အခြေခံဝိပဿနာတရားတွေသိရလေအောင်ဒီနေ့ဝိပဿနာအကြောင်းနည်းနည်းရေးချင်တယ်၊
ဝိပဿနာဆိုတာ ဝိဝိဓေန အာကာရေန ပဿတီတိ ဝိပဿနာ တဲ့ အဓိပ္ပါယ်လေးကအထူးထူးသောအကြောင်းအားလုံးကိုသိမြင်တတ်တာကိုဝိပဿနာလို့ခေါ်ပါတယ်တဲ့။
ပြောချင်တာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ်
ဖြစ်သမျှအရာအားလုံးကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။
ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိမူနေခြင်းပါပဲ။
ဒါကိုဘာလို့ပြောရမလဲဆိုရင် သတိပဋ္ဌာန-
သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို
ဝိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း
အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုလိုကြတာပါ။
ဒါကြောင့် စတင်အားထုတ်မယ့် သူဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင်
သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ
ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ်
ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို
ပြင်ဆင်ရပါမယ်။
အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့
အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်၊ မိမိစိတ်ကလေးကိုမိမိရှု့မှတ်တဲ့နေရာမှာအမြဲသတိမူဖို့တော့မမေ့ပါနဲ့။
မြတ်ဗုဒ္ဓက ဝိပဿနာအားထုတ်မည့်ယောဂီသည်သတိရှိလျက်သာလျင်
ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း
ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏
အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…”
စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကိုအောက်ခြေကစလို့ဟောကြားခဲ့ပါတယ်။
ဝိပဿနာအလုပ်ကိုစပြီးလုပ်သူတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်တာသဘာဝပါ ဘယ်အလုပ်ပဲလုပ်လုပ်အခက်ခလြေးတော့ရှိနေစမြဲလေ၊
သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ် မိမိလုပ်ခဲ့တဲ့အလုပ်တွေအပေါ်ရောက်ရောက်နေတတ်ပါတယ်။
ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ်လို့်
မရတာတွေလည်း ရှိတတ်ပါတယ်။ မိမိမှတ်နေတဲ့ထွက်လေ၀င်လေသတိမမူမိတာလည်းရှိတတ်ပါတယ်၊ အဲဒီလို
ဖြစ်တဲ့အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ သတိမူစေချင်ပါတယ်။
ဒီတော့
တရားအားထုတ်တဲ့ တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏
အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ
တိုင်းတာရပါ့မယ်။
ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။
ထို့အပြင် ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။
သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း သွားသည် ဟူ၍ အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ ကို ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ လို့ ပြင်ရမလိုဖြစ်နေပါတယ်။
နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိထိုင်လျှင်လည်း ထိုင်တယ်ဟူ၍ အပြားအားဖြင့် သိရမယ်၊ ထိုင်လျှင် ဘာမျှမဟုတ် ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ ကို နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ လို့ ပြင်ရမလိုဖြစ်နေပါတယ်၊
န နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့
အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ
သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ
အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။
ကဲဒီလောက်ဆိုဝိပဿနာအစပြုသူတို့မှတ်လို့ရလောက်ပါပြီ
အားလုံးငြိမ်းအေးရာအမှန်မြတ်နိဗ္ဗာန်ကိုကိုယ်စီတက်လှမ်းနိုင်အောင်ကြိုးစားနိုင်ကြပါစေ။
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire