အခြားကျောင်းသားများနည်းတူ
အင်္ဂလိပ်လို ကောင်းကောင်းပြောနေသည့် သားဖြစ်သူကို မာဒန်း ဆင်းက ကြည့်ပြီး
ပီတိတွေဖြာနေသည်။ ပုဂ္ဂလိကကျောင်းကို ပြောင်းထားပြီးကတည်းက သူ့သား နှုတ်သွက်
လျှာသွက် ဖြစ်လာသည်။ သူငယ်ချင်း အပေါင်းအသင်းတွေလည်း များလာသည်။
မာဒန်းဆင်းသည်
သူဌေးအိမ်မှ ထမင်းချက်တစ်ယောက်ဖြစ်သည်။ သူ့သားကို ဆင်းရဲဒုက္ခခံပြီး
အစိုးရကျောင်းသို့ ပို့ခဲ့သည်။ အိန္ဒိယကျောင်းများ၏ ထုံးစံအတိုင်း
အစိုးရကျောင်းများတွင် ဆရာမလုံလောက်မှု၊ ကျောင်းအဆောက်အအုံ မလုံလောက်မှု၊ ကျောင်းအင်္ဂါရပ်များနှင့်
မညီညွတ်မှုများကို ရင်ဆိုင်နေရသည့်ကြားမှ စာတတ် စေချင်သည့်အတွက် သားဖြစ်သူကို
သူကျောင်းသို့ ပို့ခဲ့သည်။
အိန္ဒိယနိုင်ငံတွင်
ပြီးခဲ့သည့် နွေဦးကတည်းက နိုင်ငံတော် တရားရုံးချုပ်မှ ဥပဒေ တစ်ရပ်ကို
ပြဋ္ဌာန်းခဲ့သည်။ ဆင်းရဲသည့် သားသမီးများကို ပုဂ္ဂလိကကျောင်းတက်ခွင့် ဥပဒေဖြစ်သည်။
ထိုဥပဒေအရ ပညာလိုလားသည့် အစိုးရကျောင်းများမှ ကြိုးစားသော ကျောင်းသားများကို
ပုဂ္ဂလိကကျောင်းသို့ တက်ခွင့်ရရန် အထောက်အကူပြုသည်။
မာဒန်းဆင်း
အလုပ်လုပ်နေသည့် အိမ်မှသူဌေးမက သူ့အိမ်တွင် ၅ နှစ်ထမင်း ချက်ဘ၀နှင့်
လုပ်ကိုင်ပေးနေသော အလုပ်သမားမိသားစု၏ ပညာရေးကို ထောက်ပံ့ပေးမည်ဖြစ်သည်။
ထိုအစီအစဉ်တွင် အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်းကျောင်း သား ၂၅ ရာခိုင်နှုန်းကို
ပုဂ္ဂလိကကျောင်း များမှ လက်ခံပေးရမည်ဖြစ်သည်။ တစ်နှစ် ရူပီး ၁ သိန်း (ဒေါ်လာ ၁၈၀၀)
ခန့်ကုန်ကျသည့် ပုဂ္ဂလိကကျောင်းများတွင် တက် ရောက်ခွင့်ရရှိမည့် အခွင့်အရေးဖြစ်သည်။
ပန်ကာ့ဂ်ျ
(မာဒန်းဆင်း၏သား)သည် “မိခင် နိုင်ငံတကာကျောင်း” တွင် တက်ရောက်ခွင့်ရခဲ့သည်။
ထိုကျောင်းတွင် တက်ကြွလှုပ်ရှား၊ အားရပါးရ စာသင်တတ်သော ဆရာများကို နဖူးတွေ့ ဒူးတွေ့
သူကြုံတွေ့ လိုက်ရ သည်။ ကျောင်းသစ်သို့ သူရောက်စဉ်က “အရင်ကျောင်းနဲ့ ဘာမှမဆိုင်ဘူး။
ပညာရေးကို အလေးထားပုံလည်းမတူဘူး၊ သင်ကြားပုံလည်း ဘာမှမတူဘူး” ဟု သူ့ အတွေ့အကြုံကို
ပြောပြခဲ့သည်။
ပန်ကာ့ဂ်ျ၏မိဘများသည်
အသက် ၁၀ နှစ်လောက်ကတည်းက ကျောင်းမှထွက်ခဲ့ကြရသည်။ သို့သော် သူတို့သားကိုတော့
ဆရာဝန်ကြီးဖြစ်စေချင်သည်။ ဖခင်ဖြစ်သူက “ဒီလိုကျောင်းမျိုး နေရလို့ကတော့ဗျာ၊
သူကောင်း ကောင်း ပညာကိုတန်ဖိုးထားပြီး ကြိုးစားမှာသေချာတယ်” ဟုပြောရှာသည်။
ပုဂ္ဂလိကပညာရေးကို
အိန္ဒိယနိုင်ငံတွင် တံခါးဖွင့်ပေးလိုက်ခြင်းသည် ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုကို
များစွာဖြစ်ထွန်းစေခဲ့သည်။ ကလေးသူငယ်များ အခမဲ့ပညာ မသင်မနေရဥပဒေ သို့မဟုတ် ပညာသင်ကြားခွင့်
အက် ဥပဒေကို အိန္ဒိယအစိုးရသည် ၂၀၀၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည်။ ထို့ကြောင့်
ဝင်ငွေနည်းသည့်မိသားစုမှ သား သမီးများသည် ပညာသင်ကြားခွင့်များ ရရှိလာကြသည်။
ထိုဥပဒေအရ
အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်း ကလေးသူငယ်များသည် အစိုးရကျောင်းတွင်ဖြစ်စေ၊ ပုဂ္ဂလိက
ကျောင်းများတွင်ဖြစ်စေ မူလတန်းမှစတင်ကာ ပညာသင်ကြားခွင့်ရရှိလာခဲ့သည်။ ကျောင်းသား
ဆရာအချိုး၊ ဆရာများ၏ အလုပ်ချိန်နာရီ၊ အထူးပညာရေးအစီအစဉ်များ ကွာဟချက်များနေသည့်
ပညာရေးစနစ် နှစ်ခု အတွင်း ကလေးများ၏ ပညာသင်ခွင့်ကို
ပြဋ္ဌာန်းနိုင်လိုက်ခြင်းဖြစ်ပါသည်။
ပုဂ္ဂလိကကျောင်းများတွင်
ဆင်းရဲသည့်မိသားစုမှ ကျောင်းသားများ ပညာသင်ယူခွင့်ကို ချမ်းသာသည့်မိသားစုများ၏
အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ထိုဥပဒေကို အစိုးရက ပြဋ္ဌာန်းသော်လည်း
ပုဂ္ဂလိကကျောင်းတိုင်းကမူ လိုက်နာခြင်း မရှိကြောင်းကိုလည်းတွေ့ရသည်။
ထိုဥပဒေကို
ပုဂ္ဂလိကကျောင်းအတော်များများက ဆန့်ကျင်ပြီး တရားရုံးတွင်
အမှုရင်ဆိုင်ဖြေရှင်းသည်အထိ ပြဿနာကြီး ထွားလာခဲ့သည်။
ယခုနှစ်
ဧပြီလတွင် တရားရုံးချုပ်က ဆင်းရဲသည့်ကျောင်းသား ၂၅ ရာခိုင်နှုန်းကို
ပုဂ္ဂလိကကျောင်းများတွင် လက်ခံရမည်ဆိုသည့် အမိန့်ကို ထပ်မံအတည်ပြုခဲ့သည်။
မည်သို့
ဥပဒေကိုထုတ်ပြန်သည်ဆိုစေ ဆင်းရဲသည့်သူများမှာ ပညာရေးနှင့် အလှမ်း ဝေးနေဆဲဖြစ်နေသေး
သည်။ ကျောင်းဝင်ခွင့်ကို ကန့်သတ်ထားသဖြင့် ကျောင်းသားတိုင်း
ကျောင်းတက်ခွင့်မရနိုင်တော့ပေ။ မိသားစု သို့မဟုတ် အထောက်အပံ့ပေးမည့် အလှူ
ရှင်ရှိသော်လည်း ကျောင်းဝင်ခွင့်မှာ အလွန် ခက်ခဲသည့် ကိစ္စရပ်ကြီးတစ်ခုဖြစ်နေသေးသည်။
အစိုးရအနေဖြင့်လည်း
ပုဂ္ဂလိက ကျောင်းများအပေါ်ထောက်ပံ့နေသည့် ငွေကြေးများကို ၈၀ ရာခိုင်နှုန်းအထိ
လျှော့ချ လိုက်သဖြင့် ဆွေးနွေးဝေဖန်စရာများ ဖြစ်လာခဲ့သည်။ အိန္ဒိယတွင် မူလတန်းသို့
ကျောင်းဝင်ခွင့် လျှောက်ထားသူပေါင်း တစ်နှစ်လျှင် ၁၈၈ သန်းရှိသည်။ ထိုအထဲ တွင် ၇၀
ရာခိုင်နှုန်းမှာ အစိုးရကျောင်းများ တွင်သာ တက်ရောက်သင်ကြားနိုင်သည်။
ကျေးရွာများတွင် ကလေး ၈၄ ရာခိုင်နှုန်းသည် အစိုးရကဖွင့်လှစ်ထားသည့်
ကျောင်းများတွင်သာ တက်ရောက်သင်ကြားနိုင်ကြကြောင်း ဒေသဆိုင်ရာ ပညာရေးအစီရင်ခံ
စာများအရ သိရှိရသည်။
အစိုးရကျောင်းများတွင်
ပညာသင်ကြားရသည့် ပြဿနာတစ်ရပ်မှာ ဆရာမလုံလောက်ခြင်း၊ ကျောင်းစာသင်ခန်း
ပရိဘောဂချို့တဲ့ခြင်းတို့ဖြစ်သည်။ ထို့ပြင် ကျားမ ခွဲခြားဆက်ဆံခြင်း၊
မိန်းကလေးများအတွက် သီးခြားအိမ်သာ မထားပေးခြင်း စသည့် အခက်အခဲများလည်း
ရှိနေသေးသည်။ အစီရင်ခံစာများအရ အစိုးရကျောင်း တွင် ၅ နှစ် တက်ခဲ့သည့်
ကလေးတစ်ယောက်သည် အခြေခံ စာရေး၊ စာဖတ်နှင့် အတွက် အချက်ကိုပင် မတတ်ဆိုသည့်
အချက်ကလည်း အလေးထားပြီးပြန်လည်စဉ်းစားရမည့်ကိစ္စ ဖြစ်လာသည်။
“အစိုးရပညာရေးဟာ
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ကျဆင်းနေခဲ့တာပါ” ဟု ပညာရေးအက်ဥပဒေ
စောင့်ကြည့်ရေးအဖွဲ့မှ ကီရန် ဘာတီကဆိုသည်။ “အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ
ကွဲပြားမှုတွေရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရကျောင်းတွေမှာ အရည်အသွေးဆိုတာကို
ထိန်းရကောင်းမှန်း မသိတာကြောင့်ပဲ။
သူတို့က အတန်းတင်ပေးဖို့ အရေအတွက်ကိုပဲသိတယ်။
ပညာတတ်အောင် သင်ပေးရမယ်ဆိုတဲ့ အရည် အသွေးကောင်းအောင်လုပ်ပေးဖို့ မသိကြတော့ဘူး။
ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတစ်ခုကို လုပ်တော့လုပ်ရမယ်။ ဒါပေမယ့် သိပ်တော့
မလွယ်ဘူး” ဟု သူကဆိုသည်။
အစိုးရသည်
ထုတ်ပြန်ထားသည့် အက်ဥပဒေ အကောင်အထည်ပေါ်စေရန် အတွက် ဒေါ်လာ ၁၁ ဘီလီယံခန့် ကျခံ
သုံးစွဲနေရသည်။ သို့သော် ကျောင်းတိုင်းက ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး
ပညာသင်ကြားပိုင်ခွင့်ကိုတော့ ငြင်းပယ်နေကြဆဲ ဖြစ်သည်။ နိုင်ငံအတွင်း
ပုဂ္ဂလိကကျောင်းများအနေဖြင့် ထုတ်ပြန်ထားသည့်ဥပဒေကို လက်ခံသည်ဆိုစေ၊
ကျင့်သုံးမှုအပေါ်တွင် ပြန်လည်စဉ်းစားသုံးသပ်ကြရဦးမည်ဖြစ်သည်။
“ကျွန်တော်တို့
လိုက်နာချင်ပါတယ်။ အဲဒီဥပဒေက အိန္ဒိယစာသင်ခန်းစနစ်ကို
ပြောင်းလဲပစ်လိုက်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ကျွန်တော်တို့ စိတ်ရင်း စေတနာနဲ့
လိုက်လုပ်ဖို့ပဲလိုတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက လုပ်ပိုင်ခွင့်
နည်းနည်းပဲရှိတာ။
ဘယ်လိုလိုက်ပြီးတော့ အကောင်အထည် ဖော်ပေးရမှာလဲ” ဟု နှစ် ပေါင်း
၁၅၀ ကျော်ဖွင့်လှစ်ခဲ့သည့် ဂျေဘီ ပတစ် အမျိုးသမီးအထက်တန်းကျောင်းမှ ပီ ကူးတား
ကဆိုသည်။
ပညာရေးအတွက်
အသုံးစရိတ်များကလည်း မရေမရာဖြစ်နေသေးသည်။ ပုဂ္ဂလိကကျောင်းများသည် အိန္ဒိယ
သင်ရိုးအဖွဲ့သို့ နှစ်စဉ် ရူပီး ၆ သောင်းမှ ၁ သိန်းအထိ ပေး သွင်းနေရသည်။
နိုင်ငံတကာအဆင့် စာမေးပွဲဖြေဆိုနိုင်ရန် သင်ကြားပေးနေသည့် ကျောင်းများဆိုလျှင်
အထက်ပါပေးသွင်းရငွေထက် ၅ ဆပိုပြီးပေးဆောင်ကြရသည်။
အစိုးရ
သတ်မှတ်ပြဋ္ဌာန်းချက်အရ အစိုးရကျောင်းများမှ ပုဂ္ဂလိကကျောင်းများသို့ ပြောင်းလာသော
ဆင်းရဲသည့်ကလေးများ၏ ကျောင်းစရိတ်ကို ယခင်ကျောင်းထက် အနည်းငယ်မျှသာ
တိုးမြှင့်ယူရန်ဖြစ်သည်။ ဒေလီတွင် အစိုးရက ကျောင်းပြောင်းတက်သည့်ကလေးတစ်ယောက်လျှင်
တစ်လ ရူပီး ၁၂၀၀ ခန့်ထောက်ပံ့သည်။
ဥပဒေက မည်မျှလိုအပ်ပြီး၊ မည်မျှထောက်ပံ့ရန်
အတိအကျမပြဋ္ဌာန်းနိုင်ခြင်းကလည်း ကျောင်းပြောင်းထားရသည့် မိဘများအတွက်
ချမ်းသာသည့်သူများနှင့်ယှဉ်ပြီး စိတ်ပျက်စရာ ဖြစ်ခဲ့သည်။
“ဘဏ္ဍာရေးဂယက်က
အတော်လေး ရိုက်ခတ်ခဲ့တယ်။ ကျောင်းတွေမှာ ရံပုံငွေတွေထောက်ပံ့ပေးဖို့ လိုအပ်နေတယ်။
ဆင်းရဲတဲ့မိဘတွေက ချမ်းသာတဲ့သူတွေကို သူတို့သားသမီးတွေအတွက် အထောက် အပံ့ပေးဖို့
ဘယ်လိုအတင်းအကျပ် သွားပြောနိုင်မှာလဲ” ဟု အာ အန် ပိုးဒါးကျောင်း မှ
ကျောင်းအုပ်ကြီး အနီတာ ဘားက ပြောပြသည်။
ဂျေဘီ
ပတစ်ကျောင်းမှ မစ္စ ကုတားက သူမအနေဖြင့် စာအုပ်ဖိုး၊ ယူနီဖောင်းကြေး၊
လေ့လာရေးခရီးစရိတ်၊ အချိန်ပိုကြေးစသည့် အခက်အခဲများကို မည်သူ့အားပြောရမှန်း
မသိဖြစ်နေကြောင်း ပြောရှာသည်။
အခြားပြဿနာတစ်ရပ်မှာ
ချမ်းသာသည့်မိဘများက သူတို့သားသမီးကို ဆင်းရဲ သားများနှင့် အတူတူမထိုင်
စေချင်သဖြင့် ကန့်ကွက်လာကြခြင်းဖြစ်သည်။ အိန္ဒိယတွင် ဇာတ်နိမ့်
ဇာတ်မြင့်ခွဲခြားမှုများရှိနေခြင်းကလည်း ပညာရေးတွင် တစ်တန်းတည်းဖြစ်စေရန်
အကောင်အထည်ဖော်နေသော အစိုးရအတွက် အခက်တွေ့စေနိုင် သည်။
မည်သို့ဆိုစေ
အိန္ဒိယတွင် ထုတ်ပြန်ထားသည့် ဆင်းရဲချမ်းသာမရွေး ပညာသင်ကြားခွင့်ဆိုင်ရာ အက်ဥပေဒေ
သည် ကောင်းသော်လည်း လူတန်းစားကွာခြားမှု၊ လူနေမှုနိမ့်ကျသူများ ပေါများမှု၊
ဇာတ်အနိမ့် အမြင့်ကွဲပြားမှုများကြားတွင် စိန်ခေါ်နေသည့် ပညာရေးဥပဒေတစ်ရပ်အနေဖြင့်
ရှိနေဦးမည်သာဖြစ်သည်။အားလုံးသိရှိကြစေဖို့တင်ပြပေးလိုက်ပါတယ် ။။။
0 comments:
Enregistrer un commentaire