မြန်မာနိုင်ငံမှာ ဥပုသ်နေ့ဆိုဗုဒ္ဓဘာသာတွေ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းကန်တွေ မှာ ဥပုသ်စောင့်ထိန်းကြတယ် အသွင်အပြင်ပုံသဏ္ဍာန်ကြည့်ရတာတကယ့်ကိုလူသာဓုခေါ် နတ်သာဓုခေါ်စရာ ဝမ်းသာစရာတွေပေါ့။
တနေ့ဥပုသ်နေ့တရက်မှာ ဒကာတယောက်စာရေးသူဆီလာပြီး တရားဆွေးနွေးဖြစ်တယ် ဒီနေ့ဥပုသ်သယ်တွေများတယ်နော်ဆိုတော့ စာရေးသူကိုပုံပြင်လေးတစ်ပုဒ်ပြောပြသွားတယ် ကဲ…သူပြောသွားတဲ့ပုံပြင်လေးကိုနားထောင်ကြည့်ကြပါအုံး….
တခါတုံးကတာဝတိံသာနတ်ပြည်မှာ နတ်သမီးလေးတပါးက လူပြည်ကိုကြည့်မိတယ် လူပြည်မှာဥပုသ်စောင့်ထိန်းသူတွေများတော့နတ်သမီးလေးက စဉ်းစားတယ် အင်း…လူပြည်မှာလူတွေဒီလောက်ဥပုသ်စောင့်ထိန်းသူတွေများနေရင်နတ်ပြည်နတ်သမီးတွေ
နတ်သားတွေဆန့်မည့်သဘောမရှိဘူးလို့တွေးမိတယ်။
သူတွေးမိတဲ့အကြောင်းကိုလည်းသိကြားမင်းကိုလျှောက်ထားတယ်ပေါ့ သိကြားမင်းကဥပုသ်စောင့်ထိန်းတိုင်းကုသိုလ်ရတာမဟုတ်ဘူး တရားနဲ့အညီစောင့်ထိန်းနိုင်မှကုသိုလ်ရတာ။
နတ်သမီးလေးကိုကိုယ်တိုင်ပြဖို့လူ့ပြည်ကို သိကြားမင်းအသက်ခြောက်ဆယ်အရွယ်အဖိုးကြီးအသွင် နတ်သမီးလေးက ဆယ်ခြောက်နှစ်သမီးအရွယ်ဖန်ဆင်းပြီး လင်မယားပုံစံနဲ့သွားကြည့်တာပေါ့။
ပထမဦးဆုံးသွားတဲ့နေရာက ဥပုသ်စောင့်ထိန်းသူတွေပေါများလှတဲ့ကျောင်းကိုသွားတယ် အဲဒီကျောင်းအမျိုးသမီးတစုကဥပုသ်စောင့်ထိန်းတယ်လို့ဆိုပြီးအိမ်ကတော့ထွက်လာတယ်
ကျောင်းရောက်အုပ်စုဖွဲ့ကာအတင်းထိုင်ပြောနေကြတယ့်အုပ်စုပေါ့။
သိကြားမင်းတို့လင်မယားနှစ်ယောက်လည်းမြင်ရော ကလေးမလေးကိုမေးသတဲ့ ဟဲ…အဲဒါသမီးနဲ့ဘာတော်လဲ သမီးယောင်္ကျားပါ ဟဲ..ညည်းနယ် ကိုနဲ့ရွယ်တူတာနဲ့ယူပေါ့ ဘယ်နှဲကြီးတာကြီးနဲ့ယူရတာလဲဟိုလူကြီးကလည်းကြီးမှ နွားအိုမြက်နုကြိုက်နေတယ် သေခါနီးရိက္ခာ
ယူနေတယ်။ဆိုပြီးအတင်းထိုင်ပြောနေတယ်။
နောက်အမျိုးသားတွေချည်းစုနေတဲ့ကျောင်းကိုသွားတာပေါ့ ကြည့်စမ်းကွာ မလိုက်ဘူးကွာကလေးမုန့်ပေးကြိုက်တယ်ဆိုတာဒါပေါ့ကွာ ကလေးမလေးတော့သနားပါတယ် မကြာခင်မုဆိုးမတော့ဖြစ်တော့မယ်၊တချို့ဥပုသ်သယ်တွေကကျတော့အားကျတယ်ကွာလို့ပြောတာပေါ့။
နောက်လမ်းဘေးရေအိုးစဉ်နားရောက်တော့အဘွားအိုတဦးကိုတွေ့ကြတယ် အဘွားအိုဟာဘယ်သူမှမကြည့်ပဲပုတီးစိပ်နေသတဲ့ ကလေးမလေးကအဘွားကိုပြောတယ် အဘွား ရေအိုးစဉ်မှာရေရှိလားကျွန်မခင်ပွန်းရေဆာနေလို့ပါ။
ရှိပါတယ် သောက်ပါ ကုသိုလ်လိုချင်အဘွားကိုယ်တိုင်ခပ်ထားတာပါ အလိုရှိသလောက်သောက်ပါလို့ပြောသတဲ့ အသက်ခြောက်ဆယ်လောက်ရှိတဲ့အဘိုးကြီးကိုတချက်ကြည့်လိုက်တယ်၊ သြော် မင်းကြီးကသူ့ရဲ့ခင်ပွန်းသည်ကို ဒီလိုပေါ့ကွယ် ရှေးကရေစက်ဆိုတာအမျိုးမျိုးဆုံစည်းကြတာပဲ။
စိတ်ကောင်းထားပြီးဖခင်နဲ့တူတဲ့ခင်ပွန်းရယ်လို့သဘောထားရမှာပဲ ရိုရိုသေသေပြုစုကြားလားလို့မှာကြားသတဲ့ အဲဒီနောက်တော့ သိကြားမင်းနဲ့နတ်သမီးလေးဟာနတ်ပြည်ကိုပြန်သွားကြတယ်။
နတ်ပြည်လည်းရောက်ရော သိကြားမင်းကြီးက ကဲတွေ့ပြီးမဟုတ်လား နတ်ပြည်ရောက်မည့်သူက ရေအိုးစင်နားတွေ့ခဲ့တဲ့အဘွားအိုတယောက်သာပဲ ကျန်တဲ့သူတွေကတော့အောက်ပြည်သွားကြလိမ့်မယ်။
လူပြည်မှာဥပုသ်စောင့်ထိန်းသူတွေများပါတယ် သို့သော် စေတနာမသန့်ကြဘူးရိုးရိုးသားသားကုသိုလ်လိုချင်တဲ့သူကရှားတယ်လို့နတ်သမီးလေးကို
သိကြားမင်းကရှင်းပြလိုက်တယ်။
တပည့်တော်ပုံပြင်ကတော့ဒီလောက်ပဲလို့ပြောတယ် ဒါနဲ့ဒကာတော်က စာရေးသူပုံပြင်လေးရဲ့အနှစ်သာရကိုဆွဲထုတ်ခိုင်းပါတော့တယ်၊စာရေးသူလည်းနည်းနည်းတော့
ထုတ်ပေးလိုက်ပါတယ်။
ဒီပုံပြင်လေးဟာဥပုသ်စောင့်ခြင်းဆိုအသွင်သဏ္ဍာန်ကတော့တူကြတာပေါ့ ဒကာတော် သို့သော် အနှစ်မပါအကာသက်သက် စောင့်ထိန်းသူတွေကလောကမှာများနေကြတယ် မြတ်ဗုဒ္ဓကတော့
ဂေါပါလဥပုသ် နိဂဏ္ဍဥပုသ် အရိယာဥပုသ်ဆိုပြီးဟောကြားခဲ့သေးပါတယ်။
ဂေါပါလဆိုတာကတော့အနှစ်မပါအပေါ်ယံသာစောင့်ထိန်းသောဥပုသ်ကိုဆိုလိုတာပါ နိဂဏ္ဍဥပုသ်ကတော့ တိတ္ထိ တက္ကတွန်းတွေစောင့်ထိန်းသောဥပုသ်ကိုဆိုလိုတာပါ အရိယာဥပုသ်ဆိုတာက အသွင်သဏ္ဍာန်ကော အနှစ်သာရပြည့်ပြည့်ဝဝစောင့်ထိန်းတဲ့ဥပုသ်ကိုဆိုလိုတာပါ။
ဒကာတော်ပြောသလိုဆို လူတွေကအနှစ်မပါတဲ့ဂေါပါလဥပုသ်မျိုးဖြစ်နေတယ်ပေါ့ “တင့်ပါ့ဘုရားတဲ့” အင်း..စာရေးသူလည်းဒကာတော်ကိုခုလိုလေးပြောပြမိပါတယ်။
ပုံပြင်ထဲကလိုပေါ့တီးပေါ့ဆနေပြီး ဘာသာရေးကိုမရိုမသေလုပ်ခြင်းဟာဘာသာ သာသနာကွယ်ပျောက်ခြင်းရဲအကြောင်းတရားပဲ၊ ဘာသာသာသနာအဆင့်အတန်းမြင့်မားလိုသူတွေအတွက် အနှစ်မပါအကာသက်သက်ဖြစ်တဲ့ ဂေါပါလဥပုသ်မျိုးတော့စောင့်ထိန်းမနေပါနဲ့အချိန်ကုန်ပါတယ်။
အချိန်ကိုတန်ဖိုးထား ကိုယ့်ကိုကို အလေးထားတယ်ဆိုရင် ကောင်းသောအလေ့ကျင့်ကောင်းသောသီလကိုအနှစ်သာရပါပါနဲ့
စောင့်ထိန်းရင်းဘာသာ သာသနာကိုစောင့်ထိန်းနိုင်အောင်ကြိုးစားဖို့လိုပါတယ်။
ဒကာတော် "အကာသက်သက်ဆိုရင်တော့အနှစ်ကထွက်လာဖို့မလွယ်ဘူးနော်"…တင့်ပါ့ဘုရား တပည့်တော်လည်း အဲဒီထဲပါမည်ကိုစိုးကြောက်နေမိပါတယ်ဘုရားတဲ့ ကြိုးစားရမှာပေါ့ဆိုပြီးကန်တော့ကာထွက်သွားပါတော့တယ်…..ဓမ္မစမ်းရေ..
0 comments:
Enregistrer un commentaire