Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 29 août 2014

ပရစေတနာပျက်ကွက်ခဲ့ရင်



ဇေတ၀န်ကျောင်းတော်၌ဘုရားရှင်သီတင်းသုံးနေတော်မူစဉ်တနေ့သ၌ကောသလမင်းကြီးရောက်လာ၍ ”အရှင်ဘုရား၊ယနေ့သားသမီးအမွေဆက်ခံရန်မကျန်ရစ်ခဲ့သောသူဌေးတယောက်၏စည်းစိမ်ဥစ္စာ အမြောက်အများကို မင်းဘဏ္ဍာအဖြစ် သိမ်ဆည်းပြီး လာခဲ့ရပါသည်-ဟု လျှောက်ထား၏။

ထိုသူဌေးသည်ပစ္စည်းဥစ္စာကြွယ်ဝလှပါသော်လည်းဆန်ကွဲထမင်းနဲ့ပုံးရည်ဟင်းကိုသာစားပါသည်။ အ၀တ်ကိုလည်းပိုက်ဆံလျှော်အ၀တ်ကိုသာဝတ်ဆင်ပါသည်။ရထားကောင်းများရှိပါလျက်လည်း ရထားအဟောင်းသာစီးပါသည်။သစ်ရွက်ထီးကိုသာဆောင်းပါသည်။ဘယ်အကြောင်းကြောင့်ပါလဲဘုရား” ဟုလျှောက်ထားရာ ဘုရားရှင်က ရှေးအဖြစ်ကို ဟောပြတော်မူ၏။

ရှေးဘ၀တခု၌ထိုသူဌေးသည်ပစ္စေကဗုဒ္ဓါအရှင်မြတ်အားဆွမ်းလောင်းရန်ဇနီးကိုပြော၏။မိမိဇနီးက ဆွမ်းလောင်းပြီးသောအခါ၌သပိတ်ထဲတွင်ကြည့်လိုက်ရာဖွယ်ဖွယ်ရာရာဟင်းအစုံတို့ကိုတွေ့ရ၍ သူ့စိတ်တွင် နှမြောဝန်တိုစိတ် ဖြစ်ပေါ်လာ၏။

ဤမျှကောင်းသောအစားအစာများကိုငါ၏လုပ်သားများကိုကျွေးလျှင်လုပ်အားအများကြီးရမည်။ ဤရဟန်းကား အကောင်းတွေစားပြီး အိပ်နေမှာပဲ-ဟု စိတ်တွင် ပြစ်မှားမိ၏။

၎င်းပြင်ပစ္စည်းများကိုခွဲဝေပေးရမည်စိုး၍အမွေဆိုင်တူ-တယောက်ကိုသတ်ခဲ့ဖူး၏။ထိုကံနှစ်မျိုးအနက် ဆွမ်းလှူသောကံကြောင့် နတ်စည်းစိမ် ခံစားခဲ့ရ၏။

လှူပြီးမှစိတ်၌ပြစ်မှားမိခဲ့သောကြောင့်မွန်မြတ်သောအစားအ၀တ်များသုံးချင်စိတ်မရှိဘဲ အညံ့အဆိုးတို့ကိုသာ သုံးစွဲခဲ့ရ၏။တူကိုသတ်သောကံကြောင့်သားသမီးအမွေခံမရဘဲမိမိပစ္စည်းများကိုခုနစ်ကြိမ်တိုင်တိုင် မင်းဘဏ္ဍာအဖြစ် အသိမ်းခံခဲ့ရသည်။

ယခုအခါကံဟောင်းကုန်ပြီးကုသိုလ်ကံအသစ်လည်းမပြုဘဲသေသွားသဖြင့်မဟာရောရုဝငရဲ၌ ခံနေရလေပြီ-ဟု မိန့်တော်မူပါတယ်။

ဒီဇာတ်တော်လေးဖတ်ကြည့်လိုက်တော့အိန္ဒိယနိုင်ငံတော်တော်များသောလူတွေမှာလည်း ပိုက်ဆံချမ်းသာကြပေမဲ့တနေ့ချာပါတီပဲဟင်းအာလူးဒါနဲ့ပဲစားကြတာတွေ့ရတယ်တက္ကသိုလ်ရဲ့ ပါမောက္ခတွေဖြစ်နေလည်း ဒါပဲ ရေသန့်ဘူးဘယ်တော့မှအလကားမရရင်မသောက်တတ်ဘူး။

ပိုက်ဆံစုတယ်၊အိမ်တလုံးကောင်းကောင်းဆောက်နိုင်သော်လည်းမဆောက်ပဲတဲကုတ်ကလေးနဲ့နေ
တတ်ကြတယ်၊ သြော် လူတွေပရစေတနာရဲ့အကျိုးလေလားလို့အမြဲတွေးဖြစ်တယ်၊

မြန်ပြည်တခွင်မှာလည်းမစားရက်မသောက်ရက်နဲ့ပိုက်ဆံကိုအသေချာစုနေတဲ့သဋ္ဌေးကြီးတွေလည်းရှိနေ
တတ်ပါတယ်ရှေးကအနည်းငယ်သောကုသိုလ်ကံကြောင့်ဒီဘဝချမ်းချမ်းသာသာနေရတယ်၊ သို့ပေမဲ့ နောင်ဘဝအတွက်ကုသိုလ်တွေမပြုမိခဲ့ကြဘူးဆိုရင်ရင်လေးစရာကြီးနော်။

ချမ်းသာပေမဲ့ကောင်းကောင်းမနေရဘူးကောင်းကောင်းမစားရဘူးကောင်းကောင်းမဝတ်ရဘူးဘာကြောင့်လဲ
 ရှေးကလှူဒါန်းမှုပြုခဲ့ပေမဲ့ ပရစေတနာပျက်ပြီး မနာလိုဝန်တိုမိခဲ့လို့ပါ။

ဘုရားရှင်ကတော့ခုလိုလေးနည်းပေးခဲ့ပါတယ်၊ ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။

ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေ၀ အတ္တာနံ။

မြန်မာပြန်ပြောပြရရင်စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကိုသာ ဖျက်ဆီးကုန်၏။

နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်။

ပညာမဲ့သူသည် စည်းစိမ်ဥစ္စာကို တပ်မက်ခြင်းဖြင့် သူတပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကိုလည်း ပျက်စီးစေ၏။

ကဲဓမ္မမိတ်ဆွေတို့ရေ ဓမ္မစမ်းရေနောက်ဆုံးပြောလိုက်ချင်ပါတယ် ရေကန်တခုကိုမလှယ်ဘူးဆိုရင် ရေသစ်တို့ဝင်လာနိုင်စရာ
အကြောင်းမရှိပါဘူး၊ဒါဆိုရင်ရေဟောင်းတွေချည်းသောက်နေရတတ်ပါတယ်၊ ရေဟောင်းတွေ
ချည်းသောက်နေရင် ရောဂါရတတ်သလို မိမိစိတ်ကိုလည်းညစ်နွမ်းစေပါတယ်။

အနည်းငယ်သောရေဟောင်းကိုစွန့်လိုက်ပြီးရေသစ်တို့လဲလှယ်လိုက်မယ်ဆိုရင် မိမိခန္ဓာကိုယ်ကိုသန့်စင်စေတာအပြင် မိမိရဲ့ကျမ္မာရေးကိုလည်းအထောက်အကူပြုစေပါတယ်၊

ရေသစ်တို့မလဲဘူးရေဟောင်းတွေချည်းသောက်သုံးနေရင်အချိန်တန်လို့ကုန်လွန်သွားရင်ရေငတ်တတ်ပါတယ်
၊ဒီလိုပါပဲတရားသဘောနဲ့ပြောပြရရင်မိမိပြုခဲ့တဲ့ရှေးကုသိုလ်ကံလေးမကုန်ခင်ကုသိုလ်ကံ
အသစ်ကလေးမပြုခဲ့ဘူးဆိုရင်မိမိရထားတဲ့ဘဝတခုဟာကြီးမားစွာသောဆုံးရှုံးခြင်းကိုရတတ်ပါတယ်။



(ဓမ္မစမ်းရေ)

lundi 25 août 2014

အချစ်ကြောင့်ရခဲ့တဲ့ငြိမ်းချမ်းသောတရား
==========================
ချစ်ခြင်းကြောင့် ချစ်ခြင်းဖြစ်၏။ ချစ်ခြင်းကြောင့် မုန်းခြင်းဖြစ်၏။ မုန်းခြင်းကြောင့် ချစ်ခြင်းဖြစ်၏။မုန်းခြင်းကြောင့်မုန်းခြင်းဖြစ်၏။အဲဒါကတော့အဂုင်္တ္တရနိကာယ်၊
စတုက္ကနိပါတ်၊ပေမသုတ်မှစကားရပ်လေးဖြစ်ပါသည်။

လူတိုင်းကကောအချစ်တွေနဲ့ထိုက်တန်ရဲ့လားကြင်နာမှုတွေနဲ့ထိုက်တန်ရဲ့လားတယောက်
ကအချစ်တွေမေတ္တာတွေရှိနေပေမဲ့ကိုယ့်ကိုချဉ်းကပ်သူကအချစ်မေတ္တာမပါဘဲပရိယာယ်တွေနဲ့
ချဉ်းကပ်လာရင်လိုချင်မှုတွေနဲ့ချဉ်းကပ်လာရင် ရန်လိုမှုတွေနဲ့ချဉ်းကပ်လာရင် သင်ခံနိုင်ရည်ရှိပါ့မလား။

ဒီစကားလေးနဲ့ပါတ်သက်ပြီးကုဏ္ဍလကေသီဆိုတဲ့ရွှေမင်းသမိးလေးကိုသတိရမိတယ်သူကဥာဏ်
ထက်တယ်ပါရမီဓာတ်ခံအားကောင်းတယ်ပြီးတော့သဋ္ဌေးသမီးဘုံခုနှစ်ဆင့်မှာကျွန်မတယောက်နဲ့နေရတယ်။

တစ်နေ့မှာခိုးသားသတ္တုကကိုရိုက်ပုတ်ပြီးလူသတ်ကွင်းသို့ခေါ်ဆောင်သွားစဉ်ကုဏ္ဍလကေသီထေရီ
အလောင်းသူဌေးသမီးလေးကမြင်ပြီးချစ်ခင်နှစ်သက်သွားတယ်တဲ့ သြော် သူခိုးတို့မြန်းကံကောင်းတာလားမသိ။

သာမန်နှစ်သက်မှုမျိုးမဟုတ်။မရရင်မနေဆိုသောနှစ်သက်မျိုးဖြစ်သည်။အစားမစားသောက်ပဲ
ဆန္ဒပြတော့သည်။မိဘများကချစ်လွန်းလို့ခိုးသားကိုမြို့တော်ထံလာဘ်တံစိုးထိုး၍သမီးတော်နှင့်ပေးစား
လိုက်ရတယ်ဆိုပဲ။

ရခါစတော့အသက်တခင်လည်းဖြစ်ဇနီးချောလေးလည်းဖြစ်တော့ကေသီကေသီနဲ့ပေါ့ပါးစပ်
ကနောက်မကြာပါဘူးခိုးသားကဇာတိပြလာတော့သည်။ကေသီပိုင်ဆိုင်သမျှကိုရယူချင်စိတ်ဖြစ်ပေါ်လာ
တော့သည်။ကေသီကိုဖြားယောင်းပြီးတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားသည်။တောင်ထိပ်ရောက်မှခိုးသား
သဘောကိုသိရသဘောပေါက်မိသွားတယ်။

ကေသီကအမျိုးမျိုးတောင်းပန်ပါသော်လည်းမရ။သတ်မည်တကဲကဲသာဖြစ်နေတော့သည်။ကေသီကလည်း
မည်သို့မျှတောင်းပန်မရသည့်နောက်ဆုံးပရိယာယ်သုံးရတော့သည်။

မောင်တော်ကောင်းပါပြီနောက်ဆုံးအနေနှင့်ကေသီကိုလေးဘက်လေးလံမှပွေ့ဖက်လိုပါသည်ဟုတောင်း
ဆိုလိုက်သည်။ခိုးသားနှာဘူးကဥာဏ်မရှိခိုးသူကခွင့်ပြုလိုက်တော့ကေသီဆိုတဲ့သဋ္ဌေးသမီးကပွေ့ဖက်
သလိုနဲ့ဟန်ဆောင်ပြီးတောင်ပေါ်မှ တွန်းချလိုက်တော့တာပဲလေ။

ထိုအရာကိုမြင်ရသောတောင်စောင့်နတ်ကအရာဌာနတို့၌ ယောက်ျားတို့သည်သာပညာရှိသည်မဟုတ်၊
 ကြောင်းကျိုးဆင်ခြင်နိုင်ပါမူကားမိန်မသည်လည်းပညာရှိဖြစ်နိုင်သည်ဟုကောင်းချီးသြဘာပေးလိုက်သည်။

ကေသီဆိုတဲ့သူဌေးသမီးသည်သူရဲ့မိုက်မဲမှုကိုသင်္ခန်းစာယူကာမိဘတို့အထံသို့မပြန်တော့ဘဲ ကျောင်း
အရာမ်တစ်ခုခုတွေ့လျှင်ရဟန်းမပြုတော့အံ့ဆိုပြီးခြေဦးတည့်ရာထွက်ခဲ့တော့သည်။ပရဗိုဇ်ကျောင်း
တစ်ကျောင်းသို့ရောက်ပြီး ပရဗိုဇ်မအဖြစ်ကိုစတင်ရရှိခဲ့တယ်လေ။

သူဌေးသမီးကေသီလေးဟာပရဗိုဇ်တို့ဝါဒတစ်ထောင်ကိုခဏတွင်းမှာပင်တတ်မြောက်ပြီးဆရာတို့ခွင့်ပြု
ချက်ဖြင့်ဇမ္ဗူတစ်ခွင်ဝါဒလှည့်လည်ယှဉ်ပြိုင်တော့သည်။အောင်ပွဲအလီလီလည်းရရှိခဲ့သည်။

နောက်ဆုံးတရားစစ်သူကြီးနှင့်တွေ့ဆုံးပြီးနောက်သူရှုံးမှမြတ်ဗုဒ္ဓရဲ့စစ်မှန်သောတရားဓမ္မကိုသိရှိသွားပြီး
ရဟန်းမပြုရန်တောင်းပန်လိုက်တာပေါ့အမှားကိုအမှားမှန်းသိသူဟာပညာရှိဆိုတာဒီသာဓကလေးက
သက်သေ၇ှိတယ်နော်။

တရားစစ်သူကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာမထေရ်မြတ်ကဘုရားရှင်ထံစေလွတ်တော်မူလိုက်သည်။
ထို့ကြောင့်ကုဏ္ဍလကေသီသည်မြတ်စွာဘုရားရှိတော်မူရာအရပ်သို့သွားရောက်ပြီးထိခြင်းငါးပါးဖြင့်ရှိးခိုးပြီး
အပြစ်ခြောက်ပါးမှလွတ်ရာသင့်တင့်ရာအရပ်မှာနေထိုင်လိုက်တယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ကုဏ္ဍလကေသီ၏ဥာဏ်ရင့်ကျက်ချိန်ကိုသိတော့မူ၍ “ အကျိုးမပြီးအချည်းနှီးသောစကားဂါထာတို့နှင့်ယှဉ်စပ်ပါကအထောင်လောက်သောဂါထာတို့ပင်ဖြစ်စေမမြတ်၊
မချီးမွမ်းထိုက်၊တစ်ဂါထားထဲပင်ဖြစ်စေကာမူကိလေသာငြိမ်းကြောင်းတရားဖြစ်ပါကချီးမွမ်းအပ်၊မြတ်လှပေ၏”
ဟူသော ဂါထာတော်ကိုဟောကြားတော်မူသည်။

တရားတော်ဆုံးသောအခါကုဏ္ဍလကေသီသည်ရပ်တည်နေရင်းပင်ပဋိသမ္ဘိဒါလေးပါးနှင့်တကွရဟန္တာဖြစ်
သွားတော့သည်။ထို့နောက်မြတ်စွာဘုရားရှင်ထံရဟန်းမဝတ်ခွင့်တောင်းပြီးရဟန္တာထေရီမဖြစ်သွားတော့သည်။

ကုဏ္ဍလကေသီထေရီမသည်တစ်ဂါထာတည်းဖြင့်လေးမဂ်လေးဖိုလ်ရသွားသောကြောင့်မြတ်စွာဘုရားရှင်က
ခိပ္ပာဘိညာဧတဒဂ် ဟူသောဧတဒဂ်ကိုချီးမြှင့် တော်မူခဲ့သည်။

သူတော်နှလုံးကိုပိုင်ဆိုင်ထားတဲ့သူဟာဘယ်နေရာရောက်ရောက်ဘယ်နေရာနေနေသူ့ရဲ့ကိုယ်ကျင့်သီလ
ဓာတ်ခံအားကောင်းတော့အမြတ်ဆုံးချမ်းသာကိုရကြစမြဲဖြစ်တယ်တရားဓမ္မအစစ်အမှန်ကိုမသိသေးတဲ့
အချိန်မှာလည်းတပါးသူကိုသနားတဲ့စိတ်ကြင်နာတဲ့စိတ်ဖြစ်နေတတ်ကြတာပါပဲ။

လောကကိုမိမိကိုယ်ကျင့်သီလဖြင့်အလှဆင်ကာမိမိဘဝကိုမိမိကိုယ်တိုင်အေးချမ်းမှုကိုရအောင်ယူ
တတ်ကြတယ်သူယုတ်မာတို့ကတော့လောကချမ်းသာကိုရလင့်ကစားယုတ်မာတဲ့စိတ်ဓာတ်ကြောင့်
မိမိဘဝမိမိကိုယ်တိုင်စီမံထားတဲ့အကြံနဲ့ပဲဘဝကိုအဆုံးသတ်သွားကြရတယ်။

ထို့ကြောင့်မဃဒေဝ၌“သဒ္ဓါပညာ၊သမ္ဘာမမျှ၊ဤလောက၌၊မိန်းမရတနာ၊ယုတ်မာယောက်ျား၊
အတူထားလည်း၊နီးပါးမသီ၊ရေနှင့်ဆီသို့၊မညီစိတ်မှာ၊ဝေးကြစွာ၏”ဟုစပ်ဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ကုဏ္ဍလကေသီသဋ္ဌေးသမီးဟာခိုးသားကိုချစ်မြတ်နိုးသောစိတ်ကြောင့်ချစ်ခင်ခြင်းဖြစ်ခဲ့သည်။
သူ့ကိုသတ်မည်ပြုသောအခါချစ်ခြင်းမှမုန်းခြင်းသို့ပြောင်းလဲသွားရတယ်။

တရားစစ်သူကြီးအရှင်သာရိပုတ္တရာမထေရ်နှင့်တွေ့ဆုံရသောအခါစစ်မှန်သောတရားဓမ္မကို
သိရှိသွားပြီးမိမိခန္ဓာငါးပါးအပေါ်မုန်းစိတ်ပေါ်ပြီးစစ်မှန်သောပရမတ္ထတရားဓမ္မကိုချစ်စိပေါက်သွားရတော့သည်။

ဒါကြောင့်ချစ်ခြင်းကြောင့်ချစ်ခြင်းဖြစ်၏။ချစ်ခြင်းကြောင့်မုန်းခြင်းဖြစ်၏မုန်းခြင်းကြောင့်ချစ်ခြင်းဖြစ်၏
မုန်းခြင်းကြောင့်မုန်းခြင်းဖြစ်၏ဟု မြတ်ဘုရားဟောာကားခဲ့တာလို့သဘောပေါက်မိတယ်။

အချစ်ကြောင့်ရလာတဲ့ဒုက္ခကိုအရင်းပြုပြီးသစ္စာတရားကိုရအောင်ရှာဘဝကိုတိုးတက်အောင်
ငြိမ်းချမ်းအောင်လုပ်ပြသွားတဲ့ကုဏ္ဍလကေသီကိုလည်းလေးစားမိတယ်။
ဓမ္မမိတ်ဆွေများကကောဘယ်လိုလဲ?


                                                                               (ဓမ္မစမ်းရေ)

jeudi 21 août 2014

လူမိုက်တို့နေရာ

===========
လိုချင်တတ်မက် လောဘတွေက မီးတောက်မီးလျှံလို တောက်လောင်နေချိန် အဖြူအမဲ ခွဲခြားမသိ မမြင်နိုင်တဲ့အခိုက်အတန့်မှာတော့ အမှားပေါင်းများစွာ ကို ကျူးလွန်ခဲ့တဲ့ တို့တတွေဟာ မိုက်မဲတဲ့သူကို ဆရာတင်မိကြလိမ့်မယ်။

အမဲကိုအဖြူမြင်အလင်းကိုအမှောင်မြင်အမှားကိုအမှန်ထင်တော့ကျန်လူများစွာဒုက္ခကိုအလှဆင်ခဲ့ကြရပြီးအလင်းဆိုတာရှိနေသ၍တော့အမှောင်ဆိုတာဆက်လက်ရှိနေအုံးမှာပဲဆိုတာသိဖို့လိုပါတယ်။
 

ကုသိုလ်ကံအားနည်းလို့အကုသိုလ်ကံတွေအားကြီးကိုယ်လုပ်တဲ့အလုပ်မှာမကောင်းမှုတွေကြီးဖိစီးပြီးနေကြတဲ့သူတွေ ပျက်စီးဖို့အချိန်တန်လာရင် အမှားတွေကိုအမှန်ထင် အမှန်တွေကိုအမှားထင်လာတတ်ပါတယ်အဲဒီလိုထင်လာရင်မိမိမှာရှိတဲ့အသိဥာဏ်တွေကြီးပွားတိုးတက်မှုတွေအကုန်လုံးပျက်စီးဆုံးရှုံးခြင်းသို့ရောက်ရတတ်ပါတယ်။

ခုခောတ်လူငယ်တွေမိမိလုပ်နေတဲ့အလုပ်ကမှားနေတတ်ပါတယ်သို့သော်သူတို့ကဘာသာရေးနဲ့ဝေးနေတော့ ခုလိုလေးတွေတွေးမိတတ်ကြတယ်..ကုသိုလ်လုပ်တဲ့အချိန်တွေမှာကိုယ်လုပ်တဲ့အလုပ်ကမအောင်မြင်ဘူးဆိုရင်ဘာထူးလို့လဲကုသိုလ်လုပ်တော့ကော ရွက်လိုက်ရတဲ့ပရိတ် စိပ်လိုက်ရတဲ့ပုတီးဖတ်ဖတ်ကိုမောလို့ ဟိုမကောင်းမှုလုပ်တဲ့သူကျတော့စာမေးပွဲအောင်သတဲ့အလုပ်ရသွားသတဲ့ရာထူးတိုးသွားသတဲ့မထူးပါဘူးကွာ

ဆိုပြီးမကောင်းတဲ့စိတ်ဖက်ကိုယိုင်သွားကြတဲ့သူတွေခုခောတ်မှာများစွာတွေ့ရတတ်ပါတယ်။

အရင်ကကိုယ်လုပ်ခဲ့တဲ့မကောင်းမှုကိုမတွေးတတ်ကြဘူးရှေးကမကောင်းမှုတွေရှိနေသ၍မကောင်း

မှုတွေအားကြီးနေသ၍တော့ကောင်းမှုကနိုင်လိမ့်မည်မဟုတ်ဘူးဆိုတာကိုနည်းမှန်လမ်းမှန်အနေနဲ့တွေးတတ်ဖို့လိုပါတယ်။

မတွေးတတ်ဘူးအမှားကိုအမှန်လို့ထင်နေရင်တော့ပျက်စီးဖို့အချိန်တန်နေပြီဆိုတာသတိထားကြပါ.. ဒီအကြောင်းနဲ့ပါတ်သက်ပြီးကိသဝစ္ဆဇာတ်တော်ကိုပြောပြချင်ပါတယ်။

မြတ်ဗုဒ္ဓ မပေါ်ထွန်းမှီ အချိန်ကာလ အိန္ဒိယနိုင်ငံ တောင်ပိုင်း အလယ်ဗဟိုအနားတွင် အင်မတန်မှ ကြီးမားသော ရေအိုင်ကြီး တခုတည်ရှိပါသည် ။ ထိုရေအိုင်ကြီးမှာ ရေများ လျှံကျ၍ စီးဆင်းရာက ဂေါဓါဝဒီ မြစ်ကြီးသည် ဖြစ်ထွန်းကာ စီးဆင်းလျှက် ရှိသည် ။

ထိုဂေါဓါဝဒီ မြစ်ကြီး စီးဆင်းရာ မြစ်ကမ်းခြေ တစ်လျှောက်တွင် တိုင်းပြည်မြို့ရွာများ တည်ဆောက်ကာ မင်း အသီးသီးတို့ စိုးစံနေကြလေသည် ။

ထို ဂေါဓါဝဒီ ရေအိုင်ကြီး အနားတွင် ဈာန် အဘိဥာဉ် နှင့် ပြည့်စုံသော သရဘင်္ဂ ရသေ့ကြီး တစ်ပါး သည် လက်ထောက် ရသေ့အနေနဲ့ သာလိတ္တရ မဒိ င်္တ္တရ ပဗ္ဗတ တာလဒေဝလ ကိသဝစ္ဆ အနုသိဿ အနာရဒဆိုတဲ့ ( ၇ ) ပါး နှင့် အတူ ရသေ့ပေါင်း သောင်းနှင့် ချီ၍ သီတင်းသုံးနေထိုင်ကြလေသည် ။

အင်မတန်မှ များပြားသည့် ရသေ့ အရေအတွေကြောင့် ခေါင်းဆောင် သရဘင်္ဂရ သေ့ကြီးက သူ့တပည့် (၇ ) ယောက်ကိုခေါ်၍ ယခုနေရာသည် လူပေါင်းများစွာ အတူတကွ နေထိုင်၍ မသင့်တော်သောကြောင့် သင့်တင့်မျှတသော နေရာရှာ၍ သီတင်းသုံးနေထိုင်ရန် ညွှန်ကြားသော အခါ တပည့် (၇)ပါးသည် သူ့တို့ နောက်လိုက်နောက်ပါ အသီးအသီးနှင့် ထိုရေအိုင်ကြီး အနားမှ ထွက်ခွာသွားကြလေသည် ။

ထိုတပည့်များထဲမှ ရသေ့တပါး ဖြစ်သော ကိသ၀စ္ဆ ရသေ့ကြီးသည် ဒန္တကီမင်းကြီး အုပ်ချုပ်ရာ ကုမ္ဗ၀တီ တိုင်းပြည်တွင်းက မင်းဥယျာဉ်ထဲတွင် သီတင်းသုံးနေသည် ။

ကိသ၀ိစ္ဆရသေ့ကြီးသည် အလွန်ရှည်လျားသော ဆံပင်ကို ထုံး၍ ခေါင်းတွင် ထုံးထားသည့် အပြင် ခန္ဓာကိုယ်၌ အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြင်ပ အမြင်၌ မတင့်တယ်သော်လည်း သမထ အရာ၌ ပြီးပြည့်စုံကာ ဈာန် အဘိဥာဉ်ရ သူတော်ကောင်း ရသေ့ကြီးဖြစ်သည် ။

ထို ဒန္တကီမင်းကြီးသည် အလွန်လှပသည့် အမျိုးသမီး တဦးကို ပြည်တန်ဆာ အဖြစ် သတ်မှတ်၍ ရာထူးပေးကာ ပျော်ပါးလေ့ရှိသည် ။ ထိုမိန်းမသည် အလွန်လှပသောကြောင့် ပျော်ပါးလိုသူ အင်မတန်များပြား လှ၍ ၀င်ငွေ အလွန်ကောင်းလေသည် ။

ထိုအချိန်တွင် ဘုရင်ကြီးသည် ၀င်ငွေနည်းပါး၍ စိတ်ညစ်နေသောကြောင့် အရက်သေစာတို့ကို သောက်စားမူးယစ် နေတုန်း ပြည်တန်ဆာမ၏ ၀င်ငွေသည် သူ့ထက် ၀င်ငွေပိုမိုကောင်းသည်ကို သိသော အခါ ထိုမိန်းမကို ပြည်တန်ဆာ ရာထူးမှ ဖြုတ်ပြစ်လိုက်လေသည် ။

နောက်တနေ့မနက်ခင်းတွင် ရာထူးပြုတ်၍ စိတ်ပျက်နေသော ထိုမိန်းမသည် အိပ်ယာ ထထခြင်း မင်းဥယျာဉ်ထဲသို့ ရောက်လာသော အခါ တရားကျင့်ကြံနေသည့် ကိသ၀စ္ဆရသေ့ကြီးကို တွေ့မြင်လေသည် ။

ထိုအချိန်တွင် ထိုမိန်းမစိတ်၌ စိတ်ပြေလက်ပျောက်ထွက်လာမိသည် ဤမျှ ကျက်သရေ ယုတ်သော ပုဂ္ဂိုလ်ကို တွေ့ရလေခြင်း ဆိုကာ ထင်မှတ်ကာ စိတ်ပျက်သွားလေသည် ။
မျက်နှာသစ် သွားမတိုက်ရသေးသော ထိုမိန်းမသည် ထိုနေရာ၌ ခံတွင်းကို သန့်ရှင်း၍ ထွက်လာသော အညစ်အကြေး ၊ တံတွေးတို့ဖြင့် ရသေ့ကြီး မျက်နှာကို ထွေးရုံသာ မက တံပူများကို ဆံထုံးပေါ်သို့ ပစ်တင်သွားလေသည် ။

ခုနှစ် ရက်မျှ ကြသော အခါ ရှင်ဘုရင်ကြီးသည် ထိုမိန်းမကို သတိရ၍ တမ်းတမိသော ကြောင့်ပြည်တန်ဆာမ ရာထူး ပြန်ခန့်လေသည် ။ ထိုအချိန်တွင် တိုက်ဆိုင်စွာပင် နန်းတော် အတွင်း၌ ၀န်ကြီး တပါးကို ရှင်ဘုရင်က အမျက်တော် ရှ၍ ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်လေသည် ။

ထိုအခါ ထိုဝန်ကြီးသည် ပြည်တန်ဆာမကို ချဉ်းကပ်၍ သင်ရာထူးပြန်ရအောင် ဘယ်လို လုပ်သလည်း ဟု မေးမြန်းသော အခါထိုမိန်းမက ဒါလေးများအလွယ်လေး အမတ်ကြီး ။ မင်းဥယျာဉ်ထဲကို သွား ၊ အဲဒီထဲက ကိသ၀စ္ဆဆိုတဲ့ ရသေ့ကြီးရဲ့ မျက်နှာကို တံတွေးဖြင့် နာနာထွေး သင့်ရာထူး ပြန်ရလိမ့်မယ် ဟု ပြောဆို အကြံပေးသည် ။

ထို ဥာဏ်နည်းပါးသည့် အမတ်သည် မိန်းမယုတ် အကြံအတိုင်း လုပ်ဆောင်ခဲ့ ပြီးနောက် (၇ ) ရက်မျှ ကြာသောအခါ ဘုရင်က စိတ်ပြေ၍ ထိုအမတ်ကို ကံအားလျှော်စွာရာထူးပြန်လည် ပေးအပ်ပြန်လေသည် ။

ထိုအချိန်တွင် တိုင်းပြည် နယ်စပ်၌ သူပုန်ထ၍ ရှင်ဘုရင်က စစ်ချီတက်ရန် ပြင်ဆင် နေချိန်တွင် ထိုဥာဏ်နည်းပါးသော အမတ်သည် ဘုရင့်ထံ ချဉ်းကပ်ကာ အရှင်မင်းကြီး သင်စစ်ပွဲမှာ အောင်နိုင်လိုပါသလားလို့ မေးသော အခါ ဘုရင်က ဘယ်လို နည်းလမ်းများ လုပ်ဆောင်သင့်သလည်းဟု မေးမြန်းလေသည် ။

အမတ်ကြီးက သိပ်မခက်ပါဘူး အရှင်မင်းကြီး ဥယျာဉ်ထဲကို သွား အဲဒီထဲကရသေ့ကြီးကို တံတွေးနဲ့ ထွေးကာ ယတြာ ချေလိုက်ရင် အရှင်မင်းကြီး စစ်ပွဲမှာ အောင်ပွဲရတော်မူပါလိမ့်မယ်ဟု လျှောက်သော အခါ ပညာမရှိသည့် ရှင်ဘုရင်တွေ စစ်ထွက်ခါနီး၌ ရသေ့ကြီးကို တံတွေးဖြင့် ထွေးခဲ့လေသည် ။

ရှင်ဘုရင်က သူတော်ကောင်းကို စော်ကားသော အခါ နောက်လိုက်နောက်ပါ မှူးမတ်များ ၊ စစ်သည်များက သူတော်ကောင်းကို စော်ကားသည့် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးကို ယတြာချေသည်ဟု ဆိုကာ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြလေသည် ။

အကြောင်းတိုက်ဆိုင်မှု၏ အထွဋ်အထိပ် အဖြစ် ထိုရှင်ဘုရင်ကြီးသည် ရန်သူတပ်ကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်၍ အောင်ပွဲခံသည့် အခါ ဘာမှ မသိနားမလည်သော ပြည်သူလူထုကြီးကပါ ရှင်ဘုရင်ကြီးက မှားယွင်းသော လုပ်ရပ်များကို ၀ိုင်းဝန်း ထောက်ခံ အားပေးကာ တတိုင်းပြည်လုံး ပျော်ရွှင်နေကြသည် ။

သူတော်ကောင်းကို စော်ကားသည့် လုပ်ရပ်များကို မြင်ရသည့် အခါ ထိုတိုင်းပြည်ကို စောင့်ရှောက်သည့် နတ်အပါင်း တို့သည် လွန်စွာမှ ပင် အမျက် ဒေါသထွက်ကြလေသည် ကို ဈာန် အဘိဥာဉ်ရ ဆရာ သရဘင်္ဂ ရသေ့ကြီးက သိရှိသော အခါ တားဆီး နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လိုသော်လည်း သူတော်ကောင်းကို သူယုတ်မာလို့ သတ်မှတ်၍ အောင်ပွဲခံကာ ပျော်မြူးနေသည့် ရှင်ဘုရင် နှင့် အဖွဲ့သားများ သည် အမှန်ကို လက်ခံနိုင်မည် မဟုတ်၍ စိတ်လျှော့လိုက်လေသည် ။

ထို့နောက် သူ့တပည့်များကို လွှတ်၍ ကိသ၀ိစ္ဆရသေ့ကြီးနှင့် နောက်လိုက်နောက်ပါ ရသေ့များကို ထိုတိုင်းပြည်မှ ထွက်ခွာပြီး ရေအိုင်ကြီး အနားသို့ ပြန်လည် သီတင်းသုံးရန် လျှောက်ထားလိုက်လေသည် ။

သူတော်ကောင်း ကိသ၀စ္ဆ ရသေ့ကြီးနှင့် တပည့်အပေါင်း ထိုတိုင်းပြည်မှ ထွက်ခွါသွားသည်နှင့် တပြိုင်နက်ထဲ သူယုတ်မာတို့ စံပျော်ရာ ထိုတိုင်းပြည်ကြီးကို အမျက်ဒေါသထွက်နေသော နတ်တို့သည် စတင်ဒုက္ခပေးလေသည် ။

ပထမဦးစွာ မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်လေသည် ထိုအခါ တတိုင်းပြည်လုံး အမှိုက်သရိုက်များ ကင်းစင်သွား၍ လူအားလုံးက နတ်များကပါ ကောင်းချီးပေးသည်ဟု ထင်မှတ်ကြလေသည် ။

ထို့နောက် သဲဖြူမိုး ရွာချ၍ တတိုင်းပြည်လုံး ချိုင့်ခွက်မရှိ ပကတိ တပြေးညီ ဖြစ်သွားသော အခါ သူတို့သည် ယုံကြည်မှုသည် ပိုမိုခိုင်မာကြလေသည် ။ ထို့နောက် ပန်းမိုးများရွာချ၍ တနိုင်ငံလုံး ပန်းခင်းသောလမ်းကို လျှောက်လှမ်းကြရသည့် အခါ ပြည်သူလူထုကား ရှင်ဘုရင်ကြီး၏ လုပ်ရပ်သည် မှန်ကန်ပေစွ ။ ဘုန်းတန်ခိုး ကြီးမားလှပစွ၊နတ်တို့ကတောင်ချီးကြူးဂုဏ်ပြုကြသည်ဟု ကြွေးကြော်မည်တမ်းကြလေသည် ။

ထို့နောက် ရွှေမိုး ၊ ငွေမိုးများ ၊ ထို့နောက် လက်ဝတ်တန်ဆာမိုး များ ရွာ ၊ ထို့နောက် ကျောက်သံပတ္တမြားမိုးများ ရွှာချကာ အိမ်ထဲရှိ လူမှန်သမျှ လမ်းပေါ်ကို ရောက်လာအောင် နတ်တို့သည် ဆွဲဆောင်ကြလေသည် ။

လူမိုက်တို့သည် သူတို့ မိုက်မဲတွေ အကျိုးမပေးသေးသော အခါ သူတို့၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးသည် ပျားသကာလို ချိုမြနေပါသည် ဟု ထင်မှတ်ထားကာ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံကြလေသည် ။

တနိုင်ငံလုံးက လူအများ လမ်းမပေါ်သို့ ထွက်လာသည့် အခါ နတ်များက လက်နက်မိုးများ ရွာချ၍ ခန္ဓာကိုယ်ကို လက်နက်တို့ ထိမှန်ခြင်းကြောင့် တတိုင်းပြည်လုံး သွေးများ ဖုန်းလွမ်းကာ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်တို့နှင့် မသေမရှင် ဖြစ်ကာ ဒုက္ခဆိုးကြီးကို ခံစားကြရလေသည် ။

ထို့နောက် ထိုမသေမရှင် ဖြစ်နေသော လူအများပေါ်သို့ ကျောက်ခဲမိုးကြီး ရွာချကာ စိစိညက်ညက် ကျေအောင် သုတ်သင်ကြပြန်သည် ။ ထို့နောက် မီးကျီးခဲမိုးရွာချကာ လူသေ အလောင်းတို့၏ ခန္ဓာကိုယ်အား မီးလောင်ကျွမ်းစေပြန်သည် ။ထို့နောက် သဲမိုး ရွာသွန်း၍ တနိုင်ငံလုံး သဲများ ဖုံးလွှမ်းကာ ထိုတိုင်းပြည်ကြီး ပျက်စီးသွားလေသည် ။
 

ပညာဥာဏ် နည်းပါးသော လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ထင်တတ်ကြသည့် အပြင် ထိုမှားယွင်းမှုများ အမှန်ထင်၍ အင်မတန်မှ တန်ဖိုးထားကြကာ သူတပါးအားလည်းလုပ်ဆောင်ရန် တိုက်တွန်းပြောဆိုလေ့ရှိပါသည့် အပြင် ထိုနည်းလမ်းများသည် မှားယွင်းနေသည်ဟု ပဲ့ပြင်ဆုံးမလျှင် လက်မခံချင်ကြဘဲ ရန်ရှာတတ်လေ့ရှိပါသည် ။

ဒါကြောင့်ကိုယ့်ကိုကိုအရင်သုံးသပ်ငါလုပ်နေတဲ့အလုပ်ကအမှားလားအမှန်လား အေး.. အမှားကိုအမှန်ထင်နေရင်တော့ကိုယ်လုပ်ခဲ့တဲ့ရှေးကကုသိုလ်ကံအဟုန်လေးမကုန်သေးရင်တော့သုခကိုခံစားရနိုင်ပါတယ်ကုသိုလ်ကံအဟုန်ကုန်သွားရင်တော့ဆင်းရဲမှုကိုခံစားဖို့သာပြင်ထားကြပေတော့….




(ဓမ္မစမ်းရေ)

ထင်းခုတ်သမား ပေးသောအားဆေးတခွက်

=============================

တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စားဝတ်နေရေးဖြေရှင်းသလို သူနေဖို့အိမ်ကလေးတစ်လုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေးဆောက်လုပ်ခဲ့တယ် ။

အိမ်ကလေးကမကြီးပါဘူးတကယ့်ကိုမိုးလုံလေလုံကလေးဖြစ်ပါတယ်၊ဒီလိုနဲ့တစ်နေ့မှာတော့ သစ်ခုတ်သမားက တောထဲကခုတ်လုပ်ရတဲ့ သစ်ပင်တွေကို ခုတ်ထစ်ပြီး ထင်းတွေအဖြစ် မြို့ထဲသွားရောင်းပါတယ် ။

အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေးမီးလောင်နေတာတွေ့လိုက်ရတယ် ။ လူတွေက ၀ိုင်းပြီးမီးငြိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တစ်လုံးလုံးကို ဝါးမြိုပစ်ခဲ့ပါတယ်၊ ထင်းခုတ်သမားက အလွန်ဝမ်းနည်းသွားပြီး ငေးပဲကြည့်နေခဲံရတယ် ။

မီးတွေအကုန်လောင်သွားပြီးတော့အိမ်တစ်လုံးလုံးပြာတွေအဖြစ်ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲတိုးဝင်ပြီးတစုံတရာကိုအသည်းအသန်လိုက်ရှာနေခဲ့တယ်၊လူတွေကသူစုစောင်းထားတဲ့အဖိုးတန်ပစ္စည်းတစ်ခု ပျောက်လို့ရှာနေတယ်လို့ပဲတွေးနေမိကြတယ် ။

အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရအော်လိုက်တယ် ။ " တွေ့ပြီ . .တွေ့ပြီ"ဆိုပြီးသူ့ပုဆိန်ကိုမြှောက်ကိုင်လို့ပြာပုံထဲကပြန်ထွက်လာတယ်၊ပြီးတော့သူကလူတွေဖက်ကိုလှည့်ပြီးပြောလိုက်တယ် ။

"ဒီပုဆိန်တစ်လက်သာရှိမယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့အိမ်ကြီးတစ်လုံးကျွန်တော်ပြန်ဆောက်နိုင်ပါတယ် " လို့ ၀မ်းသာအားရပြောလိုက်ပါတယ် ။

ဒီပုံပြင်လေးကိုဖတ်ပြီး ဓမ္မမိတ်ဆွေများစိတ်ထဲဘယ်လိုခံစားရလဲ မိမိကော သူ့နေရာမှာဆိုအဲဒီစိတ်မွေးနိုင်ပါမည်လောသူ့ကိုအတုယူသင့်ပါတယ်သူဟာကျဆုံးပြီးလို့စိတ်ထဲမှာမထားပဲဆက်လက်ကြိုးစားတယ်ဒီထက်ကောင်းအောင်ငါလုပ်နိုင်တယ်လို့ကြွေးကြော်ထားပြန်တယ်။

တခါကျရှုံးပေမဲ့ ပြန်ထဖို့ကြိုးစားသူ နှစ်ခါကျရှုံး ပြန်ထဖို့ကြိုးစားသူအကြိမ်ကြိမ်အခါခါကျရှုံးလို့အကြိမ်ကြိမ်ခါခါထဖို့ကြိုးစားသူတို့အဖို့ အောင်မြင်မှုဟာဥပေက္ခာပြုမထားဘူးဆိုတာမိမိစိတ်ထဲမှာရှိနေဖို့လိုပါတယ်။

ကမ္ဘာကျော် အမေရိကန်သမ္မတကြီးဖြစ်တဲ့ လင်ကွန်းဟာ အလုပ်ပြုတ်ခဲ့ဖူး၊ စီးပွားရေးမှာ အရှုံးပေါ်ခဲ့ဖူး၊စိတ်ဓာတ်အကြီးအကျယ်ကျဆင်းပြိုလဲခဲ့ဖူးသူဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ လွဲချော်ခဲ့ အငြင်းပယ်ခံခဲ့ရသူတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့သူဟာစိတ်ဓာတ်ကိုပြန်လည်မြင့်တင်လို့နောက်ဆုံးသူဟာကမ္ဘာကျော်ပုဂ္ဂိုလ်တဦးဖြစ်ကာသူ့အောင်မြင်မှုကိုသူ့ရအောင်ဖန်တီးကာသူ့အမျိုးသူ့ဘာသာသူ့သာသနာအတွက်သာမကတခြားသူတွေအတွက်ပါသူနိုင်သလောက်ထမ်းဆောင်သွားတာအတုယူဖွယ်တွေပါ။

ဘာတဲ့ကြားဖူးပါတယ် "The More, He Slaughter Us, the More, We Grow."
ဒင်းတို့များများနှိပ်ကွပ်လေများများရုန်းထလာကြမှာပါတဲ့…ဒီစကားလေးကလည်းတိုတိုနဲ့လိုရင်းထိတဲ့စကားလေးတခွန်းပါပဲကြိမ်များစွာကျရှုးံလေအကြိမ်များစွာထဖို့လိုပါတယ်ဘာလို့လဲသင်ဟာတန်ဖိုးရှိလူသားတယောက်ဖြစ်နေလို့ပဲ။

လူသားတယောက်အဖို့စိတ်ညစ်လို့စိတ်ဆင်းရဲလို့ စီးပွားရေးတွေ ပညာရေးတွေ ကျရှုံးလို့အိပ်ပြစ်ရင် နောက်ပြီးအရက်သေစာတွေသောက်ကာမလိုအပ်တဲ့ကုစားမှုတွေနဲ့ကုစားမိရင် သင်ဘိတ်ဖြစ်ပြီဆိုတာမှတ်ထားလိုက်ပါ။

လူတွေကဆင်ခြေသဘောနဲ့ပြောကြတယ်၊ပါရမီချင်းကမတူဘူးတဲ့ဟုတ်တယ်၊ပါရမီချင်းမတူပါဘူး၊ဒါပေမဲ့လူဖြစ်နေတော့ကြိုးစားအားထုတ်မှုတော့တူသင့်ပါတယ်ကြိုးစားမှုရှိတဲ့လူသားတိုင်းကိုအောင်မြင်မှုကဆီးကြိုနေမယ်ဆိုတာတထစ်ချပြောရဲပါတယ်။

သင်စိတ်ဓာတ်ကောင်းကောင်းနဲ့ကြိုးစာကြည့်စမ်းပါ…….



(ဓမ္မစမ်းရေ)

လူတွေပြောနေတဲ့အဖန်ငါးရာငါးကမ္ဘာ


ဗုဒ္ဓဘာသာမြန်မာအများရဲ့အတွေးလေးတခုရှိနေတတ်ပါတယ်အဲဒါကတော့မနေ့ကဒကာတယောက်

လှမ်းမေးထားတယ်ကိုယ့်ကိုကိုသတ်သေတာအဖန်ငါးရာငါးကမ္ဘာခံရတယ်ဆိုတာဟုတ်ပါသလားတကယ်
လို့မှန်တယ်ဆိုရင်တချို့ရဟန္တာတွေခန္ဓာကိုယ်ကြီးကိုရွှံမုန်းလို့သတ်သေကြတော့တဲ့ရဟန္တာတွေကြတော့
ဘယ်လိုရှင်းမလဲဘုရားတဲ့။

ဒီအကြောင်းကိုကိုယ်တိုင်ကလည်းငယ်ငယ်ကကြားဖူးပေမဲ့သေချာမစဉ်းစားခဲ့ပါဘူးခုတော့တွေးရပါပြီ

 ရေးရပါပြီ မေးသောသူကိုလည်းကျေးဇူးတင်မိတယ် တွေးဖြစ်လာ ရေးဖြစ်လာလို့ စာတွေကြည့်ဖြစ်လာလို့ပေါ့။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ လွဲမှားနေတယ်လို့ယူဆမိတယ် စာရေးသူကိုယ်တိုင်ကတော့ စာပေပဲမနှံ့စပ်လို့လား တော့မသိဘူး။

ဘုရားဟောမှာလည်းမတွေ့ဘူးသလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူးလို့ဆိုချင်ပါတယ် ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ ဇာတ်တော်နာမည်က မတကဘတ္တဇာတ် ဖြစ်ပါတယ်။

ဒီဇာတ်တော်ကိုစာဖတ်ပရိတ်သတ်ကြီးလည်းသိပြီးဖြစ်ပါလိမ့်မယ်နာမည်နဲ့သာတွဲမသိတာဖြစ်နေပလိမ့်မယ် ဇာတ်တော်ထဲမှာတော့ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။

ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းဖြစ်ပါတယ်၊

ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။

ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။
ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဇာတ်တော်လာ အကြောင်းအရာကိုသေချာဆန်းစစ်ကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဖြစ်လိမ့်မယ်လို့လည်းယုံကြည်မိပါတယ်။

သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။

လူအတော်များများကမဟုတ်တာဆိုသိပ်ပြီးအတုယူတတ်တာမဟုတ်တာလုပ်တဲ့သူဆိုသိပ်ပြီး

မှတ်မိနေတတ်ကြတာ ဒေဝဒတ်ကိုသိလားဆိုရင်သိတယ်ပဲတန်းပြောကြတာ ခေမာမိဖုရားကိုကောသိလား
ဥပ္ပလဝဏ်တို့ဘာတို့ကောသိလားဆိုရင် မေ့နေတတ်ကြတယ်။

သေချာစဉ်းစားရမှာကအဲဒီလိုစိတ်ညစ်လို့ကိုယ့်ကိုယ်ကိုသတ်သေတဲ့သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် မကောင်းတဲ့စိတ်နဲ့ကိုယ့်ကိုယ်ကိုအဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ရောက်ဖို့ဆိုတာ မလွယ်လှပါဘူး။

သေခါနီးမှာဖြစ်တဲ့စိတ်အစဉ်ဟာ နောက်ဘဝမှာအရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်

ဟာလူတွေအတွက်သိပ်ကိုအရေးကြီးအထူးသတိပြုရမယ့်အချက်တချက်ဖြစ်ဗုဒ္ဓဘာသာဝင်တွေ
သိကြပြီးဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာငါးက္မဘာခံရတယ်ဆိုတာမဟုတ်ပါဘူး ၊

သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်တခုဖြစ်ဖြစ်ဖွယ်အတိ၇ှိပါတယ်။

အပြစ်ဖြစ်တတ်တယ်ဆိုတာခုနပြောသလို သေခါနီးစိတ်အစဉ်ဟာမကောင်းနိုင်တဲ့အတွက် သေပြီးနောက်

အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့အပြစ်ဖြစ်တတ်တယ်လို့ ဆိုလိုချင်တာပါ။

ဘုရားရှင်လက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့မြတ်ဘုရားကိုအလွန်ကြည်ညိုတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ဖော်ပြထားတာဖတ်ဖူးပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သက်သေအဖြစ်ပြောချင်ပါတယ်။

မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့သိရမှာကကိုယ့်ကိုကိုသတ်လို့အဖန်ငါးရာငါးကမ္ဘာခံရတာမဟုတ်ဘူး တပါးသူကိုသတ်လို့ခံရတာဖြစ်တယ်ဆိုတာသတိပြူမိဖို့လိုသလို ကိုယ့်ကိုကိုသတ်မိရင်လည်းမကောင်းတဲ့စိတ်သေခါနီးမှာမြင်တတ်တာမို့ရှောင်ကြဉ်ဖို့များစွာလိုပါတယ်။

ရှေးစွဲတွေကိုဖျောက်ပြီးမိမိကိုယ်တိုင်အသိဥာဏ်ရှိအောင်လုပ်ကာမိမိဘဝမိမိလှပအောင်ဖန်တီးနိုင်ဖို့များစွာ

လိုအပ်ပါတယ် ရှေးပညာရှိတွေအနေနဲ့လည်းပြောကြားတယ်ဆိုတာ မိမိကိုယ်ကိုကိုမိမိ မသတ်မိစေဖို့ ကြောက်အောင်လည်းပြောတာဖြစ်နိုင်ပါတယ် ဆင်ချင်ကြည့်ကြပါလေ။

စာရေးသူလက်လှမ်းမှီသလောက်ရေးသားလိုက်ပါတယ်။


                                  ဘေးရန်ကင်းကွာ ကျမ္မာကြပါစေ။

(ဓမ္မစမ်းရေ)

စိတ်ပုတီး

=======
အဘိဓမ္မဝေါဟာရက ဆင်းသက်လာတဲ့ အဘိဓါန်ပုဒ်ဖြစ်တယ်၊စိတ်ပုတီးရဲ့ မူရင်းစာပုဒ်က “စိတ္တ ပဋိပါတိ” ဆိုတဲ့ ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာတာလို့ မှတ်ယူရပါမည်။

ယင်းရဲ့ အနက်အဓိပ္ပါယ်က အာရုံတစ်ခုကိုစွဲ၍ စိတ်များဖြစ်ပေါ်လာပုံ အစဉ်အတန်း၊ (၀ါ) စိတ်ဖြစ်ပေါ်လာပုံ စိတ်အစဉ်ဟု အနက်အဓိပ္ပါယ်ရတယ်။

စိတ္တ ဆိုတာက စိတ်၊ ပဋိပါတိ ဆိုတာက အစဉ်ကျရောက်ဖြစ်ပေါ်လာပုံ၊ အဲဒီ ပါဠိစကားက ပျက်စီးပြီး စိတ်ပဋိ = စိတ်ပဋီး = စိတ်ပုတီးရယ်လို့ ဖြစ်လာတာပဲ။

ခုတော့စိတ်ပုတီးကိုသမာဓိထူထောင်ရာအဖြစ်ဗုဒ္ဓဘာသာတွေလက်စွဲလေးတခုဖြစ်လာတယ် သမာဓိထူထောင်ရာမှာ စိတ်အစဉ်တန်းကိုသေချာကျနစွာဖြစ်ပေါ်စေတယ် သမာဓိအားကောင်းရာကနေ ပညာဥာဏ်ကူးကာတမဂ်တဖိုလ်ထိရောက်စေနိုင်ပါတယ် မိမိစိတ်အစဉ်ကိုသေချာဂရုတစိုက်မှတ်ရှု့ပြီးသတိကပ်ကာဗုဒ္ဓါနုဿတိဂုဏ်တော်ကိုပွားများမယ်ဆိုရင်ပေါ့။




(ဓမ္မစမ်းရေ)

ပုံပမာနဲ့ပြခဲ့ရတဲ့လူ

============
သတ္တလောကကြီးထဲမှာလူအမျိုးမျိုးပုဂ္ဂိုလ်အမျိုးမျိုးသတ္တဝါအမျိုးမျိုးရှိကြပေမဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက ရှုထောင့်အမြင်က လူသည် တိရိစ္တာန်တို့မှ ခြားနားရမည်။ သူသည် အကျိုးအကြောင်း ဆင်ခြင်ဖို့ရန် သူ့ရဲ့ အသိဥာဏ်နှင့် သိနားလည်မှုတို့ တိုးတက်သောကြောင့် ဖြစ်ပါတယ်။

လူအဓိပ္ပါယ်က အတွေးအခေါ်နဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိသူလို့ ဆိုနိုင်ပါသည်။ ဘာသာတရားတို့ရဲ့ ရည်ရွယ်ချက်ကတော့လူတွေကိုမှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့ရန် တိရိစ္ဆာန်ဆိုတဲ့ အဆင့်အတန်းတို့မှ မြင့်တက်လာရန် လောကကြီးနှင့် ဆက်စပ်သူများအပေါ် သိမြင်နားလည်လာအောင် ကူညီပေးရန် နှင့် စစ်မှန်သောပျော်ရွှင်မှုနှင့် ပါရမီတို့ရဲ့ အဆုံးစွန်သောပန်းတိုင်တို့ကို ရရှိရေးတို့နှင့်အတူ အချိုးကျကျ နေထိုင်ရေးတို့ ဖြစ်ပါတယ်။

မြတ်ဘုရားကလဲ လူတွေကိုပုံပမာပေး၍ဟောထားခဲ့သည်ကား ရဟန်းတို့ ရေအိုင် ၄-မျိုးရှိသည်။
ယင်းတို့မှာ -
(၁)တိမ်လျက် နက်ရောင်ရှိသော ရေအိုင်။
(၂)နက်လျက် တိမ်ရောင်ရှိသော ရေအိုင်။
(၃)တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်။
(၄)နက်လျက် နက်ရောင်ရှိသော ရေအိုင်-တို့ ဖြစ်သည်။

ထို ၄-မျိုးတို့တွင် (၁)ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမူအရာအားဖြင့် ကြည်ညိုဖွယ်ရှိသော်လည်းသစ္စာလေးပါးကို မသိသူ ကောင်းတာဆိုးတာကိုမသိသူသည် တိမ်လျက် နက်ရောင်ရှိ သော ရေအိုင်နှင့် တူသူ ဖြစ်သည်။
(၂)ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာ ၄-ပါးကို သိမြင်သူ ကောင်းတာဆိုးတာကိုသိမြင်သူသည် နက်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့် တူ သူ ဖြစ်သည်။
(၃)ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးကို လည်းမသိမြင် အကောင်းအဆိုးလည်းနားမလည်သူသည် တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့်တူ သူ ဖြစ်သည်။
(၄)ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏။သစ္စာ ၄-ပါးကို လည်းသိမြင် အေကာင်းအဆိုးကိုသိမြင်သူသည် နက်လျက် နက်ရောင်ရှိသော ရေအိုင်နှင့်တူ သူ ဖြစ်သည်။ ဟု ဟောတော်မူသည်။
မြတ်ဗုဒ္ဓက လူတွေဟာပျော်ရွှင်ချင်ကြတယ် တရားဓမ္မကိုမေ့လျော့နေတတ်ကြတယ် ပျော်တော့ပျော်ပါ ခုလိုလေးပျော်ပါတဲ့ဒါပေမဲ့စိတ်လွတ်ကိုယ်လွတ်မပျော်မိစေနဲ့ခုလိုလေးဆိုတာကအောက်ပါလေးချက်ကိုဆို
လိုတာပါ….
၁။ တရားသဖြင့်ရှာမှီးထားသော ကုသိုလ်ကောင်းမှုမှ တစ်ဆင့်ဖြစ်သော စည်းစိမ်ဥစ္စာပိုင်ဆိုင်မှု၌ ပျော်ရွှင်ခြင်း
၂။ မှန်မှန်ကန်ကန် သင့်သင့်မျှတပြီး စည်းစိမ်ဥစ္စာစုဆောင်းခြင်းအသုံးပြုခြင်းမှ တစ်ဆင့် ပျော်ရွှင်ကျေနပ်ခြင်း
၃။ တစ်စုံတစ်ယောက်ထံ ကြွေးမြီ ကင်းရှင်းခြင်းမှတစ်ဆင့် ကျေနပ်ပျော်ရွှင်ခြင်း နှင့်
၎။ ဥပဒေမဲ့ သို့မဟုတ် တရားမ၀င်သော စည်းစိမ်ဥစ္စာ စုဆောင်းလေ့ရှိခြင်းတို့မှ ရှောင်ကြဉ်နိုင်ခြင်း, မည်သူကိုမျှ မနစ်နာ မထိခိုက်စေဘဲ ပြုလုပ်နိုင်ခြင်း တို့မှတစ်ဆင့် ပျော်ရွှင်ကျေနပ်ခြင်းတို့ပါပဲ။

နောက်တချက်ကျပြန်တော့ဓမ္မပဒမှာ ပြဆိုပုံက
‘All tremble at the rod (punishment). All fear death. Comparing others with oneself, One should neither strike, nor cause to strike”

သတ္တ၀ါအားလုံးတို့ဟာ ဒဏ်ပေးခံရမှာကို တုန်လှုပ်ကြတယ်။ သတ္တ၀ါအားလုံးတို့ဟာ သေမှာကို ကြောက်ကြတယ်။ မိမိကိုယ်တိုင်လည်း တစ်ပါးသူများကဲ့သို့ နှိုင်းယှဉ်ပြီးတော့ သတ္တ၀ါတွေကို မညှင်းပန်း မနှိပ်စက်သင့်ပါ။
လူရယ်လို့ဖြစ်လာရတဲ့အခိုက်မှာ မိမိဘဝကိုလှပအောင် ကိုယ်ကျင့်တရားနဲ့ပုံဖော် ပညာနဲ့တန်ဆာဆင်ကာ ငြိမ်းအေးမှုရအောင်ရှာနိုင်မှသာ လူဖြစ်ရကျိုးနပ်ပါတယ်။

သတ္တဝါအားလုံးဘေးရန်ကင်းကြပါစေ။
ကျမ်းကိုး။။အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊၀လာဟက၀ဂ်။

(ဓမ္မစမ်းရေ)

mercredi 20 août 2014

ဆုတောင်းမမှားမိကြစေဖို့

=================
လောကလူတွေတခုခုဖြစ်ချင်ရင်ပဲဖြစ်ဖြစ်လိုချင်တာပဲဖြစ်ဖြစ်ဒုက္ခရောက်တဲ့အခါ ပျော်ရွှင်မှုရှိတဲ့အခါအောင်မြင်
တဲ့အခါ ကျရှုံးတဲ့အခါဆုတောင်းသံလေးတွေကြားနေရတတ်တယ် တပါးသူဒုက္ခရောက်နေတာတွေ့ရရင်လည်းအမြန်အဆင်ပြေပါစေလို့ဆုတောင်းပေးတတ်ကြပြန်တယ်။

အလှူတခုလုပ်ရင်လည်းဆုတောင်းစကားတွေစုံလို့ပေါ့မွေးနေ့တွေမှာဆိုပိုပြီးတော့တောင်ဆုတောင်း
စကားတွေကြားရပြန်ပါတယ် ဒါလူတွေတင်ပဲလား မဟုတ်ပါဘူး ဓမ္မစမ်းရေလည်းပါတာပေါ့ဘာလို့လဲလူတွေထဲကလူပုထုဇဉ်ဖြစ်နေလို့ပေါ့ဆုတောင်းတာအပြစ်
မဟုတ်ပါဘူးလောဘနဲ့စပ်ဆက်နေတဲ့ဆုတောင်းမှုမျိုးမဖြစ်စေဖို့ပါပဲ။
ဒေါသနဲ့စက်ဆပ်တဲ့ဆုတောင်းမှုမျိုး မောဟနဲ့စက်ဆပ်တဲ့ဆုတောင်းမှုမျိုးမဖြစ်စေဖို့ပါ။

ဆုတောင်းစကားနဲ့ပါတ်သက်ပြီးငယ်ငယ်ကကြားဖူးတဲ့ပုံပြင်လေးတခုတင်ပြချင်ပါတယ်တခါတုံးက
ဒိုင်အိုနီးရှားဆိုတဲ့ကျွန်းလေးတခုရှိခဲ့ဖူးတယ်ဘယ်နေရာမှာလဲဆိုတော့ဂရိနိုင်ငံအနားမှာအဲဒီကျွန်းကိုစိုးအုပ်
တဲ့မင်းကလည်းဒိုင်အိုနီးရှားမင်းလိုပဲခေါ်ကြတယ်။

မင်းကတိုင်းသူပြည်သားတွေအပေါ်တော်တော်ရက်စက်ကြတယ်ဆိုပဲ အဲဒီရက်စက်တာကိုမခံနိုင်တော့ တိုင်းသူပြည်သားတွေကစနေတနင်္ဂနွေရက်တွေမှာ ဆုတောင်းပွဲပြုလုပ်ကြတယ်လေ ဘယ်လိုဆုတောင်းကြသလဲဆိုတော့ မင်းကြီးမြန်မြန်သေပါစေပေါ့။

များစွာသောလူတွေရဲ့ဖြစ်စေချင်တဲ့ဆန္ဒတခုကြောင့်ဆုတောင်းပွဲလေးကအောင်မြင်သွားတယ်၊ မင်းကြီးသေသွားတယ်ပေါ့ နောက်ထပ်မင်းတပါးတက်တယ် အဲဒီမင်းကစဉ်းစားတယ်ငါ့ကိုလဲသူတို့တွေကမြန်မြန်သေပါစေပဲဆုတောင်းကြလိမ့်အုံးမယ် ။

သူတို့ဆုမတောင်းခင်ငါကအရင်မင်းထက်ပိုနှိပ်စက်ပြလိုက်အုံးမယ်လို့တွေးပြီးအရင်မင်းတပါးထက်ပိုပြီး
ရက်စက်ယုတ်မာကောက်ကျစ်သတဲ့ဒါနဲ့တိုင်းသူပြည်သားတွေက သောကြာစနေတနင်္ဂနွေတနင်္လာ
 လေးရက်ပိုတိုးကဆုတောင်းကြပြန်သတဲ့မင်းကြီးမြန်မြန်သေပါစေပေါ့။

တိုင်းပြည်လုံးရဲဆန္ဒကြောင့် မင်းကြီးလည်းသေဆုံးသွားပြန်ပါတယ်၊ နောက်ထပ်မင်းတပါးတက်ပြန်တယ် ဒီလိုပဲနောက်ထပ်နှစ်ရက်တိုးပြီးဆုတောင်းကြပြန်တယ် တပါတ်မှာ (၇) ၇က်ရှိတာ ဆုတောင်းနေရတဲ့ရက်ကခြောက်ရက်ဖြစ်နေတော့လူတွေခက်နေရကြတာပေါ့။

ဒါနဲ့ပညာရှိကြီး တယောက်က မင်းတို့တွေဆုတောင်းတာတွေပြောင်းကြရအောင် ဒီလိုသာဆုတောင်းနေရင်နောက်ထပ်ဒီထက်သာပိုဆိုးတဲ့မင်းတက်လာရင်တော့အကုန်လုံးတိုင်းပြည်
ပျက်လိမ့်မယ် ဆုတောင်းသာတွေပြောင်းကြမယ်။

ဘယ်လိုပြောင်းမလဲမင်းကြီးကျမ္မာပါစေချမ်းသာပါစေသက်တော်ရာကျော်ရှည်ပါစေပေါ့အားလုံး
သဘောတူကြလို့ဆုတောင်းတာတွေပြောင်းလိုက်ကြတယ်မင်းကြီးကလဲသူကျမှဒီလိုဆုတောင်းနေကြတော့
တိုင်းပြည်အပေါ်ချစ်စိတ်တွေဝင်ကာ မင်းကျင့်တရားဆယ်ပါးနဲ့အုပ်ချုပ်နေထိုင်သတဲ့။

တိုင်းပြည်ကအရင်ကလိုစိတ်ညစ်စရာတွေမရှိတော့ပဲချမ်းသာစရာတွေနဲ့ချည်းနေထိုင်ရသတဲ့ ခုလဲစာရေးသူပြောချင်တာက မြန်မာပြည်မှာဆို ဆုတောင်းပွဲတွေများလိုက်ကြတယ် ဘာအတွက်ညာအတွက်နဲ့စုံလို့ပေါ့။

အဲဒီအထဲမှာကိုယ်က ဘယ်လိုစိတ်နဲ့ဆုတောင်းနေသလဲ မိမိကိုယ်တိုင်မိမိအသိဆုံး ဆုတောင်းမှုနဲ့ပါတ်သက်ပြီး တို့ဗုဒ္ဓဘာသာတွေဆုတောင်းတတ်ရလေအောင် အကိတ္တိရသေ့ကြီးကဆုတောင်းပြသွားတယ်။

အတုယူဖွယ် အကိတ္တိရသေ့ကြီးကခုလိုလေးဆုတောင်းပုံလေးက

(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊

(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊

(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊

(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊

(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊

(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊

(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊

(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊

(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊

(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊

(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊

(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊

(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊

(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊

(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊

(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊

(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

ဘယ်လောက်အတုယူဖွယ်ဆုတောင်းစကားလေးလဲဓမ္မမိတ်ဆွေများဆုတောင်းမမှားမိစေဖို့ပြောကြား
လိုပါတယ် ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျမ္မာချမ်းသာကြပါစေ။

(ဓမ္မစမ်းရေ)

mardi 19 août 2014

သူရာချစ်သူ

=========
ခုခောတ်လူကြီးလူငယ် မူးယစ်စေတတ်တဲ့သေရည်အရက်ကိုသောက်စားခြင်းပါပဲ တချို့ကတပည့်တော်သောက်အမျာအတွက်အကျိုးရှိစေမည့်စကားတွေပဲပြောပြတတ်ပါတယ် မမူးတဲ့အချိန်မှာတော့မပြောတတ်ဘူးဆိုတဲ့သဘောကိုဆောင်တယ်။

သာမာန်မသောက်ထားတဲ့အချိန်ပြောတဲ့စကားနဲ့မူးပြီးပြောတဲ့စကားဟာအလေးနက်ထားတာချင်းမတူပါဘူး
မူးပြီးပြောတဲ့စကားကိုဘယ်သူမှအလေးနက်ထားမှာမဟုတ်သလို တန်ဖိုးလည်းထားမှာမဟုတ်ပါဘူး ဘာကြောင့်လည်းမူးနေသူဟာ သာမာန်မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။

တကယ်တော့သုရမေရယကံ ကျူးလွန်ခြင်းဆိုတာတော့ မူးယစ်စေတတ်သောအရာကို မှီဝဲသုံးဆောင်ခြင်းပါ။ အရက်မှမဟုတ်ပါဘူး.. မူးယစ်စေတတ်တဲ့ အရာမှန်သမျှ သုံးဆောင်မှီဝဲခြင်းကို သူရာမေရယကံ ကျူးလွန်ခြင်းထဲမှာ ထည့်လိုက်ပါမယ်။
ဘာကြောင့်လဲမူးယစ်စေတတ်တဲ့အရာမှန်သမျှမကောင်းမှုကိုလွယ်လွယ်ကျူးလွန်မိစေတတ်လို့ပါ။

မြတ်ဘုရားကတော့သူရာမေရယကံ ကျူးလွန်ခြင်း အထမြောက်ဖို့ အချက်လေးချက်ရှိပါတယ်။

(၁) မူးယစ်စေတတ်သော အရာဖြစ်ခြင်း၊

(၂) သောက်စားလိုသောစိတ် ရှိခြင်း၊

(၃) သောက်ဖြစ်အောင် လုံ့လပြုခြင်း၊

(၄) သောက်စားခြင်းတို့ ဖြစ်ပါတယ်။

ကံငါးပါးထဲမှာအဓိကအချုပ်ကသူရမေရကံကျူးလွန်ခြင်းပါပဲ၊ဒီကံဟာအကုသိုလ်တွေ ပြုလုပ်ခြင်းကို
အလွယ်တကူဖြစ်စေတဲ့အတွက်ကြောင့်ပါပဲ။ သေရည်သေရက် သောက်သည့်အတွက် ကျန်သီလများအားလုံး အလွယ်တကူ ပျက်တတ်ပုံနှင့် အဋ္ဌကထာတွင်ကား ငါပါးသီလတွင် သေရည်သောက်ခြင်းကို အပြစ်အကြီးဆုံးဟု ဖွင့်ပြထားပါတယ်။

သုရာမေရယအခန်းမှာအဋ္ဌကထာက ခုလိုလေးဖွင့်ဆိုပြန်ပါတယ်အရက်သည် ငါးပါးသီလတွင် အချုပ်ဖြစ်သည်.. အရက်မူးပြီဆိုသည်နှင့် ကျန်သီလများ ဖောက်ဖျက်ရန် ၀န်မလေးတော့ပေ။ သို့အတွက် ဗုဒ္ဓက ငါးပါးသီလတွင် သေရည်သောက်ခြင်းကို ထည့်ဟောထားခြင်းဖြစ်သည်ဟု ဖွင့်ထားပါတယ်။

အရက်သောက်ပြီးမိဘကိုပြန်သတ်သောဖြစ်ရပ်လေးတွေသားသမီးကိုပြန်စော်ကားမိတဲ့သာဓကတွေများစွာ
ရှိသည့်အနက်ကမိဘကိုပြန်သတ်မိတဲ့သာဓကလေးတစ်ခုကို ဖော်ပြပေးပါ့မယ်။ ငယ်ငယ်ကဖတ်ခဲ့ဖူးတာလေးပါခုနှစ်အားဖြင့် ၁၉၅၁-ခုနှစ်၊မေလ ၂၅ ရက်နေ့၊ နေရာကား ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်ပိရွာတွင် ဖြစ်ပါတယ်။

သားကအရက်မူးလာပြီးပါးရိုက်ကာဓါးနှင့်လိုက်ခုတ်ခံရသောမိခင်ကြီး၏အမည်မှာ ဒေါ်သာလိဟု ခေါ်ပါတယ်။ တစ်နေ့ သားကအရက်မူးပြီးပြန်လာကာ ပိုက်ဆံထပ်တောင်းသဖြင့် မိခင်ကြီးမှ မပေးနိုင်ကြောင်း ပြောသောကြောင့် မိခင်ကိုဆဲရေးတိုင်းထွာပြီး ပါးရိုက်ကာ ဓါးနှင့်လိုက်ခုတ်သဖြင့် ထွက်ပြေးရင်း ရွာထိပ်ညောင်ပင်ကြီးအောက် အရောက်တွင် မိခင်ကြီးကို ဆက်လိုက်လို့ မရတော့ပဲ အဲ့နေရာမှာတင်ပဲ မြေမြိုခဲ့ပါတယ်။

သူမြေမြိုသောနေရာနှင့် ပတ်လည် ပေ(၁၀၀)အတွင်း မည်သူမျှအနားကပ်လို့ မရတော့ပါဘူး။ သူဟာပူလောင်ပြင်းပြတဲ့ ဝေဒနာတွေကို ပြင်းစွာခံစားပြီး မေလ (၂၅) ရက် မှ ဇွန်လ (၂) ရက်နေ့အထိ ဝေဒနာများခံစားကာ.. (၈) ရက်ကြာပြီး မြေကြီးအောင်သို့ စုန်းစုန်းမြုပ်သွားခဲ့ပါတယ်။

မြေမြိုသွားတဲ့လူဟာ အရက်မသောက်ခင်မှာ ပုံမှန်လူကောင်းလိုပါပဲ.. မိဘကိုရိုသေရမှန်းသိပါတယ်.. ဒါပေမယ့် အရက်လည်းဝင်သွားရော ဘာမှမသိတော့ပါဘူး။ မပြစ်မှားထိုက်တဲ့ဘုရားတရားရဟန်းသံဃာ မိဘဆရာသမားနားမလည်တော့ပါ၊ဒါဟာဘာကြောင့်လဲ အရက်ရဲ့ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်သွားလို့ပေါ့။

တရုတ်ပညာရှင်များကအရက်သောက်ခြင်း အဆင့်အနေနဲ့ သုံးဆင့်နဲ့ခွဲခြားပြထားပါတယ်။ ပထမအဆင့်အနေနဲ့ လူကအရက်ကိုသောက်ခြင်းပါ။ တစ်ချို့က ဆိုကြပါတယ်။ ကျနော်တို့က ကိုယ့်စိတ်ကိုနိုင်ပါတယ်။

ထမင်းစားကောင်းရုံလောက် ညနေပိုင်းလေး သောက်တာပါဆိုပြီးတော့ စသောက်ကြပါတယ်။ ဒီအဆင့်ကတော့ လူကအရက်ကို သောက်သောအဆင့်ပါ။
နောက်တစ်ဆင့် ထပ်တက်လာတာက အရက်က လူကိုပြန်သောက်သော အဆင့်ပါ။

ခန္ဓာက အရက်ကို သောက်သော အဆင့်လို့လည်း ပြောလို့ရပါတယ်။ စိတ်ကဖြတ်နိုင်သော်လည်း ခန္ဓာက လက်မခံတော့ပါဘူး။ အရက်မသောက်ရရင် ခန္ဓာကိုယ်က သွေးတွေ အလုပ်မလုပ်တော့ပါဘူး။

နောက်ပြီး လက်တွေတုန်လာမယ်.. ခြေတွေတုန်လာမယ်။ သောက်တဲ့သူဟာ အရက်နဲ့ပဲ အမြဲတမ်းထိတွေ့ချင် လာတယ်.. နောက်ပြီး မြင်ရင်ကိုမနေနိုင်ဘူး.. တခုခုလိုနေသလိုဖြစ်.. နောက်ဆုံးတော့ အရက်လေးဝင်သွားမှ ငြိမ်သွားတယ်.. ဒါကတော့ အရက်က လူကိုသောက်ခြင်းပါ။

နောက်အဆိုးဆုံးအဆင့်ကတော့ အရက်က အရက်ကိုသောက်ခြင်းပါ။ ဒီအဆင့်မှာတော့ အရက်ကို တအားသောက်ပါတယ်။ နောက်ပြီး ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး.. ဘာအစားမှလည်း မစားနိုင်တော့ဘူး.. စားလို့လည်း မကောင်းတော့ဘူး။ တအားအိပ်တယ်.. တအားမူးတယ်.. အိပ်ရာမှနိုးတော့ ခေါင်းတွေအုံလာတယ်။

ခေါင်းတွေအုံတော့ အရက်ကိုထပ်သောက်ရတယ်.. သို့သော်လည်း ခေါင်းအုံတာ မပျောက်ပါဘူး။ အရက်ကတော့ ထပ်မူးလာပြန်ပါတယ်။ ဒီလိုနဲ့ မသေမချင်း သောက်လိုက် မူးလိုက် ခေါင်းအုံလိုက် ပြန်သောက်လိုက်နဲ့ လုံးလည်လိုက်ပြီး .. နောက်ဆုံး အရက်ကျေးကျွန်ဘ၀သို့ ရောက်ပြီးတော့ အပါယ်လေးပါးသို့ သွားလိုက်ရပါတော့တယ်။ ဒါအရက်ကို အဆင့်လိုက် သောက်လာပုံ အကြောင်းပါ။

နောက်အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို အနည်းငယ်ဖော်ပြပေးပါ့မယ်။ အရက် သေစာ သောက် စား ခြင်း ကြောင့်-မျက်မှောက်အချိန်၌-

၁။ စီးပွား ဥစ္စာ ပျက်စီး ကုန်ခန်းခြင်း။
(အရက်သေစာ သောက်စားမူး ယစ်နေသောကြောင့် မိမိပစ္စည်းဥစ္စာများကို
စောင့်ရှောက်ရမှန်းမသိမေ့လျှော့နေတတ်ခြင်း၊ မိမိ စီးပွားရေးများပြုလုပ်ရန်မေ့လျှော့
နေတတ်ခြင်း တို့ ဖြစ်တတ်၏)။
၂။ ခိုက်ရန် များဖြစ်တတ်ခြင်း။
၃။ အနာရောဂါ အမျိုးမျိုးတို့ ဖြစ်ပွားတတ်ခြင်း။
၎။ ကျော်စော သတင်း ကင်းမဲ့တတ်ခြင်း။
၅။ အရှက်၊အကြောက် ကင်းမဲ့တတ်ခြင်း။
၆။ အသိပညာဥာဏ် အားနည်းအောင်ပြုတတ်ခြင်း။
တို့ ဖြစ်တတ်လေသည်။(ဒီဃနိကာယ်၊ ပါထေယျဝဂ်၊ သိင်္ဂါလသုတ်။)မြတ်စွာဘုရားရှင်က သိင်္ဂါလ သတို့ သား အား ဟောကြားခဲ့ပါတယ်။
မြတ်ဘုရားကဆိုးကျိုးတွင်ဟောသည့်မဟုတ် ကောင်းကျိုးပါတခါတည်းဟောကြားခဲ့ပါတယ်းးးးး
၁။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ သော အလုပ် ကိစ္စတို့၌ ကောင်းမွန် လျှင်မြန်စွာ သိလွယ်ခြင်း။
၂။ အမြဲ မပြတ်သော သတိတရားများ ရှိခြင်း။
၃။ စိတ် ဂယောင်ခြောက်ခြားမဖြစ်ဘဲ ရူးသွပ်မှု့ မဖြစ်ခြင်း။
၎။ သတိလွတ်ကင်းမှု့မဖြစ်ဘဲ ဥာဏ်ပညာ ရှိခြင်းး။
၅။ မပြင်းမရိ လုံ့ လ ဝီရိယ ရှခြင်း။
၆။ ပဋိသန္ဓေအားဖြင့်  ထိုင်းမှိုင်းနေသူ မဖြစ်ခြင်း။
၇။ ပဋိသန္ဓေအားဖြင့် ဆွံ့ -အ နေသူ မဖြစ်ခြင်း။
၈။ မတွေမဝေခြင်း။
၉။ မမေ့မလျှော့ခြင်း။
၁၀။ အသိပညာ ဥာဏ်မနည်းခြင်း။
၁၁။ ကိုယ်လက်အင်္ဂါ ခက်ထရော်ကြမ်းတမ်းမှု့မရှိခြင်း။
၁၂။ ဘေးအန္တာရာယ်ကင်း ခြင်း။
၁၃။ ကြောင့်ကြမှု့ ကင်းခြင်း။
၁၄။ မှန်ကန်ကောင်းမွန်သော စကားကိုပြောဆိုလေ့ရှိခြင်း။
၁၅။ ကုန်းချော၊ကုန်းတိုက်သောစကား၊အကျိုးမဲ့သောစကား တို့ကို မပြောဆိုခြင်း၊
မိုက်ရိုင်း ကြမ်းတမ်းစွာ မပြောဆိုခြင်း။
၁၆။ နေ့ ည မပြတ် မပြင်းမရိ လုံ့ လ ဝီရိယရှိခြင်း။
၁၇။ သူ ၏ ကျေးဇူးကို သိတတ်ခြင်း။
၁၈။ ပြုလုပ်ပြီးသော အမှု့ကိစ္စကို မမေ့မလျှော့သိခြင်း။
၁၉။ ဝန်တိုတတ်မှု့ မရှိခြင်း။
၂၀။ ပေးကမ်းစွန့် ကြဲလှူဒါန်းမှု့ ရှိခြင်း။
၂၁။ ကိုယ်ကျင့်သီလနှင့် ပြည်စုံတတ်ခြင်း။
၂၂။ ရိုးသား ဖြောင့်မတ်တတ်ခြင်း။
၂၃။ သူတစ်ပါးအား ရန်ပြုတတ်သော အမျက် ဒေါသနည်းပါးတတ်ခြင်း။
၂၄။ မကောင်းမှု့များကို ပြုလုပ်ရမည်ကို ရှက်ခြင်း။
၂၅။ မကောင်းမှု့များကို ပြုလုပ်ရမည်ကို ကြောက်ခြင်း။
၂၆။ ဖြောင့်မတ် မှန်ကန်သော အယူ ရှိ ခြင်း။
၂၇။ ကြီးမြတ်သော ကောင်းမှု့ နှင့် ပြည့်စုံတတ်ခြင်း(ရှိခြင်း)။
၂၈။ ပညာဥာဏ် ရှိနိုင်ခြင်း၊
၂၉။ ပညာရှိ ဖြစ်နိုင်ခြင်း။
၃၀။ အကျိုးရှိသည် မရှိသည်တို့ ၌ လိမ္မာခြင်း(ကောင်းမှု့၊မကောင်းမှု့တို့ ကို ခွဲခြား၍ သိတတ်ခြင်း)။
ဟူသော အကျိုးတရား တို့ ဖြစ်သည်။

(ခုဒ္ဒကပါဋ္ဌ အဋ္ဌကထာ)

ဘုရားရှင်က အရက်ကို နည်းနည်း သောက်ပါလို့ မမှာခဲ့သလို ဆေးဖြစ်ဝါးဖြစ်တော့ သောက်လို့လည်း မမှာခဲ့ပါဘူး။ လုံးဝရှောင်ကြဉ်ရမဲ့ အထဲမှာ ထည့်ထားပြီးဟောခဲ့တာပါ၊ ဘာလို့လဲဆိုတော့ လူတွေရဲ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တယ်.. နောက်ပြီး အရက်သောက်လိုက်တာဟာ စိတ်ကို လွှတ်ပေးလိုက်တဲ့ ပုံစံမျိုးဆိုတော့.. စဉ်းစားသာကြည့်ပါ။

စာရေးသူအရက်ကိုမသောက်ပါနဲ့လို့မဆိုလိုပါအရက်ရဲ့ဆိုးကျိုးကိုတော့ဘုရားဟောကောလက်ရှိအဖြစ်
ပျက်တွေကောတင်ပြခြင်းသာဖြစ်ပါတယ်ဓမ္မမိတ်ဆွေထဲမှာသောက်တတ်တဲ့သူပါရင် ကိုယ့်ဘာသာဥာဏ်နဲ့ချိန်ကာစဉ်းစားကြည့်ကြပါကုန်လော့။

(ဓမ္မစမ်းရေ)

lundi 18 août 2014

ချစ်သောသာမာဝတီ



သတ္တဝါ တို့သည် သံသရာကျင်လည်စဉ်ကာလအတွင်း ကောင်း မှု များကို ပြုခဲ့ကြသလို မကောင်း မှုများ ပြုခဲ့ကြသည်လည်း ရှိခဲ့ကြ၏၊ထို့ကြောင့် သံသရာကျင်လည်သူ မှန်သမျှသည် “ ချမ်းသာ ဆင်းရဲ ” ခံစားကြရစမြဲဖြစ်၏၊

ဒီလိုချမ်းသာဆင်းရဲခံစားရတာလည်းဘယ်သူမှမလုပ်ဘူး မိမိကိုယ်တိုင်လုပ်ခဲ့တာပါပဲ မိမိကိုယ်တိုင်အသက်ရှင်နေရတဲ့အချိန်လေးမှာ ကိုယ့်ဘဝကို တန်ဖိုးရှိတဲ့လူတွေဖြစ်အောင် မေတ္တာတရားလက်ကိုင်ထားပြီးနေသင့်ပါတယ်။

မေတ္တာလက်ဝယ်ထားကာ မနာလိုမှုကင်းတပါးသူကိုအကောင်းမြင်တတ်တဲ့သာမာဝတီအကြောင်းလေးနည်းနည်းပြောပြ

ချင်ပါတယ်ကောသမ္ဗီပြည် ဥတေနမင်းဝယ် သမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရားသုံးယောက် ရှိပါတယ်။ သမာဝတီဟာ ရတနာသုံးပါးကို ကြည်ညိုတယ်။

မာဂဏ္ဍီကား မိဖုရား မဖြစ်ခင် အပျိုစင်ဘ၀ကပင် ဘုရားအပေါ်မှာ ရန်ငြိုးထားခဲ့တဲ့ ပုဏ္ဏေးမကလေးပါ။
ဒါကြောင့် မာဂဏ္ဍီဟာ သမာဝတီအပေါ် အမြဲအပြစ်ရှာတတ်တယ်။ သာမာဝတီကား မေတ္တာတရား အထူးပွားမှားနေသူဖြစ်တယ်။ ဥတေနမင်းဟာ မိဖုရားသုံးယောက်တို့ရဲ့ အဆောင်ဝယ် တစ်လှည့်စီစံစားကာစောင်းတီးဝါသနာပါတဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။

တစ်နေ့တော့ သာမာဝတီအထံ အဆောင်တော်ကူးရန်နီး မာဂဏ္ဍီမိဖုရားက သူရဲ့ဘထွေးထံအဆိပ်ပြင်းတဲ့ မြွေကိုမှာပြီးအဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေတယ်။

ပြီးရင် စောင်းအပေါက်ကို ပန်းကုံးဖြင့်ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွားကာ အိပ်မက်ရာ
မက် မကောင်းတဲ့အတွက်ကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ရဲ့ အမူအရာနဲ့ သံတော်ဦးတင်လေပါတယ်။ ဘုရင်ကလည်း ဂရုမစိုက်ဘဲ သာမာဝတီရဲ့ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချတဲ့ဟန်နဲ့ နောက်ကအတင်း လိုက်သွားပါတယ်။

အဆောင်ရောက်ပြီး ဆက်သတဲ့ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်မှာ လျောင်းတဲ့
အခါ မယောင်မလည်နဲ့ သူပိတ်ဆို့ထားတဲ့ ပန်းကုံးကို နုတ်လိုက်လေပါတယ်။ အဲဒီအချိန်မှာ စောင်းပေါက်မှာ ထည့်ထားတဲ့မြွေဟာ အလွန်စိတ်ဆိုးနေတဲ့အတွက် ရှူးကနဲထွက်ခါ ဘုရင်းဦးခေါင်းအနီးသို့ ရောက်လာတယ်။

အဲဒီအချိန်မှာ မာဂဏ္ဍီက အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်
ဘုရင်ကိုပြ၍ သမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကလည်း သူ့စကားကို နားမထောင်မိသဖြင့် ယခုလို ဖြစ်ရတယ်လို့ အပြစ်တင်လေပါတယ်။

ဥတေနမင်းကလည်း ရာဇမာန်ရှကာ ကိုင်နေကျ လေးကိုတင်ပြီး သာမာဝတီတို့ အစုကို
စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် သာမာဝတီမိဖုရားက သူရဲ့မောင်းမမိဿံများကို သြ၀ါဒပေးသည်မှာ=

အမိတို့ .. မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ
အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ အခုလို အခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ မရှိပေဘူး။ အမိတို့ ပွားများနေကျဖြစ်တဲ့ မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍ ပွားများကြပါ ” တဲ့။

ဒီလိုတိုက်တွန်းလိုက်တာနဲ့ ပင်ကိုယ်ယဉ်ကျေးနေပြီး မောင်းမများဖြစ်တဲ့အတွက် အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားများကြပါတယ်။ ဥတေနမင်းကလည်း ချိန်ရွယ်ထားတဲ့မြှားကို တစ်အားကုန် လွှတ်လိုက်ပါတယ်။

ဒါပေမယ့် မေတ္တာတန်ခိုးကြောင့် မြှားအရှိန် ရှေ့မတိုးဘဲ ပစ်သူ့ထံ မြှားပြန်၍ ခ, လေတဲ့အတွက် ဥတေနမင်း သတိရကာ သာမာဝတီမိဖုရား ခြေရင်း၌ထိုင်ပြီး သည်းခံဖို့ရန် တောင်းပန်ရှာလေတယ်။

သာမာဝတီက “ အရှင်မင်းကြီး ကျမကို အားကိုးရာအဖြစ် မသတ်မှတ်ပါနဲ့ ဗုဒ္ဓကိုသာ အားကိုးရာ”ဟု သတ်မှတ်တော်မူပါလို့ ပြောပါတယ်။

သုံးကြိမ်တိုင်အောင် သာမာဝတီကို တောင်းပန်သော်လည်း ဘုရားကိုသာ အားထားဖို့အကြောင်း ပြောနေတော့ မင်းကြီးက ကောင်းပြီ မင်းကိုလည်း အားကိုးပါတယ်၊ ဗုဒ္ဓကိုလည်း ကိုးကွယ်ပါတယ်၊ မင်းကိုလည်း လိုရာဆုပေးပါတယ်” လို့ပြောလိုက်ပါတယ်။

သို့သော်လည်း သာမာဝတီက အဘယ်ဆုရယ်ဟု မတောင်းဆိုခဲ့သေးပါဘူး
နောက်တနေ့ .. ဥတေနမင်းကြိး ဗုဒ္ဓထံသို့ ချဉ်းကပ်ခါ “ ရှင်တော်
မြတ်ဘုရားကို ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါ၏လို့” လျှောက်ထားပြီး ဘုရားအမှူးရှိသောသံဃာတော်များကိုနန်တော်မှာ ဆွမ်းပင့်ကပ်ပါတယ်။

အလှူပွဲကြီး ခုနစ်ရက်တိုင်တိုင်ကျင်းပအပြီးမှာ “ကဲ.. သာမာဝတီ..
သင်လည်း လိုရာ ဆုကို တောင်းပါလော့”ဟု မင်းကြီးက အမိန့်ရှိသောအခါ…။

“ တပည့်တော် ရွှေ၊ ငွေ ရတနာ လက်ဝတ် တန်ဆာ အဖြာဖြာကို မယူလိုပါ တပည့်တော်မ ယူလိုတဲ့ ဆုက .. မြတ်စွာဘုရားနှင့် သံဃာတော်များ နန်းတွင်းမှာ မပြတ်ကြွလာပါစေ တပည့်တော်များ တရားနာချင်ပါတယ် ဤဆုကို ပေးတော်မူပါလို့” တောင်းတော်မူပါတယ်။

နောက်နေ့များမှာ .. မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ နန်းတွင်းမှာ အရှင်အာနန္ဒာ ဦးဆောင်ပြီးသံဃာတော်များ မပြတ်ကြွရောက်ခါ တရာတော်များဟေားကြားပါတယ်။

သာမာဝတီတို့ရဲ့ဝဋ်းကြွေး

သာမာဝတီတို့အဖွဲ့ဟာ ဗုဒ္ဓနှင့်သံဃာတော်တည်းဟူသော သူတော်ကောင်း
များနှင့် ပေါင်းသင်းဆက်ဆံရ၍ စိတ်ကောင်းနှလုံးကောင်းများရှိပြီးမေတ္တာဘာဝနာ အပြည့်ဖြင့်နေနိုင်ကြပါတယ်။ မင်းကြီးလည်း သာမာဝတီရဲ့ ကျေးဇူးကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသော မင်းတစ်ပါးဖြစ်လာပါတယ်။

သို့သော်လည်း ဒေါသရဲ့ ကျေးကျွန်ဖြစ်နေသော မာဂဏ္ဍီမှာ သူရဲ့လုပ်ရပ်များ မအောင်မြင်လို့ စိတ်ထဲမှာ မကျေနပ်နိုင် နောက်တကြိမ် သာမာဝတီကို ဘယ်လို အပြတ်ခြေမှုန်းရမလဲဆိုတာတွေးတောနေပါတယ်။

တနေ့ မင်းကြီးဥယျာဉ်တော် ကစားသွားတာကို အခွင့်ကောင်းယူကာ သူကိုယ်တိုင်း မင်းကြီး နောက်လိုက်ပါသွားပြီး ဦးရီးတော်အား တိတ်တဆိတ် သာမာဝတီတို့နေသော အဆောင်း မီတိုက်ရန် မှာခဲ့ပါတယ်။

သာမာဝတီတို့အဖွဲ့လည်း ကြမ္မာဝဋ်ကြွေး ပြေးမလွတ်သာ ဆိုသကဲ့သို့ အဆောင်တွင်းမှာ ကမ္မဋ္ဌာန်း စီဖြန်းရင်းဖြင့် သောတာပန် ၊ အနာဂါမ်၊ စသည်အဆင့်ဆင့်ရောက်ကာ ဘဝနိဂုံးချုပ်ရပါတယ်။

သာမာဝတီရဲ့အတိတ်ကံကြမ္မာရှေးအခါကဗာရာဏသီပြည်မှာ
မင်းကြီးရဲ့ နန်တွင်းမှာ မပြတ်ဆွမ်းရပ်တော်မူတဲ့ ပစ္စေဗုဒ္ဓါ ၈-ပါးရှိခဲ့ဖူးပါတယ်။ သာမာဝတီလောင်း မောင်းမငါးရာတို့လည် ထိုပစ္စေကဗုဒ္ဓါရှစ်ပါးကို ဆွမ်းလောင်းလှူရပါတယ်။

တစ်နေ့ ပစ္စေဗုဒ္ဓါ ၈-ပါးတွင် ၇-ပါးက ဟိမဝန္တာတောကို ကြွသွားပြီး ကျန်တစ်ပါးက မြစ်ကမ်းနားရှိ မြက်ချုံပုတ်ကြီး တခုမှာ ဈာန်ဝင် စားကာ နေရစ်ခဲ့ပါတယ်။

နောက်တစ်နေတွင် မင်းကြီးဟာ မောင်းမငါးရာကို ခေါ်ရာ မြစ်ဆိပ်ကိုရေ ကစားထွက်ကြပါတယ်။ မောင်းမတို့ဟာ တစ်နေလုံးရေကစားရတာ အလွန်တရာချမ်းအေးသည့်အတွက် မီးလှုံဖို့ရာ နေရာရှာရင်းက ပစ္စေကဗုဒ္ဓါအရှင်သူမြတ် ဈာန်ဝင်စားရာ ချုံပုတ်ကို မီးရှို့မိရာ
မြက်များ လောင်၍ ပြာကျပြီးမှ ဈာန်ဝင်စားနေသော အရှင်မြတ်ကိုတွေ့မြင်ကြပါတယ်။

ထိုနောက် .. ငါတို့ဘုရင်မင်းမြတ် တွေ့ရင် ငါတို့တော့ သတ်ခံရမှာပဲ
ဟု တွေးတောကာ ပစ္စေကဗုဒ္ဓါကို ဆက်လက်၍ မိးရှို့ လိုက်ကြပါတယ်။

ပထမအကြိမ် မသိ၍ မီးရှို့မိခြင်းက ကံမမြောက်သေးသောလည်း နောက်တကြိမ် စိတ်ပါလက်ပါ မီးရှို့လိုက်ရာ စေတနာပါသေကြောင့် အကုသိုလ်ကံ မြောက်သွားပါတယ်။

ဈာန်ဝင်စားနေသော ဘုရား၊ ရဟန္တာ ၊ဗုစ္စေကဗုဒ္ဓတို့မည်သည်ကား မည်သို့ပင် မီးရှို့သည်ဖြစ်စေ လောင်မြိုက်ခြင်း မရှိပါ။ နောက် ၇-ရက်မြောက်သောနေ့တွင် ဈာန်သမာပတ်မှ ထကာ လိုရာသို့ ကြွသွားပါတယ်။

ဤကဲ့သို့ ပစ္စေကဗုဒ္ဓါကို မီးရှို့ခဲ့တဲ့ အကုသိုလ်ကံကြောင့် ယခုပစ္စုပ္ပန်ဘဝတွင် မောင်းမငါးရာနှင့်တူ အဆောင်တွင်းမှာ သာမာဝတီတို့ မီးရှို့ခံရခြင်းဖြစ်ပါတယ်။

သို့သော်လည်း သာမာဝတီနှင့် မောင်းမများဟာ မမေ့မလျောသော သတိတရားဖြင့် နေထိုင်သွားသောကြောင့် နိဗ္ဗာန်ချမ်းသာကို ရရှိသွားကြပါတယ်။
သူတော်ကောင်းအဆင့်ကိုမျှော်မှန်းထားတဲ့သူတွေအနေနဲ့သာမာဝတီ မိဖုရားရဲ့ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရားဣဿာမစ္ဆရိယများ သူများကိုပင်ရန်မမူမိစေဘဲမိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။

အကျိုးဆောင်ခွင့် ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါ
လက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲလျှက်မိမိရဲ့စိတ်ကလေးကိုခုလေးတွေးတောကနေလိုက်ရင်လောကကြီးသာယာမှာအသေချာပါပဲ။

အာဏာရှိသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ပညာတတ်သူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ပစ္စည်းရှိသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ရုပ်ချောမောသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ရာထူးကြီးသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း သြော်လူ့ဘဝခဏလေးမှာ ငါစိတ်ထားကိုငါဖြူစင်အောင်ထားမယ်လို့တွေးတောပြီးနေစေချင်ပါတယ်….




ဓမ္မစမ်းရေ

ဓမ္မစမ်းရေ


====================

အေးမြတဲ့အစိမ်းရောင်လမ်းမှာ..နင်းလျှောက်ပါလေ..

ကြည်လင်တဲ့...စမ်းရေကိုမှ သောက်သုံးချင်သောသူ..

သင့်ရဲ့အကြင်နာတစ်ချက်ကြောင့်

လရောင်အောက်မှာ..နေကြတဲ့သူတွေအေးမြခွင့်ပေးလိုက်စမ်းပါ

သင့်ရဲ့နှလုံးသားကို လကိုသာအဖော်ပြုပြီး

ကြည်လင်တဲ့ဓမ္မစမ်းရေဖြင့်သာ....ဖြတ်စီးခွင့်ပြုပါ...

နောက်ကျိတဲ့..မြစ်ချောင်းဆုံမှာ မဆုံစည်းပါရစေနဲ့..

အေးစက်တဲ့ ဓမ္မစမ်းရေဖြင့်သာ နေပါရစေ....




( ဓမ္မစမ်းရေ)

ငါတို့ကောမအိုတော့ဘူးလား?



တလောက မြန်မာပြည်မှာအဘိုးအို(၈၁)အရွယ်တယောက်ကိုလမ်းဘေးမှာလာပစ်ထားကြတယ်လို့

ဖတ်လိုက်ရတယ် သြော် တွေးကြည့်မိလိုက်တယ် သူတို့ကကောမအိုတော့ဘူးလားပေါ့။

မြန်မာပြည်ကတော်သေးတယ် ဘာသာရေးလေးခံထားလို့ အများစုကလည်းဗုဒ္ဓဘာသာတွေဖြစ်နေလို့ ဒါတောင်ခဏခဏသတင်းကြားရတယ် မိဘကိုဆဲတာ ပြန်အောင်တာတွေ။

စင်္ကာပူမှာဆိုလည်းအဘိုးအိုတွေအဘွားအိုတွေသူ့တို့ဘာသာစားပွဲထိုးလုပ်ပန်းကန်ဆေးအလုပ်လုပ်ကာ

မိမိသမုဒ္ဒရာဝမ်းတထွာအတွက်ရှာနေရတာများစွာတွေ့ရတယ်။

ကိုယ့်ရဲ့မိဘတွေအိုရင့်ကြီးသွားလို့စိတ်ပျက်ကာ ပြန်အော်တာ ပြန်ဆဲတာတို့မလုပ်မိစေနဲ့ ဒီအကြောင်းနဲ့ပါတ်သက်ပြီးသာဓကလေးတခုရှိခဲ့ဖူးတယ်။

ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်က အသီတိ မဟာသာဝက(တပည့်ကြီးရှစ် ကျိတ်)တွင်အပါအ၀င် ရှင်လကုဏ္ဍက ဘဒ္ဒိယ ဟု အမည်တွင်သော ရဟန္တာအရှင်သူ မြတ်တစ်ပါးရှိ၏၊ ထိုအရှင်၏ပုံသဏ္ဍာန်သည် အရပ်အားဖြင့်ပုကွ၏၊ ကိုယ်လုံးကိုယ် ထည်ကလည်းသေး၏၊မသိသူများက ကိုရင်လေးတစ်ပါးဟုထင်မှတ်၏၊

အချို့သော ရဟန်းသာမဏေများက ကစားစရာအရုပ်ကလေး ဟုသဘောထားကာ ထိပ်ပုတ်၊ ခေါင်း ပုတ်၊ နှာခေါင်းဆွဲ၊ နားရွက် ဆွဲသင်္ကန်းစဆွဲကာ စကြနောက်ကြ ပြောင်ကြလှောင်ကြ မထိလေးစားပြုမူကြ၏၊

အရှင်သူမြတ်က ရ ဟန္တာဖြစ်၍သီးခံနိုင်သောလည်း မြင်တွေ့ နေရသည့်မြင်ကွင်းက လောကအ
လယ်မတင့်တယ်သော မြင်ကွင်းဖြစ်၏၊ ရဟန္တာကြီး တစ်ပါး လူကြီးတစ်ယောက်ကို မထီလေးစား လုပ်နေသော အပြု့အမူအကျင့်စရိုက် သည် ကူးစက်ရောဂါတစ်ခုအနေဖြင့် လူအများထံသို့ကူးစက်သွား ပါ က လောကြီးတစ်ခု လုံး အရုပ်ဆိုးအကျဉ်းတန်နိုင်၏၊

ထိုအနာဂတ်အရေးကို ကြိုတွေးမိသိမြင်တော်မူသော ဘုရားရှင်သည် တစ်နေ့သောအခါ ရဟန်း သာ မဏေတို့အား အဆုံးအမသြ၀ါဒပေး တော်မူ၏။

ရဟန်းတို့ သင်တို့သည် လကုဏ္ဍကဘဒ္ဒိယထေရ်ကို မထီလေးစားမပြု့လုပ်ကြ နှင့်၊ ထို
မထေရ်သည် ငါဘုရား၏သာသနာတော်၌ ထင်ရှားသော ဓမ္မကထိကတစ်ပါးဖြစ် ၏၊ ရဟန်းတစ်ပါးလည်းဖြစ်၏၊

သူ၏အတိတ်ဘ၀ကပြု့ခဲ့သော အကုသိုလ်ကံကြောင့်ဤ
ဘ၀၌ အများတကာ၏ မထီလေးစားစော်ကားမှုကိုခံခြင်းဖြစ်၏၊ သင်တို့သည် အကု သိုလ်အမှုကို ပြုသူအသစ် အမွေဆက်ခံသူမဖြစ်ကြလေနှင့်။

ရဟန်းတို့ သင်တို့၏နောက်ပြောင်ကျီစယ်မှုကိုခံရသော လကုဏ္ဍကဘဒ္ဒိယမထေရ် သည် ရှေးရှေးကာလအတိတ်ဘ၀တစ်ခုက ဗာရာဏသီပြည်၌ နိုင်ငံအကြီးအကဲ နိုင် ငံ ခေါင်းဆောင်မင်းတစ်ပါးဖြစ်ခဲ့၏၊

ထိုမင်းသည်အိုခြင်းသဘောကိုမနှစ်သက်အိုသွားသည့် အရာမှန်သမျှကို မကြည့်ချင် မမြင်ချင်၊ ထို့ကြောင့် လကဏ္ဍကဘဒ္ဒိယလောင် လျာ ဖြစ်သော ထိုမင်းသည် ဆင်အို မြင်းအို ကျွဲနွားအိုစသော တိရစ္ဆာန်တို့ကိုတွေ့လျှင်အဝေး သို့ရောက်အောင်နှင်ထုတ်စေ၏၊

အဘိုးအိုကိုတွေ့လျှင်လည်း မြေပြင်တွင်ကျွမ်း
ထိုးစေ၏ အဖွားအိုတွေ့လျှင် တွန်းလှဲစေ၏။ လှည်အို ရထားအိုတွေ့လျှင် ဖျက်ဆီးစေ၏၊
အိုခြင်းကို မနှစ်သက်သောကြောင့် ထိုမင်းသည် အိုသောအရာဝတ္ထုများကို ကလေးက
စားစရာ အရုပ်သဖွယ် သတ်မှတ်၏၊ သူလုပ်ချင်သလိုလုပ်နေ၏၊ သူပြု့သမျှ နုကြရသော
အဖိုးအို အဖွားအိုများကိုကြည့်၍ အပျော်ကြီးပျော်နေတတ်၏။

ဣဿရာနုဝတ္တကော ဟိ လောကော - လောကသည် အစိုးရသူ သူတို့၏နောက်
လိုက်ဖြစ်၏၊ ဟူသော စကားနှင့်အညီ မင်း၏ နောက်လိုက် မင်းအကြိုက်ကိုသိနေသော
ဝန်ကြီး ၀န်ငယ် အမတ်ကြီး အမတ်ငယ် အသွယ်သွယ်တို့ကလည်း လက်ခုတ်လက်ဝါး
တီး၍ အားပေးကြ၏၊ အတုလိုက်ကာပြုမူကြကုန်၏၊

ထိုနိုင်ငံ၌နေထိုင်သူအများပြည်သူတို့သည်မင်း၏လုပ်ရပ်ကြည့်၍ယိုသူမရှက် မြင်သူရှက်ဖြစ်နေ

ရသောကြောင့် မိမိတို့၏မိအို ဖအိုတို့ကို အခြားတိုင်းတစ်ပါးတိုင်းပြည်သို့ ပို့ထားကြရကုန်၏၊

ထိုနိုင်ငံအတွင်း၌ လူကြီးမိဘ သက်ကြီးရွယ်အိုများ မရှိရတော့ကား ကြီးသူကိုရိုသေလေးစားခြင်း မိဘကို ပြုစုလုပ်ကျွေးခြင်း ဟူသောကိုယ်ကျင့်တရားတို့သည် ပျောက်ကွယ်ပျက်စီးလေ၏၊ ကြီး သူတို့ကို မထီလေးစားစော်ကားခြင်း မိဘတို့ကိုပစ်ပယ်ထားခြင်း ဟူသော အဓမ္မတရား သည်သာ ထွန်းကားလေ၏၊

ထိုအခါ`အဓမ္မော နိရယံ နေဘိ´ အဓမ္မသည် အပါယ်လေး
ဘုံသို့ ပို့ဆောင်၏၊ ဟူသည်နှင့်အညီ သေဆုံးသူအများစုသည် အပါယ်ဘုံသို့ရောက်ရ
ကား အပါယ်ဘုံ၌ သတ္တ၀ါတို့သည် ပြည့်နှက်နေ၏၊ နတ်ပြည်၌ကား နတ်သားနတ်သမီး
ဦးရေလျော့ပါး၍ ခမ်းခြောက်ခြောက်ဖြစ်လာ၏။

ထိုအချေအနေကို သတိပြုမိသော သိကြားမင်းသည် အဘယ့်ကြောင်နတ်ပြည်တွင်နတ်
သား နတ်သမီးဦးရေလျော့နည်းနေရသနည်း ဟု ဆင်ခြင်ကြည့်လိုက်ရာ လူ့ ပြည်ရှိ လ ကုဏ္ဍကဘဒ္ဒိယလောင်းလျာ မင်းဆိုးမင်းယုတ်မာကြောင့် ဟု့အကြောင်းအ ရင်းကိုသိရ
သိရသည့်အတွက် ထိုမင်းကိုဆုံးမရန် မိမိကိုယ်ကို လူအိုသဏ္ဍာန်ဖန်ဆင်း၍ လှည်းအို
နွားအိုတို့ကိုအသုံးပြုကာ လှည်းအိုပေါ်၌ ရက်တက်ရည်အိုးနှစ်လုံးတင်ပြီးလျှင် လူ့ပြည်
သို့ဆင်းခဲ့၏၊

လကုဏ္ဍကဘဒ္ဒိယလောင်းလျာ ဗာရာဏသီမင်းတစ်ပါးတည်းမြင် တွေ့စေ
ရန် အဓိဋ္ဌာန်၍ ထိုမင်း၏ရှေ့သို့ရောက်အောင် မောင်းနှင်၏၊ လူအိုနှင့်လှည်းအို နွားအို တို့ကိုအပြိုင်နက်တည်းတွေ့မြင်လိုက်ရသော ဗာရာဏသီမင်းသည် အလွန်ပင် စိတ်
ဆိုးမာန်ဆိုးဖြစ်ကာ မင်းမှုထမ်းယောက်ျားတို့အား ဖမ်းဆီးနှိပ့်စက်ဖို့စေခိုင်းပါသော်
လည်း မည်သူမျှမတွေ့မမြင်ကြ၊ သူတစ်ဦးတည်းသာတွေ့မြင်ရကား သဲကြီးမဲကြီးဖြင့် လိုက်လံဖမ်းဆီးဖို့ကြိုးစားလေ၏။

ထိုအခါ သိကြားအိုသည် လှည်းကိုရပ်တန့်ပြီး မင်း၏ဦးခေါင်းထက်၌ ရက်တက် ရည်
အိုးတစ်လုံးကိုမှောက်ချလေ၏၊ ထပ်မံလိုက်လာပြန်သောအခါ ဒုတိယရက်တက်ရည်
အိုးတစ်လုံးကို သွန်ချလိုက်ပြန်၏၊

ဗာရာဏသီမင်းသည် ဦးခေါင်းမှစ၍ တစ်ကိုယ်လုံး ရက်တက်ရည်တို့ဖြင့်ရွှဲရွှဲစိုသွား၏၊ ထို့ကြောင့်ကိုယ့်ကိုကိုယ်ရှက်လည်းရှက်သွား၏၊ တသက်လုံးလူအိုတို့အပေါ်တွင် အနိုင်ယူခဲ့ပါလျှက်ဤအဘိုးအိုနှင်ကျမှငါအရှုံးပေးရလေ၏၊ဟု တွေးကာကြောက်စိတ်လည်းဝင်လာ၏၊

ထိုအခါအဘိုးအိုဟန်ဆောင်ထားသောသိကြားမင်းသည်မှတ်သားလောက်အောင်ဆုံးမပြီးမှ ကိုယ်ထင်ပြကာ ၀ရဇိန် လက်နှက်ဖြင့်ချိန်ရွယ်လျှက် ဟယ် တရားမစောင့်သော မင်းယုတ် သင်ရောတစ်နေ့မအိုရပြီလော၊ သင် သည်အဖိုးအိုတို့ကို ကစားစရာအရုပ်သဖွယ် နှိပ်စက်ကြည်စားသဖြင့် သက်ကြီးရွယ်အိုတို့ကို ရိုသေလေးစားခြင်းဟူသော ကောင်းသောအလေ့အထသည် လူ့ပြည်၌ပျောက် ကွယ်ရလေပြီ၊ သင့်ကိုအကြောင်းပြု၍ လူအပေါင်းသည် အပါယ်ဘုံသို့ရောက်ကြရ
လေ ပြီ၊

သင့်၏အကျင့်ဆိုးကိုဖျောက်လော့၊ အကယ်၍မဖျောက်လျှင် ၀ရဇိန်လက်
နက်ဖြင့် အသင်၏ ဦးခေါင်းကိုခွဲပစ်အံ့၊ ဟုခြိမ်းခြောက်၍ ဆုံးမစကားပြောကြားကာ
တာဝတိံသာ နတ်ပြည်သို့ပြန်သွား၏၊ လကုဏ္ဍလဘဒ္ဒိယ လောင်းလျာ ဗာရာဏ
သီမင်းလည်း ထိုအခါ မှစ၍ မိမိ၏အကျင့်ဆိုးကို ပယ်ဖျောက်လေ၏။

ရဟန်းတို့လောက၌ ကာယဗလ အားအင်ဆုတ်ယုတ်သော်လည်း ပညာရှိလျှင် ကြီး
သည်မည်၏၊ ကာယဗလကြီးမားတောင့်တင်းသော်လည်း ပညာမဲ့လျှင် ကြီးသည် မ
မည် ဟုဆုံးမသြ၀ါဒ စကားမိန့်ကြားတော်မူ၏။

ထို့ကြောင့် ယနေ့ခေတ်လူငယ်များသည် အမိအဘ သက်ကြီးရွယ်အိုတို့ကို သုံးမ ရ
တော့ပါဘူးဆိုပြီး မပစ်ပယ်မိကြဖို့ ဒီဇာတ်တော်ကသတိပေးထားတာပါပဲ ပစ်ပယ်မိကြပြီဆိုရင် ပြန်စဉ်းစားကြည့်ပါ ငါတို့ကောမအိုတော့ဘူးလားလို့…..

(ဓမ္မစမ်းရေ)