Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 31 janvier 2014

ဓမ္မစမ်းရေ အတွေးစာစုများ

                     



*မိမိကိုယ်ကို မိမိ ထုဆစ်ပြီးဘဝတခုဖြစ်လာရတာပါ

ထုဆစ်လိုက်တဲ့ဘဝတခုဟာ အမုန်းတွေ

အာဃာတတွေနဲ့ထုဆစ်မှာလား

အပြုံးတွေ မေတ္တာတွေနဲ့ထုဆစ်မှာလား၊

ကဲ...ဘယ်လိုလဲ?.


* လောကမှာ ပညာတတ်နေရုံနဲ့မပြီးသေးဘူး

အတွေ့ကြုံကောင်းတွေရှာဖွေဖို့လိုသေးတယ်

ပညာလည်းရှိ အတွေ့ကြုံလည်းပြည့်စုံနေပြီဆိုရင်

အဲဒီသူဟာ အောင်မြင်မှုရရှိနိုင်ပါပြီ.


* ချမ်းသာမှုဆိုတာ

ဂေါတမ ဗုဒ္ဓကဖန်ဆင်းတာလည်းမဟုတ်ဘူး

ထာဝရဘုရားရှင်ကဖန်ဆင်းတာလဲမဟုတ်ဘူး

ကာလီမယ်တော်ကဖန်ဆင်းတာလည်းမဟုတ်ဘူး

ဘယ်သူကမှဖန်းဆင်းတာမဟုတ်ဘူး

ကိုယ့်ဘာသာလုပ်ယူရတာ ကြိုးစားယူရတာချည်းပါပဲ။


* ခရီးများများ သွားလျင် ခလုတ်တိုက်မိတတ်တယ်

ခလုတ်တိုက်မှာ ကြောက်နေလျင် လိုရာပန်းတိုင်ကို မရောက်ပဲ ရှိလိမ့်မည်

ဒါကြောင့် ခရီးလဲ သွားပါ၊ ခလုတ်မတိုက်မိအောင်လဲ သတိထားပါ" ။


* ငါတို့ ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာကိုစိတ်မဝင်စားသင့်ဘူး၊

လုပ်ခဲ့တဲ့အလုပ်ထဲမှာဘယ်လောက်မေတ္တာတွေစေတနာတွေဘယ်လောက်

ပေးနိုင်ခဲ့ သလဲ ဆိုတာပဲငါတို့စိတ်ဝင်စားသင့်တယ်

ငါတို့ ဘယ်လောက်အတိုင်းအတာအထိ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်တယ် ဆိုတာကို

စိတ်မဝင်စားသင့်ဘူး၊

လှူဒါန်းခဲ့တဲ့ အပေါ် မှာ မေတ္တာတွေ ဘယ်လောက် မျှဝေနိုင်ခဲ့သလဲ ဆိုတာပဲ

စိတ်ဝင်စားသင့်တယ်။


 *ဆင်းရဲခြင်းတွေကို အတူလက်တွဲကာဖြေရှင်း

အခက်ခဲတွေအတူကျော်ဖြတ်

လောကရဲ့ပေးလာတဲ့ လောကဓံကိုအတူခံစား

ပူပန်စရာတွေမျှဝေ

နားလည်မှုရှိရှိနဲ့ ဘဝကိုတူတူဖြတ်ကျော်နိုင်တဲ့သူကို...

ဘာလို့တို့တတွေသတ်မှတ်ကြမလဲ? 


* ခရီးဆိုတာ သွားမှရောက်တယ်

နေဆိုတာ တက်မှမြင့်တာ

အစားအစာ စားမှ ဗိုက်ပြည့်တယ်

ဟင်းကချက်မှ ကျက်တယ်

အောင်မြင်မှုဆိုတာလည်း အိပ်နေလို့ စကားပြောနေလို့မရဘူး

လုံးလ ဝီရိယစိုက်မှရမယ်....ဓမ္မစမ်းရေ..




jeudi 30 janvier 2014

ကုသိုလ်ကံအားနည်းပြီဆိုရင်



လိုချင်တတ်မက် လောဘတွေက မီးတောက်မီးလျှံလို တောက်လောင်နေချိန် အဖြူအမဲ ခွဲခြားမသိ မမြင်နိုင်တဲ့အခိုက်အတန့်မှာတော့ အမှားပေါင်းများစွာ ကို ကျူးလွန်ခဲ့တဲ့ တို့တတွေဟာ မိုက်မဲတဲ့သူကို ဆရာတင်မိကြလိမ့်မယ်။

အမဲကိုအဖြူမြင်အလင်းကိုအမှောင်မြင်အမှားကိုအမှန်ထင်တော့ကျန်လူများစွာဒုက္ခကိုအလှဆင်ခဲ့ကြရပြီး
အလင်းဆိုတာရှိနေသ၍တော့အမှောင်ဆိုတာဆက်လက်ရှိနေအုံးမှာပဲဆိုတာသိဖို့လိုပါတယ်။

ကုသိုလ်ကံအားနည်းလို့အကုသိုလ်ကံတွေအားကြီးကိုယ်လုပ်တဲ့အလုပ်မှာမကောင်းမှုတွေကြီး
ဖိစီးပြီးနေကြတဲ့သူတွေ ပျက်စီးဖို့အချိန်တန်လာရင် အမှားတွေကိုအမှန်ထင် အမှန်တွေကိုအမှားထင်လာတတ်ပါတယ် အဲဒီလိုထင်လာရင် မိမိမှာရှိတဲ့အသိဥာဏ်တွေ ကြီးပွားတိုးတက်မှုတွေ အကုန်လုံးပျက်စီးဆုံးရှုံးခြင်းသို့ရောက်ရတတ်ပါတယ်။

ခုခောတ်လူငယ်တွေမိမိလုပ်နေတဲ့အလုပ်ကမှားနေတတ်ပါတယ်သို့သော်..သူတို့က
ဘာသာရေးနဲ့ဝေးနေတော့ ခုလိုလေးတွေတွေးမိတတ်ကြတယ်.. ကုသိုလ်လုပ်တဲ့အချိန်တွေမှာ ကိုယ်လုပ်တဲ့အလုပ်ကမအောင်မြင်ဘူးဆိုရင်ဘာထူးလို့လဲကုသိုလ်လုပ်တော့ကော ရွက်လိုက်ရတဲ့ပရိတ်စိပ်လိုက်ရတဲ့ပုတီးဖတ်ဖတ်ကိုမောလို့ဟိုမကောင်းမှုလုပ်တဲ့သူကျတော့
စာမေးပွဲအောင်သတဲ့အလုပ်ရသွားသတဲ့ရာထူးတိုးသွားသတဲ့မထူးပါဘူးကွာဆိုပြီးမကောင်းတဲ့စိတ်
ဖက်ကိုယိုင်သွားကြတဲ့သူတွေခုခောတ်မှာများစွာတွေ့ရတတ်ပါတယ်။

အရင်ကကိုယ်လုပ်ခဲ့တဲ့မကောင်းမှုကိုမတွေးတတ်ကြဘူးရှေးကမကောင်းမှုတွေရှိနေသ၍
မကောင်းမှုတွေအားကြီးနေသ၍တော့ကောင်းမှုကနိုင်လိမ့်မည်မဟုတ်ဘူးဆိုတာကိုနည်းမှန်
လမ်းမှန်အနေနဲ့တွေးတတ်ဖို့လိုပါတယ်။

မတွေးတတ်ဘူး အမှားကိုအမှန်လို့ထင်နေရင်တော့ ပျက်စီးဖို့အချိန်တန်နေပြီဆိုတာသတိထားကြပါ.. ဒီအကြောင်းနဲ့ပါတ်သက်ပြီးကိသဝစ္ဆဇာတ်တော်ကိုပြောပြချင်ပါတယ်။

မြတ်ဗုဒ္ဓ မပေါ်ထွန်းမှီ အချိန်ကာလ အိန္ဒိယနိုင်ငံ တောင်ပိုင်း အလယ်ဗဟိုအနားတွင် အင်မတန်မှ ကြီးမားသော ရေအိုင်ကြီး တခုတည်ရှိပါသည် ။

ထိုရေအိုင်ကြီးမှာ ရေများ လျှံကျ၍ စီးဆင်းရာက ဂေါဓါဝဒီ မြစ်ကြီးသည် ဖြစ်ထွန်းကာ စီးဆင်းလျှက် ရှိသည် ။ ထိုဂေါဓါဝဒီ မြစ်ကြီး စီးဆင်းရာ မြစ်ကမ်းခြေ တစ်လျှောက်တွင် တိုင်းပြည်မြို့ရွာများ တည်ဆောက်ကာ မင်း အသီးသီးတို့ စိုးစံနေကြလေသည် ။

ထို ဂေါဓါဝဒီ ရေအိုင်ကြီး အနားတွင် ဈာန် အဘိဥာဉ် နှင့် ပြည့်စုံသော သရဘင်္ဂ ရသေ့ကြီး တစ်ပါး သည် လက်ထောက် ရသေ့အနေနဲ့ သာလိတ္တရ မဒိ င်္တ္တရ ပဗ္ဗတ တာလဒေဝလ ကိသဝစ္ဆ အနုသိဿ အနာရဒဆိုတဲ့ ( ၇ ) ပါး နှင့် အတူ ရသေ့ပေါင်း သောင်းနှင့် ချီ၍ သီတင်းသုံးနေထိုင်ကြလေသည် ။

အင်မတန်မှ များပြားသည့် ရသေ့ အရေအတွေကြောင့် ခေါင်းဆောင် သရဘင်္ဂရ သေ့ကြီးက သူ့တပည့် (၇ ) ယောက်ကိုခေါ်၍ ယခုနေရာသည် လူပေါင်းများစွာ အတူတကွ နေထိုင်၍ မသင့်တော်သောကြောင့် သင့်တင့်မျှတသော နေရာရှာ၍ သီတင်းသုံးနေထိုင်ရန် ညွှန်ကြားသော အခါ တပည့် (၇)ပါးသည် သူ့တို့ နောက်လိုက်နောက်ပါ အသီးအသီးနှင့် ထိုရေအိုင်ကြီး အနားမှ ထွက်ခွာသွားကြလေသည် ။

ထိုတပည့်များထဲမှ ရသေ့တပါး ဖြစ်သော ကိသ၀စ္ဆ ရသေ့ကြီးသည် ဒန္တကီမင်းကြီး အုပ်ချုပ်ရာ ကုမ္ဗ၀တီ တိုင်းပြည်တွင်းက မင်းဥယျာဉ်ထဲတွင် သီတင်းသုံးနေသည် ။ ကိသ၀ိစ္ဆရသေ့ကြီးသည် အလွန်ရှည်လျားသော ဆံပင်ကို ထုံး၍ ခေါင်းတွင် ထုံးထားသည့် အပြင် ခန္ဓာကိုယ်၌ အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြင်ပ အမြင်၌ မတင့်တယ်သော်လည်း သမထ အရာ၌ ပြီးပြည့်စုံကာ ဈာန် အဘိဥာဉ်ရ သူတော်ကောင်း ရသေ့ကြီးဖြစ်သည် ။

ထို ဒန္တကီမင်းကြီးသည် အလွန်လှပသည့် အမျိုးသမီး တဦးကို ပြည်တန်ဆာ အဖြစ် သတ်မှတ်၍ ရာထူးပေးကာ ပျော်ပါးလေ့ရှိသည် ။ ထိုမိန်းမသည် အလွန်လှပသောကြောင့် ပျော်ပါးလိုသူ အင်မတန်များပြား လှ၍ ၀င်ငွေ အလွန်ကောင်းလေသည် ။

ထိုအချိန်တွင် ဘုရင်ကြီးသည် ၀င်ငွေနည်းပါး၍ စိတ်ညစ်နေသောကြောင့် အရက်သေစာတို့ကို သောက်စားမူးယစ် နေတုန်း ပြည်တန်ဆာမ၏ ၀င်ငွေသည် သူ့ထက် ၀င်ငွေပိုမိုကောင်းသည်ကို သိသော အခါ ထိုမိန်းမကို ပြည်တန်ဆာ ရာထူးမှ ဖြုတ်ပြစ်လိုက်လေသည် ။

နောက်တနေ့မနက်ခင်းတွင် ရာထူးပြုတ်၍ စိတ်ပျက်နေသော ထိုမိန်းမသည် အိပ်ယာ ထထခြင်း မင်းဥယျာဉ်ထဲသို့ ရောက်လာသော အခါ တရားကျင့်ကြံနေသည့် ကိသ၀စ္ဆရသေ့ကြီးကို တွေ့မြင်လေသည် ။

ထိုအချိန်တွင် ထိုမိန်းမစိတ်၌ စိတ်ပြေလက်ပျောက်ထွက်လာမိသည် ဤမျှ ကျက်သရေ ယုတ်သော ပုဂ္ဂိုလ်ကို တွေ့ရလေခြင်း ဆိုကာ ထင်မှတ်ကာ စိတ်ပျက်သွားလေသည် ။
မျက်နှာသစ် သွားမတိုက်ရသေးသော ထိုမိန်းမသည် ထိုနေရာ၌ ခံတွင်းကို သန့်ရှင်း၍ ထွက်လာသော အညစ်အကြေး ၊ တံတွေးတို့ဖြင့် ရသေ့ကြီး မျက်နှာကို ထွေးရုံသာ မက တံပူများကို ဆံထုံးပေါ်သို့ ပစ်တင်သွားလေသည် ။

ခုနှစ် ရက်မျှ ကြသော အခါ ရှင်ဘုရင်ကြီးသည် ထိုမိန်းမကို သတိရ၍ တမ်းတမိသော ကြောင့်ပြည်တန်ဆာမ ရာထူး ပြန်ခန့်လေသည် ။ ထိုအချိန်တွင် တိုက်ဆိုင်စွာပင် နန်းတော် အတွင်း၌ ၀န်ကြီး တပါးကို ရှင်ဘုရင်က အမျက်တော် ရှ၍ ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်လေသည် ။

ထိုအခါ ထိုဝန်ကြီးသည် ပြည်တန်ဆာမကို ချဉ်းကပ်၍ သင်ရာထူးပြန်ရအောင် ဘယ်လို လုပ်သလည်း ဟု မေးမြန်းသော အခါထိုမိန်းမက ဒါလေးများအလွယ်လေး အမတ်ကြီး ။ မင်းဥယျာဉ်ထဲကို သွား ၊ အဲဒီထဲက ကိသ၀စ္ဆဆိုတဲ့ ရသေ့ကြီးရဲ့ မျက်နှာကို တံတွေးဖြင့် နာနာထွေး သင့်ရာထူး ပြန်ရလိမ့်မယ် ဟု ပြောဆို အကြံပေးသည် ။

ထို ဥာဏ်နည်းပါးသည့် အမတ်သည် မိန်းမယုတ် အကြံအတိုင်း လုပ်ဆောင်ခဲ့ ပြီးနောက် (၇ ) ရက်မျှ ကြာသောအခါ ဘုရင်က စိတ်ပြေ၍ ထိုအမတ်ကို ကံအားလျှော်စွာရာထူးပြန်လည် ပေးအပ်ပြန်လေသည် ။

ထိုအချိန်တွင် တိုင်းပြည် နယ်စပ်၌ သူပုန်ထ၍ ရှင်ဘုရင်က စစ်ချီတက်ရန် ပြင်ဆင် နေချိန်တွင် ထိုဥာဏ်နည်းပါးသော အမတ်သည် ဘုရင့်ထံ ချဉ်းကပ်ကာ အရှင်မင်းကြီး သင်စစ်ပွဲမှာ အောင်နိုင်လိုပါသလားလို့ မေးသော အခါ ဘုရင်က ဘယ်လို နည်းလမ်းများ လုပ်ဆောင်သင့်သလည်းဟု မေးမြန်းလေသည် ။

အမတ်ကြီးက သိပ်မခက်ပါဘူး အရှင်မင်းကြီး ဥယျာဉ်ထဲကို သွား အဲဒီထဲကရသေ့ကြီးကို တံတွေးနဲ့ ထွေးကာယတြာ ချေလိုက်ရင်အရှင်မင်းကြီးစစ်ပွဲမှာ အောင်ပွဲရတော်မူပါလိမ့်မယ်ဟု
 လျှောက်သော အခါ ပညာမရှိသည့် ရှင်ဘုရင်တွေ စစ်ထွက်ခါနီး၌ ရသေ့ကြီးကို တံတွေးဖြင့် ထွေးခဲ့လေသည် ။

ရှင်ဘုရင်က သူတော်ကောင်းကို စော်ကားသော အခါ နောက်လိုက်နောက်ပါ မှူးမတ်များ ၊ စစ်သည်များက သူတော်ကောင်းကို စော်ကားသည့် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးကို ယတြာချေသည်ဟု ဆိုကာ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြလေသည် ။

အကြောင်းတိုက်ဆိုင်မှု၏ အထွဋ်အထိပ် အဖြစ် ထိုရှင်ဘုရင်ကြီးသည် ရန်သူတပ်ကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်၍ အောင်ပွဲခံသည့် အခါ ဘာမှ မသိနားမလည်သော ပြည်သူလူထုကြီးကပါ ရှင်ဘုရင်ကြီးက မှားယွင်းသော လုပ်ရပ်များကို ၀ိုင်းဝန်း ထောက်ခံ အားပေးကာ တတိုင်းပြည်လုံး ပျော်ရွှင်နေကြသည် ။

သူတော်ကောင်းကို စော်ကားသည့် လုပ်ရပ်များကို မြင်ရသည့် အခါ ထိုတိုင်းပြည်ကို စောင့်ရှောက်သည့် နတ်အပါင်း တို့သည် လွန်စွာမှ ပင် အမျက် ဒေါသထွက်ကြလေသည် ကို ဈာန် အဘိဥာဉ်ရ ဆရာ သရဘင်္ဂ ရသေ့ကြီးက သိရှိသော အခါ တားဆီး နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လိုသော်လည်း သူတော်ကောင်းကို သူယုတ်မာလို့ သတ်မှတ်၍ အောင်ပွဲခံကာ ပျော်မြူးနေသည့် ရှင်ဘုရင် နှင့် အဖွဲ့သားများ သည် အမှန်ကို လက်ခံနိုင်မည် မဟုတ်၍ စိတ်လျှော့လိုက်လေသည် ။

ထို့နောက် သူ့တပည့်များကို လွှတ်၍ ကိသ၀ိစ္ဆရသေ့ကြီးနှင့် နောက်လိုက်နောက်ပါ ရသေ့များကို ထိုတိုင်းပြည်မှ ထွက်ခွာပြီး ရေအိုင်ကြီး အနားသို့ ပြန်လည် သီတင်းသုံးရန် လျှောက်ထားလိုက်လေသည် ။

သူတော်ကောင်း ကိသ၀စ္ဆ ရသေ့ကြီးနှင့် တပည့်အပေါင်း ထိုတိုင်းပြည်မှ ထွက်ခွါသွားသည်နှင့် တပြိုင်နက်ထဲ သူယုတ်မာတို့ စံပျော်ရာ ထိုတိုင်းပြည်ကြီးကို အမျက်ဒေါသထွက်နေသော နတ်တို့သည် စတင်ဒုက္ခပေးလေသည် ။

ပထမဦးစွာ မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်လေသည် ထိုအခါ တတိုင်းပြည်လုံး အမှိုက်သရိုက်များ ကင်းစင်သွား၍ လူအားလုံးက နတ်များကပါ ကောင်းချီးပေးသည်ဟု ထင်မှတ်ကြလေသည် ။

ထို့နောက် သဲဖြူမိုး ရွာချ၍ တတိုင်းပြည်လုံး ချိုင့်ခွက်မရှိ ပကတိ တပြေးညီ ဖြစ်သွားသော အခါ သူတို့သည် ယုံကြည်မှုသည် ပိုမိုခိုင်မာကြလေသည် ။ ထို့နောက် ပန်းမိုးများရွာချ၍ တနိုင်ငံလုံး ပန်းခင်းသောလမ်းကို လျှောက်လှမ်းကြရသည့် အခါ ပြည်သူလူထုကား ရှင်ဘုရင်ကြီး၏ လုပ်ရပ်သည် မှန်ကန်ပေစွ ။ ဘုန်းတန်ခိုး ကြီးမားလှပစွ ၊ နတ်တို့ကတောင် ချီးကြူးဂုဏ်ပြုကြသည်ဟု ကြွေးကြော်မည်တမ်းကြလေသည် ။

ထို့နောက် ရွှေမိုး ၊ ငွေမိုးများ ၊ ထို့နောက် လက်ဝတ်တန်ဆာမိုး များ ရွာ ၊ ထို့နောက် ကျောက်သံပတ္တမြားမိုးများ ရွှာချကာ အိမ်ထဲရှိ လူမှန်သမျှ လမ်းပေါ်ကို ရောက်လာအောင် နတ်တို့သည် ဆွဲဆောင်ကြလေသည် ။

လူမိုက်တို့သည် သူတို့ မိုက်မဲတွေ အကျိုးမပေးသေးသော အခါ သူတို့၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးသည် ပျားသကာလို ချိုမြနေပါသည် ဟု ထင်မှတ်ထားကာ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံကြလေသည် ။

တနိုင်ငံလုံးက လူအများ လမ်းမပေါ်သို့ ထွက်လာသည့် အခါ နတ်များက လက်နက်မိုးများ ရွာချ၍ ခန္ဓာကိုယ်ကို လက်နက်တို့ ထိမှန်ခြင်းကြောင့် တတိုင်းပြည်လုံး သွေးများ ဖုန်းလွမ်းကာ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်တို့နှင့် မသေမရှင် ဖြစ်ကာ ဒုက္ခဆိုးကြီးကို ခံစားကြရလေသည် ။

ထို့နောက် ထိုမသေမရှင် ဖြစ်နေသော လူအများပေါ်သို့ ကျောက်ခဲမိုးကြီး ရွာချကာ စိစိညက်ညက် ကျေအောင် သုတ်သင်ကြပြန်သည် ။ ထို့နောက် မီးကျီးခဲမိုးရွာချကာ လူသေ အလောင်းတို့၏ ခန္ဓာကိုယ်အား မီးလောင်ကျွမ်းစေပြန်သည် ။ထို့နောက် သဲမိုး ရွာသွန်း၍ တနိုင်ငံလုံး သဲများ ဖုံးလွှမ်းကာ ထိုတိုင်းပြည်ကြီး ပျက်စီးသွားလေသည် ။

ပညာဥာဏ် နည်းပါးသော လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ထင်တတ်ကြသည့် အပြင် ထိုမှားယွင်းမှုများ အမှန်ထင်၍ အင်မတန်မှ တန်ဖိုးထားကြကာ သူတပါးအားလည်းလုပ်ဆောင်ရန် တိုက်တွန်းပြောဆိုလေ့ရှိပါသည့် အပြင် ထိုနည်းလမ်းများသည် မှားယွင်းနေသည်ဟု ပဲ့ပြင်ဆုံးမလျှင် လက်မခံချင်ကြဘဲ ရန်ရှာတတ်လေ့ရှိပါသည် ။

ဒါကြောင့် ကိုယ့်ကိုကို အရင်သုံးသပ် ငါလုပ်နေတဲ့အလုပ်က အမှားလားအမှန်လား အေး.. အမှားကိုအမှန်ထင်နေရင်တော့ကိုယ်လုပ်ခဲ့တဲ့ရှေးကကုသိုလ်ကံအဟုန်လေးမကုန်သေးရင်တော့ သုခကိုခံစားရနိုင်ပါတယ်ကုသိုလ်ကံအဟုန်ကုန်သွားရင်တော့ဆင်းရဲမှုကိုခံစားဖို့သာပြင်ထားကြပေတော့….
(ကိသဝစ္ဆဇာတ်ကိုအမှီးပြုရေးသားသည်.)...ဓမ္မစမ်းရေ။

mercredi 29 janvier 2014

ပြန်လည်ဆုံတွေ့ချင်တယ်ဆိုရင်



လူတို့သည် အသိုက်အအုံများနှင့်နေတတ်ကြသည့်သဘောများစွာရှိကြပါသည်၊လူတို့သည် သံယောဇဉ်ကြိုး အနှောင်အတည်းများဖြင့် ခိုင်မြဲစွာ နေလိုသူများဖြစ်ပါတယ်။

သမုဒယ သံယောဇဉ်တရားကား ကမ္ဘာအစ၊ လူအစကပင် အထင်ကရ ဝမ်းတွင်းပါ တရားဖြစ်လေသည် ထိုသမုဒယမရှိရင်လည်းလူတွေဒီလောက်များပြားလာမည်မဟုတ်ပေ။

လူတွေဟာ ဆုတောင်းလျှင်တောင် ငှက်ဖြစ်လျှင် တစ်ကိုင်းတည်း၊ ဆင်ဖြစ်ရင် တကျွန်းတည်း၊ လူဖြစ်ရင် တစ်အိမ်တည်း၊ ကျွဲဖြစ်ရင်လည်း တအိုင်ထဲ စသည်ဖြင့် ဆုတောင်း စကားတွေပြောလေ့ရှိကြတယ်။

တစ်စက္ကန့်လေးတောင်ခွဲမနေနိုင်ပေါင်ဆိုတဲ့ သီချင်း၊ မျက်တောင်လေးတောင်မခတ်ချင်လောက်အောင်မင်းကိုအပျောက်မခံနိုင်ပေါင်ဆိုတဲ့သီချင်းတွေလည်း စသည်ဖြင့် ဖွဲဆိုပြီးသမုဒယသံယောဇဉ်လေးကိုဖွဲ့နွဲ့ပြီးရေးစပ်ခဲ့ ကြတယ်နော်။

ရှင်အတူသေမကွာ ဇာတ်လမ်းများဖြစ်ရပ်မှန်များ မြောက်မြားစွာထဲက ကိန္ဒရာ ၊ ကိန္ဒရီ တစ်ညတာခွဲခွာရတာ နှစ်ပေါင်း ရ၀၀ ကွဲကွာ သွားရသကဲ့သို့ ခံစားရတဲ့ ဇာတ်လမ်းဟာလည်း အားလုံးနည်းပါးသိပြီးကြပြီး ဖြစ်ပါလိမ့်မယ်။

အဲဒီလို မခွဲမခွာ နေလိုကြသူ တွေထဲမှာလည်း ဗုဒ္ဒဘုရားရှင်၏ ခမည်းတော် မယ်တော်များဖြစ်ခဲ့ကြဖူးသော နကုလပိတာ၊ နကုလမာတာ တို့လည်းပါဝင်ခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ပါတ်သက်ပြီးမြတ်ဘုရားကသမဇီဝိသုတ်မှာဟောထားပါတယ်….

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ်သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူပါတယ်၊

ထိုအခါ နကုလပိတာ သူကြွယ်နှင့် နကုလမာတာသူကြွယ်မတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် နကုလပိတာ သူကြွယ်သည် မြတ်စွာဘုရားအား-

''အရှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာ သူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာ သူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။

အရှင်င်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါ ကုန်၏'' ဟု လျှောက်၏။

နကုလမာတာ သူကြွယ်မကလည်း မြတ်စွာဘုရားအား ''အသျှင်ဘုရား နကုလပိတာ သူကြွယ်သည် ငယ်ရွယ် စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာ သူကြွယ်ကို လွန်၍ ကျင့်မိသည် ဟု တပည့်တော်မ မသိစဖူးပါ၊
ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အရှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လို ပါကုန်၏'' ဟု လျှောက်၏။

ဒါယကာတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည်..

တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊

တူမျှသော သီလရှိကုန်ရာ၏၊

တူမျှသော စွန့်ကြဲမှု 'စာဂ' ရှိကုန်ရာ၏၊

တူမျှသော ပညာ ရှိကုန်ရာ၏၊

တူမျှသောပညာဆိုတာတချို့ကတွေးနေလိမ့်မယ်ယောင်္ကျားကဆရာဝန်ဒေါက်တာမိန်းမကအတန်းပညာမတတ်ဆိုလျှင်တူမျှသောပညာရှိပါအုံးမည်လားတွေးတောတတ်ပါသည်။

တူမျှသောပညာဆိုရာဝယ် ဆရာဝန်တွေ အင်ဂျင်နီယာတွေဆိုလိုသည်မဟုတ်ပါ ကုသိုလ် အကုသိုလ်ကိုခွဲခြားသိမြင်တတ်သောပညာကိုသာဆိုလိုခြင်းဖြစ်ပါသည်။

ယင်းသို့ ဖြစ်သော် ထို လင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ ဟု မိန့်တော်မူ၏။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ ကိုယ် နှုတ် နှလုံးကို စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။

တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။

တူမျှသော သီလ ရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည် လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်၍နေကြရပါတယ်တဲ့။

နောက်သာဓကတခုအနေနဲ့ပြရလျှင် အသောကမင်းကြီး နိဂြောဓသာမဏေ ဒေဝါနံပီယတိဿမင်း သူတို့ဟာအရင်ဘဝကညီအကိုတော်စပ်ခဲ့ဖူးပါတယ်ပျားရည်ကိုအတူတကွပစ္စေကဗုဒ္ဓါကိုလောင်းလှူခဲ့ကြလို့
မြင်မြင်ချင်း ချစ်ခင်နှစ်သက်ကြရတယ်။

ဒီအကြောင်းနဲ့ပါတ်သက်ပြီး...

ပုဗ္ဗေဝ သန္နိဝါသေန ပစ္စုပ္ပန္နဟိတေနဝါ

ဧဝံတံ ဇာယတေပေမံ ဥပ္ပလံဝ ယထောဒကေ။

အဓိပ္ပါယ်လေးက
ကြာတို့မည်သည်ရေညွန်နှစ်ပါးကြောင့်ပေါ်ထွက်လာရသလိုလူနှစ်ယောက်ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်း
ဟာလည်းအတိတ်ဘဝကိုအတူနေခဲ့ခြင်းကြောင့်လည်းကောင်း ယခုပစ္စုပ္ပန်မှာအကျိုးစီးပွားအတူဆောင်ရွက်ခြင်းကြောင့်လည်းကောင်းဖြစ်ရတတ်တယ်တဲ့။

ဒါကြောင့် တကိုင်းထဲနားချင်တဲ့သူတွေ တအိုင်အတူအိပ်ချင်သူတွေ မခွဲမခွါနေလိုသောသူတွေဘာလိုနေရမလဲဆိုတာအားလုံးသိသွားပြီဖြစ်လို့တူမျှသောသဒ္ဓါတူမျှသောသီလ
တူမျှသောစာဂတူမျသောပညာတွေအတူတကွကျင့်ကြံပြီးနောင်ဘဝမှာပြန်လည်ဆုံတွေ့ကြအောင်ကြိုးစား
လိုက်ကြပါအုံးစို့။

၅ - ပဌမ သမဇီဝီသုတ်၊ ပညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ကိုးကားသည်..ဓမ္မစမ်းရေ..

vendredi 24 janvier 2014

သူတို့အတွေးနှင့်သူတို့အမြင်


စာရေးသူခေါင်းထဲအတွေးတခုဝင်ရောက်တိုက်ခိုက်သွားတယ် ဘာလဲဆိုတော့စာရေးသူတို့ကျောင်းမှာ တောထွက်ရဟန်းကြီးတပါးရှိတယ်
သူက သင်္ဘောသား ခုတော့အသက်ကရှစ်ဆယ်ကျော်ပြီ ရဟန်းဝတ်တာ ရှစ်ဝါလောက်ရှိပြီ သူကငယ်ဖြူတွေကိုပြောလေ့ပြောထရှိတဲ့ စကားလေးတခွန်းရှိတယ်။

အရှင်ဘုရားတို့ငယ်ဖြူတွေဟာ တောသားတွေ ဆင်းရဲလို့ငတ်လို့ဝတ်လာကြတာတဲ့ တောမှာနေစရာမရှိ စားစရာမရှိလို့ဝတ်လာကကြတာသာသနာမှာတောသားတွေချည်းပဲတဲ့။

အဲဒီလိုကိုရင်တွေကိုခဏခဏပြောတတ်တဲ့သူရဲ့အမူအကျင့်ကိုကြာလာတော့စာရေးသူကိုယ်တိုင်ကြည့်မရ
aတာ့ပါ ဒါနဲ့သူနဲ့စကားပြောဖြစ်ပါတယ်။

ဦးဇင်းကြီး လောကလူတွေ ဘုရားကိုဘာလို့ကိုးကွယ်ကြတာလဲ စည်းစိမ်ပျက်စီးလို့လား ဒုက္ခရောက်နေကြလို့လား ချမ်းသာချင်ကြလို့လား အိုမင်းရင့်ရော်ပြီး အားကိုးရာမဲ့လို့ အားကိုးရာအစစ်ကိုတကယ်လိုချင်လို့လားဆိုတော့သူပြန်မဖြေဘူး။

တပည့်တော်အရှင်ဘုရားကိုရဋ္ဌပါလမထေရ်အကြောင်းပြောပြချင်ပါတယ် ခဏလောက်သည်းခံပြီးနားထောင်ပေးပါဆိုတော့သူကလက်ခံပေးပါတယ်။

ဘုရားရှင်လက်ထက် ကုရုတိုင်းပြည်တွင် ကောရဗျမင်း အုပ်စိုးသည်။ ထိုတိုင်းပြည်တွင် ရဋ္ဌပါလ သူဌေးသားတစ်ဦးရှိသည်။ သူသည် အသက်ငယ်ရွယ်သူဖြစ်သလို စည်းစိမ်ချမ်းသာများနှင့်လည်း ပြည်စုံသူဖြစ်သည်။

ဘုရားရှင်ဟာ ကုရုတိုင်း ထုလ္လကောဋ္ဌိက နိဂုံးရွာသူ ရွာသားများအား တရားဟောတော်မူတယ်။ တရားနာပရိတ်သက်ရဲ့အစွန်ဆုံး မှာ ရဋ္ဌပါလသူဌေးသားလည်း တရားလာနာပါတယ်။

တရားအဆုံးမှာ ရဋ္ဌပါလသူဌေးသား ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ တရာတော်များအပေါ် သူ့အမြင်ကိုသုံးသပ်တယ်။ ဘုရားရှင်ဟောကြားသည့်တရားတော်များအရ ဆိုရင်တော့ လူ့ဘောင်မှာနေလို့မသင့်၊ ရဟန်းဘောင်တက်ပြီး ကျင့်မှဖြစ်မယ်ဆိုတာကိုသဘောပေါက်တယ်။

ဒါနဲ့မိဘများထံခွင့်ပန် ဘုရားရှင်ထံပြန်လာပြီး ရဟန်းပြုပါတယ်။ ဒီလိုနဲ့ ရဋ္ဌပါလရဟန်းဟာ ဘုရားရှင်နဲ့အတူသာဝတ္ထိမြို့ဇေတ၀န်ကျောင်းသို့လိုက်ပါလာခဲ့တယ်။ဇေတ၀န်ကျောင်းတော်သို့ ရောက်တယ်
ဆိုရင်ပဲအရှင်ရဋ္ဌပါလရဟာတပါးတည်းဆိတ်ငြိမ်တဲ့နေရာကိုသွားပြီးတရားအားထုတ်လိုက်ရာ ရက်အနည်းငယ်အတွင်းမှာပဲရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

တနေ့ ရဟန်းတော်ဟာ ဘုရားရှင်ထံ ခွင့်ပန်ကာ ဇာတိမွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဋ္ဌိက နိဂုံးရွာကို ပြန်ကြွတော် မူလာခဲ့တယ်။ရဋ္ဌပါလ ရဟန်းတော်ရောက်ရှိနေကြောင်းကို ကောရဗျမင်း ကြားသည်နှင့် စိတ်ဝင်စားကာ ရဟန်းတော်ရှိရာမင်းရဲ့ဥယျာဉ်တော်အတွင်းသို့ရောက်လာကာ ရဟန်းတော်အား ရှိခိုးဦးချပြီး…

’’ အရှင်ဘုရား….လောကမှာကံမကောင်းအကြောင်းမလှ ဒုက္ခရောက်လို့ပဲဖြစ်စေ၊ အနာရောဂါထူပြောပြီး ကျန်းမာရေးမကောင်းလို့ပဲဖြစ်စေ၊ စီးပွားဥစ္စာများဆုံးပါးကာ ဘ၀မှာ ရစရာမရှိအောင် ဆင်းရဲသွားလို့ပဲဖြစ်စေ၊ အိုမင်းမစွမ်းလို့ပဲဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ရဟန်းပြုကြတာတွေ့ရပါတယ်ဘုရား၊

အခုတော့ အရှင်ဘုရားမှာ အရွယ်ကလည်းငယ်၊ ကျန်းမာရေးကလည်း ကောင်း၊ စီးပွားဥစ္စာများလည်း ချမ်းသာနေပါလက်နဲ့ ဘာကြောင့် ရဟန်းပြုရတာလဲဘုရား’’ လို့ ရဟန်းတော်အား မေးလျှောက်ပါတယ်။

ထိုအခါ ရဟန်းတော်က သူလူ့ဘ၀ဖြစ်စဉ်က ရဟန်းဘ၀သို့မရောက်ရောက်အောင်တွန်းပို့ပေးလိုက်တဲ့ ဓမ္မသဘာဝတရားလေးမျိုးကို ဘုရားရှင်ထံမှ နာယူခဲ့ရသည့်အတိုင်းပြန်လည်မိန့်ကြားတော်မူပါတယ်…

ထိုအချက်(၄)ချက်မှာ…

၁။ ဒကာတော်မင်းကြီး………….. သတ္တလောကကြီးအတွင်းရှိကြတဲ့ လူ၊နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးဟာ သတ္တ၀ါရယ်လို့ဖြစ်လာကတည်းက စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ ၊ရက်၊ လ၊ နှစ် တဖြည်းဖြည်းနဲ့ကြီးရင့်လာ ကြပါတယ်။

ဒါဟာ မွေးကတည်းက အိုခြင်းတရားကြီးက အချိန်နှင့်အမျှကြီးရင့်အောင် တွန်းပို့ခံနေ ကြရတာပါ။ ဒါတွင် မက နောက်ဆုံးဘ၀တခုရဲ့ အဆုံးနိဂုံးဖြစ်တဲ့ သေခြင်းတရားဆီကိုလည်း တွန်းပို့ ခံနေကြရပါတယ်။

ဒါကြောင့်လည်း သတ္တ၀ါတွေဟာ အိုမှု၊ သေမှုအဆင့်ဆင့်တွန်းပို့ခံနေကြရတဲ့ အတွက် မတည်မြဲကြဘူး၊ ဘာကြောင့်ဆိုရင် ကြီးရင့်မှုမရှိတဲ့ဘ၀၊ သေခြင်းမရှိတဲ့ဘ၀ရယ် မရှိလို့ပါဘဲ။

၂။ ဒကာတော်မင်းကြီး…………..သတ္တ၀ါတွေဟာ ဘေးရောဂါဆိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အားကိုး စရာရှာရတာ သဘာဝပါ။ ဒါပေမဲ့ သတ္တ၀ါတွေမှာ ရောဂါဆိုးကြီးတွေမှ ကင်းလွတ်အောင် စွမ်းဆောင် ပေးနိုင်တဲ့သူ၊ အားကိုးရတဲ့သူကိုရှာဖွေလို့မတွေ့ရတဲ့အတွက် အားငယ်နေကြရသူတွေပါ။

ဒါကြောင့်လည်း ဘုရားရှင်က လောကမှာ မိဘ၊ သားသမီး မကယ်နိုင်တဲ့ ဘေးဆိုးကြီးတွေဆိုတာ ရှိတယ်။ အဲဒါကို ‘ အ မာတာ ပုတ္တိက ဘယာတိနာမ ‘ လို့စာပေက ဆိုပါတယ်။

အိုမှု၊ နာမှု၊ သေမှုတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် မိဘကလည်း သားသမီးကို မကယ်နိုင်သလို သားသမီးကလည်း မိဘကို မကယ်နိုင်ကြ။ တောင်မင်းကို မြောက်မင်းမကယ်နိုင်ဆိုသလိုပါပဲ။

၃။ ဒကာတော်မင်းကြီး…………..” သတ္တ၀ါတွေမှာ ကိုယ်ပိုင် ဥစ္စာမရှိကြဘူး။ ကိုယ်ပိုင်ဆိုင်တယ်လို့ မှတ်ထင်နေတဲ့အရာတွေကို မပျောက်ပျက်သွားအောင် ဆုပ်ကိုင်ထားလို့မရပါဘူး။
တနေ့ကျရင် ကိုယ်ချစ်လှတဲ့ သက်ရှိသက်မဲ့အရာမှန်သမျှကို စွန့်ခွာသွားကြရမှာ အမှန်ပါ။ ဒါကြောင့် ယခု လက်ရှိဘ၀မှာ ကိုယ့်သဘောအတိုင်းဆုပ်ကိုင်ထားလို့မရတဲ့ ပစ္စည်းဥစ္စာတွေကို ကိုယ်ပိုင်ဖြစ်အောင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုနဲ့ ပြောင်းလဲယူရမှာပါ။

မိမိနဲ့ပါတ်သက်တဲ့ ဇနီးမယား၊ သမီးသား၊ လင်သားဆွေသညာများဟာ ဘယ်လောက်ပဲ ချစ်ခင်ပါတယ်ပြောပြော၊မခွဲနိုင်ဘူးလို့ပဲပြောပြော၊တနေ့ကျရင်ကိုယ့်ကိုစွန့်ခွာသွားကြမြဲဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ငြင်းစရာမရှိတော့၊ ကိုယ်နဲ့ပါတ်သက်တာတွေကို မပိုင်ဆိုင်သလို၊ မိမိကိုယ်ကိုလည်း မပိုင်ဆိုင်ပါ။

ဒီလိုအကြောင်းအရာတွေကို ဘုရားရှင်က လမ်းကြောင်းညွှန်ပြတော်မူခဲ့တဲ့အတွက် အသိအမြင် တိုးတက်လာရခြင်းဖြစ်တယ်။ ဒီလိုနဲ့ တနေ့မှာ အားလုံးကိုစွန့်ခွာပြီး ဘ၀ခန္ဓာဟောင်းကို စွန့်ခွာသွား ကြရမှာဖြစ်တဲ့အတွက် ကျုပ်ဟာ ရဟန်းဘ၀ရောက်လာရခြင်း ဖြစ်ပါတယ် ။

၎။ ဒကာတော်မင်းကြီး…………..”သတ္တ၀ါတွေဟာ ဘယ်လောက်ပဲ ပြည့်စုံတယ်ပြောပြော လိုချင်မှု တရားတွေကို ထိန်းချုပ်လို့ မရပါ။ တစ်ထောင်ရသူက တစ်သိန်းလိုချင်တယ်။ တစ်သိန်းရသူက တစ်သန်းလိုချင်တယ်။ ရသမျှ နဲ့ မရောင်ရဲနိုင်ဘူး။

အမြဲတမ်းလိုချင်နေပါတယ်။ တဏုာက ခိုင်းတဲ့ အတိုင်း မငြင်းသာလုပ်ဆောင်ပေးနေရတဲ့အတွက် သတ္တ၀ါအားလုံးဟာ တဏုာ့ကျွန်တွေချည်းပါပဲ။ အားလုံးဟာ တဏုာဆိုတဲ့အရှိန်အ၀ါရှိတဲ့ သူရဲ့ခိုင်းစေမှုကိုအမြဲတမ်းလိုက်နာကာ လုပ်ဆောင်ပေးနေ ကြရတာပါ။

ဒီလိုဆောင်ရွက်ပေးမှုဟာ အရင်ဘ၀များစွာကလည်း ဆောင်ရွက်ပေးခဲ့ရပြီ။ အခုလည်း ဆောင်ရွက်ပေးရမြဲ၊ နောင်လည်း ဘ၀မပြတ်သမျှ ဆောင်ရွက်ပေးနေရဦးမှာပါ။ ဒီလိုတဏုာ့ကျွန် အဖြစ်မှ လွတ်အောင်ရုန်းချင်တဲ့အတွက် ကျုပ်ရဟန်း ပြုလာရတာဖြစ်တယ် “ လို့ ရဋ္ဌပါလ ရဟန်းတော် က ကောရဗျမင်းအား မိန့်တော်မူခဲ့ပါတယ်။

တပည့်တော်တို့သာသနာမှာ ရဋ္ဌပါလတို့ကို ဆရာတော်သံဃာတော်တွေများစွာရှိတယ်အရမ်းမပြောနဲ့ သံဃာတော်တွေကဘာမှမပြောသော်လည်းအပြစ်ကမနေဘူး အရှင်ဘုရားသတ္တိရှိလို့ပြောပေမဲ့ အရှင်ဘုရားအတွက်တပည့်တော်သနားလို့ပါလို့ပြောပြီးအတွေးလေးနဲ့ထွက်လာခဲ့မိတယ်။

သြော်..ဟုတ်ပါတယ်လောကလူတွေဟာကိုယ့်ကိုကိုတဏှာရဲ့ကျေးကျွန်ဖြစ်နေတယ်ဆိုတာလဲသိကြပါတယ်
သိလျှက်နဲ့ဆက်လက်ပြီးမိုက်နေကြတယ် သိလျှက်နဲ့မိုက်တာဟာ လူမိုက်အစစ်ပါ သို့သော် အပြစ်ကိုအပြစ်မှန်းသိပြီးပြင်လိုက်မယ်ဆိုရင်တော့မှီပါသေးတယ်။

အသက်ကြီးတယ် ငယ်တယ်ဆိုပြီးပြောမနေကြပါနဲ့ခုသိတာလား ခုချက်ချင်းထလုပ်လိုက်ပါ ခုတရားအားထုတ်ချင်စိတ်ပေါက်နေတာလား ခုချက်ချင်းထအားထုတ်လိုက်ပါ ကုသိုလ်လုပ်တယ်ဆိုတာနောက်ကျတယ်ဆိုတာမရှိဘူး။

သိပြီးမလုပ်ဘူးသံသရာရေယဉ်ကျောမှာအလိုက်သင့်စီးမြောကာတခြားအမှိုက်တွေနဲ့အတူမြောပါသွားမယ်
ဆိုရင်တော့တန်ဖိုးရှိတဲ့လူ့ဘဝရလာတဲ့အခိုက်မှာဘာမှတန်ဖိုးမရှိတဲ့အလုပ်တွေနဲ့သေသွားမယ်ဆိုရင်တော
့နှမြောစရာပါပဲ။ 
 သြော်...လူဆိုတာသူ့အတွေးနဲ့သူပဲလေ ကောင်းအောင်တွေးပြီး ကောင်းအောင်မြင်တတ်ဖို့ပဲလိုတာပါပဲ....

ဓမ္မစမ်းရေ....

mercredi 22 janvier 2014

စကား

                             

လောကလူတွေဟာ ဒီနေရာမှာ ဒီစကားနဲ့တင်ပြီးစီးပါလျှက်အပိုစကားတွေပြောဆိုတတ်ကြတယ် အပိုစကားတွေကြောင့်အပိုအလုပ်တွေလုပ်ခဲ့ကြရတာတွေမိမိကိုယ်ကိုကို မိမိသတိမထားတတ်ကြဘူး။

အပိုစကားဆိုတာကို ဘယ်သောသူမှကြိုက်နှစ်သက်ခြင်းမရှိကြပါ လောကပုထုဇဉ်မို့မကြိုက်နှစ်သက်သာလားဆိုတော့မဟုတ်ပါဘူး
မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကြိုက်နှစ်ခြင်းမရှိပါဘူး မြတ်ဘုရားကတော့လိုရင်းပြော အလုပ်ကိုများများလုပ်တာကြိုက်နှစ်သက်တဲ့သဘောရှိပါတယ်။

အဘယမင်းသားအား မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြား၏။ “မင်းသား၊ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့်မစပ်၊ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို ငါဘုရားသည် မပြောမဆို။
ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်ကားမစပ်။ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို ငါဘုရား သည် မပြောမဆို။

ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်လဲစပ်၏။ သူတစ်ပါးတို့ကား မနှစ်သက်။
ထိုစကားမျိုးကို ငါဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ မဟုတ်မမှန်။ အကျိုးစီးပွားနှင့် မစပ်။ သူတစ်ပါးတို့ကားနှစ်သက်၏။ ထိုစကားမျိုးကို ငါဘုရားသည် မပြောမဆို။

ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့် စပ်၏။ သူတစ်ပါးတို့လဲ နှစ်သက်၏။ ထိုစကားမျိုးကို ငါဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ (အဘယရာဇကုမာရသုတ်)

နေ့စဉ်နှင့်အမျှ လူတို့သည်စီးပွားရေးအတွက်သော်လည်းကောင်း လူမှူရေးအတွက်သော်လည်းကောင်း တမျိုးမျိုးကြောင့် ကြံတွေးနေကြသည်၊ ပြုမူလုပ်ကိုင်နေကြသည်၊ ပြောဆိုနေကြသည်၊
 ကာယကံ ဝစီကံ မနောကံဟူသော ကံသုံးပါရှိရာတွင် ဝစီကံမှုသည် အပြုအများဆုံးသော ကံဖြစ်ပါသည်။ 

နံနက်အိပ်ရာမှ နိုးထသည်နှင့် ညအိပ်ရာဝင်ချိန် တစ်နေ့တာကာလအတွင်း ပြောခဲ့သော စကားတို့ကား မနည်းလှပေ။ထိုစကားတို့တွင် သတိယှဉ်၍ ပြောခဲ့သော စကားတွေလည်းပါမည်။ 

လိုအပ်ချက်အရ ပြောသော စကားတွေလည်း ပါမည်။ သတိလက်လွှတ်ပြီးပြောခဲ့သော စကားတွေလည်းပါမည်။ လိုအပ်ချက်အရ ပြောသော စကားတွေလည်း ပါမည်။ တည်တည်ကြည်ကြည်လေးလေးနက်နက်ပြောသော စကားတွေ လည်းပါမည်။

ပေါ့ပေါ့တန်တန် ပြောသော စကားတွေလည်းပါမည်။ မှန်မှန်ကန်ကန် ပြောသော စကားတွေလည်းပါမည်။ လိမ်ညာပြောမိသော စကားတွေလည်းပါမည်။ အကျိုးစီးပွား ရှိစေသော စကားတို့လည်း ပါမည်။ အကျိုးစီးပွား မဲ့စေသော စကားတို့လည်း ပါမည်။

 မေတ္တာကရုဏာအရင်းခံလျက် စေတနာအပြည့်နှင့်ပြောသော စကားတွေလည်း ပါမည်။ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှု အရင်းခံလျက် ပြောသော စကားတွေလည်း ပါမည်။

နှလုံးသားမှ လာသော ခံစားချက်ကို အရင်းခံလျက် ပွင့်လင်းစွာ ပြောသော စကားတွေလည်းပါမည်။ နှလုံးသားမှ မြစ်ဖျားခံမလာမူလျက်၊ နှုတ်ဖျားတွင်သာပေါ့ပေါ့လျှံလျှံ ပြောသော စကားတွေလည်း ပါမည်။

စိတ်ကောင်း စေတနာကောင်းဖြင့် ပြောသော စကားတွေလည်း ပါမည်။ မကောင်းသော စိတ်စေတန်ဖြင့် ပြောသော စကားတွေလည်း ပါမည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်း ချမ်းသာစေသော စကားတို့လည်း ပါမည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်း မချမ်းမြေ့ စေသော စကားတွေလည်း ပါမည်။

အဂတိတရားလေးပါး ကင်းရှင်းစွာ သစ္စာထိုက်သော စကားတွေလည်း ပါမည်။ အဂတိတရား လေးပါးနှင့် ယှဉ်၍ သစ္စာပျက်ယွင်းသော စကားတွေလည်း ပါမည်။ ရိုးရှင်း ဖြောင့်မတ်စွာ ပြောသော စကားတွေလည်း ပါမည်။ သွယ်ဝိုက်သောအာဖြင့်ကောက်ကျစ်သော စကားတွေလည်း ပါမည်။

တစ်ဖက်သူအပေါ် တန်ဖိုးထားလျက် လေးလေးစားစား ပြောသော စကားတွေလည်း ပါမည်။ တစ်ဖက်သူအပေါ် အပေါ်စီးက နှိမ့်နှိမ့်ချချ မောက်မောက်မာမာ ပြောသော စကားတွေလည်း ပါမည်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိသလို စကားတွေလည်း အမျိုးမျိုး ရှိနိုင်သည်။

ယေဘုယျအားဖြင့်မူ လူအများစုသည် ကံသုံးပါးအနက်၊ ဝစီကံကို အရေးကြီးသော ကံဟု အသိအမှတ်မပြုတတ်ကြ။ ဝစီကံနှင့် ပတ်သက်လျှင် ပေါ့ပေါ့ဆဆ သဘော ထားတတ်ကြပါသည်။

တခါတုံးက ရွာတရွာမှာအမေဖြစ်သူကသားဖြစ်သူကိုခိုင်းတယ် သားလုပ်သူကလည်းနားမထောင် နားမထောင်ရမလားဆိုပြီး ကျိန်ဆဲတယ်  “ မြွေကိုက်ပါစေ နွားခွေ့လိုသေပါစေစသည်ဖြင့်” အမေဖြစ်သူကကျိန်ဆဲတယ် ဒီစကားကလေးသားဖြစ်သူကိုသွားထိခိုက်တယ် သားဖြစ်သူမြွေကိုက်လို့သေရတာလက်တွေ့မြင်ဖူးပါတယ်။

ထို့ကြောင့်  ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက “ကာယကံ ဝစီကံ မနောကံ သုံးခုအနက်က ဝစီကံဆိုတဲ့ နှုတ်ပြောဟာ မဆင်မခြင် လွှတ်ခနဲ လွှတ်ခနဲ ထွက်ထွက်သွားတတ်လို့ သတိထားဖို့ အရေးကြီးပါတယ်” ဟု သတိ ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။

 မြတ်စွာဘုရားက သုစရိုက်တရား ဆယ်ပါးကို ဟောကြားတော်မူရာ၌ ကာယသုစရိုက်နှင့် မနောသုစရိုက်တို့က သုံးပါးစီသာ ပါဝင်ပြီး ၀စီသုစရိုက်က လေးပါးပါဝင်သည်။

မြတ်ဘုရားကတော့စကားပြောရမှာဒီအင်္ဂါဆယ်ပါးလိုက်နာရမည်ဟုဟောထားပါတယ်၊
ကာလ၀ါဒီ- ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုရမယ်။
ဘူတ၀ါဒီ-ဟုတ်မှန်သောစကားကိုသာပြောဆိုရမယ်။
ဓမ္မ၀ါဒီ-တရားနှင့်စပ်သည်ကိုသာပြောဆိုရမယ်။
အတ္ထ၀ါဒီ-အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုရမယ်။
ပိယ၀ါဒီ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုရမယ်။
မိဟိတပုဗ္ဗဘာဏီ-ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုရမယ်။
မိတာဘာဏီ-မပိုမလွန်ချင့်ချိန်၍ ပြောဆိုရမယ်။
အတုရိတ၀ါဒီ-အဆောတလျင် ပြောဆိုခြင်းရှောင်ရမယ်။
ပေါရီ-ပြည်ကြီးသူ ပြည်ကြီးသားတို့ဓလေ့ထုံးစံကိုလိုက်၍ယာဉ်ကျေးသိမ်မွေ့စွာပြောဆိုရမယ်။
ဝိသဒ၀ါဒီ-သန့်ရှင်းသေချာ၊ဌာန်ကရိုဏ်းကျအောင်ပြောနိုင်ရမယ်


မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- စကားကိုလိုတာထက်ပိုပြောတတ်သောကောကာလိကရဟန်းကို အကြောင်းပြု၍ ဒကာ ဒကာမတွေနဲ့ သူ၏သားတော်သမီးတော်တို့အားစကားကိုလိုတာထက်ပိုပြောသောသူမှာဘယ်လိုအကျိုးကျေးဇူးရရှိတယ်ဆိုတာကိုဟောပြတော်မူခဲ့ပါတယ်။
 
အတိတ်ဇာတ်
 
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဟိမ၀န္တာ၌ ရသေ့ငါးရာတို့၏ ဆရာဖြစ်၏။ တစ်နေ့သောအခါ ဖျော့တော့သော ရောဂါစွဲသော ရသေ့တစ်ဦးသည် ပုဆိန်ဖြင့်ထင်းကိုခွဲ။
 အနီးမှ နှုတ်မစောင့်ရသေ့ကား ဤနေရာမှာ ပေါက်ပါ၊ ဟိုနေရာမှာ ပေါက်ပါ စသည်ဖြင့် တတွတ်တွတ်ပြောနေ၏။

 ကြာသော် မောမောပန်းပန်းနှင့် ထင်းပေါက်နေသူက စိတ်တိုလာပြီး ထိုစကားများသော ရသေ့၏ ဦးခေါင်းကို ပုဆိန်နှင့် တချက်တည်း ပေါက်လိုက်ရာ ထိုနေရာတွင်ပင် သေဆုံးသွား၏။ ဘုရားလောင်းသည် ထိုရသေ့၏ အလောင်းကို သဂြို င်္ဟ်စေ၏။

မကြာမီပင် ကျောင်းအနီး တောင်ပို့ခြေရင်း၌ နေသော ခါတစ်ကောင်သည် နံနက်တိုင်း တောင်ပို့ထိပ်၌ရပ်၍ ကျယ်လောင်စွာတွန်၏။ ထိုအသံကို ကြား၍ မုဆိုးတစ်ယောက်သည် အသံကြားရာသို့ လာ၍ ခါကိုသတ်၍ ယူဆောင်သွား၏။

ဘုရားလောင်းသည် ခါ၏ အသံကို မကြား၍ မေး၏။ ရသေ့တို့က ခါတွန်သံကြား၍ မုဆိုးလာ၍ သတ်ယူသွားကြောင်းပြောပြ၏။

ဘုရားလောင်းသည် ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်:စပ်၍ `ရသေ့တို့၊ ခါသည် တွန်သင့်သည်ထက်ပို၍ တွန်ခြင်းကား သူ့ကိုယ်သူ သတ်သကဲ့သို့ပင်၊ ပညာမရှိသောသူသည် ပြောသင့်သည်ထက် ပို၍ လွန်စွာပြောတတ်သော စကားသည် သူ့ကို သတ်၏´

ဘုရားလောင်းသည် ရသေ့အပေါင်းတို့ကို ဤသို့ အဆုံးအမပေး၍ စကားကို လိုသည်ထက်ပို၍ ထပ်တလဲလဲ ပြောနေခြင်းကြောင့် အန္တရာယ်တွေ့ရကြောင်း ဆုံးမ၏။
မြတ်ဘုရားရှင်ရဲ့ဟောကြားထားသောတရားတော်အတိုင်းလိုက်နာလျှင် လောကလူတွေအနေနဲ့
 ကောင်းမွန်သော အကျိုးကျေးဇူးတွေ အသီးအပွင့်တွေ လက်တွေ့သုံးဆောင်ခံစားနိုင်ပါတယ် မယုံလျှင် လက်တွေ့ဒီနေ့ကစပြီး လိုက်နာလိုက်ကြရအောင်။ဓမ္မစမ်းရေ…
(ဇာတ်တော် ကောကာလိကနှင့်အဘယရာဇကုမာရသုတ် တို့ကိုမှီညမ်းပြုစုရေးသားသည်)

mardi 21 janvier 2014

ဝဋ်မှာအမြဲ ငရဲမှအပဆိုရာဝယ်

            
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့မြန်မာစကားပုံဟာလောကလူတွေအလယ်မှာထင်ရှားတဲ့စကားပုံလေးတခုပေါ့ ဒီစကားပုံလေးကတကယ်ပဲလားငရဲထက်ဝဋ်ကိုပိုကြောက်ရမှာလားဆိုတဲ့အတွေးမျိုးတွေဝင်တတ်လာကြလို့
စာရေးသူရေးချင်စိတ်ပေါ်ပေါက်လာတာပါ။

ဒီစကားပုံဟာ ဘုရားရှင်၏တရားဓမ္မနှင့်ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့စကားပုံလေးတခုပါ ဝဋ်ဟူသောစကားဟာ ဝဋ္ဋဟူသောပါဠိစကားကထွက်ပေါ်လာတာပါ သူ၏အဓိပ္ပါယ်ကတော့ သံသရာလည်ပါတ်ခြင်း အကြောင်းပြီးအကျိုး အကျိုးပြီးအကြောင်း ဆက်စပ်မှုတွေများပြားခြင်း မကောင်းသောအမှုတွေအတွက်သံသရာခရီးမှာဆိုးမှုးကံတွေခံစားရခြင်းဆိုသောသဘောအနက်ရှိပါတယ်။

သဂြိုလ်ကျမ်းလေးမှာတော့ဝိပါကဝဋ်ဆိုတာပြထားပါတယ်၊ ဒါကြောင့်မြန်မာတို့က ဝဋ်လည်တတ်တယ် ဝဋ်ကြီးလိုက်တာ ဟူသောစကားလေးတွေအစဉ်အမြဲသုံးတတ်တာသတိထားမိမယ်ထင်ပါတယ်။

ဝဋ်လိုက်ပုံနဲ့ပါတ်သက်ပြီးကိုယ်တွေ့ဖြစ်ရပ်မှန်လေးတခုတင်ပြချင်ပါတယ် စာရေးသူရဲ့ဆရာ ပေါင်းကျိုးလို့ ရန်ကုန်ဆေးရုံကြီးမှာတက်ရတယ်..ရက်နှစ်ဆယ် နှစ်ဆယ့်ငါးရက်ခန့်ကြပါတယ်။
  
စာရေးသူတို့အနီးနားမှာ ပေါင်ကျိုးတာတွေကော ခြေသလုံးသစ်ပင်ပိမိတာတွေကော တံခါးညှုပ်မိလို့ ခြေသလုံးကြီးအသားမရှိလို့ပေါင်ကအသားအစားထိုးတာတွေပေါများလိုက်ကြတာ။
အဲဒီမှာအထူးခြားဆုံးသူငယ်လေးတယောက်စာရေးသူရဲ့ဆရာနဲ့ကပ်လျက်ရှိသည့်သူငယ်လေး သူကတော့ခါးကိုသစ်ပင်ကိုင်းနဲ့ပိမိတာတဲ့အောက်တပိုင်းသေနေလေရဲ့ အပေါ်ပိုင်းကတော့အကောင်းပကတိအတိုင်းပါပဲ ။

ဒါပေမဲ့..သူငယ်လေးရဲ့အောက်ပိုင်းကတော့အရမ်းနာကျင်စွာခံစားနေရတော့အမြဲအော်ဟစ်နေရတယ် ဒါကိုကြည့်ပြီးသနားကရုဏာသက်မိတာတော့အမှန်၊ နေ့စဉ်ရက်ဆက်အော်နေရတဲ့ သူငယ်လေးလည်းမောတော့ခဏနား အမောပြေဆက်အော် ဘေးကလူတွေလည်းအိပ်ရသူရ မရသူမရနဲ့ပေါ့ စာရေးသူကတော့သူငယ်လေးရဲ့အော်သံကတော့ရိုးနေပါပြီ။

တနေ့သောည ၁ နာရီလောက်အော်သံကတော့အတော်ကိုထူးခြားတယ် သူအော်သံက ဘာလဲဆိုတော့ အမေလေးဗျ နောက်မရိုက်တော့ပါဘူး နောက်မလုပ်တော့ပါဘူးတဲ့ ဒါနဲ့စာရေးသူလည်းမနေနိုင်တော့ဘဲ သူငယ်လေးရဲ့အမေကိုသွားမေးမိတယ်။

ဘာမေးသလဲဆိုတော့ သူငယ်လေးကဘာအလုပ်တွေလုပ်သလဲပေါ့ သူငယ်လေးရဲ့အမေကပြောပြရှာပါတယ် ခင်နေတာကိုး သူငယ်လေးဟာ  မိုးရာသီမှာဆိုနေ့စဉ်ရက်ဆက်ဖားတွေထွက်၇ိုက်ပါတယ်တဲ့ သူအခုဒီဝဋ်ကျွေးတွေလက်ရှိဘဝမှာတင်ဆပ်နေရပါပြီတဲ့။

သြော်..ဒါကြောင့်ဒီသူငယ်လေး ဒီလိုမျိုးအော်တာကိုးလို့စာရေးသူကတော့မှတ်ချက်လိုက်မိတယ် အနားကတခြားလူနာတွေကော လူနာစောင့်တွေကော သြော်..ဆိုသောအသံပြိုင်တူထွက်လာကြတယ်။

စာရေးသူကတော့အတွေးတခုဝင်လာမိပါတယ် ဒီသူငယ်လေးဟာအခုဘဝမှာတင် တင်နေတဲ့အကြွေးကိုဆပ်လိုက်နိုင်ပြီ ငါကောတပါးသူအတွက် အကြွေးတင်ရှိတာတွေရှိနေသလား အကြွေးရှိရင်တော့ဆပ်ရမှာပါပဲ ငါတင်လား မဟုတ်ဘူး ဝဋ်ကျွေးဆိုတာ မြတ်ဘုရားတောင်ဆပ်ရတာပဲ။

ဒီလိုတွေးပြီးတော့ဒေဝဒတ် ကိုချက်ချင်းလက်ငင်းသွားသတိရမိတယ် သြော်… ရာဇဝင်မှာ လူမိုက်ရယ်လို့ထင်ရှားသူဆိုတော့ လူမိုက်အချင်းချင်းသတိရမိတာတော့မဆန်းပါဘူး ဒီအကြောင်းလေးတင်ပြချင်ပါတယ်။

ဂေါတမမြတ်စွာဘုရား၏၀ိပါတ်တော်

လွန်လေပြီးသောအခါက ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည်
သူကြွယ်မျိုး၌ဖြစ်၏။ဖခင်တူညီငယ်နှင့်စည်းစိမ်ဥစ္စာကိုအကြောင်းပြုပြီး
ခိုက်ရန်ဖြစ်ရာညီငယ်ကိုလိမ်လည်လှည့်ဖျားခေါ်ပြီးတောင်ချောက်ကြား၌
ကျောက်ဖြင့်ထုခတ်သတ်လေ၏။
ဤမကောင်းမှုအကုသိုလ်ကြောင့်ငရဲ၌ခံရရုံမျှမကနောက်ဆုံးဘုရားဖြစ်သောဘ၀၌ပင်
အရှင်ဒေ၀ဒတ်၏ဂိဇ္ဈကူဋ်တောင်စောင်း၌ကျောက်မောင်းဆင်လုပ်ကြံခြင်းကိုခံခဲ့ရလေသည်။

တောင်ထိပ်မှကျောက်တုံးကြီးလိမ့်လာသောအခါဘုရားရှင်၏ဘုန်းတော်ကြောင့်
လမ်းခုလတ်မှကျောက်တုံးတတုံးကဆီးကြိုခံလင့်၏။ထိုကျောက်တုံးခြင်းထိခတ်စဉ်ကျောက်လွှာတစ်ခုပဲ့
စင်ထွက်၍ဘုရားရှင်၏ခြေမတော်ကိုထိခိုက်ပြီးဆင်းရဲဒုက္ခများစွာခံစားရလေသည်။

ထိုကျောက်ထိခတ်မှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကြောင်းကံတခုရှိသေး၏။ ဘ၀တစ်ခု၌ဘုရားအလောင်းသည်ကလေးငယ်သဘာဝကစားနေစဉ်အရှင်ပစ္စေကဗုဒ္ဓါတစ်ပါး
ဆွမ်းခံဝင်လာ၏ကလေးငယ်သည်ပျော်ရွှင်လိုသဖြင့်အရှင်ပစ္စေကဗုဒ္ဓ၏ခြေမတော်ကိုကျောက်ဖြင့်ပစ်ခတ်၏
ခြေမတော်ကိုထိသဖြင့်အလွန်နာကျင်သောဝေဒနာကိုခံစားရ၏ထိုမကောင်းမှုဒဏ်ကြောင့်
 ခြေမတော်ကိုကျောက်ထိရုံမျှသာမဟုတ်သွေးစိမ်းတည်သည်အထိဒဏ်ရာအနာတရဖြစ်ပြီးဆင်းရဲဝေဒနာကို
ကြာရှည်စွာခံစားရလေသည်။

ထိုကျောက်ထိမှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကုသိုလ်ကံအကြောင်းတစ်မျိုးလည်းရှိနေသေးသည်၊
ဂေါတမဘုရားအလောင်းတော်သည်ပဒေသရာဇ်မင်းဖြစ်ခဲ့ဖူး၏ထိုဘ၀တွင်လူယုတ်မာနှင့်ပေါင်းမိပြီး
သောက်စားမူးယစ်အပြစ်မရှိသူအားဓါးဖြင့်ခွဲစိတ်ခဲ့ဖူးလေသည်။

ထိုအကုသိုလ်ကံကြောင့်ငရဲ၌ခံရပြီးနောက်ဘုရားရှင်ဖြစ်တော်မူလာသောဘ၀မှာပင်ခြေတော်ကိုကျောက်ထိရုံ
သွေးစိမ်းတည်ရုံနှင့်မပြီးသေးဆေးဆရာဇီဝက၏ဓါးဖြင့်ခွဲ၍ခြေမ၌တည်နေသောသွေးခဲကိုထုတ်ယူ
ကုသမှုအတွက်ပြင်းစွာသောဝေဒနာကိုခံစားရလေသည်။

အရှင်မောဂ္ဂလာန်၏၀ိပါတ်တော်

တစ်ခုသောဘ၀၌မယား၏အလိုဆန္ဒအရမိဘနှစ်ပါးကိုတောသို့ ထုတ်ပြီး
သူခိုးဓါးပြအယောင်ဆောင်ကာရိုက်ခဲ့ဖူး၏ထိုအကုသိုလ်ကံကြောင့်သေလျှင်
ငရဲသို့ကျခဲ့၏။
နောက်ဆုံးအရှင်မောဂ္ဂလန်ဘ၀၌တန်ခိုးအရာမှာဧတဒဂ်ရပါလျှက်ခိုးသူတို့၏ရိုက်နှက်မှုကိုခံရပြီး
ပရိနိဗ္ဗာန်စံခဲ့ရလေသည်။ပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲကျရောက်ရုံမျှမပြီးသေးအခွင့်သင့်သောဘ၀မှာ
ဝဋ်ဆင်းရဲဒုက္ခကိုဆက်လက်ခံစားရသေးသည်။မခံစားရအောင်မည်သူမျှမရှောင်လွဲနိုင်ကြချေ။

ငရဲဆိုရာ

ငရဲဆိုတာကတော့ နိရယဆိုတဲ့ပါဠိစကားကဆင်းသက်လာတာပါချမ်းသာသုခမရှိသည့်နေရာ ဆင်းရဲမှုကြီးရှိသောနေရာဖြစ်သောကြောင့် နိ-အယ၊အယ ချမ်းသာမှုမှန်သမျှ- နိ မရှိလို့နိရယ ငရဲလို့ခေါ်ဆိုတာပါ။

ငရဲမှာအပ
 ငရဲမှအပပြုဆိုတာကတော့ကြဉ်လိုက်တာပါပဲမိမိမကောင်းမှုတွေဘယ်လောက်ပဲလုပ်လုပ်
 သေခါနီးကာလမှာ ကုသိုလ်တွေနဲ့လုံးထွေးယစ်ပါတ်ကုသေဆုံးနိုင်ရင် ကုသိုလ်သောမနဿနဲ့သေနိုင်ရင် ငရဲကိုအပပြုနိုင်မှာပါပဲ။

သာဓကအနေနဲ့တင်ပြရရင် မြတ်ဘုရားလက်ထက်ကတမ္ဗဒါဋ္ဌိကမည်သောသူသတ်ယောင်္ကျားတယောက်
ရှိခဲ့ဖူးတယ် သူကနှစ်ဆယ့်ငါးနှစ်တို့တိုင်တိုင်ဘုရင်ကသေမိန့်ပေးခံသောသူတွေကိုသတ်ခဲ့သောသူပါ သူဟာသေရင်ငရဲရောက်မှာအသေချာပါပဲ။

အရှင်သာရိပုတ္တရာကယ်မလိုသဖြင့်တရားဓမ္မဟောကြားလိုက်လေသည် သူသတ်ယောင်္ကျားလဲ တရားဓမ္မနာရလို့ဆွမ်းတွေလှူတရားတွေနာတရားကိုဆင်ချင်ကာသေဆုံးရလို့
တုသိတာနတ်ပြည်မှာနတ်သားသွားဖြစ်ရတယ်လေ၊ ဒါကကုသိုလ်ကနိုင်အောင်လိုက်နိုင်တာပေါ့ ဒါကိုအပပြုတယ်လို့ခေါ်တယ်။

နောက်တခုတင်ပြရလျှင်အဂုင်္လိမာလကိုကားလူတိုင်းသိကြမှာပါ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင်
ဖြတ်မည်ဟုတစ်ချောင်းသာလိုတော့သည့်နေ့တွင်မြတ်စွာဘုရားကကယ်ချွတ်တော်မူသဖြင့်အကျွတ်
တရားရလေသည်။

ရဟန္တာ ဖြစ်တော်မူပြီးပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲသို့မလားရောက်ပေ။
ရဟန္တာဖြစ်သည်အထိတရားဓမ္မကိုနာယူကျင့်ကြံသောကုသိုလ်ကံဖြင့်ငရဲကို အပ ပြု လိုက်ခြင်းဖြစ်ပေသည်။

နောက်ဆုံးအနေနဲ့ပြောရလျှင် ငရဲကိုတော့အပပြုလို့ရချင်ရမယ် ဝဋ်ကိုတော့ဘယ်သောအခါမှအပပြုလို့မရပါဘူး ကိုယ်ကတပါးသူကိုဒီလိုပြောခဲ့သလား ဒီလိုကိုယ်ထိလက်ရောက်စော်ကားခဲ့သလား ဒီလိုစိတ်နဲ့မကောင်းကြံစည်ခဲ့သလား သင်လုပ်သလို သင်ပြောသလို သင်ကြံစည်ခဲ့သလို သင်ထံပြန်ရောက်ပါလိမ့်မယ် မလွဲဧကန်ပါပဲ…..ဓမ္မစမ်းရေ..
      (မှတ်ချက်)..
ဗုဒ္ဓဘာသာကောင်းတယောက်စာအုပ်နှင့်ရန်ကုန်ဆေးရုံမှာတွေ့ခဲ့သောသူငယ်လေးတဦးကိုမှီး
ညမ်းပြုစုရေးးသားသည်။