ဗုဒ္ဓဆိုတာ ပါဠိစကားဖြစ်ပြီး မြန်မာလို ဘုရား ဟုအဓိပ္ပါယ်ရပါသည်။ ဘုရားက ဘယ်နှစ်မျိုးနှစ်စားရှိသလဲ ဆိုတော့….
(၁) ပညာဓိကဘုရားတစ်မျိုး
(၂) သဒ္ဓါဓိကဘုရားတစ်မျိုး
(၃) ၀ီရိယာဓိကဘုရားတစ်မျိုးဟု သုံးမျိုးသုံးစားရှိပါသည်။
တစ်နည်းအားဖြင့်လည်း ပညာလွန်ကဲမှု ၊ သဒ္ဒါလွန်ကဲမှု၊ ၀ီရိယလွန်ကဲမှု တို့ကြောင့်လည်းကောင်း သုံးမျိုးသုံး စားကွဲပြားခြားနားနေပါသည်။ တစ်ဖန်ကျင့်ကြံအားထုတ်မှုကာလအရလည်း သုံးမျိုးသုံးစားကွဲပြားခြားနားနေပါ သည်။ ကျင့်ကြံအားထုတ်မှုကာလအရ ကွဲပြားခြားနားနေခြင်းကို ရှင်းပြပါမည်။
၁။ ပညာဓိက ဘုရားရှင်သည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဒါနစသော ပါရမီကုသိုလ်ထူး များကို ဆည်းပူးဖြည့်ကျင့်တော်မူကြရသည်။
၂။ သဒ္ဓါဓိက ဘုရားရှင်သည် ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဒါနစသော ပါရမီကုသိုလ်ထူး များကို ဆည်းပူးဖြည့်ကျင့်တော်မူကြရသည်။
၃။ ၀ီရိယာဓိက ဘုရားရှင်သည် တစ်ဆယ့်ခြောက်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဒါနစသော ပါရမီကုသိုလ်ထူး များကို ဆည်းပူးဖြည့်ကျင့်တော်မူကြရသည်။
ယင်းသို့ ဘုရားစင်စစ်ဧကန်ဖြစ်နိုင်ဖို့အတွက် နိယတဗျာဒိတ်ကို ခံယူနိုင်ရန် ရှေးရှေးဘုရားအဆူဆူ တို့၏ အထံတော်မှာ စိတ်ဖြင့်သော်လည်းကောင်း၊ နုတ်ဖြင့်သော်လည်းကောင်း ဆုတောင်းခြင်းကိုပြုပြီး ဒါနစသော ပါရမီကုသိုလ်ထူးများကို အားထုတ်၍ ဖြည့်ကျင့်မှသာ နိယတဗျာဒိတ်ကို ရနိုင်ပါသည်။
နိယတဗျာဒိတ်ကိုရရှိနိုင်သည့် အင်္ဂါရှစ်ပါးရှိပါသည်။
၁။ လူအစစ်ဖြစ်ခြင်း၊
၂။ ယောင်္ကျားစင်စစ်ဖြစ်ခြင်း၊
` ၃။ တိဟိတ်ပဋိသန္ဓေနေခြင်း၊
၎။ သက်တော်ထင်ရှားဘုရားကို ဖူးတွေ့ရခြင်း။
၅။ ရသေ့ ရဟန်းဘ၀ဖြစ်ခြင်း၊
၆။ ဈာန်၊ အဘိညာဉ်၊ သမာပတ်နှင့်ပြည့်စုံခြင်း၊
၇။ လူသာမန်တို့ ပြုလုပ်နိုင်ခဲသော ပါရမီတော်များကို ပြုလုပ်နိုင်စွမ်းရှိခြင်း၊
၈။ ဘုရားအဖြစ်ကို ရရန်အတွက်ဆန္ဒ အလွန်ပြင်းပြခြင်း။
ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံအောင်ည ကျင့်ကြံကြိုးကုတ်၊ အားထုတ်ထားမှုရှိမှသာလျှင် နိယတဗျာဒိတ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားအဖြစ်ကို ရရှိဖို့မဆိုထားနှင့်နိယတဗျာဒိတ်ကိုရရှိဖို့ပင် ဘယ်လောက် များ ခဲယဉ်းနေသလဲဆိုတာကို စဉ်းစားဆင်ခြင်ကြည့်နိုင်ပေသည်။
လူ့ပြည်၊ လူ့ဘ၀မှာသာလျှင် ဒါနစသော ပါရမီကုသိုလ်ထူးများကို ပြည့်ပြည့်၀၀ဖြည့်ကျင့်နိုင်စွမ်းမရှိ သောကြောင့် နိယတဗျာဒိတ်ကို လူသားယောင်္ကျားအစစ်ဖြစ်မှာသာ ခံယူနိုင်ခွင့်ရှိ၏။ လူသားအစစ်ဖြစ်စေကာမူ အမျိုးသမီးဖြစ်နေမည် သို့မဟုတ် နပုန်းပဏ္ဍုတ်ဖြစ်နေမည် သို့မဟုတ် ဥပတောဗျည်းဖြစ်နေမည်ဆိုလျှင် ထိုပုဂ္ဂိုလ်များ နိယတဗျာဒိတ်ကို မခံယူထိုက်ပါ။
ထို့ကြောင့် အမျိုးသမီးတစ်ဦးတစ်ယောက်အနေဖြင့် ဘုရားဆုကို ပန်ဆင်လိုပါက ရှေးဦးစွာ ယောင်္ကျားအဖြစ်ကို ရရှိအောင် ဆုတောင်းရဦးမှာဖြစ်သည်။
ယောင်္ကျားဆုကို တောင့်တသည့်အတိုင်း ရလျှင် ဘုရားဆုကိုဆက်လက်ပြီး တောင်းယူနိုင်ပါသည်။ လူယောင်္ကျားအစစ်ဖြစ်နေစေကာမူအတိတ်ဘ၀က ပြုလုပ်ခဲ့သော ကုသိုလ်ကံနည်းပါးနေခဲ့သော်လည်းကောင်း သို့မဟုတ် သုဂတိ အဟိတ်ပုဂ္ဂိုလ်ဖြစ်နေခဲ့သော်လည်းကောင်း၊ သို့မဟုတ် ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နေခဲ့သော်လည်း ကောင်း ထိုပုဂ္ဂိုလ်များ ဘုရားဆုကို တောင်း၍မရနိုင်ပါ။
လူသားယောင်္ကျားအစစ်လည်းဖြစ် တိဟိတ်ပုဂ္ဂိုလ်လည်းဖြစ်သည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် နိယတဗျာ ဒိတ် ဘုရားဆုကိုတောင်းယူ၍ရနိုင်ပါသည်။ နိယတဗျာဒိတ်ကို ရရှိထားပြီးဖြစ်သော ဘုရားအလောင်းတော်များ မဖြစ်ထိုက်သော ဘ၀ကလည်း (၁၈) ပါးရှိသည်။ ထို(၁၈) ပါးကတော့…..
၁။ မျက်စိကန်းသူမဖြစ်ခြင်း
၂။ နားပင်းသူမဖြစ်ခြင်း
၃။ အ,အ၊ အဆွံ့မဖြစ်ခြင်း
၎။ ဥဘတောဗျည်းမဖြစ်ခြင်း
၅။ နပုန်းပဏ္ဍုတ်မဖြစ်ခြင်း
၆။ အရူးမဖြစ်ခြင်း
၇။ အနာကြီးရောဂါစွဲကပ်သူမဖြစ်ခြင်း
၈။ မိစ္ဆာအယူရှိသော လူမျိုး၌မဖြစ်ခြင်း
၉။ ကျွန်မိန်းမ၀မ်း ၌ မဖြစ်ခြင်း
၁၀။ မိန်းမဘ၀၌မဖြစ်ခြင်း
၁၁။ မိစ္ဆာအယူကို မယူခြင်း
၁၂။ ပဉ္စနန္တိယကံငါးပါးကို မပြုလုပ်ခြင်း။
၁၃။ ပြိတ္တာဘုံ၌ မဖြစ်ခြင်း
၁၄။ ငရဲဘုံ၌ မဖြစ်ခြင်း
၁၅။ မာန်နတ်မဖြစ်ခြင်း
၁၆။ အသညသတ်ဘုံ၊ သဒ္ဓါဝါသဘုံ၊ အရူပလေးဘုံတို့၌ မဖြစ်ခြင်း
၁၇။ တစ်ပါးသော စကြ၀ဠာတို့၌ မဖြစ်ခြင်း
၁ဂ။ ငုံးအောက်ငယ်သော တိရိစ္ဆာန် မဖြစ်ခြင်း။
ယခုရေတွက်ပြဆိုခဲ့သော (၁၈)ပါးသည် ဘုရားအလောင်းများ မဖြစ်ထိုက်သောဘ၀ (၁၈) ပါးပင်ဖြစ်ပါသည်။ လူသာမန်တို့ ပြုနိုင်ခဲသော ဒါန သီလ နိက္ခမ စသည့်(၁၀)ပါးသော ပါရမီတရားတော်သည်သာလျှင် ဘုရားဖြစ်ကြောင်း အကျင့်ကောင်း အကျင့်မှန်ဖြစ်၏။ ရှေးဘုရားရှင်တို့သည် ထိုပါရမီ(၁၀)ပါးကိုပင် ဖြည့်ကျင့်တော်မူ၍ ဘုရားအဖြစ်ကို အသီးသီး အရယူသွားတော်မူကြ၏
ထို့ကြောင့် ဘုရားဖြစ်ကြောင်းတရားသည် ပါရမီ (၁၀)ပါးမှ တစ်ပါးသောအကြောင်းတရားမရှိပေ။ ဘုရားဖြစ်ဖို့ ပါရမီတော်များ ဖြည့်ကျင့်ရာကာလကို ရေတွက်ပိုင်းခြားရာတွင် အတိအကျ ဂဏန်းချ၍ မရေတွက်နိုင်သောကာလသည် ဗုဒ္ဓအသင်္ချေမည်၏။ ဘုရားဖြစ်ရန်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံကို အကျဉ်းချုပ်အားဖြင့် ရေတွက်ပြီးပြရလျှင်…
၁။ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူသည်မှ ကောဏ္ဍညမြတ်စွာဘုရားပွင့်တော်မူသည်အထိ သည် တစ်အသင်္ချေဖြစ်သည်။
၂။ ကောဏ္ဍညမြတ်စွာဘုရား ပွင့်တော်မူသည်မှ မင်္ဂလမြတ်စွာဘုရား ပွင့်တော်မူသည်အထိ (၂) ခုမြောက် တစ်အသင်္ချေဖြစ်သည်။
၃။ မင်္ဂလဘုရားပွင့်တော်မူသည်မှ အနောမဒဿီဘုရားပွင့်တော်မူသည်အထိသည် (၃) ခု မြောက် တစ်အသင်္ချေဖြစ်သည်။
၎။ အနောမဒဿီ ဘုရားပွင့်တော်မူသည်မှ ပဒုမုတ္တရ ဘုရားပွင့်တော်မူသည်အထိသည် (၄) ခု မြောက် တစ်အသင်္ချေဖြစ်သည်။
ပဒုမုတ္တရဘုရားပွင့်တော်မူသည့် ဘဒ္ဒကမ္ဘာတိုင်အောင် မဟာကပ်သည် ကမ္ဘာတစ်သိန်းရှိ၏။ ထို့ကြောင့် အသေင်္ချေနှင့်ကမ္ဘာတစ်သိန်းဖြစ်သွားသည်။ ဂေါတမဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်ရာ ကာလသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာမြင့်ခဲ့သည်။ ဘုရားရှင်ပွင့်မှု၊ မပွင့်မှုတို့နှင့် စပ်လျဉ်း၍ ကမ္ဘာသည် အမျိုးအစားအားဖြင့်(၆)မျိုးရှိ၏။
၁။ ဘုရားရှင် လုံးဝပွင့်ထွန်းမှုမရှိသောကမ္ဘာသည် သုညကမ္ဘာဖြစ်သည်။
၂။ ဘုရားရှင်တစ်ဆူ ပွင့်သောကမ္ဘာသည် သာဂရကမ္ဘာဖြစ်သည်။
၃။` ဘုရားရှင်နှစ်ဆူ ပွင့်သောကမ္ဘာသည် မဏ္ဍကမ္ဘာဖြစ်သည်။
၎။ ဘုရားရှင်သုံးဆူ ပွင့်သောကမ္ဘာသည် ၀ရကမ္ဘာဖြစ်သည်။
၅။ ဘုရားရှင်လေးဆူ ပွင့်သောကမ္ဘာသည် သာရမဏ္ဍကမ္ဘာဖြစ်သည်။
၆။ ဘုရားရှင်ငါးဆူ ပွင့်သောကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်သည်။
လူ့ပြည်၊ လူ့လောကမှာ ဘုရားပွင့်တော်မူလာခြင်းက လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာ အကျိုးစီးပွားဖြစ်စေရန် အလို့ငှာ ပွင့်တော်မူလာခြင်းဖြစ်၏။ ထိုပွင့်တော်မူလာသော ဘုရားရှင်မှာ အံ့ဖွယ်တော် (၁၈) ပါးနှင့်ပြည့်စုံတော်မူပါ၏။
ထိုအံ့ဖွယ်တော် (၁၈) ပါးမှာ-
၁။ ဘုရားရှင်ဝတ်ရုံသော သင်္ကန်းတော်များသည် ဖွပ်လျှော်ရခြင်း၊ ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်း၊ လုံးဝမရှိခြင်း။
၂။ ဘုရားရှင်တောထွက်၍ ဆံတော်ကိုပယ်သည်မှ လက်လေးသစ်အတိုင်းမတိုမရှည်ဖြစ်ခြင်း။
၃။ ဘုရာရှင်၏ ပရိက္ခရာရှစ်ပါးတို့သည် ကိုယ်တော်နှင့်မထိမူ၍ လစ်လေးသစ်မျှခြားပြီးတည်နေခြင်း
၎။ ဘုရားရှင်သည် သပိတ်ဆေးက လက်ဆေးပြီးသား၊ လက်ကိုဆေးက သပိတ်ဆေးပြီးသားဖြစ်နေခြင်း။
၅။ အလွန်သေးငယ်သော မုန်ညင်းစေ့အတွင်းသို့ ၀င်နိုင်ခြင်း၊ ထွက်နိုင်ခြင်း။
၆။ ရောင်ခြည်တော်(၆) ပါးကို လွတ်သည်ရှိသော် အရပ်(၁၀)မျက်နှာသို့ပျံ့နှံ့သွားခြင်း။
၇။ ရာထောင်၊ သိန်းသန်းမကသော ဝေနေယျသတ္တ၀ါတို့၏ အလိုကိုသိ၍ ချွတ်နိုင်တော်မူခြင်း။
၈။ ခေတ်သုံးပါးတွင် အလင်းအတိဖြစ်အောင် အမိုက်အတိဖြစ်အောင် ဖန်ဆင်းနိုင်ခြင်း။
၉။ ဘုရားရှင်သည် လကဲ့သို့ ကောင်းကင်၏ အထက်၌ ရပ်တည်နေနိုင်ခြင်း။
၁၀။ ဘုရားရှင်၏ တရားအသံသည် ပရိသတ်လေးပါးတို့အား မယုတ်မလွန်ကြားနိုင်ခြင်း။
၁၁။ ဘုရားရှင်သည် သတ္တ၀ါအပေါင်းတို့၏ စိတ်အလိုကိုသိတော်မူခြင်း။
၁၂။ ဘုရားရှင်သည် ကျွတ်ထိုက်သော သတ္တ၀ါ၊ မကျွတ်ထိုက်သော သတ္တ၀ါဟု သိတော်မူခြင်း။
၁၃။ သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
၁၄။ သင်္ခါရတရားတို့ကို သိတော်မူခြင်း။
၁၅။ ၀ိကာရရုပ်(၅)ပါး တို့ကိုသိတော်ပူခြင်း။
၁၆။ လက္ခဏရုပ် (၄)ပါးတို့ကို သိတော်မူခြင်း။
၁၇။ အသင်္ခတနိဗ္ဗာန်ကို သိတော်မူခြင်း။
၁၈။ ပညတ်တရားအပေါင်းတို့ကို သိတော်မူခြင်း။
ဤမျှဆိုလျှင် ဗုဒ္ဓအကြောင်းသိကောင်းစရာများအထိုက်အလျောက်ပြည့်စုံသွားပါပြီ။

ဦးပညာလင်္ကာရ ရေးသားသောစာလေးကိုမျှလိုက်ပါတယ်..ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။
0 comments:
Enregistrer un commentaire