုက်နာမည်
ဆိုပါကကြီးပွားတိုးတက်နိုင်ပါကြောင်းပြောကြားလိုပါတယ်။

လူတယောက်ကြီးပွားတိုးတက်အောင်နက္ခတ်တွေ ဂြိုလ်တွေကတကယ်ဆောင်ရွက်မပေးနိုင်ပါဘူး တကယ်ဆောင်ရွက်ပေးနိုင်တာက စေတနာဆိုတဲ့ကံ။စူးစမ်းဝေဖန်နိုင်တဲ့ဉာဏ်၊အားထုတ်ကြိုးစားတဲ့ ဝီရိယတရားတွေပါပဲ။

(ဓမ္မစမ်းရေ)

mercredi 17 septembre 2014

အချစ်ကြီးတဲ့ဒေဝဒတ်


 ပါရမီဆိုတာမြင့်မြတ်သူတွေရဲ့ပုံရိပ်၊သူတော်ကောင်းတွေရဲ့နှလုံးသား၊ သူတော်စင်တွေရဲ့အကျင့်ဖြစ်ပေမဲ့ သူတော်ကောင်းတွေနဲ့သာမန်လူတွေရဲ့ကြားမှာကာရံစည်းခြားထားတဲ့နံရံတံတိုင်းကြီးတစ်ခုတော့ မဟုတ်ပါဘူး။

လူတိုင်းသွားလာနိုင်လောက်အောင်ကြီးမားကျယ်ပြန့်စွာဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမကြီးတစ်ခုပေါ့။
ဒီလမ်းမကြီးပေါ်မှာလျှောက်လှမ်းနိုင်ဖို့ဆိုတာရွှေတွေ၊ငွေတွေ၊ရားထူးတွေ၊ ဂုဏ်အရှိန်အ၀ါပကာသနတွေဘာတစ်ခုမှရှိဖို့မလိုအပ်ပါဘူး။ဒါပေမဲ့သဒ္ဓါ၊မေတ္တာ၊ပညာစတဲ့ သူတော် ကောင်းတရားတွေ အားထုတ်မှုဝီရိယအားတွေအပြည့်အ၀ရှိဖို့တော့ လိုအပ်ပါတယ်။

ပါရမီလမ်းမကြီးကို စွန့်ပြီး မြင့်မြတ်မှုပန်းတိုင်ဆီကို ရောက်နိုင်ရိုးမရှိပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာနဲ့ ပညာရနံ့တွေ သင်းပျံ့နေဆဲ ယခုလိုကာလမျိုးမှာ မြင့်မြတ်မှုကို မြတ်နိုးကြသူတိုင်းဟာ ပါရမီကောင်းမှု တစ်ခုခုကို နေ့စဉ်ကျင့်စဉ်အာစိဏ္ဏကံလိုဝတ် ထားပြီး ပြုလုပ်အားထုပ်သင့်ကြပါ တယ်။

တကယ်တော့ “ပါရမီ”ဆိုတာ လူ့ဘ၀ရဲ့ မြတ်နိုးတန်ဖိုးထားစရာ အလှပဆုံး “သီလပန်းတပွင့်”ပါ။ 
ဒီပန်းကို ခွတ်ဆူးနိုင်ဖို့ဆိုတာအခြေခံအားဖြင့်တစ်ပါးသူတွေရဲ့ဒုက္ခကိုလျော့ပါးအောင်ပြုလုပ်လိုတဲ့ကရုဏာ၊ အများအကျိုး လောကအကျိုးကို တိုးပွားအောင် ရွက်ဆောင်နိုင်တဲ့ ပညာ ရှိဖို့လိုပါတယ်။ 

ဒီနေရာမှာ မြတ်ဘုရားကိုအထူးတလည်ဘဝကိုအနစ်မွန်းခံကာပါရမီဖြည့်ခဲ့တဲ့ဒေဝဒတ်ကိုလူတိုင်းသိကြပါလိမ့်မယ်
ဒေဝဒတ်မြေမြိုတော့အာနန္ဒာကမြတ်ဘုရားကို"အရှင်ဘုရား တပည့်တော်တို့ရဲ့  ရန်သူတော်ကြီး ရှင်ဒေဝဒတ် မြေမြိုသွားပါပြီဘုရား" လို့ ညီတော်အာနန္ဒာက အားရဝမ်းသာ လျှောက်တင်ပါတယ်။

အဲဒီအခါ မြတ်စွာဘုရားကဝမ်းမသာပဲ ဘာစကားပြောလိုက်သလဲဆိုတော့ ချစ်သားအာနန္ဒာ "အရှင်ဒေဝဒတ်ရဲ့ကျေးဇူးကားငါဘုရား၊ငါဘုရားရဲ့တရားတော်နှင့်သံဃာအပေါ်ကျေးဇူးကြီးမြတ်လှပေတယ်"
လို့မိန့်တော်မူပါတယ်။

ဒါကိုညီတော်အာနန္ဒာသဘောမပေါက်နားမလည်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီတော်အနန္ဒာ က ပုထုဇဉ်ရဟန်း၊ မြတ်ဘုရားက သဗ္ဗညုတ ဥာဏ်တော်ရှင်ပါ။ သဗ္ဗညုတ ရွှေဥာဏ်တော် ကို သာမာန်ပုထုဇဉ်ရဟန်းရဲ့ ဥာဏ်ကမလိုက်နိုင်။

ဒါပေမဲ့ ညီတော်အာနန္ဒာသိထားတာက မြတ်ဘုရားတို့မည်သည် ဘယ်သောအခါမှ အဓိပ္ပါယ်မဲ့စကားကို ပြောလေ့မရှိ။ ဒါကြောင့်သူနားလည်ဖို့ ညီတော်အာနန္ဒာက "မြတ်ဘုရားတပည့်တော်နှင့်တကွ လူသားအားလုံးနားလည်ဖို့ရန် ရှင်းပြတော်မူပါဘုရား" လို့ထပ်လျောက်တင်တော့ မြတ်စွာဘုရားက "ချစ်သားအနန္ဒာ ရှင်ဒေဝဒတ်ကား ငါဘုရား၏ရန်သူမဟုတ်၊ ငါဘုရား၏ ပါရမီဖြည့်ဖက်သာ ဖြစ်ပေသည်" လို့ထပ်မိန့်လိုက်ပါတယ်။

ညီတော်အာနန္ဒာကဒါနဲ့သေချာသဘောမပေါက်နားမလည်" အကျယ်ရှင်းပြပါဘုရား" လို့လျှောက်တဲ့အခါ မြတ်စွာဘုရားက"ငါဘုရား ဒီပင်္ကရာ ဘုရားရှင်လက်ထက်တော် ဘုရားဆုပန်ပြီးသည့်အချိန်ကစလို့ အခုဘုရားဖြစ်တဲ့ဘဝအထိ ရှင်ဒေဝဒတ်ဟာ ငါဘုရားကို အမြဲဆန့်ကျင်ခဲ့တယ်။

သူကဆန့်ကျင်လေ ငါကကောင်းအောင်လုပ်လေပဲ၊ ငါဘုရားပါရမီတော်နုနယ်စဉ်ကာလတွေမှာ လုပ်ခဲ့တဲ့အမှားတွေကို သူက အပြစ်တင် အပုပ်ချတယ်၊ ငါဘုရားက အဲဒီလိုပြောတာတွေကို အပြစ်မမြင်ခဲ့ပါ။

နောက် သူအပြောမခံရအောင် ကောင်းအောင်ပိုပြီး ကြိုးစားပြင်ခဲ့ပါတယ်။ သူ့ ရဲ့ကောင်းမှု့ကြောင့် ပါရမီတွေ ရင့်သန်မှုတွေမြန်ခဲ့တယ်။ ဘုရားဖြစ်လာတဲ့ယခုဘဝမှာတောင် ရှင်ဒေဝဒတ်ကြောင့်သာ ငါဘုရားနဲ့ဓမ္မဟာ အခုလောက်မြန်မြန် ဂုဏ်သတင်းမွှေးပြီး ငါဘုရားရဲ့သံဃ အဖွဲ့အစည်းဟာလည်း ကျစ်လစ်ခိုင်မာစွာဖွဲ့စည်းနိုင်ခဲ့တာ၊

ရှင်ဒေဝဒတ်က သူ့ရဲ့အဓမ္မနဲ့ပြိုင်လေ၊ ဖျက်လေ၊ ငါဘုရားရဲ့ ဓမ္မဂုဏ်သတင်းတက်လေ၊ ရှင်ဒေဝဒတ်သံဃအဖွဲ့အစည်းကိုဖျက်လိုဖျက်ဆီးလုပ်လေ၊ သံဃိကအဖွဲ့က ပိုမိုကျစ်လစ်ခိုင်မာလေပဲ၊ ငါဘုရားကို ဆန့်ကျင်တာလုပ်ရင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင် ပါရမီဖြည့်လိုက်တာ ဒီဘဝမှာမြေမြို အဝီစိငရဲမှာ ကျခံရတဲ့အထိပါရမီဖြည့်သွားတာမို့ ကျေးဇူးရှင်လို့ပြောချင်တာပါလို့မြတ်ဘုရားနားလည်အောင်ရှင်းပြတော်မူပါတယ်။

ငယ်ငယ်ကဆရာပြောခဲ့ဘူးတယ် အမှိုက်ရှင်းရလို့ အမှိုက်ရှုပ်တဲ့သူကိုမေးမငေါ့နဲ့ သူကြောင့် တို့တတွေတံမြက်စည်းလှည်းခွင့်ရကြရတာသူဟာတို့အတွက်ပါရမီတွေလိုက်ပေးနေတာသူဟာတို့အတွက်
 ကျေးဇူးရှင်ပဲတဲ့ ငယ်ငယ်ကနားမလည်ခဲ့ပေမဲ့ခုတော့နားလည်ခွင့်ရခဲ့လေပြီ။

ဝေဖန်တဲ့သူကိုလည်းအပြစ်မတင်မိစေနဲ့သူဟာမိမိရဲ့အမှားကိုမြင်တတ်လို့ကျေးဇူးရှင်ဖြစ်လို့သူကိုတောင်ကျေးဇူးဆပ်
ရအုံးမှာတဲ့ သြော်ဆရာရယ်တန်ဖိုးကြီးမြတ်လှပါပေတယ်။ဆရာပြောသလိုရိုးရိုးရှင်းရှင်းပြောရရင်ပါရမီဖြည့်တယ်
ဆိုတာလူသားတစ်ဦးအနေနဲ့ မြင့်မြတ်တဲ့လူ့ကျင့်ဝတ်တွေကိုလူသားဆန်ဆန်ပီပြင်စွာ ဖြည့်ကျင့်
အားထုတ်တာကို ခေါ်တာပါလားလို့တွေးတတ်လာတယ်။
သြော်ဒေဝဒတ်ဟာဘဝကိုအနစ်မွန်းခံကာမြတ်ဘုရားနှင့်တပည့်သားသာဝကတွေအတွက်
 လောကလူသားတွေအသိပညာရစေဖို့အတွက်သူ့ဘဝကိုစတေးခံကာချစ်ပြခဲ့တာပါလားအချစ်ကြီးပါပေတယ် ညီတော်အာနန္ဒာပြောတဲ့ရန်သူတော်ကြီး အရှင်ဒေဝဒတ္တရယ် အချစ်ကြီးပါပေတယ်။

                                 (ဓမ္မစမ်းရေ)



အတုယူချင်မိတယ်ဓမ္မဒိန္နာ



နာမည်လေးက ဓမ္မဒိန္နာ မြန်မာလိုဆိုရရင် တရားကိုပေးလှူတတ်သူလေးပေါ့ ရုပ်ကလည်းလှ စိတ်ကလည်းဖြူ သဘောကဖြူ မနောကဖြူတော့ ဘဝတခုကသာယာလှပလိုက်တာ စည်းစိမ်ဥစ္စာဆိုတာပြောစရာမရှိ အတတ်ပညာကလည်းတတ်လိုက်တာ အမှီကောင်းကလည်းရ 
 ဘဝဟာသာယာချင်တိုင်းသာယာနေလိုက်ပါဘိဓမ္မဒိန္နာရယ်။

နောက်ပြီးဘုရားရှင်နဲ့လည်းတွေ့တော့သူ့ဘဝဟာပြည့်စုံလိုက်သိဖြစ်ခြင်းတို့ပရိတ်သတ်ကြီးလည်းသူ့
လိုလေးပြည့်စုံချင်မှာပေါ့နော်တို့ပရိတ်သတ်ကြီးလည်းအားမငယ်ပါနဲ့ဘုရားသာသနာနဲ့တွေ့နေရပါပြီ သူတော်ကောင်းတရားတွေ နေရာတိုင်းမှာရှိနေတာပဲရလာတဲ့အခွင့်အရေးကိုလက်မလွှတ်လိုက်ပါနဲ့။

စာရေးသူတို့ကျောင်းတက်ရာ နာဂပူမြို့လေးမှာဆို ဗုဒ္ဓဘာသာဝင်များစွာရှိတယ် ဆွမ်းစားပင့်တယ် သီလပေးတရားဟောပရိတ်ရွတ်ဘုန်းကြီးတွေကသူတို့တာဝန်ကျေပွန်ပေမဲ့တရားနာတဲ့သူတွေကတချို့အင်္ဂလိပ်စာမတတ်တော့တရားဟောတဲ့ဆရာတော်ဘုန်းဘုန်းလေးတွေကလည်းကုလားစကားမတတ်တော့တခါတလေဘာသာပြန်ဘာသာပြန်မရှိရင်နားလည်းသူရှိသလိုနားမလည်သူတွေလည်းရှိကြတယ်။
ဘုန်းကြီးတွေပြန်ကြွရင်တအိမ်လုံးထွက်ပြီး တာ့တာပြလိုက်ကြတာလွမ်းမောဖွယ်ပါ ဘာကြောင့်ဒီစကားပြောနေတာလဲ တို့ပရိတ်သတ်ကြီးမှာ ကိုးကွယ်ရမည့်သံဃာမရှားဘူး တရားတွေကနေရာတိုင်းမှာ၇ှိတယ်ဒါကိုလက်မလွတ်စေချင်လို့ပါ။

နာဂပူမြို့ကသူတော်ကောင်းတွေလိုမဖြစ်စေချင်လို့ပါ ခုဆိုသူတို့တွေက ဘုန်းကြီးမြင်ရင် အိမ်ကြွလာရင် ဝမ်းသာလို့မဆုံး အိမ်အဝင်ဝမှာခြေဆေးပေး သဘက်တွေနဲ့ခြေတွေသုတ် ပန်းလေးနဲ့ကြိုနေလိုက်ကြတာ မြင်ယောင်သာကြည့်ပေတော့။

ကဲဓမ္မဒိန္နာအကြောင်းလေးဆက်ရေးကြည့်မယ်တခါတုံးကဘုရားရှင်လက်ထက် ရာဇဂြိုဟ်မြို့၌ အလွန်ချမ်းသာသော သူဌေးကြီး၏ သမီးဓမ္မဒိန္နာသည် ဥစ္စာပစ္စည်း ပြည့်စုံရုံသာမက ရုပ်ဆင်းအင်္ဂါကလည်း လွန်စွာလှပတယ်တဲ့။

ဓမ္မဒိန္နာ အရွယ်ရောက်သောအခါ မျိုးနွယ်တူ သူဌေးသားများက ထိမ်းမြားရန် တောင်းဆိုကြသည်။ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရကိုယ်တိုင် ခင်မင်ရင်းနှီးသော သူငယ်ချင်းဖြစ်သူ ၀ိသာခသူဌေးနှင့် ထိမ်းမြားပေးလေသည်။

ခင်ပွန်းဖြစ်သူ သူဌေးကြီးသည် သောတာပန်ဖြစ်၍ မြတ်စွာဘုရားကို လွန်စွာကြည်ညိုသည်။ နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားကျောင်းတော်သို့ တရားနာသွားသည်။ တရားနာသွားတိုင်း သူဌေးကြီးက ဓမ္မဒိန္နာကို ခေါ်သော်လည်း လိုက်လေ့မရှိ၊ သို့သော် သူဌေးကြီးတရားနာမှ ပြန်လာတိုင်း လှေကားဦးမှနေ၍ ပြုံးရွှင်စွာ လက်ကမ်းကြိုဆိုလေ့ရှိသည်။

တနေ့သ၌ သူဌေးကြီးသည် မြတ်စွာဘုရားထံတော်မှ တရားနာအပြီး အနာဂါမ်အရိယာဖြစ်၍ လွန်စွာတည်ကြည်သော ဣနြေ္ဒဖြင့် အိမ်သို့ ပြန်လာသည်။ ဓမ္မဒိန္နာသည် ခါတိုင်းကဲ့သို့ပင် သူဌေးကြီးကို အိမ်တံခါးဝလှေကားဦးမှ ကြိုလင့်လျက်ရှိသည်။ သူဌေးကြီးပြန်လာသည်ကို အဝေးကပင်ကြည့်ရင်း “ခါတိုင်းကဲ့သို့မဟုတ်၊ ဣနြေ္ဒလွန်စွာတည်ကြည်လှချည်လား”ဟု တွေးမိသည်။

လှေကားဦးသို့ ရောက်သောအခါ ဓမ္မဒိန္နာက ခါတိုင်းကဲ့သို့ လက်ကမ်းကာ ကြိုဆိုလိုက်သည်။ သို့သော် သူဌေးကြီးက ဓမ္မဒိန္နာ၏လက်ကို မကိုင်ဘဲ အိမ်ပေါ်သို့ တက်သွားသည်။ ဓမ္မဒိန္နာသည် ထမင်းစားချိန်ကျလျှင် သိရမည်အထင်နှင့် စောင့်စားလျက်ရှိသည်။

ထမင်းစားချိန်သို့ရောက်လာသော်လည်း သူဌေးကြီး၏ အမူအရာကား ပြောင်းလဲခြင်းမရှိချေ၊ ထမင်းစားသောအခါလည်း ပြုံးရွှင်စွာ စကားပြောဆိုခြင်းမရှိ၊ သူဌေးကြီးသည် အနားတွင်ရှိသော ဓမ္မဒိန္နာကို ခါတိုင်းကဲ့သို့ စကားပြောဆိုခြင်းမပြုဘဲ ဣနြေ္ဒရစွာ စားသောက်နေသည်။
ဓမ္မဒိန္နာသည် သိချင်စိတ်ကို မျိုသိပ်၍ ညအချိန်ရောက်မှသာသိရလိမ့်မည်ဟု တွေးကာ စောင့်နေမိပြန်သည်။ ညအချိန်သို့ရောက်သောအခါ သူဌေးကြီးက သူ့အတွက် အိပ်ရာသီးခြားပြင်ပေးရန် ပြောဆိုလေသည်။
ဓမ္မဒိန္နာရင်တွင်းမှ သံသယမှာ ပိုမိုကြီးထွားလာသည်၊ အတွေးပေါင်းများစွာကိုလည်း တွေးနေမိသည်။ “ငါ့အပေါ်ကျေနပ်၍လော၊ သို့မဟုတ် တခြားမှာ စိတ်ဝင်စားသူများရှိနေပြီလော၊ သို့မဟုတ် အခြားအကြောင်းထူး တစ်စုံတရာရှိနေသလော”စသည်ဖြင့် အတွေးနှင့်အတူ အသံတိတ်မေးခွန်းများကိုလည်း မေးနေမိလေသည်။

ဓမ္မဒိန္နာသည် သူဌေးကြီး၏ အမူအရာထူးခြားမူကို ကြာရှည်အောင် မထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။အရိယာတို့၏သဘောဆန္ဒသည် မိမိရရှိထားသော တရားထူးကို လွယ်လင့်တကူ ထုတ်ဖော်ပြောဆိုလေ့မရှိ၊ ယခုမူ ဖွင့်မပြောလျှင် ဓမ္မဒိန္နာလွန်စွာ စိတ်ဆင်းနေရှာလိမ့်မည်ဟု စဉ်းစား၍ -

“ဒီကနေ့ မောင်တော် ဗုဒ္ဓမြတ်စွာထံမှာ တရားနာပြီးတဲ့အခါ အနာဂါမိဖိုလ်သို့ ဆိုက်ရောက်ခဲ့တယ် နှမတော်၊ အနာဂါမ်တို့မည်သည် ကာမဂုဏ်ကို ခံစားလေ့မရှိတော့ဘူး”ဟု သူဌေးကြီးက ပြန်လည်ဖြေကြားလေသည်။ ပြီးလျှင် ဓမ္မဒိန္နာအား သူ၏ဆန္ဒများကို ဖွင့်ပြောလိုက်သည်။

“ဓမ္မဒိန္နာ----မောင်တော်ဘက်က ပါတဲ့ ဥစ္စာရွှေငွေ ကုဋေလေးဆယ်နဲ့ ဓမ္မဒိန္နာဘက်ကပါတဲ့ ဥစ္စာရွှေငွေ ကုဋေလေးဆယ်ကို တစ်ဦးတည်းကြိုက်သလို စီမံပါ၊ အိမ်ထောင်သစ်ပြုလိုလျှင်လည်း မောင်တော်ခွင့်ပြုပါတယ်၊ ဒါမှမဟုတ် ဒီအိမ်မှာဘဲ နေမြဲ နေလိုရင်လဲ မောင်တော်က နှမရင်း သမီးရင်းလို သဘောထားစောင့်ရှောက်ပါ့မယ်”

ဓမ္မဒိန္နာကား ချက်ချင်ပင် -

“သူတောင် ဒီဥစ္စာပစ္စည်းတွေကို စွန့်လွှတ်နိုင်သေးတာ၊ ငါက ဘာကြောင့် အစွန့်လွှတ်နိုင်ရမှာလဲ”ဟု နက်နက်နဲနဲ စဉ်းစားပြီး -“မောင်တော်----သူတပါး ထွေးအန်ထားတဲ့ တံတွေးကိုမမျိုချင်သလို မောင်တော်က မလိုချင်လို့စွန့်လွှတ်တဲ့ဥစ္စာပစ္စည်းတွေကို နှမတော်လည်းမလိုချင်ပါ၊ကြည့်စမ်း.သူများမလိုချင်လို့တံတွေး
သဖွယ်စွန့်လိုက်ရွှေငွေတွေကိုမနှစ်သက်ဘူးတဲ့ ခောတ်လူတွေနဲ့တော့ကွာသွားပြီ။
တပါးသူစွန့်လိုက်တဲ့ပစ္စည်းကိုတပ်နှစ်သက်လိုက်ကြတာ လိုချင်လိုက်ကြတာ ဘာသာရေးကိုစော်ကား သာသနာကိုစော်ကားနေလိုက်ကြတာ အာဏာအတွက် ရာထူးအတွက် စည်းစိမ်အတွက် ဓမ္မဒိန္နာကို အတုယူသင့်ပြီ။
နောက်သူကမေးလိုက်သေးတယ် ဗုဒ္ဓမြတ်စွာ သာသနာမှာ မောင်တော်ရတဲ့ တရားထူးမျိုးကို အမျိုးသမီးတွေကော ရခွင့်မရှိနိုင်ဘူးလား”

“ဓမ္မဒိန္နာ----ဆန္ဒရှိလို့ အားထုတ်လျှင် မည်သူမဆို ရနိုင်ပါတယ်”

“ဒီလိုဆိုရင် နှမတော်ကို ဘိက္ခုနီ ပြုခွင့်ပေးစေချင်ပါတယ် မောင်တော်”

“ကောင်းပါပြီ ဓမ္မဒိန္နာ၊ မောင်တော် ခွင့်ပြုပါတယ်”

ဝိသာခသူဌေးကြီးသည် ဓမ္မဒိန္နာအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ခင်မင်ရင်းနှီးသော အဆွေခင်ပွန်းဖြစ်သူ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းအား သံတော်ဦးတင်လေသည်။ မင်းကြီးကလည်း ၀မ်းသာအားရပင် နန်းတော်မှ ရွှေထမ်းစင်ကို ထုတ်ပေးလေသည်။
ဓမ္မဒိန္နာအိမ်မှ ဘိက္ခုနီကျောင်းသို့ သွားရာလမ်းတလျှောက် ရာဇမတ်များ ကာစေပြီး ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းတော်သို့ ခမ်းနားကြီးကျယ်စွာ လိုက်ပါ ပို့ဆောင်ကြသည်၊ ကျောင်းသို့ရောက်သောအခါ ဓမ္မဒိန္နာအား ဘိက္ခုနီပြုလုပ်ပေးကြလေသည်။

ဘိက္ခုနီဖြစ်ပြီးနောက်မှစ၍ ပူဇော်သက္ကာရပြုသူများဖြင့် စည်ကားလှသည်။ အခြွေအရံကလည်း များသောကြောင့် ဓမ္မဒိန္နာထေရီမထံသို့ ပရိသတ် အ၀င်အထွက် များနေသဖြင့် တရားအားထုတ်ရန် ဆိတ်ငြိမ်မူကို မရနိုင်ဖြစ်နေသည်။
ဆိတ်ငြိမ်စွာ တရားအားထုတ်ရန် ဥပဇ္ဈာယ်ဘိက္ခုနီကြီးထံ ခွင့်ပန်၍ တောအရပ်သို့ သွားရောက်ခဲ့သည်၊ ထိုတောအရပ်တွင် တရားအားထုတ်လေရာ ဆိတ်ငြိမ်မူရသဖြင့် မကြာမီပင် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

ဓမ္မဒိန္နာထေရီသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်သူ ကျေးဇူးရှိသူများလည်း တရားထူးရစေရန် ရာဇဂြိုဟ်သို့ ပြန်ကြွလာခဲ့သည်။ ဓမ္မဒိန္နာထေရီ ရာဇဂြိုဟ်ပြည်သို့ ရောက်ပြီဟု ကြားသောအခါ သူဌေးကြီးစိတ်ထဲ ထင့်သွားသည်၊
“ဘိက္ခုနီပြုပြီး မကြာမီပင် တောအရပ်သို့ သွားခဲ့သည်၊ တောရပ်တွင်လည်း ကြာရှည်စွာမနေဘဲ ပြန်လာသည်မှာ ဘိက္ခုနီဘ၀နှင့် မပျော်ပိုက်၍လော၊ သို့မဟုတ် အခြား အကြောင်းများကြောင့်လော”ဟု ကြံစည်လျက် ကျောင်းတော်သို့ လိုက်သွား၏။
သို့ရာတွင် စိတ်ထဲရှိသည့်အတိုင်း မေး၍ကား မသင့်လျော်ဟု ယူဆသဖြင့် တရားဓမ္မနှင့် စပ်လျဉ်းသော မေးခွန်းများကိုသာ မေးလျှောက်လေ၏။

သောတာပန် အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ သကဒါဂါမ်အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ အနာဂါမ်အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ မေးခွန်းများချည်းဖြစ်၍ မေးတိုင်းမေးတိုင်း ဓမ္မဒိန္နာထေရီကလည်း ရှင်းလင်း ပြတ်သားစွာ ဖြေကြားလေသည်။
သူဌေးကြီးသည် အရှင်မ၏အဖြေကို ကျေနပ်အားရကာ တဆင့်တက်၍ မိမိကိုယ်တိုင်မသိသေးသော်လည်း မြတ်စွာဘုရားထံမှ တရားနာရင်း သိထားသော ရဟန္တာပုဂ္ဂိုလ်များသာ ဖြေနိုင်သည့် မေးခွန်းများကို အောက်ပါအတိုင်း ဆက်၍ မေးလျှောက်ပြန်၏ -

“အရှင်မ ---- အ၀ိဇ္ဇာ၏ ဆန့်ကျင်ဘက်သည် အဘယ်နည်း”

“ဒကာ ၀ိသာခ ---- အ၀ိဇ္ဇာ၏ ဆန့်ကျင်ဘက်ကား ၀ိဇ္ဇာဖြစ်၏”

“အရှင်မ ---- ၀ိဇ္ဇာသည် မည်သို့သော တရားနှင့် သဘောသဘာဝချင်း တူပါသနည်း”

“ဒကာဝိသာခ ---- ၀ိဇ္ဇာသည် ၀ိမုတ္တိ(အရဟတ္တဖိုလ်)နှင့် သဘောသဘာဝချင်းတူပါသည်”

“အရှင်မ ---- ၀ိမုတ္တိသည် မည်သို့သော တရားနှင့် သဘော သဘာဝချင်းတူပါသနည်း”

“ဒကာဝိသာခ --- ၀ိမုတ္တိသည် နိဗ္ဗာန်နှင့် သဘောသဘာဝချင်း တူပါသည်”

“အရှင်မ ---- နိဗ္ဗာန်သည် မည်သည့်တရားနှင့် သဘောသဘာဝချင်း တူပါသနည်း”

“ဒကာဝိသာခ ---- နိဗ္ဗာန်သည် မည်သည့်တရားဓမ္မနှင့်မျှ မတူပေ၊ သို့ပါလျက် သင်က နိဗ္ဗာန်သည် မည်သည့်တရားနှင့်တူသနည်းဟု မေးခြင်းသည် မေးသင့်သောအတိုင်းအတာကို လွန်၍ မေးရာရောက်သည်”

“မြတ်သောအကျင့်သည် နိဗ္ဗာန်၌ အကြုံးဝင်၏၊ နိဗ္ဗာန်လျှင် မှီခိုရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးစွန်ဖြစ်၏၊ ဒကာဝိသာခ - သင်မေးလိုလျှင် မြတ်စွာဘုရားထံ ကိုယ်တိုင်သွားရောက်၍ ဤမေးခွန်းများကို မေးလျှောက်နိုင်ပါသည်”

သူဌေးကြီးလည်း မြတ်စွာဘုရားထံတော်သို့သွားကာ ဓမ္မဒိန္နာထေရီအားမေးခဲ့သော မေးခွန်းများကိုပင် မေးလျှောက်လေရာ မြတ်စွာဘုရားရှင်ကလည်း ဓမ္မဒိန္နာဖြေဆိုသည့်အတိုင်းပင် ဖြေဆိုတော်မူပြီး “ဓမ္မဒိန္နာသည် ငါ၏ ဉာဏ်တော်နှင့် ညှိနိုင်း၍ ဖြေကြားတတ်ပေစွ“ဟု ချီးကျူးတော်မူသည်။

ဤဖြေကြားချက်နှင့် အခြားသော တရားဟောပြောမူများကို အကြောင်းပြု၍ ဓမ္မဒိန္နာအား တရားဟောပြောသောအရာ၌ အတော်ဆုံး ဓမ္မကထိက ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူသည်။
ဓမ္မဒိန္နာရယ် တကယ်တော့ချမ်းသာမှုသည် တည်ဆဲခဏသာ ချမ်းသာမှုဖြစ်တယ် ပြောင်းလွဲသွားတဲ့အချိန်မှာဆင်းရဲတယ် ဆင်းရဲခြင်းသည်လည်းတည်ဆဲမှာသာ ဆင်းရဲခြင်းဖြစ်တယ် ပြောင်းလွဲသွားရင်ချမ်းသာတယ် ဒီလိုချမ်းသာဆင်းရဲခံစားမှုကို သိသောအားဖြင့်ချမ်းသာတယ် မသိရင်ဆင်းရဲမယ်ဆိုတာကိုသဘောပေါက်နေတဲ့ပါရမီပြည့်နေလိုက်တာ။
စာရေးသူလည်းရေးရင်းသဘောပေါက်လိုက်ပါပြီ လိုချင်မှုရှိနေသမျှကာလပါတ်လုံး ဆင်းရဲရအုံးမယ်ဒါကြောင့် ဆင်းရဲချင်သလား ချမ်းသာချင်သလား သြော်..ဓမ္မဒိန္နာရယ် အတုယူဖွယ်ကောင်းလိုက်ပါဘိ အားကျဖွယ်ကောင်းလိုက်ပါဘိ……

(ဓမ္မစမ်းရေ)


ဘာသာတရားဟာ ဘာအတွက်လဲ ၊


ဘာသာတရားကို ကိုးကွယ်သူ ရှိသလို ၊ ဘာသာတရားကို မကိုးကွယ်သူလည်း ရှိပါတယ် ။ ဘာသာတရား ကိုးကွယ်သူတွေမှာ ဘာအတွက်ကြောင့် ကိုးကွယ်ကြတာပါလဲ ဆိုတာ စဉ်းစားကြည့်မိတယ် .. ။

လူတစ်ချို့မှာ ငယ်ငယ်ကတည်းကစပြီး  အဖေနဲ့ အမေကကိုးကွယ်ကြလို့ ကိုးကွယ်ကြတာရှိတယ် မိဘတွေက ဒါလုပ်ဒီလိုအကျိုးရတယ်ဆိုလို့ လုပ်ခဲ့ကြတာ၇ှိတယ်။

လူတစ်ချို့မှာ ဟာ  ၊ ဒီဘာသာဟာ လူအများ ကိုးကွယ်လို့ ငါလည်း ကိုးကွယ်မယ်ဆိုတဲ့ အများကြိုက် ကိုးကွယ်မှုနဲ့ကိုးကွယ်တာလည်းရှိတယ်တပါးသောသူတွေဗုဒ္ဓဘာသာကိုးကွယ်ကြတယ် ငါလည်းကိုးကွယ်မယ်ဆိုပြီးတပါးသူလုပ်တိုင်းလိုက်လုပ်တာလည်းရှိတယ်။

တစ်ချို့ကျတော့လည်း မိမိပြုလုပ်လိုက်တဲ့ အကောင်းအဆိုး အပြစ်တွေအတွက် စိုးရိမ်ပူပန်စိတ်ဖြစ်လာတဲ့အခါ အားကိုးရာ ရှာတဲ့အနေနဲ့ ဘာသာတရား တစ်ခုခုကို ကိုးကွယ်လိုက်တဲ့ သူတွေလည်း ရှိတယ် ။

လူတစ်ချို့မှာတော့  စားဝတ်နေရေးကြောင့်သော်လည်းကောင်း ထောက်ပံ့တဲ့အဖွဲ့အစည်းတွေရဲ့ စည်းရုံးမှုကိုမလွန်ဆန်နိုင်ဖြစ်ပြီးတခြားဘာသာကိုးကွယ်မှုနောက်ကိုလိုက်ပါ ပြောင်းလည်းသွားရတဲ့
သူတွေလည်းရှိတယ် ။

တချို့တွေမှာတော့  ပူလောင်တဲ့ ဒီကမ္ဘာလောကထဲကနေ အေးချမ်းရာ အေးချမ်းကြောင်း အပူကင်းရာ ၊ အရိပ်တခုကိုရှာမှီးတဲ့အနေနဲ့ခိုကိုရာ ၊ အပူသက်သာရာအဖြစ် ရှာဖွေချင်လို့ ၊အကျိုးရချင်လို့ ကိုးကွယ်တဲ့သူတွေလည်း ရှိတယ် ။

အချို့ကျပြန်တော့ .. ဘာသာတရားကို ကိုးကွယ်ရာမှာ ဘာသာတရားထဲက အဆုံးအမတွေကိုသေချာလေ့လာ သေချာဆန်းစစ်ကြည့်တော့ လက်ရှိမိမိဘဝအတွက် ပစ္စုပ္ပန်အတွက် အနာဂါတ်မိမိဘဝအတွက်လက်တွေ့ အကျိုးဖြစ်ထွန်းတယ်ဆိုတာကိုသေချာသိလို့ စိတ်ထဲက နှလုံးသားထဲကနေ လက်ခံ ယုံကြည် ကိုးကွယ်တဲ့သူလည်းရှိတယ် ။

လူတစ်ချို့ကတော့ .. ဘာသားတရား အဆုံးအမကြောင့်သော်လည်းကောင်း ၊ဘာသာရေးခေါင်းဆောင်တွေရဲ့အဆုံးမကြောင့်သော်လည်းကောင်း မိမိကိုယ်တိုင်ကနားလည်လက်ခံတတ်တဲ့ ပညာရှိဥာဏ်ရှိခြင်းကြောင့်သော်လည်းကောင်း၊ အပူအပင်တွေ ထူပြောတဲ့ လူ့လောက ဒုက္ခတောထဲကနေ ငြိမ်းချမ်းရာ အစစ်ကို ရှာဖွေ တွေ့ရှိသွားတတ်ကြတယ်။

ဘယ်ကမ္ဘာ ဘယ်နိုင်ငံ ဘယ်နေရာ ၊ ဘယ်ဘာသာ ၊ ဘယ်လူမျိုး ၊ ဘယ်လိုလူတွေ ဖြစ်နေပါစေ .. ဘာသာ အယူဝါဒ ဘယ်လိုပင်ကွဲပြားပါစေ၊မိမိကိုးကွယ်သည့်ဘာသာကိုမိမိဘယ်လောက်ချစ်နေပါစေ ခုလို လူ့လောက မှာနေရသည့်အခိုက်တန့်အချိန်အတောအတွင်းလေးမှာ .. မိမိစိတ်နှလုံး ပူပင်မှုအစား အေးချမ်းမှုတွေနဲ့နေသွားလိုက်ရင် မိမိဘဝဘယ်လောက်တန်ဖိုးရှိလေမလဲ တန်ဖိုးလည်း ရှိစေချင်တယ် ၊

ဆင်းရဲတောထဲမှာ နစ်မျောမှုအစား ဆင်းရဲမှလွတ်မြောက်အောင် ကြိုးစားစေကြမယ်လေ ၊ လောကရဲ့ သဘောတရားတွေထဲကနေ မိမိကိုယ်ကိုယ် အားထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် တန်ဖိုးထားတဲ့ပုဂ္ဂိုလ်တယောက်အဖြစ်ကြိုးစားကြည့်ကြမယ်မကောင်းဘူးလား။

 မိမိအသိဥာဏ်ကိုလည်းလွတ်လပ်စွာတွေးပြီးအမှားအမှန်ကိုဆုံးဖြတ်နိုင်တဲ့သူဖြစ်အောင်ကြိုးစား
ကြည့်ကြမယ် ၊ တပါးသူလောင်းရိပ်အောက်မှာ တပါးသူကခိုင်းတဲ့ ကကွက်ဟောင်းတွေနဲ့တင် မနေပျော်နေတော့မှာလား။

မိမိရဲ့လွတ်လပ်တဲ့ ကကွက်ဆန်း တွေကိုလည်း မိမိကိုယ်တိုင်တီထွင်နိုင်ပြီး ဘဝ ဇာတ်အိမ်ထဲမှာ မိမိကကြိုးဆင်မှုတွေမလုပ်ကြတော့ဘူးလား ။
ဒီတော့ ဘာသာအယူဝါဒတခုကိုးကွယ်တယ်ဆိုတာကိုယ်ကျင့်ရမည့် ကိုယ်ကျင့်တရားကို ဦးစွာပေး စီစစ်သင့်ပါတယ် ၊ ကိုယ်ကျင့်တရားတွေဟာ မကောင်းတဲ့ အကျင့်တွေဆိုရင် မိမိအတွက် ကောင်းမွန်မှာမဟုတ်တာ သေချာပါပဲကောင်းမွန်တဲ့အကျင့်ဆိုရင်မိမိအတွက်ကောင်းမွန်မှာပါပဲ။
စာရေးသူတို့ဘာသာတရားကတော့မျက်စိမှိတ်ယုံခိုင်းတဲ့ဘာသာတခုမဟုတ်ပါဘူးလာပါရှု့ပါကျင့်ကြံလှည့်ပါ ပြီးမှယုံကြည်မှလက်ခံပါဆိုတဲ့မြတ်ဘုရားစကားလဲရှိတယ်လေ။
ဒီတော့ဘာသာတရားဟာမိမိငြိမ်းချမ်းမှုအတွက်လူတွေငြိမ်းချမ်းမှုအတွက်ဖြစ်သင့်ပါတယ် တပါးသူဆင်းရဲမှုအတွက်တော့မဖြစ်သင့်ပါဘူး စဉ်းစားကာကြည့်ကြပါလေ။

ဓမ္မစမ်းရေ..